အခန်း (၂၄၇)
Vol. 17 Ch. 247
ထိုတိုက်ပွဲက နန်မင်မျှော်စင်၏ တိကျမှု ဂုဏ်သတင်းအပါအ၀င် မူလဘုရင်အဆင့်ဇယားနောက်ကွယ်မှ ကြီးမားသော စိတ်၀င်စားမှုများနှင့် သက်ဆိုင်နေသည်။
မူလဘုရင်အဆင့်ဇယားအားကြည့်လိုက်လျှင် ထို့အထဲမှလူတိုင်း ရှေးဟောင်းမိသားစုကြီးများ ဒါမှမဟုတ် အလွန်အစွမ်းထက်သည့် ဂိုဏ်းကြီးများမှဖြစ်ကြသည်။ ထိုအင်အားစုကြီးများက ၎င်းတို့အတွက် အလွန်ပါရမီကောင်းမွန်သူများအား ရှာဖွေလို၏။ အလွန်ထူးချွန်သည့် ပါရမီရှင်များအား ဆွဲဆောင်ရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့အင်အားစုကို အကြီးအကျယ် နာမည်ကြီးစေခြင်းပင်။
မူလဘုရင်အဆင့်ဇယားက ၎င်းတို့ အင်အားစုများအား လူသိများစေရန် အကောင်းဆုံးနည်းလမ်းဖြစ်၏။
လူတိုင်း မူလဘုရင်အဆင့်ဇယားကိုကြည့်လိုက်တိုင်း လူနာမည်များနောက်တွင် ကပ်ပါနေသည့် အဖွဲ့အစည်းအမည်ကို မြင်တွေ့နိုင်သည်။ မိမိတို့အင်အားစုမှ တစ်စုံတစ်ယောက် မူလဘုရင်အဆင့်ရောက်သွားမည်ဆိုလျှင် အဖွဲ့အစည်းအတွင်း ပါရမီရှင်များ ၀င်ရောက်မှု ပိုမိုမြင့်မားလာပေလိမ့်မည်။
ဤသို့ဖြင့် ထိုအဖွဲ့အစည်းများက ပိုမို သန်မာလာခဲ့ကြသည်။
ယခု ရွှမ်ယီက နံပါတ်(၁) နေရာတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ သူနှင့်ပတ်သက်ပြီး မည်သည့်မှတ်တမ်းမှ မရှိချေ။ သူမည်မျှ အစွမ်းထက်ကြောင်း လူတိုင်းသိချင်နေကြ၏။
ဘုန်း…
တောင်ပိုင်းတိုက်ကြီး ၊ ထိပ်တန်းဒေသ (၃)ခုအတွင်းမှ ဝူဒေသ ၊ ဝူ၀မ်တျန်တစ်ယောက် ဝူမိသားစုအတွင်းမှ ပြေးထွက်လာခဲ့သည်။
သူ့ထံမှ ရက်စက်ကြမ်းတမ်းသည့် အရှိန်အဝါများထွက်ပေါ်နေကာ သူ၏ ပတ်၀န်းကျင်တွင် သိုင်းပညာနှင့်ပတ်သက်သော ပုံရိပ်များလည်း ဖြစ်ပေါ်နေ၏။
ရွှစ်…
ဝူ၀မ်တျန်က လေဟာနယ်အား ခွဲဖွင့်ပြီး သူတော်စင်ဒေသသို့ ဦးတည်လိုက်သည်။
ရွှမ်ယီက တိုက်ပွဲအား ရှောင်ဖယ်နေသည့်တိုင်အောင် နန်မင်မျှော်စင်မှ မူလဘုရင်အဆင့်နံပါတ်(၁) အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သိုင်းနတ်ဘုရားဖြစ်လာရန် ရေပန်းအစားဆုံးလူဖြစ်သော ဝူ၀မ်တျန်အနေဖြင့် သဘာ၀အတိုင်း ရွှမ်ယီအား စိတ်၀င်စားနေ၏။
သူတစ်ယောက်တည်းမဟုတ်ချေ။
မူလဘုရင်အဆင့်ဇယားမှလူတိုင်း လုပ်လက်စများအား ချန်ထားခဲ့ကာ သူတော်စင်ဒေသသို့ အပြေးထွက်ခွာလာကြ၏။
သူတို့အားလုံး မူလဘုရင်အဆင့်၌ အသန်မာဆုံးသောလူများဖြစ်ကာ မည်သို့သော်လူမျိုးက သူတို့အားကျော်လွန်ပြီး မူဘုရင်အဆင့် နံပါတ်(၁)ဖြစ်လာခဲ့ကြောင်း သိချင်နေကြသည်။
ရွှမ်ယီက ၎င်း၏ စွမ်းအားကို ထုတ်ပြခြင်းမရှိသေးသည့်တိုင်အောင် အမှန်တကယ်သန်မာသည်ဟု အနည်းငယ်သံသယရှိနေခဲ့ကြ၏။
ထို့အပြင် သူတို့အားလုံး ဓားရူးနှင့် တိုက်ခိုက်ဖူးသူများချည်းဖြစ်ကာ ဓားရူး၏ စွမ်းအားနှင့်ပတ်သက်ပြီး နားလည်ထားကြသည်။
ယခုတွင် ဓားရူးက အကယ်ဒမီ၀င်ပေါက်အားပိတ်ကာ စိန်ခေါ်နေပြီဖြစ်သောကြောင့် ရွှမ်ယီအနေဖြင့် ဆက်လက်ရှောင်ဖယ်မနေတော့ရန် ဖြစ်နိုင်ချေများသည်။
ဗဟိုသူတော်စင် အကယ်ဒမီမှ တိုက်ပဲက ကြည့်ရကျိုးနပ်ပေလိမ့်မည်။
လူတိုင်း ထိုသို့မျှော်လင့်နေကြ၏။
ထို့ကြောင့် သူတော်စင်ဒေသမှလူများသာမက ဒေသတော်တော်များများမှလူများ ဗဟိုသူတော်စင်အကယ်ဒမီသို့ရောက်လာခဲ့ကြပြီး အံ့ဖွယ်တိုက်ပွဲအားကြည့်ရရန်အတွက် ရွှမ်ယီက စိန်ခေါ်မှုအား လက်ခံရန် မျှော်လင့်နေကြသည်။
မူလဘုရင်အဆင့်ဖြင့် လူသားဘုရင် အစောပိုင်း အထွတ်အထိပ်စွမ်းအားပိုင်ရှင် နှင့် ခန့်မှန်းမရသော အစွမ်းထက် ကျင့်ကြံသူတစ်ဦး…
ထိုတိုက်ပွဲက လူများစွာအတွက် အကျိုးရှိပေလိမ့်မည်။
တိုက်ပွဲအတွင်းမှ တစ်စုံတစ်ရာအားနားလည်နိုင်လျှင် တစ်ချိန်တွင် တောင်ပိုင်းတိုက်ကြီး၌ ကျော်ကြားသူတစ်ဦး ဖြစ်လာနိုင်ချေရှိသည်။
လူတိုင်း နှလုံးသားထဲ၌ မျှော်လင့်ချက်အပြည့်ဖြင့် လာမည့်တိုက်ပွဲအား စောင့်မျှော်နေကြ၏။
ဝှစ်ရှ်…
လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အတွင်းမှ ဝူ၀မ်တျန်ထွက်ပေါ်လာခဲ့သည်။ ပတ်၀န်းကျင်မှ လူတိုင်းအမြင်တွင် ဝူ၀မ်တျန်၏ ပုံရိပ်က နေလုံးထက်ပင် တောက်ပနေလေသည်။
“ ဝိုး… အဲ့တာ မူလဘုရင်အဆင့်ဇယားထဲက ဝူ၀မ်တျန်ဘဲ… သူက အရမ်းအစွမ်းထက်တယ်.. ပြီးတော့ လူသားဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မယ်လို့ကြားတယ်…”
ဘုန်း…
ဆန့်ကျင်ဘက်အရပ်တစ်ခုမှ လေဟာနယ်ကလည်း တုန်ခါလာခဲ့ပြီး ပတ်၀န်းကျင်သို့ နားလည်ရန်ခက်ခဲသည့် စွမ်းအားများစိမ့်၀င်လာလေသည်။ ထိုနေရာမှ ဥပဒေသစွမ်းအားများပင် ပြန့်ကျဲသွား၏။
“ အဲ့တာက အန်းဒေသ ၊ အန်းမိသားက အန်းယုတာအိုဘဲ…”
“ ဒီ(၂)ယောက် ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး…”
ပတ်၀န်းကျင်မှ လူတိုင်း မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး မျက်တောင်ခတ်ရန်ပင် မေ့လျော့နေဟန်ရသည်။ မူလဘုရင်အဆင့်ဇယားမှ အစွမ်းထက်ကျင့်ကြံသူ(၂)ဦး ရောက်လာပြီးနောက် ၎င်းတို့ မျှော်လင့်ချက်များ မြင့်တက်သွား၏။
ဤသို့ဖြင့် လေဟာနယ်လှုပ်ခတ်လာတိုင်း ခေါင်းလှည့်ကြည့်မိလိုက်ကြသည်။
သူတို့ အထင်မမှားပေ။
အန်းယုတာအိုရောက်လာပြီးနောက် ဒေါင်နန်ဖန်း ၊ ဇောင်လီတို့အပါအ၀င် မူလဘုရင်အဆင့်ဇယားမှလူတိုင်း ရောက်လာခဲ့ကြသည်။
ဘုန်း…
ပတ်၀န်းကျင်မှ လူများ၏ မျက်၀န်းမား စိတ်လှုပ်ရှားစွာဖြင့် တောက်ပနေ၏။
“ ဂေါင်ဆန်ယွန်အာ… ခွန်ဒေသတစ်ခုလုံးရဲ့ နံပါတ်(၁) အလှဘုရင်မဘဲ… သူမက အရမ်းတင့်တယ်ပြီး လှပလွန်းတယ်… ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးကျနေတာဘဲ… ဟုတ်တယ် သူမက အစစ်အမှန် နတ်သမီးတစ်ပါးဖြစ်ရမယ်….”
“ သူမက လှရုံပဲမဟုတ်ဘူး.. အစွမ်းလည်းထက်သေးတယ်… မူလဘုရင်အဆင့်၀င်တစ်ယောက်ဖြစ်ပြီး နည်းနည်းတော့ အေးစက်စက်နိုင်တယ်… အနာဂါတ်မှာ သူ့ကို ဘယ်လိုလူမျိုးက ပိုင်ဆိုင်နိုင်မလဲမသိဘူး…”
သူတို့က အလွန်လှပသောအသွင်အပြင် ၊ သွယ်လျသောအချိုးအစားဖြင့် အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရ၏။ ယွန်အာက သူမ၏ သွယ်လျသော လက်ကလေးများဖြင့် လေဟာနယ်အား ကြမ်းတမ်းစွာ တိုက်ရိုက်ဆုပ်ဖြဲပြီး ထွက်ပေါ်လာခဲ့သည်။
ခွန်ဒေသ ဂေါင်ဆန်မိသားစုမှ ဂေါင်ဆန်ယွန်အာက မူလဘုရင်အဆင့်၌ အသန်မာဆုံးသူဖြစ်၏။ သူမက တောင်ပိုင်းတိုက်ကြီးမှ ပြိုင်ဘက်ကင်း နတ်သမီးလေးဖြစ်ပေသည်။ တောင်ပိုင်းတိုက်ကြီးမှ လူမည်မျှ သူမအာ အိမ်မက်မက်နေကြောင်း ရေတွက်၍ပင်မရနိုင်ချေ။
“ လုံး၀ မမျှော်လင့်ထားဘူး… ငါရဲ့ နတ်ဘုရားမလေး ရောက်လာခဲ့ပြီ… ဒီကိုလာရတာ တန်တယ်… အရှုံးမရှိတော့ဘူး….”
လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြပြီး ၎င်းတို့မျက်၀န်းများက အပျော်များဖြင့် ပြည့်နှက်နေ၏။
ယခုအချိန်တွင် မူလဘုရင်အဆင့်ဇယားများ လူတိုင်းရောက်ရှိနေပြီဖြစ်ပြီး အင်အားစုကြီးများမှ အရေးပါသူများလည်း ရောက်နေကြချေပြီ။
ဓားရူးလည်း ၎င်းအား သတိပြုမိ၏။
သူ၏ ပုံရိပ်က ဆတ်ကနဲတုန်ခါသွားပြီး ဓားနက်ကြီးအား ဆွဲထုတ်လိုက်သည်။
ရွှစ်…
တစ်ဖက်သွား ဓားနက်ကြီးမှတဆင့် အလွန်ကြီးစိုးကာ ကြမ်းတမ်းသည့် ဓားရည်ရွယ်ချက်စွမ်းအား ထွက်ပေါ်လာပြီး ပင်လယ်ထဲမှ နဂါးတစ်ကောင်အလား ဗဟိုသူတော်စင် အကယ်ဒမီသို့ ဦးတည်သွားခဲ့သည်။
“ ရွှမ်ယီ.. ထွက်လာပြီး ငါနဲ့တိုက်စမ်း…”
“ ဗဟိုသူတော်စင် အကယ်ဒမီထဲမှာ ပုန်းနေရုံနဲ့ အားလုံး ပြီးသွားမယ်ထင်နေတာလား…”
ဓားရူး၏ စကားသံတွင် စိတ်ဝိညာဉ်စွမ်းအားပါ၀င်နေပြီး ဗဟိုသူတော်စင်အကယ်ဒမီ၌ ပဲ့တင်ထပ်သွားလေသည်။
သူက လူတိုင်း၏ အကြည့်များအောက်တွင် လေထဲ၌ ပျံဝဲနေ၏။ အစွမ်းထက်သော အရှိန်အဝါဖြင့် အကယ်ဒမီ၀င်ပေါက်သို့ ဓားဦးညွှန်လိုက်လေသည်။
“ မင်း ဘယ်အချိန်ထိ လိပ်ခွံထဲမှာ ပုန်းအောင်းနေမှာလဲ…”
ဓားရည်ရွယ်ချက်စွမ်းအား၏ ဖိအားကြောင့် လူအများစု အသက်ရှုကြပ်သွားခဲ့လေသည်။ သူတို့နှလုံးသားထဲမှ ထိတ်လန့်မှုအား ဖိနှိပ်ကာ ဗဟိုသူတော်စင် အကယ်ဒမီ၀င်ပေါက်သို့ အာရုံစိုက်ကာ ကြည့်နေကြ၏။
ဓာရူးက အလွန်အစွမ်းထက်လှသည်။ လူအများစုအမြင်တွင် သူက မူလဘုရင်အဆင့်၌ ပြိုင်ဘက်ကင်းတစ်ယောက်အလားပင်။
ရွှမ်ယီက သူ့ကို အနိုင်တိုက်နိုင်မည်လော…?
“ ဓားရူးက အရင်တုန်းကအတိုင်း မောက်မာနေဆဲပဲ…”
အန်းယုတာအို ရယ်မောလိုက်၏။ သူ့ မျက်၀န်းများက ဆင်ခြင်တုံ့တရား ၊ ညာဏ်ပညာဖြင့် ပြည့်၀နေသည်။
သူ၏ နံဘေးတွင် ဝူ၀မ်တျန်ရှိနေပြီး အကယ်ဒမီ၀င်ပေါက်သို့ ကြည့်နေခဲ့ကာ ခေါင်းအနည်းငယ်ယမ်းလိုက်၏။
ဂေါင်ဆန်ယွန်အာကမူ မျက်လွှာချထားလေသည်။
မူလဘုရင်အဆင့်ဇယားများ လူတိုင်း ဓားရူးနှင့် တိုက်ဖူးပြီး ၎င်းအား အလွယ်တကူ အနိုင်မယူနိုင်ကြပေ။ နန်မင်မျှော်စင်က နံပါတ်(၁) အဖြစ် တိုက်ရိုက်သတ်မှတ်ရလောက်အောင်အထိ ရွှမ်ယီမည်မျှ သန်မာကြောင်း လူတိုင်းသိချင်နေကြသည်။
ယခုတွင် ဓားရူးက သူ၏ အိမ်ရှေ့အထိရောက်လာပြီး တံခါးခေါက်နေပြီဖြစ်ရာ ဆက်လက်ငြိမ်မနေလောက်တော့ပေ။
ယခုအချိန်က ရွှမ်ယီအနေဖြင့် ကိုယ့်ကိုယ်ကိုသက်သေပြရမည့်အချိန်ဖြစ်၏။
ထိုအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီ၌
ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ လူသားဘုရင်အဆင့်သို့ချိုး မည့်သို့ချိုးဖျက်ရမည်အား စဉ်းစားနေစဉ် ဓားရူး၏ အသံအားကြားလိုက်ရခြင်းဖြစ်၏။
တစ်ချိန်တည်တွင် ပြင်းထန်ကာ ကြမ်းတမ်းသည့် ဓားရည်ရွက်ချက်စွမ်းအား အရှိန်အဝါက ဗဟိုသူတော်စင် အကယ်ဒမီသို့ လွှမ်းခြုံသွား၏။
လက်ရှိကိစ္စက ရွှမ်ယီ၏ ကိုယ်ရေးကိုယ်တာဖြစ်လေရာ အကယ်ဒမီရှိ မည်သူမျှ ၀င်ရောက်စွက်ဖက်ခြင်းမရှိချေ။
ရွှမ်ယီကိုယ်တိုင် လှုပ်ရှားမည့်အချိန်ကို စောင့်နေကြ၏။
သို့သော် ကျောင်းသားများက အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။ မကြာခင် သွေးအန်ကြပေတော့မည်။
“ ဟင်း…”
ရွှမ်ယီ၏ မျက်၀န်းများက အေးစက်သွားပြီး သက်ပြင်းချလိုက်သည်။
ထို့နောက် ကျင့်ကြံနေရာမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့၏။