← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

ပတ်ဝန်းကျင်တွင် တစ်ခြားကျောင်းသားများစွာလည်းရှိနေပြီး သူမအားမြင်လျှင် ‌ခေတ္တရပ်တန့်သွားပြီးနောက် အရှိန်မြှင့်ကာ ရှေ့သို့ဆက်လက်ပြေးသွားသည်ကို တွေ့ခဲ့ရသည်။

“သူတို့အားလုံး တံခါးဖွင့်အတန်းကို သွားနေကြတာလား…”

ရီချင် အနည်းငယ်အံ့ဩသွားပြီး သိချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။ကျောင်းသားများအား ဤကဲ့သို့ဆွဲဆောင်နိုင်သည့် တံခါးဖွင့်အတန်းက မည်သို့သောအတန်းနည်း။

ရွှစ်…

ဒင်းရိုက အဖြေမပေးပဲ ရီချင်၏ လက်အားဆွဲကာ ရွှမ်ယီ၏ တံခါးဖွင့်အတန်းရှိရာသို့ ဆက်လက်ပြေးလွှားလာခဲ့သည်။

သူမတို့ရောက်ချိန်တွင် စာသင်ခန်းတစ်ခုလုံး လူများပြည့်ကျပ်နေသည်ကို တွေ့လိုက်ရ၏။

စာသင်ခန်းက အလွန်ကျယ်ဝန်းခြင်းမရှိသည့်အတွက် အခန်းအပြင်ဘက်တွင်ပင် ကျောင်းသားများပြည့်နှက်နေလေသည်။

ကျောင်းသားတိုင်း၏ စိတ်အားထက်သန်နေသောအကြည့်များအောက်တွင် ရွှမ်ယီက အတန်းအတွင်းသို့ အပြုံးမပျက် ဝင်လာခဲ့သည်။

ရွှစ်…

ရွှမ်ယီက မည်သည့်စကားမျှ မဆိုခဲ့ပေ။သူ၏လက်အား ညင်သာစွာ ဝှေ့ယမ်းလိုက်လျှင် (၃) ပေ၊ (၇) လက်မ ဝန်းကျင်ခန့်အရှည်ရှိသည့် ပုံရိပ်ယောင်နှင့် အစစ်အမှန် ကြားအခြေအနေဖြင့် ဓါးတစ်ချောင်းထွက်ပေါ်လာသည်။

ဘုန်း…

ထိုဓါးထွက်ပေါ်လာသည်နှင့် အလွန်ကြီးကျယ်ခမ်းနားသည့် ဓါးရည်ရွယ်ချက်စွမ်းအားတစ်ခုက စာသင်ခန်းတစ်ခုလုံးနှင့်အနီးပတ်ဝန်းကျင် ခြံဝန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

“ဘာလဲ…”

ရီချင်က ဓါးကျင့်ကြံသူတစ်ဦးဖြစ်သည်။ယခုအချိန်တွင် သူမအလွန်အံ့ဩသွားပြီး ရွှမ်ယီအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိ၏။

ထိုပုံရိပ်ယောင်နှင့်အစစ်အမှန်ကြားမှ ဓါးငယ်လေးက ရွှမ်ယီ၏ ဓါးရည်ရွယ်ချက် အရင်းအမြစ်ဖြစ်သည်။

၎င်းအား ကြည့်ရသည်မှာ အနည်းဆုံး ဓါးရည်ရွယ်ချက် အဆင့် (၄) ၏အထွတ်အထိပ်တွင် ရှိနိုင်သည်။

ဓါးရည်ရွယ်ချက် အရင်းအမြစ်အား ယခုကဲ့သို့ ထုတ်ဖော်ပြပေးထားခြင်းက ဓါးကျင့်ကြံသူများအတွက် စကားလုံးများဖြင့် ရှင်းပြသည်ထက် ပိုမိုအကျိုးရှိသည်။

ရွှမ်ယီ အနေဖြင့် စကားများစွာပြောနေရန် မလိုအပ်ချေ။

ဓားရည်ရွယ်ချက် အရင်းအမြစ်က ဓားနှင့်ပတ်သက်သော ဥပဒေသများကို တိုက်ရိုက်နားလည်စေနိုင်စွမ်းရှိသည်။

ရီချင်းက ရွှမ်ယီအား လေးနက်စွာစိုက်ကြည့်လိုက်ပြီးနောက် အချိန်မဖြုန်းတော့ဘဲ မျက်လုံးများပိတ်ကာ ဓားရည်ရွယ်ချက်ကို ဆင်ခြင်လိုက်၏။

သူမက ရွှမ်ယီ၏ ဓားရည်ရွယ်ချက်အား စိတ်ဝိညာဉ်ဖြင့်ထိတွေ့ခံစားကာ ကိုယ်ပိုင်ဓားရည်ရွယ်ချက် ဖန်တီးရန်ကြိုးစားနေခြင်းဖြစ်သည်။

ပတ်၀န်းကျင်မှကျောင်းသားများအားလုံးလည်း ၎င်းတို့၏ မျက်လုံးများမှိတ်ကာ ဓားရည်ရွယ်ချက် စွမ်းအားကိုဆင်ခြင်နေကြ၏။

အခန်းထဲရှိ စင်မြင့်ထက်တွင် ရွှမ်ယီပြုံးလိုက်မိသည်။

သူ ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွင်း ၀င်ခဲ့စဉ်က ထိုနေရာရှိ ဓားရည်ရွယ်ချက်တောင်ပေါ်မှ ဓားရည်ရွယ်ချက်အမှတ်အသားက ဓားကျင့်ကြံသူများအား အလွန်ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် ၎င်းက အဆင့်(၁)အထွတ်အထိပ် ဓားရည်ရွယ်ချက်မျှသာဖြစ်၏။ ၎င်းက ဆင်ခြင်သုံးသပ်သူများအား ကနဦးဓားရည်ရွယ်ချက်ကို နားလည်စေနိုင်သည်။

ယခုတွင် သူက ကျောင်းသားများအား ဓားရည်ရွယ်ချက်ကို နားလည်နိုင်စေရန် သူ၏ ဓားရည်ရွယ်ချက် အရင်းအမြစ်အား ထုတ်ဖော်ပြသထား၏။

အချိန်အနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ယောက် အံ့ဩသွားခဲ့၏။

ဟမ်…

စာသင်ခန်းအတွင်း၌ အနည်းငယ် မှိန်ဖျော့အားနည်းသည့် ဓားရည်ရွယ်ချက်စွမ်းအားတစ်ခုက အဆုံးမဲ့ဓားအလင်းတန်းများကြားမှ ထွက်ပေါ်လာလေသည်။

တစ်ယောက်ယောက် ကနဦးဓားရည်ရွယ်ချက်ကိုနားလည်သွားချေပြီ။

ရွှမ်ယီက ထိုကနဦးဓားရည်ရွယ်ချက် စွမ်းအား၏ အရင်းခံနေရာသို့ ကြည့်နေခဲ့သည်။ ထိုနေရာတွင် ရှိနေသည်က ရီချင်ဖြစ်ပြီး သူမလည်း အံ့ဩကာ ပျော်ရွှင်မှုများဖြင့် မျက်လုံးဖွင့်လိုက်ရာ ရွှမ်ယီနှင့် အကြည့်ချင်းဆုံသွား၏။

ရွှမ်ယီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

လူအုပ်ကြီးကြားထဲတွင် ပထမဆုံး ကနဦးဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသူဖြစ်သဖြင့် ထိုမိန်းကလေးက ဓားတာအိုနှင့်ပတ်သက်ပြီး ထူးချွန်ဟန်ရ၏။

ရီချင်က ပါးပြင်က ပန်းနုရောင်သန်းသွားပြီး ခေါင်းငုံ့လိုက်မိသည်။ သူမ အလွန်ရင်ခုန်နေခဲ့၏။

ရွှမ်ယီက ရောက်ကတည်းက စကားတစ်ခွန်းမှမပြောခဲ့ချေ။ သူ၏ ဓားရည်ရွယ်ချက်ကိုသာ ထုတ်ဖော်ပြသထားခြင်းဖြစ်ပြီး သူမအတွက် ကနဦးဓားရည်ရွယ်ချက်ကို နားလည်သွားစေရန်လုံလောက်သည်။ ၎င်းက ဓားတာအိုနှင့်ပတ်သက်ပြီး ရီချင်၏ ပါရမီအခံကောင်းမွန်းခြင်းကြောင့် သာမက ရွှမ်ယီ၏ ဓားရည်ရွယ်ချက်က ရှင်းလင်းစွာ ဥပဒေသစွမ်းအားများကို ထုတ်ဖော်နေခြင်းကြောင့်လည်းဖြစ်သည်။

သူက နှုတ်ဖြင့် သင်ကြားပေးခြင်းမပြုသည့်တိုင် သူ၏ ဓားရည်ရွယ်ချက် စွမ်းအားမှထွက်ပေါ်နေသည့် ဥပဒေသစွမ်းအားများက လူတိုင်းအား ဓားရည်ရွယ်ချက်နှင့် ပတ်သက်သည့် စစ်မှန်သောအဓိပ္ပါယ်ကို ဖော်ပြပေးနေသည်။

လက်ရှိ ရွှမ်ယီ၏ တံခါးဖွင့်အတန်းက စကားတစ်ခွန်းမျှပြောကြားခြင်းမရှိသည့်တိုင် ထိရောက်မှုက အံ့မခန်းပင်။

တစ်ခဏအကြာတွင် နောက်ထပ်တစ်ယောက်ထံမှ မြေပြင်အောက်တွင် အချိန်ကြာနစ်မြုပ်နေရာမှာ မြေပေါ်သို့ ထိုးထွက်လာသည့် မြက်ပင်တစ်ပင်အလား ကနဦးဓားရည်ရွယ်ချက် စွမ်းအားတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်လာ၏။

ရီချင်က အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်မိသည်။

ထိုလူက သိုင်းတာအိုဌာနမှ ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကနဦးဓားရည်ရွယ်ချက် အပြင်ဘက်နားလေးတွင် ပိတ်မိနေသည်မှာ နှစ်အတန်ကြာချေပြီ။ ရွှမ်ယီ၏ အတန်းသို့ရောက်လာပြီးနောက် ထိုအတားအဆီးကို ချိုးဖျက်နိုင်သွားဟန်ရသည်။

ရီချင် စိတ်ထဲတွေးလိုက်မိ၏။

ယနေ့ပြီးလျှင် ဗဟိုသူတော်စင်အကယ်မီ၌ ကနဦးဓားရည်ရွယ်ချက်အား နားလည်သူ များလာပေတော့မည်။ ဗဟိုသူတော်စင်အကယ်ဒမီက ဓားရည်ရွယ်ချက်ဖြင့်ပတ်သက်ပြီး အလွန်တိုးတက်လာရန် ဖြစ်နိုင်သည်။

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် အတန်းအခြေအနေက ရီချင်၏ အတွေးအား အတည်ပြုပေးလိုက်လေသည်။

ဘန်း..

ဘန်း…

မိုးရွာသွန်းပြီးနောက် အပြိုင်အဆိုင်ကြီးထွားလာသည့် မျှစ်စို့များအလား ကနဦးဓားရည်ရွယ်ချက်စွမ်းအားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အတန်းတစ်ခုလုံး ထိုကနဦးဓားရည်ရွယ်ချက်စွမ်းအားများဖြင့် ဖုံးလွှမ်းသွားပြီး ကြီးမားပြင်းထန်သည့် ဓားပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်လာကာ သူတို့အထက်မှ ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။

ဌာနမှူးက သူ၏ ရုံခန်းအပေါက်၀တွင် မတ်တပ်ရပ်နေပြီး ထိုဖြစ်စဉ်အားမြင်လျင် အားရစွာပြုံးလိုက်သည်။

သူက ရွှမ်ယီ အတန်းရှိရာ ဇူရှီခြံ၀င်းဘက်သို့ ငေးကြည့်နေမိ၏။

ယနေ့ပြီးလျှင် ဗဟိုသူတော်စင်အကယ်ဒမီ သိုင်းတာအိုဌာန၏ စုပေါင်းစွမ်းအား (၃)ဆလောက်ခုန်တက်သွားမည်ဟု သူမြင်မိသည်။

မကြာခင် အတန်းချိန်ပြီးဆုံးသွားခဲ့ပြီး ရွှမ်ယီက သူ၏ ဓားရည်ရွယ်ချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အတန်းထံမှ ထွက်ခွာရန်ပြင်လိုက်၏။

“ ‌ခနလေးနေပါဦး… ကျွန်တော်တို့အားလုံး ဆရာရွှမ်ကို လေးစားမှုပြုပါရစေ…”

ထို့နောက် လူတိုင်းမတ်တပ်ရပ်ကာ ရွှမ်ယီအား လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြ၏။

သူတို့ထဲတွင် လူအများစုက ကနဦးဓားရည်ရွယ်ချက်စွမ်းအားကို နားလည်သွားပြီဖြစ်ပြီး မကြာခင် အစစ်အမှန်ဓားရည်ရွယ်အား နားလည်နိုင်ပေလိမ့်မည်။ ကနဦးဓားရည်ရွယ်ချက်အား နားမလည်သေးသူများအနေဖြင့်လည်း မကြာခင် ထိုအတားဆီးအား ချိုးဖျက်နိုင်ရန် ယုံကြည်ချက်ရှိနေကြသည်။

၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအား အဆင့်သစ်တစ်ခုသို့ ရောက်သွားတော့မည်။

ရွှမ်ယီက ၎င်းတို့က ပြုံးပြလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာလိုက်သည်။

ထိုကိစ္စပြီးနောက် ဗဟိုသူတော်စင်အကယ်ဒမီအတွင်း၌ ရွှမ်ယီ၏ အမည်က လေးစားဖွယ်ရာတစ်ခုအဖြစ် ပျံ့နှံ့သွားတော့သည်။

ရွှမ်ယီ၏ အတန်းတစ်ကြိမ်က သာမန် ဆရာများ၏ အတန်း (၁၀)ထက် ပိုမိုတန်ဖိုးရှိပေသည်။ ထိုအတန်းသို့ မည်သူမသွားချင်မည်နည်း။

ဗဟိုသူတော်စင်အကယ်ဒမီတစ်ခုလုံး လှုပ်ရှားသက်၀င်လက်ရှိသည်။ အချိန်ဇယားအသစ်ထွက်လာတိုင်း ရွှမ်ယီ၏ အတန်းပါမည်လားဟု သွားကြည့်ရသည်က အမောပင်။

သို့သော် အပါတ်အနည်းငယ်ကြာပြီးသည့်တိုင်အောင် ရွှမ်ယီ၏အတန်းနှင့် ပတ်သက်ပြီး မတွေ့ခဲ့ရချေ။ တစ်စတစ်စနှင့် သူတို့မျှော်လင့်ချက်များ ကျဲပါးလာတော့သည်။

“ အိုး… ဆရာရွှမ်ရဲ့ အတန်းကို သွားပြီးတဲ့အချိန်မှာ ငါ့ရဲ့ဓားပညာက နောက်တစ်ဆင့်တက်သွားသလိုခံစားခဲ့ရတယ်… ဒါပေမယ့် ငါအရမ်း‌နောင်တရမိတဲ့ကိစ္စက ကနဦးဓားရည်ရွယ်ချက်ကို တစ်ခါတည်း နားမလည်နိုင်ခဲ့ဘူး… တကယ်လို့ နောက်တစ်ကြိမ်သာ အတန်းသွားတက်ခွင့်ရမယ်ဆို နားလည်နိုင်မှာ သေချာတယ်…”

တစ်စုံတစ်ယောက်က လက်သီးအား ကျစ်နေအောင်ဆုပ်ထားပြီး တောက်ပနေသော မျှော်လင့်ခြင်းမျက်၀န်းများဖြင့် ပြောလိုက်၏။

“ အဲ့ကိစ္စနဲ့ပတ်သက်ပြီး တွေးမနေနဲ့တော့… ငါ မှော်ဆေးတာအိုဌာနကလူတွေကိုမေးပြီးပြီ… ဆရာရွှမ်ရဲ့အတန်းက သူတို့ဘက်မှာလည်း ပုံမှန်မရှိဘူး… အတန်းကိုတက်ချင်တယ်ဆိုရင် ဆရာရွှမ်ရဲ့ အတန်းသင်ချင်စိတ်နဲ့ ငါတို့ ကံတရားအပေါ်မူတည်နေလိမ့်မယ်….”

ထိုစကားသံထွက်ပေါ်လာသည့်နှင့် အားလုံးကြေကွဲသွား‌ခဲ့ရသည်။ ရွှမ်ယီ၏ အတန်းကိုတစ်ကြိမ်တက်လိုက်ပြီးနောက် ဓားတာအိုနှင့်ပတ်သက်ပြီး ရွှမ်ယီ၏ နားလည်မှု မည်မျှနက်ရှိုင်းကြောင်း သိခဲ့ရသည်။ သာမန်ဆရာတစ်ယောက်က ခြေဖျားပင်မမှီချေ။

“ ဟေး.. ဆရာရွှမ်ရဲ့ နောက်တစ်ကြိမ်အတန်းက ဘယ်ချိန်စမလဲမသိဘူး…”

လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းများချလိုက်ကြသည်။ ယခုအချိန်တွင် သူတို့အနေဖြင့် ရွှမ်ယီ၏ တပည့်(၆)ယောက်အား အလွန်မနာလိုဖြစ်နေကြလေသည်။

ရွှမ်ယီ၏ တပည့်များဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် အနီးကပ်သင်ကြားပေးခြင်းခံရပေလိမ့်မ်မည်။ ထိုကိစ္စက အလွန်ကြီးမားသေု ကောင်းချီးတစ်ခုအလားပင်။

ထိုအချိန်တွင် ရွှမ်ယီက သူ၏ ကိုယ်ပိုင်ခြံ၀င်းထဲ၌ ရှိနေကာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

လူသားဘုရင်အဆင့်က သူ့၏ လက်တစ်ကမ်းအကွာတွင်ရှိနေသည်ဟု ခံစားမိနေသော်လည်း ဘယ်လောက်ပဲလျှောက်လျှောက် မဆုံးနိုင်သော လမ်းတစ်ခုအလားဖြစ်နေ၏။

တစ်ခုခုလွဲနေပြီဟုပင် ထင်လာခဲ့သည်။

ရွှမ်ယီက တံခါးပိတ်ကျင့်စဥ်၀င်ပြီး အပြင်းအထန်ကြိုးစားကာ တဖြည်းဖြည်းနားလည်မှုများစုဆောင်းရန် ဆုံးဖြတ်လိုက်၏။

All Chapters