← Chapters

တွယ်ရာမဲ့ နှလုံးသားဂိုဏ်း

Vol. 90 Ch. 1250

တွယ်ရာမဲ့ နှလုံးသားဂိုဏ်း

Vol. 90 Ch. 1250

ငါးရက် ကြာမြင့်ပြီးနောက်... နောက်ထပ် ကျင့်ကြံသူ တစ်ဖွဲ့ ပေါ်လာပြန်၏။ သူတို့က အရေအတွက်အားဖြင့် ၁၂,၀၀၀ ခန့် ရှိပေသည်။ ဝေ့ဝူယင်က သူတို့ကိုလည်း အလားတူ ရွေးချယ်ခွင့် ပေးခဲ့ကာ အနည်းငယ်သော လူများသာလျှင် ငြင်းပယ်ခဲ့ပေသည်။

...

နောက်ထပ် ဆယ်ရက် ကြာမြင့်ပြီးနောက်... ကျင့်ကြံသူ ၃၄,၀၀၀ ပါဝင်သည့် အခြား အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြန်သည်။

...

တစ်လကြာပြီးနောက်၌ ထိပ်သီး ကျင့်ကြံသူ အချို့မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ကြ၏။ သူတို့ထဲမှ နှစ်ယောက်မှာ ချက်ချင်းပင် ပူးပေါင်း ကြသည်။ ထိုနှစ်ယောက်အနက် တစ်ယောက်မှာ သွေးရောင် အော်ရာများဖြင့် ဝန်းရံနေကာ သူ့ကို ကြည့်လိုက်တိုင်း မိစ္ဆာတစ်ကောင်လိုမျိုး ခံစားရ၏။

...

ဝေ့ဝူယင် စတင် ရောက်ရှိခဲ့သည့် နေမှ စတင်၍ စုစုပေါင်း သုံးဆယ့် ရှစ်ရက် ကြာမြင့်ပြီးနောက် ဓားအမိုးခုံး ကုန်းမြေတိုက်ကြီးမှာ များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။

“သခင်လေးဝေ့...”

မာ့ကျန်းမှာ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီး အတွင်း အခမ်းနားဆုံး နန်းတော်ကြီး၏ အရှေ့၌ ရပ်နေခဲ့၏။ ၎င်းမှာ ဝေ့ဝူယင် လတ်တလော နေထိုင်နေသည့် နေရာပင် ဖြစ်သည်။ မကြာခင်မှာပင် နန်းတော် တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။

တံခါးဝ၌ ရပ်နေသူကတော့ ယောက်ျားလေ ဝတ်ရုံတစ်ခုကို ပြေလျော့စွာ ဝတ်ဆင်ထားသည့် အနက်ရောင် ဆံပင်များနှင့် မိန်းကလေး တစ်ဦးပင်။ သူမ၏ အဝတ်အစားများက တွန့်ကြေနေကာ ဆံပင်မှာလည်း ယခင်ကထက် ပိုမို၍ ရှုပ်ပွနေ၏။ ခန္ဓာကိုယ် လှုပ်ရှားမှုများကြောင့် အလွန်အမင်း မောပန်းနွမ်းနယ်နေသည်ဟု ထင်ရသည့်တိုင် မိန်းကလေး၏ မျက်လုံးများကတော့ အာသီသပြည့်မှုများနှင့် တဖျပ်ဖျပ် တောက်ပနေပေသည်။

“နန်းတော်သခင်မာ့...”

သူမက မာ့ကျန်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ဝေ့ဝူယင်ကို “သခင်လေး” ဆိုသည့် နာမ်စား တပ်ကာ လေးလေးစားစား ခေါ်ဆိုလိုက်သူက ရွှေရောင် အသက်နန်းတော် သခင် မာ့ကျန်း ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ် မထားခဲ့ပါချေ။

မာ့ကျန်းက ပြုံးလိုက်၏။

“မိန်းကလေး ရွှယ်လျှို... သခင်လေးဝေ့ကို တင်ပြပေးပါဦး... ကျုပ်တို့ အဆင်သင့် ဖြစ်ပြီလို့”

မိန်းကလေး ရွှယ်လျှို...

သူမကတော့ အခြား မဟုတ်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ပါး ဖြစ်သည့် အရှင် သွေးစီးကြောင်းပင် ဖြစ်လေသည်။

“ကောင်းပါပြီ...”

မိန်းကလေးက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်တော့ သိမ်မွေ့သည့် ခြေလှမ်းများနှင့် အတူ အထဲသို့ ပြန်လည် ဝင်ရောက် သွားတော့သည်။

တစ်ခဏ ကြာပြီးနောက်...

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဝေ့ဝူယင် ထွက်ပေါ်လာ၏။ သူ၏ နောက်နားတွင်တော့ ရွှယ်လျှို ကပ်ပါလာခဲ့သည်။ မကြာခင်မှာပင် သူတို့မှာ ရိတ်သိမ်းခြင်းဓား အခြေစိုက် စခန်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိ လာခဲ့တော့သည်။

...

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ...

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှာ မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ၊ ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၊ အလင်းအလွန် ကြယ်တာရာ နယ်မြေနှင့် စိမ်းလန်းခြင်း ကောင်းကင် ကြယ်တာရာ နယ်မြေ လေးခုကို ပေါင်းစပ်ထားသည့် နေရာ တစ်ခု ဖြစ်သည်။ သို့သော်လည်း... ကြယ်တာရာ နယ်မြေများကို တစ်ခုတည်း အဖြစ် ပေါင်းစည်းခြင်းမှာ ရိုးရှင်းသည့် လုပ်ငန်းစဉ် တစ်ခု မဟုတ်ပါချေ။

ပထမဆုံး အနေဖြင့် ထိုကြယ်တာရာ နယ်မြေများ အကြား ပိုင်းခြားထားသည့် အပျက်အစီးများ၊ လေလွင့် ကောင်းကင်များနှင့် အန္တရာယ်ရှိနိုင်သည့် မည်သည့် တည်ရှိမှုများကို မဆို သန့်စင်ပစ်ရမည် ဖြစ်သည်။ ၎င်းက လွယ်ကူသည့် လုပ်ငန်းစဉ် တစ်ခု မဟုတ်ပဲ နှစ်ပေါင်း ရာနှင့်ချီ၍ပင် ကြာမြင့်နိုင်ပေသည်။

ဒုတိယမြောက် အနေဖြင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို သင့်တင့်သည့် နေရောင်ခြည် အမတေ ဖြန့်ဝေနိုင်မည့် နေကြယ်တစ်စင်းကို ဖန်တီးရမည် ဖြစ်သည်။ ကြယ်တာရာ နယ်မြေ၏ အရွယ်အစား ပိုမို၍ ကြီးလေလေ နေကြယ်၏ အရွယ်အစားမှာလည်း ပိုမို၍ ကြီးဖို့ လိုလေလေ ဖြစ်သည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ သုံးမြှောင့် ကြယ်တာရာ နယ်မြေနှင့် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတို့ ကဲ့သို့ အချို့ ကြယ်တာရာ နယ်မြေများမှာ ထိုလိုအပ်ချက်ကို ကျော်လွန်နိုင်ရန် အတွက် တစ်ခုထက် ပိုမိုသည့် နေကြယ်များကို အသုံးပြုကြသည်။

တတိယ အနေဖြင့် ဂြိုဟ်များ၊ ဂြိုဟ်ရံလများ၊ ကမ္ဘာပြားများ၊ လောကနယ်မြေများနှင့် လျှို့ဝှက် နယ်မြေများကို ပြန်လည် နေရာချထားဖို့ လိုအပ်ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ်မှာ အလွန် ရှုပ်ထွေးလှကာ ဆွဲငင်အား၊ ထုထည်နှင့် ပတ်လမ်း ပြောင်းလဲမှုများကိုပါ စနစ်တကျ တွက်ချက်ဖို့ လိုအပ်သည်။ မြေကြီး ရှန့်ထိုများ ပင်လျှင် ထိုလုပ်ငန်းစဉ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ကျိန်းသေပေါက် မပြောနိုင်ချေ။

နောက်ဆုံးတစ်ခုနှင့် အရေး အကြီးဆုံးတစ်ခုကတော့ ကြယ်တာရာ နယ်မြေ ဝင်္ကပါများကို ပြန်လည် နေရာချထားဖို့ လိုခြင်း ဖြစ်သည်။ နယ်မြေ ဝင်္ကပါများမှာ နေကြယ်များ၊ ဂြိုဟ်များ၊ လများထံမှ အဆုံးစွန်သော စွမ်းအားများကို ယူကာ တစ်ခုတည်း အဖြစ် ပေါင်းစည်းခြင်းမျိုး ဖြစ်သည်။ ကြယ်တာရာ နယ်မြေ တစ်ခုချင်းစီမှာ ထိုးဖောက်ရန် အလွန်တရာ ခက်ခဲလှသည့် ခံတပ်များ ဖြစ်ကာ လောကရှန့်ထိုများကိုပင် အခက်တွေ့စေနိုင်သည်။

ကြယ်တာရာ နယ်မြေ လေးခုအား ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ ထိုကဲ့သို့ အလွန်တရာ ခက်ခဲလှသော်လည်း အောင်မြင်သွားပါက စိတ်ကူးမယဉ်နိုင်လောက်အောင် အင်အားကြီးမားလှသည့် ကြယ်တာရာ နယ်မြေကြီး ဖြစ်လာမှာ ကျိန်းသေလှပေသည်။

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ နောက်ဆုံးသော လအနည်းငယ်မှာ အလွန် အလုပ်များခဲ့သော အချိန်အခါ တစ်ခုပင် ဖြစ်သည်။ ကောင်းကင်ခန္ဓာများကို ဂရုတစိုက် ရွှေ့ပြောင်းနေရလေရာ တစ်ခါတစ်ရံ စွမ်းအင်နှင့် အလင်းလှိုင်းများမှာ ပြင်သို့ပင် ဖြာထွက်လာခဲ့သည်။

ကြယ်တာရာ နယ်မြေများ အကြားတွင် အပိုင်းအခြား အဖြစ် ဆောင်ရွက်နေသည့် နတ္ထိ ဟင်းလင်းပြင်များ သိသိသာသာ ကျုံ့ဝင်သွားသည်နှင့် အမျှ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ ပုံပန်း သဏ္ဌာန်မှာလည်း ရုပ်လုံး ပေါ်လာကြောင်း လေ့လာသူများ တွေ့မြင်နေရသည်။ အစစ်အမှန် မွေးဖွားခြင်းမှာ ထိုလုပ်ငန်းစဉ်များကို ပုံမှန် မဟုတ်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေသည့်တိုင် ယခုအထိ ဆယ်ပုံ တစ်ပုံမျှပင် မပြီးပါသေးချေ။ နတ္ထိ ဟင်းလင်းပြင် အကြားရှိ နေရာများကို သန့်စင်ရေး လုပ်ခြင်း... အထူးသဖြင့် သတ္တဝါဆန်းကြီးများကို ဖယ်ရှားရန် ကြိုးပမ်းရခြင်းမှာ အလွန်တရာပင် ခက်ခဲလှသည့် အလုပ်တစ်ခု ဖြစ်သည်။ ထိုနှုန်းအတိုင်း ဆက်လက် ဆောင်ရွက်မည် ဆိုလျှင်ပင် ဖြစ်စဉ် တစ်ခုလုံး ပြီးမြောက်ရန် အတွက် နှစ်ချီ ကြာမြင့်လိမ့်ဦးမည် ဖြစ်သည်။

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှ အလွန် အလှမ်းကွာဝေးလှသည့် တစ်နေရာတွင် အင်ပါယာ မျိုးနွယ်၏ အမိန့်ဖြင့် တပ်စွဲထားသည့် ကောင်းကင် ဖျက်ဆီးသူ တစ်စင်း တည်ရှိနေခဲ့သည်။ ထိုသင်္ဘောကြီးထက်တွင်တော့ မြေကြီး ရှန့်ထို လေးဦး တည်ရှိနေ၏။ သူတို့ထဲမှ သုံးဦးမှာ ထျန်းမူယန်၊ ထျန်းလင်းယုနှင့် ကောင်းကင် အင်ပါယာ လူအိုကြီးတို့ပင် ဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကတော့ အခြားလူ မဟုတ်။ အင်ပါယာ မျိုးနွယ်စု၏ အမြင့်မားဆုံးသော သင်္ကေတ တစ်ခု ဖြစ်သည့် ဧကရီ ရှောင်ချွမ်းပင် ဖြစ်လေသည်။

ထိုကောင်းကင် ဖျက်ဆီးသူ၏ ပိုင်ရှင်က ကုန်းရီပင် ဖြစ်သည်။ သူက သက်တမ်းအရ မာ့ကျန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည့် သက်တမ်းရင့် ကျင့်ကြံသူ တစ်ဉး ဖြစ်သည်။ ကုန်းရီ၏ ကျင့်ကြံခြင်း ခရီးလမ်းက ရိုးရှင်းကာ ထူးထူးခြားခြား အောင်မြင်မှုများ မရရှိခဲ့သည့်တိုင် ယနေ့အချိန်တွင် ‌ကောင်းကင် အင်ပါယာ တစ်ဦး အနေဖြင့် ရပ်တည်နေနိုင်သည် ဆိုသည့် အချက်က သူ၏ ဇွဲလုံ့လ ကြီးမားကာ မယိမ်းယိုင်ခဲ့သည့် ကြိုးပမ်း အားထုတ်မှုများကို ထင်ရှား ပေါ်လွင်စွာ ဖော်ပြနေပေသည်။

ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ နှစ်ယောက်မှာ ဟင်းလင်းပြင် သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ရပ်ရင်း အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှ ထွက်ပေါ်လာနေသည့် အာကာသ စွမ်းအင်လှိုင်းများကို စောင့်ကြည့် နေခဲ့ကြသည်။ သူတို့ နှစ်ယောက်စလုံး၏ အမူအရာများက တည်ငြိမ်နေကာ ဂုဏ်သိက္ခာ ကြီးမားသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေကြ၏။

တစ်ခဏ ကြာပြီးနောက် ထျန်းလင်းယုက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။

“ကျွန်မတော့ ဒီလို နေရတာ သဘော မတွေ့ဘူး”

သူမက ဝိညာဉ် အာရုံကို အသုံးပြု၍ ထျန်းမူယန်အား ပြောလိုက်သည်။ လက်တွေကျကျ တွေးခေါ်မှုနှင့် ယုတ္တိဗေဒကို လက်ခံသည့် အမျိုးသမီး တစ်ဦး အနေဖြင့် အသစ် တည်ဆောက်နေသည့် ကြယ်တာရာ နယ်မြေ တစ်ခုနားတွင် ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို တပ်စွဲထားခြင်းက ဉာဏ်ရှိသည့် လုပ်ရပ်ဟု သူမ မခံစားရချေ။

“ငါ သိပါတယ်...”

ထျန်းမူယန်မှာ ထျန်းလင်းယု၏ အတွေးများကို ကောင်းစွာ နားလည်ပေသည်။ သူ ကိုယ်တိုင်လည်း အလားတူပင် ခံစားရသည်။ သို့သော်လည်း... ဤသည်က အင်ပါယာ အကြံပေး၏ အမိန့် ဖြစ်လေရာ အင်ပါယာ ကိုယ်တိုင် အတည်ပြုထားသည်ဟု အဓိပ္ပာယ် သက်ရောက်ပေသည်။ သူတို့ထံတွင် အခြား ရွေးချယ်စရာ မရှိပါချေ။

“မင်း ဝေ့ဝူယင်နဲ့ အဆက်အသွယ် ရသေးလး...”

ထျန်းမူယန်က အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို စိုက်ကြည့်ရင်း မေးလိုက်၏။

"မရှိဘူး... ခုတစ်လော သူ့ဆီက ဘာဆက်သွယ်မှုမှ မလာဘူး...”

ထျန်းလင်းယုက တည်ကြည်စွာပင် ပြန်ဖြေ လိုက်သည်။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ ဝေ့ဝူယင်မှာ တစ်ခါတစ်ရံမှသာလျှင် လျှို့ဝှက် ကျိန်စာအား ချိုးဖောက်ခြင်း မရှိသည့် တောင်းဆိုချက် တစ်ချို့ကို ပေးပို့လေ့ ရှိသည်။ လျှို့ဝှက်ကျိန်စာထဲမှ အကြောင်းအရာ အများစုမှာ အင်ပါယာ မျိုးနွယ် အပေါ် သစ္စာ စောင့်သိရန် ဖြစ်လေရာ သူတို့ အနေဖြင့် လျှို့ဝှက် ကျိန်စာကို ရှောင်ရှားကာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်ချည်း ဖြစ်သည်။ ဝေ့ဝူယင် နောက်ဆုံး ညွှန်ကြားခဲ့သည့် ကိစ္စမှာ မဟာ ပင်လယ်ပြာ ဧကရီအား အရိပ်ထဲမှ ကူညီပေးဖို့ ဖြစ်ပေသည်။

“နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကို ဝါးမြိုသွားတဲ့ အဲဒီ ထူးဆန်းတဲ့ နေရာကို ရှင် ဘယ်လိုထင်လဲ...”

ထျန်းလင်းယုက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်မှာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်တွင် အခြေချ နေထိုင်နေသည် ဆိုသည့် ကောလဟလများကို ကြားသိရသည်။ သို့သော်လည်း... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ကို တစ်ဖက်လှည့်ဖြင့် စော်ကားမိမှာ စိုးရိမ်ကြလေရာ မည်သူမှ မစုံစမ်း ရဲကြချေ။

အခြားတစ်ဖက်၌ အစစ်အမှန် မွေးဖွားခြင်း၏ လက်ချက်ဖြင့် ဝေ့ဝူယင် သေဆုံးသွားပြီဆိုသည့် သီအိုရီများလည်း ပျံ့လွင့်နေသည်။ တစ်နှစ် နီးပါးခန့် အဆက်အသွယ် ပြတ်နေလေရာ ထိုဖြစ်နိုင်ချေက ပိုမို၍ တိုးလာနေသည်ဟု သူတို့ ခံစားရသည်။ သို့သော်လည်း... မဟာ သူရဲကောင်း ဝူယုမှာ ဘာမှ မဖြစ်သလိုပင် လှုပ်ရှား နေလေရာ ထိုကိစ္စက ဖြစ်နိုင်ချေတော့ မရှိပါချေ။

“ဖြစ်ပျက်နေသမျှမုန်တိုင်း မလာခင် လေပြည်သွေးနေသလိုပဲ... ငါတို့ စောင့်ကြည့်ကြတာပေါ့”

ထျန်းမူယန်က ခေါင်းခါလိုက်ရင်း သူ၏ ထင်မြင်ချက်ကို ပြောဆိုဖို့ ငြင်းလိုက်သည်။

“...”

ထျန်းလင်းယု တစ်ယောက် တိတ်ဆိတ် သွား၏။ ထို့နောက် သူမ၏ မျက်လုံးများက ရုတ်ချည်း ဆိုသလိုပင် ကျဉ်းမြောင်း သွားကာ အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်သည်။

“ဒါက...”

ဂီး...

လျှပ်တစ်ပြက် အတွင်းမှာပင် ကြည်လင် ရှင်းလင်းသည့် အော်ဟစ်သံ တစ်ခုကို သူတို့ ကြားလိုက်ရ၏။ ထို့နောက်တွင်တော့ အမှောင် ဟင်းလင်းပြင်အား လောင်ကြွမ်းလာသည့် ရွှေရောင် မီးတောက်မီးလျှံများကို သူတို့ တွေ့လိုက်ရလေသည်။

“အဲဒါ သူပဲ...”

သာယာ ချိုမြိန်ခြင်းနှင့် မြင့်မြတ် ထည်ဝါခြင်းတို့ ပေါင်းစပ်ထားသည့် အသံ တစ်ခုနှင့် အတူ ဧကရီ ရှောင်ချွမ်းမှာ ကုန်းရီကို ခြံရံရင်း ရောက်ရှိ လာခဲ့သည်။ သူမ၏ မျက်လုံးများမှာ တော်ဝင် အလင်းရောင်တို့နှင့် အတူ တဖျပ်ဖျပ် တောက်ပနေကာ အဝေးရှိ ရွှေရောင် အလင်းတန်းများကို ငေးကြည့် နေခဲ့သည်။ ထိုအခိုက်၌ သူမ မည်သည့် အရာများကို တွေးတောနေကြောင်း ခန့်မှန်းရန် ခက်ခဲလှပေသည်။

ထျန်းမူယန်နှင့် ထျန်းလင်းယုတို့၏ အမူအရာများမှာ ပိုမို၍ နက်မှောင်လာ၏။ ရှုပ်ထွေးသည့် ခံစားချက်လှိုင်းများက သူတို့၏ မျက်လုံးများ အတွင်း ဖြတ်ပြေး သွားသည်။

လူတစ်ယောက်နှင့် သားရဲတစ်ကောင်မှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေထံသို့ တစ်ကိုယ်တော် ပျံသန်း သွားခဲ့ကာ အလွန် နီးကပ်သည့် တစ်နေရာသို့ အရောက်တွင်မှ ရပ်တန့်လိုက်၏။ လူငယ်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ငွေရောင် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေကာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို လှမ်းကြည့် နေခဲ့သည်။

ဝှစ်...

ရုတ်တရက် အနက်ရောင် မျက်နှာဖုံးစွပ် ပုံရိပ်တစ်ခုမှာ ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ် အစပ်တွင် ပေါ်လာခဲ့သည်။ သူက ရုပ်ရည် အသွင်အပြင် အပြင် ကျား၊ မ အမျိုးအစားကိုပါ ဖုံးကွယ်ပေးနိုင်သည့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သံသယ ရှိစရာ မလိုအောင်ပင် ထိုပုဂ္ဂိုလ်မှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင် တစ်ဦးပင် ဖြစ်သည်။

ဝတ်စုံနက်မှာ သူ၏ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားခြင်း မရှိချေ။ သူက လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ဝေ့ဝူယင်နှင့် ဆွေးနွေးရန် ထွက်လာခြင်းကို ထောက်ချင့်ရပါက အဖွဲ့အတွင်း မြင့်မားသည့် ရာထူးတစ်ခုကို ဆုပ်ကိုင်ထားသည့်ပုံ ရသည်။

"အဂ္ဂိရတ် အာဏာရှင် ဝေ့... ကျုပ်တို့ ဘယ်လို ကူညီပေးရမလဲ"

သူ၏ အသံက ခက်ထန်သည့်တိုင် လေးစားမှု အငွေ့အသက် တစ်ချို့ကို သယ်ဆောင်ထားပေသည်။ ကောင်းကင် ဖျက်ဆီးသူ အပါအဝင် အဝေးမှ စောင့်ကြည့်နေသည့် အမျိုးမျိုးသော အဖွဲ့အစည်းများမှာ ဝေ့ဝူယင် မည်ကဲ့သို့ တုန့်ပြန်မည်ကို အသက်ရှူပင် အောင့်ကာ စောင့်ဆိုင်း နေခဲ့ကြလေ၏။

***

All Chapters