ဓားအမိုးခုံး
Vol. 90 Ch. 1247
“သေမျိုးတာအို လျှို့ဝှက်တာအို... ကျုပ်ရဲ့ သွေးမျိုးဆက်ကို အဆင့်တက်ခွင့် တောင်းပါတယ်”
ဝေ့ဝူယင် ဆုတောင်းသလို လေသံမျိုးနှင့် အော်ဟစ် လိုက်သည်။
"..."
"..."
တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိခဲ့ချေ။ ဝေ့ဝူယင် အပျက်အစီး မန်နာများကို ရှူသွင်းလိုက်ရင်း သွေးမျိုးဆက်ကို အကန့်အသတ် ရောက်သည် အထိ လှုံ့ဆော် လိုက်သည်။
ရား...
ခရာတိုက ရိုင်းစိုင်းစွာ ဟိန်းဟောက်လိုက်၏။ အပျက်အစီး မန်များမှာ မုန်တိုင်း တိုက်ခတ် ခံရသလို လှုပ်ခတ် သွားခဲ့ကာ ပေါက်ကွဲအား ပြင်းထန်သည့် နဂါးဟိန်းသံမှာ အရပ် ရှစ်မျက်နှာလုံးကို ဖြန့်ကျက် သွားခဲ့သည်။ ဝေ့ဝူယင် မလောပါချေ။ သံကြိုးက မည်သည့် နေရာ၌ ရှိနေသည်ကို သိရှိပြီး ဖြစ်လေရာ ချိုးဖျက်ရန်မှာ မခက်ခဲတော့ချေ။
“ကျုပ်ရဲ့ သွေးမျိုးဆက်ကို အဆင့်တက်ခွင့် တောင်းပါတယ်”
ဝေ့ဝူယင် နောက်တစ်ကြိမ် ထပ်မံ ခွင့်တောင်းလိုက်၏။
ရား...ရား...
ခရာတို၏ ဟိန်းဟောက်သံများက ပိုမို၍ ကျယ်လောင်လာသည်။ ဝေ့ဝူယင်၏ သွေးမျိုးဆက် စွမ်းအင်များက ပွက်ပွက်ဆူလာကာ အလိုအလျောက်ပင် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ဖြစ်စဉ်ထဲသို့ ဝင်ရောက် သွားသည်။ ဝေ့ဝူယင်၏ အော်ရာက သားရဲတစ်ကောင် အလား ပြောင်းလဲသွားကာ ပြင်းထန်သည့် လွှမ်းမိုးနိုင်စွမ်းကို ထုတ်လွှတ်လာ၏။
ဝမ်... ဝမ်...
ရုတ်ချည်း ဆိုသလိုပင် ကောင်းကင်သက်ရှိ အမှတ်အသားမှာ စတင်ကာ လင်းလက်လာ၏။ တစ်စုံတစ်ရာ ချဉ်းကပ်လာသလိုမျိုး ခံစားချက်ကြောင့် ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့် လိုက်မိသည်။ ထိုအခိုက်တွင်ပင် ခရာတိုမှာ လျှို့ဝှက် အမတေများကို ခံစားလိုက်ရ၏။
“တကယ်လို့ ခွင့်ပြုမယ် ဆိုရင် ကျုပ် ခင်ဗျားတို့ အပေါ် ကျေးဇူးအကြွေး တင်သွားပြီလို့ မှတ်ယူပေးမယ်”
ဝေ့ဝူယင် အံ့ကို တင်းတင်းကြိတ်ရင်း ဆိုလိုက်၏။ သူ၏ ဥပဒေသ မျိုးစေ့များမှာ စတင်၍ တုန်ရီလာကာ လျှို့ဝှက် ဆန်းကြယ်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်လာသည်။ အကယ်၍ သေမျိုးတစ်ယောက်က တာအိုများနှင့် ညှိနှိုင်းရန် ကြိုးပမ်းနေသည်ကို အဆင့်မြင့် ကျင့်ကြံသူများသာ မြင်ပါက ခွက်ထိုးခွက်လန် ရယ်မောမိကြလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ သူ့ထံတွင် သေမျိုးတာအိုနှင့် လျှို့ဝှက် တာအိုတို့ကို ဆန့်ကျင်ရန် ဆန္ဒ မရှိပါချေ။ ထို့ကြောင့်ပင် ခိုင်လုံသည့် အကြောင်းပြချက် မရှိပဲ သူတို့ တားမြစ်ထားသည့် အကန့်အသတ်များကို ချိုးဖျက်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... ခရာတိုမှာ သူ၏ ကြယ်တာရာ ဝိညာဉ်များထဲတွင် ဆင့်ကဲ ပြောင်းလဲခြင်း မရှိသေးသည့် တစ်ခုတည်းသော ကြယ်တာရာ ဝိညာဉ် ဖြစ်သည်။ ကြယ်တာရာ သခင် အဆင့်ကို မတက်လှမ်းခင် ခရာတို၏ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်မှာ ပြီးမြောက်သင့်သည်ဟု သူ ယူဆထားသည်။ သို့မှသာ သူ မျှော်လင့်ထားသည့် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
သေမျိုး မူဘောင်မှ လျှို့ဝှက် မူဘောင်သို့ အတင်းအကြပ် ပြောင်းလဲဖို့ ကြိုးပမ်းခြင်းမှာ ကောင်းကင် အပေါ် အလွန် မလေးစားသည့် လုပ်ရပ် တစ်ခု ဖြစ်သည်။ သို့သော်လည်း... ခရာတို၏ ကောင်းကင်သက်ရှိ အမှတ်အသားမှာ မူဘောင်ကို ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ သွေးမျိုးဆက်၏ အရည်အသွေးနှင့် သန့်စင်မှုကိုသာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။
ခရာတိုမှာ အလွန် ထူးခြားသည့် ကျင့်ကြံခြင်း လမ်းစဉ် တစ်ခုကို လျှောက်လှမ်းနေသူ တစ်ယောက် ဖြစ်သည်။ ဝိညာဉ် ကျင့်ကြံခြင်းနှင့် သားရဲတို့၏ လမ်းစဉ်ကို ပေါင်းစပ်ထားသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပေသည်။ သို့ဖြစ်လေရာ... သွေးမျိုးဆက်ကို မြှင့်တင်ခြင်းက အဆင်ပြေနိုင်မည်ဟု ဝေ့ဝူယင် မျှော်လင့်မိသည်။
အံကို တင်းတင်းကြိတ်ထားရင်း ဝေ့ဝူယင်၏ အမူအရာက အချိန်နှင့် အမျှ ပိုမို လေးနက်လာခဲ့သည်။ သေမျိုးတာအိုနှင့် လျှို့ဝှက် တာအိုတို့မှာ သူ့ အသံကို ကြားနိုင်ပါမည်လား သူ မသိချေ။ သို့သော်လည်း... သူ အဆုံးစွန်ထိ တွန်းအားပေးဖို့ ဆုံးဖြတ်ထားပေသည်။
“ကျုပ် လုပ်တော့မယ်နော်...”
ဝေ့ဝူယင်က ကြမ်းတမ်း ခက်ထန်စွာပင် အော်ဟစ်လိုက်၏။ ပိုင်လင်က ခေါင်းကို မော့ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ လူငယ်၏ ခက်ထန်နေသည့် မျက်နှာကို တွေ့မြင်သော အခိုက်၌ သူမ၏ မျက်လုံးများမှာ လျှို့ဝှက် အလင်းတန်းများနှင့် တောက်ပသွားခဲ့သည်။
"..."
ရုတ်တရက် ဝေ့ဝူယင် ရပ်တန့်လိုက်၏။ သူ၏ ခက်ထန်သည့် အမူအရာက ချက်ချင်းပင် သံသယ ဖြစ်ခြင်းများနှင့် ပြည့်နှက်သွားသည်။ ထို့နောက်တွင်တော့ အံ့အားသင့်သည့် အငွေ့အသက်များနှင့် ထုံလွှမ်း သွား၏။ မတုန့်မဆိုင်းပင် သူ နဂါး အသွင်ပြောင်းခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
“ဘာဖြစ်တာလဲ...”
ပိုင်လင်မှာ ဘာကိုမှ မခံစားရပါချေ။ ထို့ကြောင်ပင် ဝေ့ဝူယင် အောင်မြင်သွားသလား ကျရှုံးသွားသလား သူမ မသိပါချေ။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်၏။
“ငါ မှားသွားတာ...”
မှားတယ်...။ ပိုင်လင်၏ ရွှေရောင် မျက်လုံးများက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း တင်ပျဉ်ချိတ်ကာ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူ လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်၏။
“သံကြိုးကို လျှို့ဝှက် တာအိုနဲ့ သေမျိုး တာအိုတို့ ဖန်တီးထားတယ် ဆိုတာတော့ မှန်တယ်... ဒါပေမဲ့ တားဆီးဖို့ မဟုတ်ဘူး... ကာကွယ်ဖို့ပဲ”
သံကြိုးစား ဖျက်ဆီးတော့မည့် အခိုက်အတန့်တွင် ဝေ့ဝူယင် ကြမ္မာ ရှောင်ရှားခြင်းမျက်လုံး အစီအရင်ကို အသုံးပြုခဲ့သည်။ ထို့နောက်... သူ၏ ခန္ဓာကိုယ်မှာ လျှို့ဝှက် အမတေများကို အလွန် လျှင်မြန်သော နှုန်းဖြင့် စုပ်ယူလာခဲ့သည်ကို မြင်ခဲ့ရသည်။ သို့သော်လည်း... နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကို စားသုံးခြင်းနှင့် ဆင်တူသည့် ဖြစ်စဉ်မျိုးကိုတော့ မမြင်တွေ့ရပါချေ။ ထို့အစား... သူ့ ဝိညာဉ်သာလျှင် ပြိုကွဲ သွားခဲ့သည်။
ထို့နောက် သူ သေဆုံးခဲ့သည်။
ထိုအခိုက်အတန့်တွင်ပင် သံကြိုးများမှာ သူ့ကို တားဆီးရန် မဟုတ်ပဲ ကာကွယ်ရန် သက်သက် ဖန်တီးထားခြင်း ဖြစ်ကြောင်း သဘောပေါက် ခဲ့သည်။ သူ ပိုင်ဆိုင်ထားသည့် ဘောင်မှာ သေမျိုး အကန့်အသတ် အတွင်းတွင်ပင် တည်ရှိနေလေရာ သူ၏ ဝိညာဉ်မှာ လျှို့ဝှက် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ကို အပြည့်အဝ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။
အကယ်၍ သူသာ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေတွင် သွေမျိုးဆက်ကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါက ကျိန်းသေပင် သေဆုံးရလိမ့်မည် ဖြစ်သည်။
အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းထားသည့် သူ၏ ရုပ်ခန္ဓာနှင့် ခရာတိုတို့မှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်ကို ခုခံနိုင်ကြောင်း သံသယ မရှိပါချေ။ အထူးသဖြင့် ခရာတို ဆိုလျှင် လျှို့ဝှက် သင်္ကေတ မျိုးစေ့များကိုပင် ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... သူ့ ဝိညာဉ်ကတော့ အကန့်အသတ် တစ်ခုအတွင်းတွင်သာ ဆက်လက် တည်ရှိနေခဲ့ပေသည်။
“အခု ဘာလုပ်ကြမလဲ...”
ခရာတိုက သုန်မှုန်စွာဖြင့် မေးလိုက်၏။ ဤအတိုင်းသာ ဆိုပါက ဝေ့ဝူယင် လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်ရောက်သည် အထိ သူတို့ စောင့်ရတော့မည် ဖြစ်သည်။ သို့မှသာ လျှို့ဝှက် မူဘောင် အတွင်း ဝင်ရောက်ကာ လျှို့ဝှက် တာအို၏ စွမ်းအင်ကို ခုခံနိုင်ပေလိမ့်မည်။
“ကောင်းပြီလေ... ငါတို့မှာ ရွေးချယ်စရာ လမ်းကြောင်း တစ်ခုပဲ ရှိတော့တယ်... အဲဒါပ အဂ္ဂိရတ်ပဲ”
ဝေ့ဝူယင် လက်သီးကို တင်းတင်းဆုပ် လိုက်၏။ သူ၏ မျက်လုံးများကတော့ လျှို့ဝှက် ဆန်းကြယ်သည့် ငွေရောင် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့တော့သည်။
...
ကြယ်တာရာ နယ်မြေများ အကြား ဖြစ်တည်နေသည့် နတ္ထိ ဟင်းလင်းပြင်များမှာ အလွန်တရာ ကျယ်လှပြန့်သော်လည်း နေရာ အများစုကတော့ ကောင်းကင် ခန္ဓာ အပျက်အစီးများ၊ စွန့်ပစ် ကုန်းမြေများနှင့် ပြည့်နှက်နေပေသည်။ ထိုနေရာများမှဦ ရတနာ မုဆိုများ၊ အိပ်မက်နောက် လိုက်သူများ၏ အိမ်ဟုပင် ဆိုနိုင်ပေသည်။
ထို့အပြင် တည်နေရာနှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် စောင့်ကြည့်ရန်နှင့် လေ့လာရန် ခက်ခဲလှလေရာ ထိပ်သီး အင်အားစုများမှာလည်း အမျိုးမျိုးသော လျှို့ဝှက် လုပ်ငန်းများကို လုပ်ဆောင်ရန် နတ္ထိ ဟင်းလင်းပြင်များကို အသုံးပြုလေ့ ရှိပေသည်။
ခုတ်ပိုင်းခြင်းဓား၏ ဟင်းလင်းပြင် မုဆိုးဂိုဏ်း ဖြစ်သော ရိတ်သိမ်းခြင်းဓားမှာ နတ္ထိ ဟင်းလင်းပြင် အတွင်းရှိ ပြိုလဲလု နီးနီး ဖြစ်နေသည့် ကမ္ဘာပြား တစ်ခုပေါ်တွင် အခြေစိုက် စခန်း တစ်ခုကို ထားရှိပေသည်။ သို့သော်လည်း... အစွမ်းထက် ဝင်္ကပါများ၊ နည်းစနစ်များ၏ အကူအညီနှင့် အတူ ၎င်းမှာ သက်ရှိများ အမှီသဟဲ ပြုလုပ်နိုင်သည့် လေထု တစ်ခုကို ပိုင်ဆိုင်ထားပေသည်။ သေမျိုး တစ်ချို့မှာ သူတို့ ဘဝ တစ်လျှောက်လုံး ထိုနေရာတွင်သာ နေထိုင်ခဲ့ကြပေသည်။
ထိုကမ္ဘာပြားကို ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးဟု ခေါ်ပေသည်။ မေမျက်နှာပြင်၏ စုစုပေါင်း ၈၀ ရာခိုင်နှုန်းခန့်ကို ဖုံးအုပ်ထားသည့် အမိုးခုံးကြီးကို အစွဲပြုကာ ထိုကဲ့သို့ နာမည် ပေးထားခြင်း ဖြစ်သည်။ ထိုအမိုးခုံးကြီး အတွင်း၌ ဟင်းလင်းပြင် မုဆိုးများ၏ စည်ပင် ဝဖြိုးနေသော လူ့အဖွဲ့အစည်း တစ်ခု တည်ရှိပေသည်။
အမိုးခုံးကြီး၏ အထက်တွင်တော့ ခုတ်ပိုင်းခြင်းဓား ဖန်တီးထားသည့် ပေပေါင်း တစ်သောင်း ကြီးမားလှသော ဓားကြီး တစ်စင်း ရှိပေသည်။ ၎င်းမှာ ကုန်းမြေတိုက်ကြီးကို ကာကွယ်နေသည့် ယန္တရား တစ်ခု ဖြစ်ကာ ပြီးမြောက်ရန် အတွက် နှစ်ပေါင်း သုံးဆယ်နီးပါး အချိန်ယူခဲ့ရပေသည်။
ဟင်းလင်းပြင် မုဆိုးများမှာ လေလွင့်ကောင်းကင်များကို သူတို့၏ အခြေစိုက် စခန်းများ အဖြစ် မကြာခဏ ဆိုသလို ပြောင်းလဲ ပစ်တတ်လေရာ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီး၏ တည်ရှိမှုက အဆန်းတကြယ်တော့ မဟုတ်ပါချေ။
ထိုကမ္ဘာပြားထက်၌ မကြာသေးခင်ကမှ တည်ဆောက်ထားသည့် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ရှိပေသည်။ ၎င်းမှာ ရွှေရောင် အသက်နန်းတော် တာဝန်ယူ တည်ဆောက်ထားသည့် စည်းစိမ် ဂိတ်တံခါးများထဲမှ တစ်ခု ဖြစ်ကာ အကြမ်းဖျဉ်းအားဖြင့် သာမန် ဂိတ်တံခါးများထက် သုံးဆမျှ ပိုမို ကြီးမားပေသည်။
ယနေ့..
ထိုဟင်းလင်းပြင် ဂိတ်တံခါး အနားတွင် ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ချို့ ရပ်နေခဲ့ပေသည်။ သူတို့ကို ပုံရိပ် နှစ်ခုက ဦးဆောင်နေကာ တစ်ယောက်မှာ မီးခိုးရင့်ရောင် ဆံပင်ရှည်များနှင့် လှပသည့် မိန်းမပျို တစ်ယောက် ဖြစ်သည်။ နောက်ထပ် တစ်ယောက်ကတော့ ဉာဏ်ပညာ ပြည့်ဝသည့် မျက်ဝန်းများနှင့် လူအိုကြီး တစ်ယောက် ဖြစ်သည်။
သူတို့က အခြားလူများ မဟုတ်...။ ရွှေရောင် အသက်နန်းတော်၏ ခေါင်းဆောင်များ ဖြစ်ကြသော မာ့ဆုကျင်းနှင့် မာ့ကျန်းတို့ပင် ဖြစ်သည်။ သူတို့က မျက်နှာများက လေးနက်နေကာ အလွန် အရေးကြီးသည့် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်ပုံ ပေါ်လေသည်။
***