အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အကြီးမားဆုံးသော အင်အား
Vol. 90 Ch. 1249
စည်းစိမ် ဟင်းလင်းပြင် ဂိတ်တံခါးကို ဖြတ်သန်းရင်း ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးကို ရောက်ရှိလာသည့် ကျင့်ကြံသူ အရေအတွက်မှာ မိနစ်ပိုင်း အတွင်းမှာပင် သောင်းနှင့်ချီ လာခဲ့သည်။ ထိုအထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်များ အပြင် သူတို့၏ လက်အောက်ငယ်သားများ၊ တပည့် သားမြေးများ၊ ဆွေးမျိုးပါ ပါဝင်နေသေည်။ စည်းစိမ် ဂိတ်တံခါး စွမ်းအင် ကုန်ခမ်းသွားချိန်၌ မာ့ကျန်းတို့က ကြိုပြင် ပြင်ဆင်ထားသည့် အာကာသ ကျောက်တုံးများကို ထည့်သွင်းကြသည်။
အာကာသ ရွှေ့ပြောင်းမှု ပြီးဆုံးသွားချိန်၌ စုစုပေါင်း ကျင့်ကြံသူ ၆၃,၄၃၉ ယောက် ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူတို့ထဲ၌ သေမျိုးတစ်ပိုင်း အရှင် အဆင့် စုစုပေါင်း ၁၂၇ ယောက် ပါဝင်ကာ သူတို့မှာ ရှေ့ဆုံးတန်း၌ တပည့်များကို ဦးဆောင်၍ ရပ်နေကြသည်။ အားလုံး၏ မျက်နှာ အမူအရာများက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေကြ၏။
သူတို့ထဲမှ အချို့မှာ ရွေးချယ်ခံများ ဖြစ်ကြကာ အချို့မှာ မျိုးဆက်များ ဖြစ်ကြသည်။ အချို့မှာလည်း ဇနီးများ၊ ခင်ပွန်းများ ဖြစ်ကြကာ တာအို လက်တွဲဖော်များပင် ပါဝင်နေပေသည်။ ဤနေရာသို့ ပထမဆုံး ရောက်ရောက်ချင်း ရောင်စုံ အလင်းတန်းများနှင့် အတူ တဖွဲဖွဲ ပေါ်လာနေသည့် ကျင့်ကြံသူများကို တွေ့မြင်ပြီးနောက် သူတို့၏ ပထမဆုံးသော တုန့်ပြန်မှုက အံ့သြမှု ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူတို့ကို ဦးဆောင်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အမူအရာများက တည်ငြိမ် နေခဲ့သည်။ သို့သော်လည်း... အရှေ့ရှိ လူများကို လေ့လာရင်း သူတို့ အားလုံး၏ မျက်လုံးများက သုန်မှုန်နေကြ၏။
အဘယ်ကြောင့်နည်း။ သူတို့ အားလုံး၏ အရှေ့၌ ရပ်နေခဲ့သူက ရွှေရောင် အသက်နန်းတော် သခင် မာ့ကျန်း ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ ထိုထက် ပိုမို၍ အံ့အားသင့်စရာ ကောင်းသည်က အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဝူယုပါ ထိုနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သူတို့ နှစ်ယောက်မှာ ကြောက်မက်ဖွယ် အဆင့်အတန်းနှင့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည့်တိုင် ထိုအုပ်စုကို အမှန်တကယ်တမ်း ဦးဆောင်နေသူက သေမျိုးတစ်ယောက်သာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိပေသည်။
ဝေ့ဝူယင်...
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...
အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ကွဲပျက် နတ်ဘုရား ဆေးလုံးအား ဖန်တီးခဲ့သူ...
မဟာ စက်ဝန်း ရှန့်ထို ညီလာခံကို အနိုင်ရရှိခဲ့ပြီး ခေတ်သစ်တစ်ခု၏ ရွေးချယ်ခံ အဆင့်အတန်းကို သတ်မှတ် ပြဌာန်းခဲ့သူ...
အများစု၏ အမြင်၌ ဝေ့ဝူယင်မှာ အလွန် ပါရမီ မြင့်မားသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူ၏ နောက်တွင် အနည်းဆုံး မြေကြီး ရှန့်ထိုအဆင့် အဂ္ဂိရတ် သူရဲကောင်း နှစ်ယောက် ရှိသည့် အပြင် ရွှေရောင် အသက်နန်းတော်နှင့်လည်း နီးစပ်သည့် ဆက်ဆံရေး တစ်ခု ရှိသည်။ ထို့အပြင် မြေကြီး ရှန့်ထိုများ ပင်လျှင် အန္တရာယ် အငွေ့အသက်ကို ခံစားရသည့် ရှေးဟောင်း မီးဖီးနစ်၏ ပိုင်ရှင်လည်း ဖြစ်သည်။
သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့ဖူးသမျှ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲတွင် ဝေ့ဝူယင်ကို အထူးချွန်ဆုံး အဖြစ်ပင် ယူဆလို့ ရသည်။ သူ ပိုင်ဆိုင်ထားသည့် နောက်ခံ အင်အား တစ်ခုတည်းကပင် ထိပ်တန်း ကြယ်တာရာ နယ်မြေများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ထို့အပြင်... သူက အသက် တစ်ရာပင် ပြည့်သေးသူ တစ်ယောက် မဟုတ်ချေ။ နောင်တစ်ချိန်တွင် ထိုလူငယ်လေးမှာ ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာလိမ့်မည် ဆိုသည့် ယူဆချက်များပင် နေရာတကာ၌ ပျံ့လွင့်နေသည်။
အားလုံး၏ မျက်လုံးများက သူတို့ အရှေ့၌ ရပ်နေသည့် ဝတ်စုံဖြူဝတ် လူငယ်လေး အပေါ်သို့ ကျရောက် နေခဲ့သည်။ သူ၏ ငွေရောင် မျက်ဝန်းများက ဝိညာဉ်များကိုပင် ဖမ်းစားနိုင်သည့် ထူးခြားသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ထို့အပြင်... သူက နတ်ဘုရားတို့ ထုဆစ်ထားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင် လွန်လိမ့်မည် မထင်ချေ။
လူငယ်၏ လက်ချောင်းများမှာ မီးဖီးနစ်၏ သားမွေးများကို ညင်သာစွာပင် ပွတ်သပ် နေခဲ့သည်။ သူ၏ နှုတ်ခမ်းထက်တွင်တော့ လျှို့ဝှက် အာဏာရှင် အဆင့် အမျိုးသမီးများကိုပင် အရည်ပျော်ကျသွားအောင် စွမ်းဆောင်နိုင်သည့် အပြုံးတစ်ခုက ခပ်ရေးရေးလေး ပေါ်လွင် နေခဲ့၏။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ ပုံရိပ်က လိုက်ဖက်ညီလှကာ နတ်ဘုရား ပန်းချီကားများထဲမှ စိတ်ကူးယဉ် ပုံရိပ် တစ်ခု အလားထင်ရသည်။ မီးဖီးနစ်ငှက်မှာ သက်တောင့်သက်သာ ရှိနေသည့်ပုံ ပေါ်သော်လည်း သူမ ရွှေရောင် မျက်ဝန်းများဖြင့် တစ်ချက် စောင်းကြည့်လိုက်တိုင်း လူတိုင်းမှာ ကြောက်မက်ဖွယ် ဖိအားများကို ခံစား လိုက်ကြရလေသည်။
ထို့အပြင်... ဝေ့ဝူယင်၏ နောက်နား၌ ရိုကျိုးစွာ မတ်တပ်ရပ်နေသည့် အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဝူယုကို ကြည့်ရင်း လူတိုင်းမှာ ဝေ့ဝူယင် အပေါ် ပိုမို၍ လေးစား ကြည်ညို လာမိကြသည်။ တစ်ချိန်တည်း၌ ကြောက်ရွံ့စိတ်က သူတို့ အရိုးများထဲတွင် စွဲထင်လာခဲ့၏။ ဝူယုလို အလွန်တရာ မာနကြီးသည့် လူမျိုးက တော်ရုံတန်ရုံ ပုဂ္ဂိုလ်ကို ဦးညွှတ်မည် မဟုတ်ကြောင်း သူတို့ သိပေသည်။
ဝူယုမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင်ပင် ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက် အဖြစ် သတ်မှတ်နိုင်သူ ဖြစ်သည်။ သူက မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရောက်ချင်းပင် ထာဝရ အစည်းအရုံး၏ ထာဝရ သူရဲကောင်း နှစ်ယောက်ကို အနိုင်ယူခဲ့ကာ ရွှေရောင် အသက်နန်းတော်သခင် ရာထူး ပြိုင်ပွဲတွင်လည်း နန်စီယန်ကူးကို အနိုင်ပိုင်း နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်းတွင်လည်း သူက အောင်မြင်မှု များစွာကို ရယူနိုင်ခဲ့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ် တစ်ဦး ပင်လျှင် နောက်နားမှ ချန်ရစ်၍ လေးလေးစားစား ရပ်နေခဲ့ရလေရာ ဝေ့ဝူယင်၏ အဆင့်အတန်းမှာ သူတို့ မူလက ယူဆထားခဲ့ကြသည်ထက် များစွာ သာလွန် နေခဲ့ပုံ ရသည်။
“အားလုံးပဲ ကြိုဆိုပါတယ်... ခင်ဗျားတို့တွေရဲ့ ခရီးစဉ်က သက်တောင့်သက်သာ ဖြစ်ခဲ့လိမ့်မယ်လို့ ကျုပ် မျှော်လင့်မိပါတယ်”
စည်းစိမ် ဟင်းလင်းပြင် ဂိတ်တံခါး ဝင်္ကပါ ရပ်တန့် သွားပြီး နောက်၌ ဝေ့ဝူယင်က စတင်ကာ နှုတ်ဆက် စကားဆိုလိုက်၏။ အားလုံးမှာ အင်ပါယာ တစ်ပါးနှင့် မျက်နှာချင်းဆိုင် နေရသည့် အလား တိတ်တဆိတ်ပင် နားထောင် နေကြသည်။
"ပထမဆုံး အနေနဲ့ ရွှေရောင် အသက်နန်းတော်ရဲ့ နာမည်ကို သုံးပြီး ခင်ဗျားတို့ကို လှည့်စား ခေါ်ဆောင်ခဲ့တဲ့ အတွက် တောင်းပန်ချင်ပါတယ်... ဒီအတွက် ခင်ဗျားတို့ အငြိုးမတေး မထားဘူးလို့ ကျုပ် မျှော်လင့်မိတယ်”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် စကားဆက်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် များစွာ၏ အမူအရာများက အမျိုးမျို ပြောင်းလဲ သွားကြသည်။ အမှန်အတိုင်း ဝန်ခံရပါက သူတို့အထဲမှ များစွာမှာ လောကနယ်မြေ ဖွဲ့စည်းခြင်း ဆေးလုံး နှစ်လုံး ရရှိမည် ဆိုသည့် ငါးစာကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
လက်ရှိ၌ ထိုထုတ်ကုန်များကို ထုတ်လုပ် ရောင်းချနေပြီ ဆိုသည့်တိုင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် ထိပ်သီး အသိုင်းအဝိုင်း၏ လိုအပ်ချက်ကိုပင် ဖြည့်ဆည်းဖို့ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့အပြင် စျေးနှုန်းများမှာလည်း လူတိုင်း တတ်နိုင်သည့် အဆင့်တစ်ခု၌ ရှိမနေခဲ့ပါချေ။
“နောက်ပိုင်း ကျုပ် ပြောတဲ့ အကြောင်းအရာတွေကို ခင်ဗျားတို့ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ... ကျုပ်ရဲ့ တောင်းပန်မှုကို ပြသတဲ့ အနေနဲ့ ခင်ဗျားတို့ တစ်ဖွဲ့ချင်းစီတိုင်း အဆင့်နိမ့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးကို လက်ခံ ရရှိပါမယ်”
ဝေ့ဝူယင်၏ စကားလုံးများက လူအုပ်ကြီးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့၏။ အထူးသဖြင့်... ဖိတ်ခေါ် ခံရသည့် လူငယ် ဂျူနီယာလေးများ၏ မျက်လုံးများက မျှော်လင့်ချက် အလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပသွားခဲ့သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး ရရှိမည့် အဖြစ်ကို မည်သူက မမက်မောပဲ နေပါမည်နည်း။
ဟောင်ရှောက်မင်က အားရပါးရ ရယ်မောလိုက်ရင်း ဦးဆောင်သူ နေရာကို ရယူလိုက်သည်။
“ကျုပ်တို့ အဂ္ဂိရတ် အာဏာရှင်ဝေ့ကို ဘယ်လိုလုပ် ဗွေယူရဲမှာလဲ... လာရုံ တစ်ခုတည်နဲ့တင် ရမယ့် ဆုလာဘ်က နည်းတာမှ မဟုတ်တာပဲ... ကြည့်ရတာ ဒီထက် ပိုတဲ့ ဆုလာဘ်တွေလည်း လာဦးမယ်နဲ့ တူတယ်”
မာ့ကျန်းနှင့် နီးကပ်သည့် ဆက်ဆံရေးကြောင့်ပင် အခြားသေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာ ဟောင်ရှောက်လုံကို ခေါင်းဆောင်တစ်ယောက် အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပြီး ဖြစ်သည်။ ဟောင်ရှောက်လုံမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အနေဖြင့် ငယ်ရွယ်သေးသည်ဟု ဆိုနိုင်သော်လည်း ပေါင်းသက်ဆက်ဆံရေး ကောင်းမွန်ကာ ဘေး၌ ရှိသည့် လူများကို အပျော်များ ကူးစက်အောင် လုပ်ပေးနိင်သူ တစ်ယောက် ဖြစ်သည်။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“အမှန်ပါပဲ... အာရုဏ်ဦး နေမီးတောက် ဆေးလုံးထက် အဆပေါင်း များစွာ ပိုများတဲ့ ဆုလာဘ်တွေ ရှိပါသေးတယ်... ဒါပေမဲ့ အဲဒီအကြောင်းအရာကို မဆွေးနွေးခင် ခင်ဗျားတို့ အနေနဲ့ ပါဝင်မလား နှုတ်ထွက်မလား ဆိုတာကို အရင်ဦးဆုံး ဆုံးဖြတ်ဖို့ လိုပါတယ်”
"..."
ထိပ်သီး ပညာရှင်ပေါင်းများစွာမှာ တိတ်ဆိတ် သွားကြသည်။ သူတို့ထံတွင် ရွေးချယ်စရာ နှစ်ခု ရှိပေသည်။ ပထမ တစ်ခုက ရှေ့ဆက်တိုးကာ ဝေ့ဝူယင်နှင့် ဆွေးနွေး ပူးပေါင်းဖို့ ဖြစ်သည်။ ဒုတိယမြောက် တစ်ခုက အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးကို ယူကာ အိမ်သို့ ပြန်ရန် ဖြစ်သည်။
ရောက်ရှိလာသူများထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့် ၂၀၀၀၀ ကျော်ခန့် ပါဝင်ပေသည်။ သူတို့ထဲမှ ၁၉၀၀၀ ကျော်ခန့်မှာ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အများစုမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးထက် ပိုများသည့် ဆုလာဘ်များ ဆိုသည်ကို စိတ်ဝင်စား နေကြကာ အချို့ကတော့ ဒွိဟ ဖြစ်နေကြသည်။
“ဒီဆွေးနွေးမှုက အန္တရာယ် ရှိနိုင်လား... အဂ္ဂိရတ် အာဏာရှင်ဝေ့”
လေလွင့် ကျင့်ကြံသူ အဖြစ် ကျော်ကြားသည့် လျှို့ဝှက် ဝိညာဉ် အဆင့် အမျိုးသမီး တစ်ယောက်က ဝေ့ဝူယင်ကို မေးလိုက်၏။ သူမက အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားကာ မျက်နှာနှင့် ခန္ဓာကိုယ် အချိုးအဆစ်မှာ အလွန် လှပသည်ဟု ဆိုနိုင်ပေသည်။ မိန်းကလေးမှာ လေလွင့် ကျင့်ကြံသူများထဲတွင် တိုက်ပွဲဝင် စွမ်းရည်ဖြင့် ကျော်ကြားသူ ဖြစ်သည်။ သူမ၏ တရားဝင် နာမည်ကပင် သွေးစီးကြောင်း ဟူ၍ပင် ဖြစ်ကာ ဟင်းလင်းပြင် ဓားပြအဖွဲ့ တစ်ခု၏ ဧည့်သည် အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သည်။
ဝေ့ဝူယင်က သူမကို လှမ်းကြည့်လိုက်၏။
“ဒါပေါ့... ဒါပေမဲ့ အန္တရာယ် ပိုကြီးလေ ဆုလာဘ်က ပိုများလေ ဆိုတာကိုတော့ မမေ့ပါနဲ့”
သွေးစီးကြောင်းမှာ တိတ်ဆိတ်သွား၏။ သို့သော်လည်း သူမ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။ ဟင်းလင်းပြင် ဓားပြလုပ်နေသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ စကား အဓိပ္ပာယ်ကို သူမ ကောင်းစွာ နားလည်ပေသည်။
“...”
အခြား ကျင့်ကြံသူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ အန္တရာယ် ပိုကြီးလေလေ၊ ဆုလာဘ် ပိုများလေလေ... ၎င်းက သားရဲတွင်း ဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်ပေသည်။ အချို့မှာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသော်လည်း အများစု၏ မျက်လုံးများကတော့ သွေးစီးကြောင်းလိုပင် မျှော်လင့်ချက် အငွေ့အသက်များနှင့် တဖျပ်ဖျပ် တောက်ပလာခဲ့ကြသည်။
“အရမ်းကောင်းတယ်...”
ဟောက်ရှောက်မင်က အားရပါးရ အော်ဟစ်လိုက်ရင်း ဝေ့ဝူယင် အနားသို့ လျှောက်လာခဲ့၏။
“မင်းအတွက်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မင်းချစ်ရတဲ့လူတွေ အတွက်ပဲ ဖြစ်ဖြစ် အမြင့်ကို တက်လှမ်းချင်တယ် ဆိုရင် အန္တရာယ်ကတော့ ရှိနေမှာပဲ... ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးချင်ပါတယ် အဂ္ဂိရတ် အာဏာရှင်ဝေ့”
ဟောင်ရှောက်လုံ၏ စကားလုံးများက အမှန်တရားကို သယ်ဆောင်ထားလေရာ မကြာခင်မှာပင် အခြားလူများလည်း အလားတူ ဆုံးဖြတ်ချက်များနှင့် အတူ ရှေ့သို့ လျှောက်လှမ်းလာကြသည်။ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးပေါ်သို့ ရောက်ရှိလာသူများထဲတွင် အရူး တစ်ယောက်မှ မပါဝင်ပါချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင် ဆွေးနွေးမည့် အကြောင်းအရာက အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ ပေါ်ထွန်းလာခြင်းနှင့် သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း အားလုံး သိကြပေသည်
ဝေ့ဝူယင်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ အကြားတွင် ပဋိပက္ခများ ရှိခဲ့ကြောင်း ကောလဟလများကို သူတို့ ကြားဖူးသည်။ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေအား တိုက်ခိုက် သိမ်းပိုက်ရန် ကြိုးပမ်းမှုတွင် ဝူယုနှင့် မာ့ကျန်းတို့ ဝင်ရောက် စွက်ဖက်ခဲ့ခြင်းကို ထောက်ချင့်ရပါက ထိုကောလဟလက မှန်ကန်ကြောင်း ထင်ရှား လှပေသည်။
ရောက်ရှိလာခဲ့ကြသူများထဲ၌ အနည်းငယ်သော လူများသာလျှင် ထိုပြဿနာထဲမှ ခေါင်းရှောင်ရန် ဆုံးဖြတ် ခဲ့ကြသည်။ သူတို့က ဝေ့ဝူယင်၏ တောင်းပန်မှု ဆုလာဘ်များကို သက်တောင့်သက်သာပင် လက်ခံကာ ဆွေးနွေးမှုကို ငြင်းဆန် ခဲ့ကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သေမျိုးတစ်ပိုင်း အရှင် အဆင့် ၁၁၈ ယောက်နှင့် လျှို့ဝှက် ဝိညာဉ် အဆင့် ၁၈,၀၀၀ ကျော် ကျန်ရှိနေသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင်မှာ သူ့ ကတိအတိုင်း အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကို ပေးဝေခဲ့သည့်တိုင် လက်ခံရန် ငြင်းဆိုသူများ အတွက် အခြေအနေ တစ်ခုတော့ ရှိပေသည်။ ၎င်းက ဆွေးနွေးပွဲ ပြီးဆုံးသည့် အချိန်အထိ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးတွင်ပင် နေထိုင် ကျင့်ကြံရန် လိုအပ်ခြင်း ဖြစ်ပေသည်။ အချိန်ကာလက ထိုထက်လည်း ကြာကောင်း ကြာသွားနိုင်ပေသည်။
***