အခန်း (၂၅၁)
Vol. 17 Ch. 251
ဤသို့ဖြင့် (၂)လကြာသွားခဲ့လေသည်။
(၂)လကြာပြီးနောက် ရွှမ်ယီ တံခါးပိတ်ကျင့်စဉ်၀င်နေရာမှာ ထွက်လာခဲ့၏။
အပြင်သို့ရောက်လျှင် စိတ်၀င်စားစရာသတင်းတစ်ခုအား ကြားလိုက်ရသည်။
ဓားရူး နောက်တစ်ကြိမ် ရှုံးနိမ့်သွားခဲ့သည်….
ထို့အပြင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းဖြစ်၏။
“ အိုး…”
ရွှမ်ယီ စိတ်၀င်စားသွားလေသည်။
သူက ဓားရူးအား တစ်ကွက်တည်းဖြင့်အနိုင်ယူခဲ့ခြင်းဖြစ်ကာ တောင်ပိုင်းတိုက်ကြီး၌ ထိုသို့ပြုလုပ်နိုင်သူ နောက်တစ်ယောက်မရှိနိုင်လောက်ပေ။ လူသားဘုရင်အဆင့်သို့ ချိုးဖျက်ကာနီး ဝူ၀မ်တျန်ပင် ထိုသို့လုပ်နိုင်စွမ်းမရှိချေ။
မူလဘုရင်အဆင့်တွင် ဓားရူးအား အနိုင်ယူနိုင်သူများရှိနေသည့်တိုင် သိုင်းကွက်တစ်ခုတည်းဖြင့် အနိုင်ယူသွားသည့်ကိစ္စက ရွှမ်ယီအတွက် အလွန်စိတ်၀င်စားစရာသတင်းဖြစ်သည်။
လွန်ခဲ့သော တစ်လသို့ပြန်သွားရလျှင်..
ဓားရူးက ရွှမ်ယီထံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မြစ်ဒေသသို့ပြန်သွားကာ ရွှမ်ယီ၏ တိုက်ခိုက်မှုအား အပြင်းအထန်ဆင်ခြင်နေလိုက်သည်။ ထို့နောက် ၎င်းမှနေပြီး တစ်စုံတစ်ခုအား နားလည်သွားခဲ့၏။
သူ့၏ ကျင့်ကြံဆင့်က တိုးမသွားသည့်တိုင်အောင် ခွန်အား အနည်းငယ်တိုးလာခဲ့သည်။
ထို့အပြင် ဓားရူးက ရွှမ်ယီမှလွဲလျှင် ကျန်မူလဘုရင်အဆင့်ဇယားမှလူများအား သိုင်းကွက်များစွာယှဉ်တိုက်နိုင်စွမ်းရှိသည်။
ယနေ့တွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက် ဓါးရူးထံသို့ ရောက်ရှိလာခဲ့သည်။
“ကျုပ်နာမည်က ယန်ဝူဒေါင်ပဲ…ဒီကိုမလာခင် တောင်ပိုင်းတိုက်ကြီးက မြစ်ဒေသမှာ ဓါးရူးလို့ခေါ်တဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရှိကြောင်းကြားခဲ့တယ်…”
ထိုလူ၏အသံက မိုင်ထောင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့ပြီး ဓါးရူးအား တိုက်ရိုက်ပင် စိန်ခေါ်လိုက်သည်။
“မင်းက အရမ်းနာမည်ကြီးနေတဲ့အတွက် လမ်းညွှန်ချက်တစ်ချို့တောင်းဖို့ရောက်လာတာပဲ…”
ဘုန်း…
တောင်ပိုင်းတိုက်ကြီးတွင် ဓါးရူးက သိုင်းပညာကို အလွန်ရူးသွပ်သူဟု လူသိများသည်။ထို့အပြင် သူက၎င်း၏နယ်ပယ်တွင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးလူများထဲမှ တစ်ဦးလည်းဖြစ်သည်။ယနေ့တွင် လူတစ်ဦးက ရုတ်တရက်ပေါ်လာပြီး သူ့အားတိုက်ခိုက်ရန် စိန်ခေါ်လိုက်၏။
ဓါးရူးက ထို သူ့အားစိန်ခေါ်လာသူထံမှ အစွမ်းထက် ချီစွမ်းအင်များကို ဖျတ်ကနဲ ခံစားမိလိုက်သည်။
ထို့အပြင် ဤအတောအတွင်း ဓါးရူးက ရွှမ်ယီ၏ဓါးချက်မှတစ်ဆင့် ထိုးထွင်းသိမြင်မှုများစွာ ရရှိခဲ့သည်။ယခုတွင် သူ့အားတစ်စုံတစ်ယောက်က စိန်ခေါ်လာသည်ဖြစ်ရာ အဘယ်သို့ငြင်းလိမ့်မည်နည်း။
“မင်းဆီက အစွမ်းထက်တဲ့ခံစားချက်မျိုးရတယ်…”
ဓါးရူး၏ခန္ဓာကိုယ်က လေထဲတွင် ပျံဝဲနေပြီး ၎င်း၏မျက်ဝန်းများက တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေသည်။သူ၏နောက်ဖက်မှလေဟာနယ်က ပြင်းထန်စွာလှုပ်ခတ်သွား၏။
သူ၏လက်ထဲတွင် ပြန်လည်ပြုပြင်ထားသည့် တစ်ဖက်သွား ဓါးနက်ကြီးအား ကိုင်ဆောင်ထားကာ ၎င်းထံမှနေပြီး ပြင်းထန်သော အရှိန်အဝါများနှင့် သွေးဆာသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
“တောင်ပိုင်းတိုက်ကြီးက အစွမ်းထက်မူလဘုရင်အဆင့် ကျင့်ကြံသူတွေထဲမှာ မင်းရဲ့နာမည်ကို တစ်ခါမှမကြားဖူးဘူး… မင်းသာ ငါမဟုတ်ပဲ အခြားတစ်ယောက်ကိုရွေးခဲ့မယ်ဆိုရင် မင်းရဲ့ပထမဆုံးတိုက်ပွဲက နာမည်ကြီးကောင်းကြီးသွားနိုင်တယ်… ဒါပေမယ့် အခု မင်းလူရွေး မှားသွားပြီ…”
ဓါးရူး၏ ပုံစံက ပြုံးနေဟန်ရပေမယ့် သူက ပြုံးမနေခဲ့ချေ။သူ၏ ဓါးနက်ကြီးကို ယန်ဝူဒေါင် ထံသို့ တိုက်ရိုက်ထိုးညွှန်လိုက်၏။
သူက မူလဘုရင်အဆင့်တွင် အစွမ်းထက်ဆုံးကျင့်ကြံသူ မဟုတ်သော်လည်း သူ၏စွမ်းအားများက လျော့တွက်၍မရပေ။
“မင်းက အပြောတော့အတော်ကောင်းတာပဲ… ဒါပေမယ့် အားနည်းလွန်းတယ်…”
ယန်ဝူဒေါင်က ဓါးရူးအား တစ်ချက်ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ၎င်း၏လှံကို ဆွဲထုတ်လိုက်သည်။
ဘုန်း…
ယန်ဝူဒေါင်၏ တိုက်ခိုက်မှုတစ်ခုက အနီးနားပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများနှင့်မိုးကြိုးများကို ဖြစ်ပေါ်သွားစေပြီး မြစ်ဒေသ တစ်ခုလုံးအား တုန်ခါသွားစေသည်။
ဘုန်း…
ဓါးရူး၏ ပါးစပ်မှ သွေးများပန်းထွက်လာကာ နောက်သို့လွင့်စင်သွား၏။
သိုင်းကွက်တစ်ကွက်.. သူရှုံးသွားချေပြီ..
တိုက်ပွဲသတင်းကြားပြီး ရောက်လာသည့် လူတစ်ချို့ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားလေသည်။
တိုက်ပွဲမစခင်တွင် သူတို့က ထိုစိန်ခေါ်လာသူသည် ဓါးရူးက ရွှမ်ယီအား ရှုံးနိမ့်ခဲ့သည့် သတင်းကြားပြီး ဓါးရူးအား အားနည်းသည်ဟု ယူဆကာ လာရောက်စိန်ခေါ်သည်ဟု ထင်မြင်ခဲ့ကြသည်။သို့သော် ယန်ဝူဒေါင်က အလွန်အစွမ်းထက်သော လူတစ်ဦးဖြစ်နေ၏။
ယခင် မူလဘုရင်အဆင့်ဇယားမှ နံပါတ် (၁၀) နေရာမှလူက ထိုလူထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် တားဆီးနိုင်ခဲ့ခြင်းမရှိချေ။
“မင်းဘယ်သူလဲ…”
ဓါးရူး၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ၏ရင်ဘတ်ကို အုပ်ကိုင်ထားကာ ယန်ဝူဒေါင်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
ထိုမျှ အစွမ်းထက်သူတစ်ဦးက နာမည်မရှိခြင်း လုံးဝမဖြစ်နိုင်ပေ။ ရွှမ်ယီပင်လျှင် အလွန်မကျော်ကြားသေးခင်တုန်းက မူလဘုရင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းရှိသည်။
ယခုတွင် ဓါးရူး ရူးသွပ်မလိုခံစားနေရ၏။သူ၏ နောက်ဆုံးတိုက်ပွဲနှစ်ခုလုံးတွင် နှစ်ကြိမ်စလုံး တစ်ကွက်တည်းဖြင့် အနိုင်ယူခံခဲ့ရသည်။
အနည်းငယ်မျှ သတိပေးချက်မရှိပဲ ထိုမျှစွမ်းအားကြီးသည့်ကျင့်ကြံသူများ မည်သည့်နေရာက ပေါ်ပေါက်လာကြသနည်း..?ဘယ်လိုလုပ်ပြီး သူ့ကို တိုက်ခိုက်မှုတစ်ခုတည်းနဲ့ အနိုင်ယူနိုင်ခဲ့တာလဲ..?
ဓါးရူး သူ့ကိုယ်သူပင် အလွန်အားနည်းသည်ဟု ခံစားရကာ သိမ်ငယ်မိသွားလေသည်။
‘ဒီလူနဲ့ ရွှမ်ယီနဲ့ ဆိုရင် ဘယ်သူပိုပြီးတော့ သန်မာလောက်မလဲ…’
“ငါပြောပြီးပြီမဟုတ်လား… ငါ့နာမည်က ယန်ဝူဒေါင်ပဲ…”
ယန်ဝူဒေါင်က ဓါးရူးအား စိတ်ပျက်စွာကြည့်ပြီး ခေါင်ယမ်းလိုက်သည်။
“ပြီးတော့ ငါက မြောက်ပိုင်းတိုက်ကြီးက လာတာ…”
“တောင်ပိုင်းတိုက်ကြီးက မူလဘုရင်အဆင့်ကျင့်ကြံသူတွေက ဒီလောက်တောင်အားနည်းတာလား…”
ယန်ဝူဒေါင်က ဓါးရူးအား အပေါ်အောက် စုန်ဆန်ကြည့်လျက် ခေါင်းအနည်းငယ်ယမ်းလိုက်သည်။သူ၏မျက်နှာထက်တွင် အထင်အမြင်သေးဟန်များ အတိုင်းသားပေါ်လွင်နေ၏။
“တောင်ပိုင်းတိုက်ကြီးက မူလဘုရင်အဆင့်ကျင့်ကြံသူတွေအားလုံးက မင်းလိုမျိုးတွေချည်းပဲဆိုရင်တော့ အရမ်းစိတ်ပျက်စရာ ကောင်းလွန်းမှာပဲ…”
ဘုန်း…
သူ၏လှံအား မြေကြီးပေါ်သို့ ထိုးစိုက်ချလိုက်သည်။
ဘုန်း…
ပတ်ဝန်းကျင်တစ်ခုလုံး လေပြင်းများတိုက်ခတ်ကာ တုန်ခါသွားပြီး လာရောက်ကြည့်ရှုသူများအားလုံး ထိတ်လန့်သွားလေသည်။ယန်ဝူဒေါင်၏ အထင်အမြင်သေးသောစကားများ ကြားလိုက်ရလျှင် ဓါးရူး လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားမိလိုက်သည်။
မြေက်ပိုင်းတိုက်ကြီးမှ တစ်စုံတစ်ယောက်က တောင်ပိုင်းတိုက်ကြီးကို ဘယ်လိုရောက်လာတာလဲ…?
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏လှုပ်ရှားနေသောစိတ်များ ပြန်လည်တည်ငြိမ်သွားကာ လှံကိုင်လျက်ရပ်နေသော ယန်ဝူဒေါင်အား စိုက်ကြည့်လိုက်သည်။
“မင်း…မြောက်ပိုင်းတိုက်ကြီးက လာတာလို့ပြောလိုက်တာလား…”
“မြောက်ပိုင်းတိုက်ကြီးနဲ့တောင်ပိုင်းတိုက်ကြီးက အရမ်းဝေးလွန်းတယ်…မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာနိုင်တာလဲ…နေပါဦး အဲ့ဒါကိုထားလိုက်…မင်းငါတို့တောင်ပိုင်းတိုက်ကြီးက ထိပ်တန်းကျင့်ကြံသူတွေရဲ့စွမ်းအားကို တကယ်မြင်ချင်တာလား…”
ဓါးရူးက ယန်ဝူဒေါင်အား တောက်ပသော မျက်ဝန်းများဖြင့် အကဲခတ်လိုက်ပြီး
“ငါတို့တောင်ပိုင်းတိုက်ကြီးမှာ မူလဘုရင်အဆင့်ဇယားဆိုပြီးတော့ရှိတယ်…မူလဘုရင်အဆင့်ဇယားမှာ မူလဘုရင်အဆင့်က အစွမ်းအထက်ဆုံးကျင့်ကြံသူ (၁၀) ယောက်ရှိတယ်… မင်းတစ်ကယ် တောင်ပိုင်းတိုက်ကြီးက မူလဘုရင်အဆင့်ကျင့်ကြံသူတွေရဲ့ခွန်အားကို သိချင်ရင် သူတို့ကိုသွားရှာလေ…ဘာဖြစ်လို့ငါ့လိုမျိုး စာရင်းထဲမှာမရှိတဲ့လူကို တကူးတက လာရှာနေတာလဲ…”
ဓါးရူးက သူ၏ဂုဏ်သိက္ခာအား ဘေးဖယ်ထားကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မူလဘုရင်အဆင့်ဇယားမှလူများကို ချီးမြှောက်လျက်ပြောလိုက်သည်။
“မူလဘုရင်အဆင့်ဇယားလား…”
ယန်ဝူဒေါင် မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။
မှန်ပေသည်။ သူကအမှန်တကယ် မြောက်ပိုင်းတိုက်ကြီးမှကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လှံပညာကို အဓိကထားလေ့ကျင့်သော ယန်မိသားစုမှဖြစ်သည်။
ယန်မိသားစုက မြောက်ပိုင်းတိုက်ကြီးတွင် အလွန်ကျော်ကြားသော ရှေးဟောင်းမိသားစုကြီးတစ်ခု ဖြစ်၏။၎င်းတို့က သူတို့၏ အစွမ်းထက်လှံပညာကြောင့်ကျော်ကြားကြသည်။ ထို့အပြင်ယန်မိသားစုမှ လူတိုင်းလှံပညာကို လေ့ကျင့်ကြ၏။
ယန်ဝူဒေါင်က ယန်မိသားစုမှ မူလဘုရင်အဆင့်ကျင့်ကြံသူများကြားထဲတွင် အထင်ရှားဆုံးဖြစ်ပြီး ယန်မိသားစုမှ လူငယ်မျိုးဆက်တိုင်း၏ စံပြပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။
ထိုကိစ္စကအမှန်ပင်။ သူ၏ခွန်အားက ပျော့ညံ့ခြင်းမရှိပေ။ သူကဘိုးဘေးများ၏ မျိုးဆက်သွေးစွမ်းအားကိုလည်း အသုံးချနိုင်သူတစ်ဦးဖြစ်၏။
ဤသို့ဖြင့် မြောက်ပိုင်းတိုက်ကြီးတွင် ပြိုင်ဘက်ကင်းဟုယူဆ၍ရသော အစွမ်းထက်ပါရမီရှင်တစ်ဦးအဖြစ် လူသိများသည်။သူ၏ ကျင့်ကြံမှုက အထွတ်အထိပ်မူလဘုရင်အဆင့်တွင် ရှိနေပြီး သူ၏တိုက်ခိုက်ရေးခွန်အားက အလယ်အလတ်လူသားဘုရင်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ယန်မိသားစု၏လှံပညာနှင့် ဘိုးဘေးများ၏ သွေးမျိုးဆက်စွမ်းအားကို အသုံးပြုလိုက်မည်ဆိုလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းက အလယ်အလတ်လူသားဘုရင်အဆင့် ထက်ပင်ကျော်လွန်သွားနိုင်သည်။
ယန်ဝူဒေါင်က တောင်ပိုင်းတိုက်ကြီးသို့ တကူးတကရည်ရွယ်ကာ ရောက်လာခြင်းမဟုတ်ပေ။မတော်တဆ ရောက်လာခြင်းသာဖြစ်၏။
သူက ဤနေရာသို့ရောက်မလာခင်တွင် မြောက်ပိုင်းတိုက်ကြီးမှ အလွန်အန္တရာယ်များသော လျှို့ဝှက်နယ်မြေတစ်ခုသို့ စူးစမ်းရန် ဝင်သွားခဲ့သည်။အထဲတွင် ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးလုနီးပါးအခြေအနေ ရောက်ခဲ့၏။
ထိုနေရာတွင် သူသတိမေ့သွားပြီး သူသတိရလာသော အချိန်၌ တောင်ပိုင်းတိုက်ကြီးသို့ ရောက်နေပြီဖြစ်၏။
ယန်ဝူဒေါင်၏ အမြင်တွင် သူက လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ မတော်တဆဝင်ရောက်မိသွားပြီး တောင်ပိုင်းတိုက်ကြီးရှိရာသို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်ရမည်။
“ကောင်းပြီ… ဒါဆိုရင် တောင်ပိုင်းတိုက်ကြီးက ထိပ်တန်းကျွမ်းကျင်သူတွေရဲ့ စွမ်းအားကို ကြည့်ရတာပေါ့…”
စကားဆုံးသည်နှင့် ယန်ဝူဒေါင်က ထိုနေရာမှလှည့်ထွက်လာခဲ့၏။သူကတောင်ပိုင်းတိုက်ကြီးမှ အစွမ်းထက်ကျင့်ကြံသူများ၏ စွမ်းအားကို မျက်မြင်တွေ့ချင်နေသည်။