← Chapters

ကျို့ချိုးကလန်

Vol. 014 Ch. 1334

ကျို့ချိုးကလန်

Vol. 014 Ch. 1334

လီရို့ရွှမ်း၏ ဘေးတွင် သူမတို့ ကလန်မှ အကြီးအကဲများ မတ်တတ်ရပ်နေကြသည်။ သူတို့ထဲက တစ်ယောက်မှာ ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော လီနတ်ဓားကလန်မှ သံသယကင်းစင်ခြင်း အဆင့် ရှန့်ထို အကြီးအကဲ တစ်ယောက် ဖြစ်သည်။

အခြားအကြီးအကဲ တစ်ယောက်သည် အသက်ငါးဆယ်ကျော် လောက်ရှိပြီး ကိုယ်ကျပ်ဝတ်ရုံ ရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းပြီး အတော်အတန် ကြောက်ဖို့ကောင်းကာ သူ၏ မဖော်ရွေမှုကို ပြနေသည်။ သူသည် လက်ကို နောက်ပစ်ကာ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက အေးစက်နေပေသည်။

သူသည် ထိုဒေသအတွင်း၌ တစ်ခါတစ်ရံမှ ထွက်ပေါ်လာသောကြောင့် သူကို သိသောသူသည် အနည်းငယ်သာရှိသည်။

ယွင်ကလန်မှ တန်ခိုးရှင်အဖွဲ့သည်လည်း ထိုနေရာ၌ ရှိနေသည်။ ခေါင်းဆောင်၏ အမည်သည် ယွင်ချုံးဖြစ်ပြီး ယွင်ထန်း၏ ညီ ဖြစ်သည်။ သူ၏ အသွင်က တည်ငြိမ်နေပြီး သူသည် လီရို့ရွှမ်းကို စူးစိုက် ကြည့်နေပေသည်။

အမှန်တွင်တော့ ယွင်ချုံးသည် လီရို့ရွှမ်း၏ ဘေးမှ အကြီးအကဲကို ပို၍ အကဲခတ်နေသည်။ သူက ထိုသူ၏ သရုပ်မှန်ကို သံသယ ဖြစ်နေခဲ့သည်။

သူဘက်မှ ကြည့်လျှင် လီနတ်ဓားကလန်သည် ရန်သူဖြစ်သည်။ သူတို့သည် အချင်းချင်း အကြိမ်ပေါင်းများစွာ တိုက်ခိုက် ခဲ့ကြသည်။ လီရို့ရွှမ်းက အစွမ်းထက်သော်လည်း ယွင်ကလန်မှ လူကို လက်လွှဲပေးရန် တောင်းဆို ရလောက်အောင် အတင့်မရဲသင့်ပေ။

ထိုအကြီးအကဲသည် လီနတ်ဓားကလန်မှ မဟုတ်သည်မှာ သေချာသလောက် ရှိသည်။

“ခင်ဗျားကို ကြည့်ရတာ မရင်းနှီးသလိုပဲ။ ခင်ဗျားက ဘယ်ကများ လာခဲ့တာလဲ” ယွင်ချုံးက စစ်ဆေးသည့် အမူအရာဖြင့် မေးလိုက်သည်။

ထိုအကြီးအကဲ၏ ကျဉ်းမြောင်းသော မျက်လုံးများက ယွင်ချုံးကို ကြည့်လိုက်သည့်အခါ ပို၍ မှေးစင်း သွားသည်ဟု ထင်မှတ်ရသည်။ သူ၏ မျက်လုံးများက ခံစားချက် ကင်းမဲ့နေကာ ဂရုမစိုက်သည့်ပုံ ရှိသည်။ လော့မြို့ရှိ ယွင်ကလန်မှ သံသယ ကင်းစင်ခြင်းအဆင့် ရှန့်ထိုများမှာ သူ့မျက်စိထဲ ထည့်စရာဟု သဘောမထားသည့် ပုံတွင် ရှိ၏။

သူသည် ခွန်းတုံ့ပြန်ရန်ပင် အလုပ်ရှုပ်မခံပေ။

ထိုသည်က ယွင်ချုံးကို လေးလံ နက်ရှိုင်းသည့် စိတ်ခံစားမှုတို့ ဖြစ်ပေါ်စေ၏။ ထိုသူက သူ့ကို ထိုကဲ့သို့ လျစ်လျူရှုထားရဲလျှင် သူက အလွန် အစွမ်းထက်သူ ဖြစ်ရပေမည်။

လီရို့ရွှမ်းသည် ယွင်ချုံးကို အစိမ်းလိုက်ဝါးစားမတတ် ကြည့်လိုက်သည်။ ရီဖူရှင်းသည် နတ်ဓားကလန်မှ ရှန့်ထိုနှစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း ယွင်ကလန်က သူ့ကို ကာကွယ် ပေးထားလေသည်။

ယခု သူမ ယွင်ကလန်သို့ ရောက်နေခြင်းသည် လက်စားချေခြင်းအပြင် ယွင်ကလန်မှ လူများက သူမတို့ကို ဒေါသထွက်ကာ ငြင်းဆန်စေလို၍ ဖြစ်သည်။ ယွင်ကလန်က လိုက်လျောရန် ငြင်းဆန်ပါက ထိုအကြီးအကဲကိုပါ ဆန့်ကျင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ယွင်ကလန်က မည်သို့ တုံ့ပြန်မည်ကို သူမ ကြည့်ချင်ခဲ့သည်။

“ယွင်ချုံး အဲဒီရန်ဟောင် ကျောက်စာချပ်ကို မိန်းကလေး ရို့ရွှမ်းက တော်ဝင်မြို့ ကျို့ချိုးကလန်ကို ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာ မင်း သိလား။ မင်းတို့က အဲဒီကျောက်စာချပ် ပျက်စီးတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ဘူး ဆိုရင်တောင် မင်းတို့ ယွင်ကလန်က တရားခံကို ကာကွယ် ပေးထားတယ်။ ကျုပ်တို့က ဒီရန်ကြွေးကို ဘယ်လိုရှင်းမယ်လို့ ယူဆထားလဲ” လီရို့ရွှမ်း၏ ဘေး၌ ရပ်နေသည့် လီခူးက မေးလိုက်သည်။

ယွင်ချုံးသည် ထိုသူ ပြောသော စကားကို ကြားလိုက်ရသည်နှင့် အတော် ပြဿနာများတော့မည်ကို ခံစားမိလိုက်သည်။ သူသည် လီရို့ရွမ်း၏ ဘေးမှ တစ်ယောက်ကို အလေးအနက် ကြည့်လိုက်သည်။

တော်ဝင်မြို့၏ ကျို့ချိုးကလန်။

ကျို့ချိုးကလန်သည် သူတို့၏ လက်ရှိကလန် ခေါင်းဆောင်က အင်ပါယာချီနှင့် အတူ ကောင်းအတူဆိုးအတူ ဖြတ်သန်းခဲ့သော ကိုယ်ရံတော် ဖြစ်သည့်အတွက် ယခုကဲ့သို့ အဆင့်အတန်းကို ရရှိပြီး ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ကျို့ချိုးသည် အလွန်ကျယ်ပြန့်သော ဒေသကို လွှမ်းမိုးထားနိုင်ပြီး မြင့်မားသည့် အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသည်။ များလှစွာသော အကျော်ဇေယျ ပုဂ္ဂိုလ်များသည်လည်း ထိုကလန်မှ တဖြည်းဖြည်း ပေါ်ထွက်လာပြီး ကလန်သည် ဆက်လက်၍ အင်အား တောင့်တင်းသန်မာ လာသည်။ သူတို့သည် အင်ပါယာချီနယ်မြေတွင် အလွန် မြင့်မားသည့် အဆင့်အတန်းရှိပြီး ကလန်များအကြားတွင် အစွမ်းထက်ဆုံး ဖြစ်လာခဲ့သည်။

သူတို့သည် အလွန်လွှမ်းမိုးနိုင်စွမ်း ရှိပြီး အင်ပါယာ၏ ဆုံးဖြတ်ချက်ကိုပင် သက်ရောက် နိုင်စွမ်းပေသည်။

ဥပမာအနေနှင့် အင်ပါယာချီသည် သူ၏ နယ်မြေမှ ပါရမီရှင်များကို ရွေးချယ်ကာ ကျင့်စဉ်များကို ပေးအပ်ခဲ့သော်လည်း သူသည် အရာအားလုံးကိုတော့ အာရုံမစိုက်နိုင်ပေ။ ထို့ကြောင့် သူသည် ကိုယ်စားလှယ်များ ထားရှိပြီး အခြားလူများကိုလည်း တာဝန်များ ခွဲဝေ ပေးအပ်ထားသည်။ ကျို့ချိုးကလန်သည်လည်း ထိုသို့သော အဆင့်ဖြစ်ကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ထိုစဉ်က လီရို့ရွှမ်းသည် ရန်ဟောင် ချန်ရစ်ခဲ့သည့် ကျောက်စာချပ်အတွက် တိုက်ခိုက်ခြင်းမှာ တော်ဝင်နန်းတော်သို့ ဆက်သရန် မဟုတ်ဘဲ တော်ဝင်နန်းတော်ကို ခစားရသည့် ကျို့ချိုးကလန်အား လက်ဆောင်ပေးရန် ရည်ရွယ်ခဲ့ကြောင်း ထင်ရှားပေသည်။

သူမသည် အင်ပါယာချီနှင့် ရင်းနှီးမှုရယူရန်အတွက် ထိုအရာကို ခြေနင်းကျောက် အဖြစ် အသုံးပြုကာ သူမ၏ ကလန်ကို မြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

လီရို့ရွှမ်းသည် အရည်အချင်းရှိသည်ဟု ဆုံးဖြတ်နိုင်သည်။ သူမသာ အင်ပါယာချီ၏ ထောက်ခံမှု ရရှိခဲ့လျှင် လိုအပ်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိပြီး အနာဂတ်၌ ပို၍ ကျော်ကြားလာမည်မှာ အမှန်ပင် ဖြစ်သည်။

အဓိကအချက်မှာ ထိုအမျိုးသမီးက ကြံစည်အားထုတ်ရာ၌ အလွန်တော်ခြင်းပင် ဖြစ်သည်။

“ကျို့ချိုးကလန်က လိုချင်တယ်ဆိုရင် ကျုပ်တို့ ယွင်ကလန်က ပေးရမှာပေါ့။ ဒါပေမဲ့ ကျုပ်တို့ အရင်တိုက်ခိုက်ခဲ့တုန်းက ဒီအကြောင်းတွေ မသိခဲ့ဘူး” ယွင်ချုံးက ပြောလိုက်သည်။ လီနတ် ဓားကလန်နှင့်သာ အချင်းများရခြင်းဆိုလျှင် သူတို့က အခြေအနေများကို ကိုင်တွယ်နိုင်စွမ်း ရှိသေးပေသည်။

သို့သော်လည်း သူတို့၏ ရန်သူက ကျို့ချိုးကလန်သာ ဖြစ်ပါက ကိစ္စရပ်များက သူတို့အတွက် ခက်ခဲလာလိမ့်မည် ဖြစ်သည်။

အမှန်တွင် ယွင်ကလန်သည်လည်း အင်ပါယာနှင့် ဆက်သွယ်မှု ရရှိရန် အမြဲ ကြိုးပမ်း နေသော်လည်း သူတို့သည် ထိုအခွင့်အရေးမျိုး မည်သည့်အခါကမှ မရရှိခဲ့ပေ။ ထိုမူးမတ်များက သူတို့ကို လှောင်ပြောင်၍သာ နေကြပေသည်။

လီရို့ရွှမ်းသည် ကျို့ချိုးကလန်နှင့် အဆက်အသွယ် လုပ်နိုင်ခဲ့ပုံ ပေါ်သည်။ လီနတ် ဓားကလန်ကသာ ထိုသို့သော အဆက်အသွယ်ကို အသုံးပြု၍ အကျိုးအမြတ်များ ရရှိမည်ဆိုလျှင် ထိုသည်က ယွင်ကလန် အတွက် သေချာပေါက် ဆိုးဝါးသည့် အရာများ ဖြစ်လာပေလိမ့်မည်။

ကိစ္စရပ်များက သူတို့အတွက် သေရေးရှင်ရေး ဖြစ်လာပုံပေါ်သည်။

“အခု ဘာမှ ပြောနေစရာ မရှိတော့ဘူး။ ဟိုလူကို လက်လွှဲပေး။” လီခူးက ခံစားချက်မဲ့စွာ ပြောလိုက်သည်။ ကျို့ချိုးကလန်မှ တန်ခိုးရှင်ကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

သူသည် လီရို့ရွှမ်း၏ အစောင့်အရှောက် အဖြစ်သာ ထိုနေရာ၌ ရှိနေခြင်း ဖြစ်သည်။ သူသည် သူမ၏ အရည်အချင်းကို အသိအမှတ်ပြုခဲ့ပြီး သူမသည် အမှန်တကယ် ပါရမီရှိသော ကျင့်ကြံသူ ဖြစ်သည်ဆိုခြင်းအား တွေ့ရှိခဲ့သည်။ သူမသည် ငယ်ရွယ်သော်လည်း မိမိကိုယ်ကို သိမြင်ခြင်းအဆင့် ရှန့်ထို ဖြစ်နေခဲ့ပြီ ဖြစ်၏။ သူမသည် ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားရာ၌ အနိုင်မခံ အရှုံးမပေးသော စိတ်ဝိညာဉ်ရှိသည့် အပြင် သူမသည် ရက်ရောပေသည်။

သူသည် ပထမတွင် အင်ပါယာ၏ ဘေးတွင် သင်ယူနိုင်ရန် ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပြီး တစ်နေ့တွင် သူမသည် ကျို့ချိုးကလန်၏ ချွေးမတစ်ဦး ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူသည် လီရို့ရွှမ်းက သူမ အကျိုးအတွက် ထိုသို့ အဆက်အသွယ် လုပ်ခြင်းအား စိတ်ထဲ၌ မထားပေ။ သူတို့သည် အနှေးနှင့်အမြန် မိသားစုဖြစ်လာကြပေလိမ့်မည်။

ယွင်ချုံးသည် ရီဖူရှင်းအား သွားခေါ်လာရန် သူ့လူကို လွှတ်လိုက်သည်။ သူသည် ပြန်လှည့်လိုက်လျှင် နီးကပ်လာနေသည့် လူအုပ်ကို မြင်လိုက်သည်။ ထိုသူတို့မှာ ယွင်ထန်၊ ယွင်နီ၊ ရီဖူရှင်းနှင့် အခြားလူများ လာနေကြခြင်း ဖြစ်သည်။

ထိုသည်က အကုန်မဟုတ်ပေ။ ယွင်ကလန်မှ အခြားသော တန်ခိုးရှင်များလည်း စုဝေး လာကြသည်။ သူတို့သည် ထိုအကြီးအကဲက ကျို့ချိုးကလန်မှ ဖြစ်ကြောင်း သိရှိပြီးသည့်အခါ အတော်လေး စိတ်ဓာတ် ကျကုန်ရပေသည်။

ယွင်ထန်သည် သူ့လမ်းလျှောက်လာနေစဉ် လူများ ပြောနေသည်ကို ကြားခဲ့ရသည်။ သူ၏ ခံစားမှုသည် ရှုပ်ထွေးနေခဲ့ပြီး သူတို့ဆီ ဦးတည်လာနေသာ ဒုက္ခကြီးကြီးမားမားကို ရင်ဆိုင် ရတော့မည် ဖြစ်ကြောင်း သိရှိလိုက်သည်။

လီရို့ရွှမ်းသည် ကျို့ချိုးကလန်နှင့် အဆက်အသွယ် ရှိနေခဲ့ပြီး ဖြစ်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ ယွင်ထန်” ယွင်ချုံးက သူတို့ အနားသို့ ရောက်လာသည်နှင့် ယွင်ထန်ကို မေးလိုက်သည်။

ယွင်ထန်သည် သူ့ကို ကြည့်လိုက်ပြီးနောက် လီရို့ရွှမ်း၏ ဘေး၌ ရှိနေသော အကြီးအကဲကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “ကျောက်စာချပ်အတွက် ကလန်သုံးခု တိုက်ခဲ့တာ အသကတည်းက ကျို့ချိုးကလန်နဲ့ မဆိုင်ခဲ့ဘူး။ လီရို့ရွှမ်း၊ ဒါက ယွင်ကလန်နဲ့ လီနတ် ဓားကလန်ကြား ဖြေရှင်းရမယ့် ကိစ္စပဲ။ မင်းက အခု ကျို့ချိုးကလန်က တစ်ယောက်ကိုပါ ဆွဲသွင်းလာတာ ဘာအဓိပ္ပါယ်လဲ”

လီရို့ရွှမ်းက ယွင်ထန်ကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ယွင်ထန်ကို ပြန်မဖြေခဲ့ပေ။

သူမအတွက်တော့ ရလဒ်သည်သာ အဓိကဖြစ်သည်။

“ယွင်ကလန်က အဲဒီကောင်ကို လွှဲပေးမှာလား၊ မပေးဘူးလား” လီရို့ရွှမ်းက သူမ၏ အမည်နှင့် လိုက်ဖက်စွာ အေးစက်စက် ပြောလိုက်သည်။ {Note: ရို့ရွှမ်း ဆိုတာက 'ဆီးနှင်းကဲ့သို့' ဆိုတဲ့ အဓိပ္ပာယ်ပါ} သူမသည် ရီဖူရှင်းကို လက်လွှဲပေးမည်လား မပေးမည်လား ဟူသည်က လွဲလျှင် အခြား မည်သည့်စကားမှ မဆိုပေ။

အရာရာကို ရှင်းပြနေရန် မလိုအပ်ပေ။

နေရာတစ်ခုလုံးက တိတ်ဆိတ်နေသည်။

ယွင်ထန်၏ နောက်တွင် ရပ်နေသည့် ယွင်နီနှင့် ယွင်ချန်းယွဲ့က လီနတ်ဓားကလန်မှ လူများကို အေးစက်စွာ ကြည့်နေသည်။ ယွင်ချန်းယွဲ့က သူမ၏ ဖခင်အတွက် လက်စားချေရန် လီရို့ရွှမ်းထက် သာလွန်အောင် ကြိုးစားမည်ဟု စိတ်ထဲတွင် စွဲမြဲသွားခဲ့ပေသည်။

“ယွင်ထန်၊ အခုချိန်မှာ ငါတို့က ကျို့ချိုးကလန်ကို ဆန့်ကျင်ရမယ့် အနေအထား မဟုတ်ဘူး။” ယွင်ချုံးက ယွင်ထန်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

သူ့အမြင်အရဆိုလျှင် ရီဖူရှင်းက အပြင်လူသာ ဖြစ်သည့်အတွက် သူ့အတွက်နှင့် ဒုက္ခ ရောက်ရမည်မှာ မထိုက်တန်ပေ။

“လူကို လွှဲပေးလည်း အဓိပ္ပာယ်မရှိဘူးဆိုတာ မမြင်ဘူးလား။ လီရို့ရွှမ်းက အမြင့်ပိုင်းက တစ်ယောက်ယောက်နဲ့ အဆက်အသွယ် လုပ်နိုင်သွားခဲ့ပြီ။ သူတို့က ကျို့ချိုးကလန်ရဲ့ အထောက်အပံ့ ရှိနေပြီဆိုတော့ ကျုပ်တို့ကို ဖျက်ဆီးဖို့အတွက် ဒီကိစ္စ မဟုတ်ရင်တောင် တခြား အကြောင်းပြချက်တွေ ရှာဦးမယ်ဆို အနှေးနဲ့အမြန်ပဲ။ ကျုပ်တို့၏ ဧည့်သည်ကို သူတို့ဆီ လွှဲပေးတာ မလွှဲပေးတာနဲ့ ဘာများ ကွာမှာမို့လို့လဲ” ယွင်ထန်က စိတ်ချင်း ဆက်သွယ်ကာ ပြန်ပြောလိုက်သည်။

“အနည်းဆုံးတော့ ကျို့ချိုးကလန်က ကျုပ်တို့ကို ဖျက်ဆီးဖို့ အကြောင်းပြချက် ထပ်ရှာမယ်ဆို အချိန်လိုမှာပဲ။ ကျုပ်တို့ အချိန်လိုတယ်” ယွင်ချုံးက ပြောလိုက်သည်။ သူတို့သည်လည်း ကျို့ချိုးကလန်နှင့် ယှဉ်နိုင်သော အဆက်အသွယ်ကို တတ်နိုင်သမျှ မြန်မြန်ရှာရန် လိုပေသည်။ ယွင်ချုံး၏ သားသည်လည်း ကျင့်ကြံခြင်းတွင် အလွန်ထူးချွန်သည့် ပါရမီရှိသည့် အတွက် ယွင်ကလန်အတွက်လည်း အခွင့်အရေး ရှိလိမ့်မည်။

ဤအချိန်၌ ကျို့ချိုးကလန်နှင့် ဆန့်ကျင်ဘက်တွင် နေခြင်းက ဉာဏ်ရှိကာ မကျပေ။

ယွင်ထန်သည် သူ့အစ်ကို၏ အတွေးကို နားလည်သော်လည်း သူက ပြတ်သားစွာ ငြင်းဆန် လိုက်ပေသည်။ “မလုပ်ရဘူး”

သူသည် တစ်ခါ အလျှော့ပေးခဲ့ပြီး ဖြစ်သည်။

ထိုအလျှော့ပေးမှုသည် သူ့သမီးယွင်နီကို စိတ်ဒဏ်ရာရစေခဲ့၏။

“အခြေအနေက ဘယ်လောက် ပြင်းထန်နေလဲ မင်း မမြင်ဘူးလား” ယွင်ချုံးက စိတ်ချင်း ဆက်သွယ်၍ ဒေါသတကြီး ပြောလိုက်သည်။ သူသည် ယွင်ထန်နှင့် ပြောမနေတော့ဘဲ ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်။ “ဆရာ၊ ဒီကိစ္စက ခင်ဗျားနဲ့ လီနတ်ဓားကလန် စပြီး ဖြစ်ကြတာပါ။ ယွင်ထန်ကလည်း သူ တတ်နိုင်သလောက် ကူညီပေးခဲ့ပြီးပြီ။ ကျုပ်တို့အတွက်တော့ ဒီထက်ပိုပြီး ဝင်မစွက်ဖက်တော့တာ အကောင်းဆုံးပါပဲ။ ခင်ဗျားက ယွင်ကလန်သားလည်း မဟုတ်ဘူးလေ။ အဲဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ရီဖူရှင်းသည် တည်ငြိမ်နေသည့် ပုံပေါ်ကာ ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။ သူသည် ယွင်ချုံးက ထိုသို့ ရွေးချယ်မှုမျိုး ပြုလုပ်မည်ကို မှန်းဆနိုင်ခဲ့သည်။ သူ့ကဲ့သို့ လူစိမ်းတစ်ဦး အတွက် ထိုမျှထိ ဒုက္ခခံရန် မလိုအပ်ပေ။

“သူက ယွင်ကလန်သား မဟုတ်ဘူးလို့ ဘယ်သူပြောလဲ” ယွင်ချန်းယွဲ့က မေးလိုက်သည်။ “ကျွန်မက ဆရာရီကို ဆရာအဖြစ် သတ်မှတ်ခံပြီးပြီ။ လီနတ် ဓားကလန်ကလည်း ကျွန်မတို့ ယွင်ကလန်ရဲ့ ရန်သူပဲ။ သူတို့က ပြောတာနဲ့ပဲ ပြောတဲ့အတိုင်း တကယ် လုပ်ပေးတော့မှာလား။ ပြီးတော့ ဦးလေးက မျိုးနွယ်ရဲ့ အကြီးဆုံးမျိုးဆက် ဖြစ်တာမို့လို့ ကလန်ရဲ့ အနာဂတ်မျိုးဆက်တွေ ကလန်သားတွေ အတွက် စံပြဖြစ်ပြီး ဆရာဆိုလည်း မမှားဘူး။ အခု ဦးလေး လုပ်လိုက်တဲ့ အပြုအမူက တခြားတွေကို စက်ဆုပ်မှုတွေ ခံစားသွားရစေမှာ စိုးမိတယ်”

ယွင်ချုံးက မျက်မှောင်ကျုံ့ကာ ယွင်ချန်းယွဲ့ကို ကြည့်လိုက်သည်။ သူမ၏ အမူအရာက စိတ်ထိန်းထား ရသကဲ့သို့ ရှိကာ မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယွင်ကလန်တွင် တန်ခိုးရှင် အများအပြားရှိပြီး ယွင်ချန်းယွဲ့က ရီဖူရှင်းကို ဆရာအဖြစ် မှတ်ယူလိုက်မည်ဟု သူ မတွေးမိခဲ့ပေ။ ထို့အပြင် ရီဖူရှင်း ရောက်လာသည်မှာ မကြာသေးသည့် အတွက် ထိုသည်က ယွင်ချန်းယွဲ့၏ ဆင်ခြေတစ်ခုသာ ဖြစ်သည်ဟု မြင်လေသည်။

ရီဖူရှင်းသည် ယွင်ချန်းယွဲ့အား သူ့တပည့်အဖြစ် လက်မခံရသေးသည်ကို မှတ်မိသော်လည်း ယွင်ချန်းယွဲ့ ပြောလိုက်သည်က သူ့အား နွေးထွေးမှုတို့ ခံစားမိစေသည်။

“ချန်းယွဲ့ အခုက မင်းရဲ့ ခံစားချက်ကို ရှေ့တန်းတင်ရမယ့် အချိန်မဟုတ်ဘူး” ယွင်ချုံးသည် ယွင်ချန်းယွဲ့အား ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မက အမှန်ကို ပြောနေတာ” ယွင်ချန်းယွဲ့က ပြောလိုက်သည်။

“တော်ဝင်မြို့ကို သွားဖို့ အချိန်ကျပြီ။” တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ကျို့ချိုးကလန်မှ တန်ခိုးရှင်က နောက်ဆုံး၌ စကား ပြောလာခဲ့သည်။ သူသည် သူ၏ ကျဉ်းမြောင်းလှသော မျက်လုံးများဖြင့် ယွင်ကလန်သားများကို ဝေ့ဝဲကြည့်လိုက်ရင်း ဆက်ပြောသည်။ “ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားလိုက်”

လီရို့ရွှမ်းသည်လည်း ယွင်ကလန်မှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ ယွင်ချုံး၏ အမူအရာမှာ အလွန် ဖိအားများနေသည့် ပုံပေါ်သည်။ ကျို့ချိုးကလန်မှ ထိုလူက နောက်ဆုံး၌ တစ်ခုခု ပြောခဲ့ပြီ ဖြစ်သည်။

“နေပါဦး” ယွင်ချုံးက ပြောလိုက်သည်။ သူက ယွင်ထန်ကို ပြင်းထန်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ပြောသည်။ “ကလန်အရေးက အရေးကြီးတယ်။ လက်လွှဲပေးလိုက်”

ယွင်ထန်သည် သူ့ကို မတွန့်မဆုတ်ကြည့်ရင်း ပြောလိုက်သည်။ “ကျုပ်က ကလန် အရေးအတွက် တစ်ခါ အလျှော့ပေးခဲ့ပြီးပြီ။ အဲဒီလို တူညီတာမျိုး ထပ်မလုပ်တော့ဘူး။ ကျုပ်က သူ့ကို ခေါ်လာတဲ့သူပဲ။ သူတို့က ကျုပ်ရဲ့ ဧည့်သည်ကို လိုချင်နေတယ် ဆိုရင် ကျုပ်တို့ တိုက်ခိုက်ကြမယ်”

ယွင်ချုံးသည် ယွင်ထန်ပြောသည်ကို ကြားလိုက်ရသည့်အခါ အလွန်စိတ်မသက်မသာ ဖြစ်သွားရသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ကျို့ချိုးကလန်မှ ထိုတန်ခိုးရှင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ “ဒါဆို အဲဒီလို လုပ်ပေါ့”

ထို့နောက် သူသည် အဝေးသို့ လျှောက်ကာ အတူတူ ထွက်ခွာ သွားကြသည်။

လီရို့ရွှမ်းသည်လည်း မည်သည့်စကားမှ မပြောတော့ဘဲ လိုက်ပါသွားသည်။ သို့သော်လည်း သူမသည် ယွင်ကလန်ကို စူးစူးရဲရဲ ကြည့်သွားခဲ့သေး၏။

‘မင်းတို့တွေ အင်ပါယာချီ လက်အောက်မှာ ကျင့်ကြံဖို့ ကလန်ကလူတွေ လွှတ်ချင် သေးတာလား.. ဟမ်’ ဟု ထိုအကြည့်က ပြောသွားပုံ ပေါ်သည်။

“ကောင်းပြီလေ၊ အခု အိပ်မက်က နိုးထနိုင်ပြီ”

ကြီးမားသည့် အဖွဲ့က ထွက်ခွာသွားပြီး မကြာခင်၌ ပျောက်ကွယ် သွားတော့သည်။ ယွင်ချုံးကို ကြည့်ရသည်မှာ မှောင်မိုက်နေ၏။ သူ၏ အစီအစဉ်များက ယခု ကိစ္စကြောင့် ပျက်စီး သွားခဲ့ရပြီ ဖြစ်သည်။

နေရာအနှံ့က လူများသည် တော်ဝင်မြို့တွင် စုစည်းနေကြပြီး အင်ပါယာချီ လက်အောက်၌ မကျင့်ကြံချင်သူ ဟူ၍ မည်သူမှ မရှိပေ။

လူတိုင်းသည် ထိုအောင်မြင်မှုကို ရရန် အပြင်းအထန် ကြိုးစားကြပြီး သူသည်လည်း ထိုသို့ လုပ်ဆောင်ခဲ့သည်။ အခုချိန်၌ အရာအားလုံးသည် ယွင်ထန်ကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။

“ကောင်းကောင်းလုပ်ခဲ့တာပဲ ယွင်ထန်” ယွင်ချုံးက အေးစက်စွာ ပြောလိုက်ပြီးနောက် လှည့်ထွက် သွားတော့သည်။

ယွင်ကလန်မှ တန်ခိုးရှင်များသည် ထိုနေရာတွင်သာ ရှိနေကြသေးသည်။ သူတို့သည် ယွင်ထန်လုပ်ခဲ့သည့် အရာမှာ ဉာဏ်ရှိသည်ဟု မထင်မှတ်ခဲ့ကြပေ။ အဆုံးမှာတော့ ကျို့ချိုးကလန်သည် အင်ပါယာ ချီနယ်မြေတွင် မငြင်းပယ် နိုင်လောက်သည့် အင်အားစုပင် မဟုတ်ပါလား။

“ကျွန်တော့်အတွက်နဲ့ ဘာလို့ ကိုယ့်ကလန်ကိုယ် ဒီလိုဖြစ်စေရတာလဲ” ရီဖူရှင်းက ယွင်ထန်ကို မေးလိုက်သည်။

“ကျုပ်တို့က ကျို့ချိုးကလန်နဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်ခဲ့တာ မဟုတ်သရွေ့ အင်ပါယာချီကို ခစားရတဲ့ လူတွေက ဘာလုပ်လုပ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစား ရတယ်။ သူတို့က တခြား အင်အားစုတွေကို လွယ်လွယ်ကူကူ မတိုက်ခိုက်နိုင်ကြဘူး။ အင်ပါယာချီကလည်း အဲဒီလို ကိစ္စတွေ အတွက် အလုပ်ရှုပ်ခံမှာ မဟုတ်ဘူး” ယွင်ထန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျို့ချိုးကလန်က အင်ပါယာချီကို ခစားရတဲ့ ကလန် ဖြစ်နေတုန်းပဲ။ ငါတို့သာ တခြားအဆက်အသွယ် မရှိခဲ့ရင် ယွင်ကလန်က ဒီလိုမျိုး ကျို့ချိုးကလန်နဲ့ ဆန့်ကျင်ပြီးတဲ့နောက် အင်ပါယာချီ လက်အောက်မှာ ကျင့်ကြံရဖို့ အတော် ခက်ခဲသွားတော့မယ်”

“ကျို့ချိုးကလန်က အင်ပါယာချီ ဘယ်သူ့ကို သင်ပြပေးမလဲဆိုတဲ့ အပေါ်မှာ ရွေးချယ်ခံရတဲ့ သူတွေအပေါ် ဘယ်လို သက်ရောက်နိုင်တာလဲ” ရီဖူရှင်းက မေးလိုက်သည်။

“အင်ပါယာချီက အဲဒီလို ရွေးချယ်ခံတွေကို နှစ်တိုင်း ရွေးတယ်။ သူ သတိထားမိတဲ့ ဘယ်သူမဆို အခွင့်အရေး ရကြပေမယ့် သူက တခြား ကိစ္စတော်တော်များများကို သူ့လက်အောက် ငယ်သားတွေနဲ့ လွှဲထားပြီး ဝင်မစွက်ဖက်တတ်ဘူး။ တိုက်ခိုက်ခြင်းနဲ့ သဘောထား ကွဲလွဲခြင်းတွေက ကျင့်ကြံခြင်း လမ်းစဉ်မှာ ကြုံတွေ့ရမှာတွေပဲ။ အရည်အချင်း ပြည့်ဝမှသာ အခက်အခဲတွေ ကြားက ရှင်သန်နိုင်မှာလေ” ယွင်ထန်က ရီဖူရှင်းကို ပြောလိုက်သည်။

***

All Chapters