အခန်း (၂၄၆)
Vol. 17 Ch. 246
အသက် (၂၀) ကျော်တွင် မူလဘုရင် အလယ်အလတ်အဆင့်သို့ရောက်နေသည်က အလွန်အစွမ်းထက်သူ တစ်ဦး ဖြစ်နေချေပြီ။
သို့သော် ထိုအလယ်အလတ် မူလဘုရင်အဆင့် ကျင့်ကြံသူက အမှန်တကယ် အစောပိုင်းလူသားဘုရင်အဆင့် စွမ်းအားမျိုး ထုတ်ဖော်နိုင်မည်လော။
တောင်ပိုင်းတိုက်ကြီးတွင် လွန်ခဲ့သော နှစ် ထောင်ဂဏန်းလောက်ထဲက ထိုကဲ့သို့သော စွမ်းအားရှင်မျိုး မရှိခဲ့ပေ။
လူတိုင်းမေးခွန်းမထုတ်ပဲ မနေနိုင်ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ တိုက်ခိုက်ခဲ့သော တိုက်ပွဲများမှာ အလွန်နည်းပါးလှပြီး ဓါးရူး နှင့်စိန်ခေါ်ပွဲသို့လည်း ရောက်မလာခဲ့ချေ။ထို့ကြောင့် သူ၏ခွန်အားနှင့် ပတ်သက်ပြီး အတိအကျ သက်သေပြရန် အချက်အလက်များ မရှိပေ။ထို့အပြင် လူအများ၏ သံသယများနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် အနည်းငယ်မျှ ရှင်းပြခဲ့ခြင်းမရှိပေ။
လူတိုင်း၏အမြင်တွင် ၎င်းက မဟုတ်တာလုပ်ထားသူတစ်ဦး၏ ပုံမှန်အပြုအမူမျိုးဖြစ်သည်။
“မူလဘုရင်အဆင့် နံပါတ် (၁) က တစ်ခုခုတော့တစ်ခုခုပဲ…”
“ရွှမ်ယီ က မူလဘုရင်အဆင့်ဇယား နံပါတ် (၁) နဲ့ကိုက်ညီတဲ့ ခွန်အားမျိုးရှိတာလား မရှိတာလား…”
လူတိုင်း ရွှမ်ယီ ၏အဆင့်သတ်မှတ်ချက်အပေါ် သံသယဝင်နေခဲ့ကြသည်။
တစ်ချို့သော အင်အားစုများနှင့် သတင်းကုန်သည်များက ဤကဲ့သို့ကိစ္စများအား ပို၍ကြီးမားအောင် ပြုလုပ်ရခြင်းအား အလွန်နှစ်သက်ကြသည်။ထို့ကြောင့် ဓါးရူး ချီဂျီအန်း တောင်မှမထွက်ခွာခင် ပြောခဲ့သော
“ကြွက်တစ်ကောင်လို ပုန်းနေဖို့ပဲတတ်တယ်… စိတ်ပျက်ဖို့ကောင်းလိုက်တာ…”
ဟူသည့် ပုံရိပ်က တောင်ပိုင်းတိုက်ကြီး တစ်ခွင်သို့ လျှင်မြန်စွာ ပြန့်နှံ့သွားလေသည်။
“ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ ဘယ်တော့မှ စိန်ခေါ်မှုတွေကို မရှောင်ဖယ်သင့်ဘူး…သူက ကြောက်နေတာများလား…”
“ဒါဆို ရွှမ်ယီ ရဲ့ခွန်အားနဲ့ပတ်သက်ပြီး ပြသနာ ရှိနေတာလား…”
“လိပ်လိုမျိုး ခေါင်းကို အခွံထဲမှာ ဝှက်ထားတာပဲ…ဒီလိုလူမျိုးက မူလဘုရင်အဆင့်ဇယားမှာ ဘယ်လိုလုပ် နံပါတ် (၁) ဖြစ်ဖို့ အရည်အချင်းပြည့်မှီမှာလဲ…”
“ရွှမ်ယီကို။မူလဘုရင်အဆင့်ဇယားက ဖယ်ရှားဖို့ အလေးအနက်ထားပြီး တောင်းဆိုပါတယ်…”
ဗဟိုသူတော်စင် အကယ်ဒမီ၏ နာမည် ဂုဏ်သတင်းကြောင့် မဟုတ်လျှင် ထိုလူများက အကယ်ဒမီ အတွင်းသို့ ဝင်ရောက်ပြီး ရွှမ်ယီ အား မျက်နှာချင်းဆိုင် မေးခွန်းထုတ်ကြပေလိမ့်မည်။
သို့သော် ထိုသို့သော လူများစွာတို့၏သံသယ များနှင့် ရင်ဆိုင်နေရသည့် တိုင်အောင် ရွှမ်ယီ က ၎င်းတို့အား လုံးဝဂရုမစိုက်ပဲ လူသားဘုရင်အဆင့်အား ဖြတ်ကျော်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေခဲ့ပြီး စိတ်ကို ငြိမ်သက်စေကာ ကျင့်ကြံနေခဲ့၏။
“ ရွှမ်ယီ… မင်းအပြင်ထွက်ပြီး မရှင်းပြချင်တော့ဘူးလား…”
ထိုအချိန်တွင် ဗဟိုသူတော်စင် အကယ်ဒမီ၏ လက်ထောက်ဌာနမှူး စုကျင်းက ရွှမ်ယီထံသို့ ရောက်လာခဲ့ပြီး လက်ရှိကိစ္စများအား ရှင်းပြရန်မဲဆွယ်လိုက်သည်။
ရွှမ်ယီ က ဗဟိုသူတော်စင်အကယ်ဒမီမှ နည်းပြဆရာတစ်ယောက်ဖြစ်ပြီး မူလဘုရင်အဆင့်ဇယားတွင် ပါဝင်ခဲ့သည်။ ရွှမ်ယီ ၏ ခွန်အားနှင့် ပတ်သက်ပြီး ပြဿနာရှိနေသည်ဟု လူအများကဆက်လက်ထင်မြင်နေကြလျှင် ဗဟိုသူတော်စင်မကယ်ဒမီ၏ နာမည်ကိုပါ ထိခိုက်လာပေလိမ့်မည်။
“ကျုပ် မလုပ်ချင်ဘူး…”
ရွှမ်ယီ က ထူးမခြားနားဟန်ဖြင့် လူသားဘုရင်အဆင့်သို့ ဖြတ်ကျော်နိုင်မည့် အရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ဤကဲ့သို့ ကိစ္စများအား လိုက်လံဖြေရှင်းနေရန် သူ့တွင် အချိန်မရှိပေ။
သူအနိုင်ရလျှင်လည်း မည်သည့် အကျိုးမှ မရှိသလို သူရှုံးနိမ့်ခဲ့လျှင်လည်း မည်သည့် အကျိုးမှ မရှိပေ။
ဤကဲ့သို့ အရာအားလုံး အပေါ် လိုက်ကာဂရုစိုက်နေမည်ဆိုလျှင် ကျင့်ကြံမှု အပေါ် မည်သို့ အာရုံစိုက်ရတော့မည်နည်း။
စုကျင်း အလွန်ရှက်ရွံ့သွား၏။ သူက ရွှမ်ယီ နှင့် တိုက်ခိုက်ဖူးသူ တစ်ဦးဖြစ်ရာ ရွှမ်ယီ ၏စွမ်းအားက မူလဘုရင်အဆင့်ဇယား နံပါတ် (၁) နေရာနှင့် ထိုက်တန်သည်ထက်ပင် ပိုနေကြောင်းနားလည်ထားသည်။
သာမန်ကောလဟာလများလောက်သာ ဆိုလျှင် စုကျင်း အနေဖြင့်လဲ ဂရုစိုက်မိမည်မဟုတ်ပေ။ သို့သော် မကြာသေးမီ အချိန်တွင် လူအနည်းငယ် သို့မဟုတ် နှစ်ယောက်ထက်ပိုသော လူများက ဗဟိုအကယ်ဒမီ၏ ဝင်ပေါက်တွင် စုဝေးလာခဲ့ကြသည်။၎င်းတို့က အရေအတွက်မများသော်လည်း ဗဟိုသူတော်စင်အကယ်ဒမီ မှ လက်ထောက်ဌာနမှူးတစ်ယောက်အနေဖြင့် သူ၏အတွေ့အကြုံများအရ ထိုလူများက အနည်းငယ်ထူးဆန်းနေသည်။
“ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့ မင်း တုံ့ပြန်မှု မရှိတာက ကိစ္စတော့မရှိပါဘူး…ဒါပေမယ့် မကြာမီအချိန်တုန်းက အကယ်ဒမီဝင်ပေါက်မှာ ရစ်သီရစ်သီ လုပ်နေခဲ့တယ်…ဒီဖြစ်စဉ်တွေကို တစ်ယောက်ယောက်က ကိုင်တွယ်ပြီး တွန်းအားပေးနေတယ်လို့ငါမြင်မိတယ်… ဒီကိစ္စတွေက ဒီလောက်နဲ့ပြီးသွားဦးမှာ မဟုတ်သေးဘူး… “
ရွှမ်ယီ က အနည်းငယ်ခေါင်းယမ်းလိုက်သည်။သူ၏မျက်လုံးများက အနည်းငယ်မျှ ဂရုစိုက်ဟန်မရှိပေ။
စုကျင်း ပြောခဲ့သောစကားများက မမှားပေ။ ဟိုးရှေးယခင် ခေတ်ကတည်းက အောင်မြင်ကျော်ကြားမှုနှင့် ကံတရားက လူစိတ်ဝင်စားမှုများနှင့် ဆက်နွယ်နေခဲ့သည်။ရွှမ်ယီ က မူလဘုရင်အဆင့်ဇယား နံပါတ် (၁) နေရာသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။၎င်းက လူမည်မျှ၏ စိတ်ဝင်စားမှာကို ဆွဲဆောင်မိခဲ့မှန်းမသိနိုင်ပေ။
လက်ရှိ အကယ်ဒမီဝင်ပေါက်မှ စုဝေးမှုများက တစ်စုံတစ်ယောက်၏အစီအစဉ်ဖြစ်သည်မှာသေချာပေသည်။
သို့သော် ထိုကိစ္စများက သူနှင့် ဘာဆိုင်သနည်း။
မူလဘုရင်အဆင့်ဇယားလား…?
၎င်းအား သူဘာကြောင့် ဂရုစိုက်နေရမည်နည်း။
…
အမှန်တွင် ဂုဏ်သတင်းဆိုသည့်အရာက လူအများစု၏ ပါးစပ်များနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ တစ်စုံတစ်ယောက်က သူ၏ ကောင်းကြောင်းပြောလျှင် နာမည်ကောင်းရမည်ဖြစ်ပြီး ဆိုးကြောင်းပြောလျှင် နာမည်ဆိုး ရသွားပေလိမ့်မည်။
ဒီတော့ သူက ထိုကိစ္စများအား လုံး၀ ဂရုမစိုက်ချေ။
သူ၏ နာမည်ဂုဏ်သတင်းက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လုံလောက်အောင် သန်မာနေသ၍ ၎င်းတို့အား ပါးစပ်ပိတ်သွားစေရန် လုံလောက်သည်။
“ ဟုတ်ပြီ… ထားလိုက်တော့… တကယ်တော့ စိန်ခေါ်ပွဲဆိုတဲ့အရာက ဟာသတစ်ခုသက်သက်ပဲ…”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ ယခုကိစ္စများကြောင့် တောင်ပိုင်းတိုက်ကြီးတွင် ဓားရူးက အလွန်နာမည်ကြီးနေပြီဖြစ်သော်လည်း သူက အနည်းငယ်မျှ ဂရုမစိုက်ပေ။
“ သူက ကျုပ်ကို စိန်ခေါ်လိုက်တယ်.. ဒါပေမယ့် ကျုပ် သဘောထားကိုရော မေးခဲ့လို့လား…”
“ သူက တိုက်မယ်ဆိုတာနဲ့ သွားပြီးတိုက်ရမှာလား… သူက ဘာမို့လို့လဲ…”
ရွှမ်ယီ၏ စကားလုံးများက ပြင်းထန်နေခဲ့ပြီး တစ်စထက်တစ်စ အသံမြင့်လာခဲ့သည်။
စုကျင်း မချီပြုံးပြုံးလိုက်မိ၏။
ရွှမ်ယီ စကားများက အမှန်ပင်။ သူ၏ လက်ရှိခွန်အားဖြင့်ဆိုပါက ဓားရူးက စကားထဲထည့်ပြောရန်ပင် မထိုက်တန်ပေ။
“ ဒါပေမယ့် ဂရုစိုက်ပါ… ဓားရူးက လွယ်လွယ်နဲ့ အလျှော့ပေးမယ်မထင်ဘူး…”
စုကျင်းက နှလုံးသားထဲ၌ ကျိတ်ကာသက်ပြင်းချလိုက်ပြီး ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့၏။
သူ၏ နောက်တွင် ရွှမ်ယီက အနည်းငယ်လှောင်ရယ်လိုက်လေသည်။
“ သူက အလျှော့မပေးတော့ရော ဘာလုပ်မှာမို့လဲ.. ဗဟိုသူတော်စင်အကယ်ဒမီထိ လာမှာလား…”
“ ဟမ့်.. လာပြီးရင် ဘယ်တော့မှ ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး…”
ပြင်ပကမ္ဘာတွင် လူများ မည်မျှပင် မေးခွန်းထုတ်နေပါစေ ရွှမ်ယီက အနည်းငယ်မျှ ဂရုမစိုက်ပေ။
ရွှမ်ယီက အေးဆေးနေခဲ့သော်လည်း တခြားသူများက စိုးရိမ်နေကြ၏။
ရွှမ်ယီ၏ တပည့်များကမူ မည်သည့်စကားမျှ မဆိုကြပေ။
သူတို့ဆရာ၏ ခွန်အားက မည်သည့်ဓားသမားကိုမဆို အနိုင်ယူနိုင်ကြောင်း သိထားကြသည်။
ဗဟိုသူတော်စင် အကယ်ဒမီတွင်
သိုင်းတာအိုဌာနမှ ကျောင်းသားများက ရွှမ်ယီနှင့် ရင်းနှီးမှုမရှိကြသော်လည်း သဘာ၀အတိုင်း ရွှမ်ယီဘက်မှ ရပ်တည်ခဲ့ကြသည်။ လူတိုင်း စည်းလုံးညီညွတ်စွာဖြင့် ရွှမ်ယီဘက်မှ ထောက်ခံခဲ့ကြ၏။
အသက်(၂၀)ကျော်ဖြင့် မူလဘုရင်အဆင့်နံပါတ်(၁)ဖြစ်နေခြင်းက မယုံချင်စရာကောင်းလှသော်လည်း ရွှမ်ယီဘက်မှ ခိုင်မာစွာ ရပ်တည်နေကြဆဲပင်။
သို့သော် မှော်ဆေးတာအိုဌာန ကျောင်းသားများကမူ ထိုကဲ့သို့မဟုတ်ခဲ့ပေ။ သူတို့ဘက်တွင် ရွှမ်ယီက ဂုဏ်သတင်းက အလွန်ကြီးကျယ်နေခဲ့သည်ဖြစ်ရာ ရွှမ်ယီအပေါ် သဘာ၀ကျစွာ ယုံကြည်မှုရှိနေကြ၏။
သူတို့ နည်းပြဆရာ၏ ခွန်အားနှင့်ပတ်သက်ပြီး ယုံကြည်ကြသည်။
ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားများ၏ သဘောထားကို လူတိုင်း သိရှိသွားခဲ့ကြပြီး သတင်းက ဓားရူးထံသို့ရောက်သွားခဲ့၏။
ဓားရူး မျက်ခုံးပင့်လိုက်ပြီး အထင်သေးစွာ ရယ်မောလိုက်သည်။
“ ဗဟိုသူတော်စင် အကယ်ဒမီက သူ့ကို အမြဲ ကာဗာပေးထားနိုင်မယ်လို့ ထင်နေတာလား…”
“ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် သူရဲဘောကြောင်နိုင်ရတာလဲ…”
ဘုန်း…
ဓားရူးက သူ၏ထူထဲလေးလံပြီး ရှည်လျားသော တစ်ဖက်သွား ဓားနက်ကြီးအား ပွတ်သပ်လိုက်လျှင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာ၏။
သူမျက်နှာတွင် အပြုံးတစ်ခုရှိနေခဲ့သော်လည်း မျက်၀န်းများက သွေးဆာနေသကဲ့သို့ပင်။
“ မင်းက မတိုက်ရဲဘူးလား…”
“ ဟမ့်… ဒါဆိုလည်း ဗဟိုသူတော်စင်အကယ်ဒမီကိုလာပြီး စိန်ခေါ်ရမှာပေါ့…”
ရွှမ်ယီ၏ ရှောင်ပုန်းနေမှုကြောင့် ဓားရူးက ဗဟိုသူတော်စင်အကယ်ဒမီ ၀င်ပေါက်ရှေ့ထိသွားပြီး စိန်ခေါ်ခဲ့သည်။
ထိုသတင်းထွက်လာသည်နှင့်အမျှ လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။
“ အမှန်ဘဲ.. ရွှမ်ယီက တိုက်ပွဲကို တိမ်းရှောင်နေတယ်ဆိုရင်တောင် ဓားရူးက ဗဟိုသူတော်စင်အကယ်ဒမီရှေ့ထိသွားပြီး စိန်ခေါ်နိုင်သေးတယ်… ဒါက အတင်းအကြပ်တွန်းအားပေးတဲ့ နည်းလမ်းဘဲ…”
“ ရွှမ်ယီ အရင်က ဘယ်လောက်ပဲ လျစ်လျူရှုနေခဲ့ပါစေ.. အခုတော့ ၀င်ပေါက်ကိုပိတ်ပြီး စိန်ခေါ်တဲ့အတွက် ဆက်ပြီး ရှောင်ဖယ်နေလို့မရတော့ဘူး…”
လူတိုင်း မျိုးစုံအောင် ဆွေးနွေးခဲ့ကြသည်။ အစကတည်းက ရွှမ်ယီထံမှ တုန့်ပြန်မှုတစုံတရာမရှိခဲ့သောကြောင့် သူ့အား နှစ်သက်သူ နည်းပါးနေ၏။
ဓားရူးက ထပ်မံစိန်ခေါ်လိုက်သောကြောင့် ၎င်း၏ ကျော်ကြားမှုက တစ်ဖန်ပြန်လည်ပြီး မြင့်တက်လာကာ တောင်ပိုင်းတိုက်ကြီးမှ လူအများစုအား အာရုံစိုက်သွားစေသည်။
ဤကိစ္စက အလွန်ကြီးမားသော သတင်းကြီးတစ်ခုပင်။