တွယ်ရာမဲ့ နှလုံးသားဂိုဏ်း
Vol. 90 Ch. 1251
“ဟမ့်...”
ဝေ့ဝူယင်၏ တုန့်ပြန်မှုက ရိုးရှင်းလှပေသည်။ ၎င်းက နှာခေါင်းရှုံ့သံ တစ်ချက်မျှသာ ဖြစ်၏။ ပိုမို တိကျစွာ ပြောရလျှင် မောက်မာခြင်း၊ ရိုင်းစိုင်းခြင်း၊ ရန်လိုခြင်းတို့နှင် ပြည့်နှက်နေသည့် နှာခေါင်းရှုံ့သံ တစ်ချက်ပင်။
ဝေ့ဝူယင်၏ အကြောက်အလန့် ကင်းမဲ့သည့် ပုံရိပ်က လူတိုင်း၏ စိတ်များကို လှုပ်ခါ သွားစေခဲ့၏။ တစ်ချိန်တည်း၌ ၎င်းက ကာလရှည်ကြာ သံသယ ဖြစ်နေခဲ့သည့် အချက်တစ်ချက်ကို အတည်ပြုပေးခဲ့ပေသည်။ ၎င်းကား... ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို မုန်းတီးနေသည် ဆိုသည့် အချက်ပင်။
ဂီး...
ပိုင်လင်၏ ကြည်လင်သည့် အော်ဟစ်သံက လောကတစ်ခုလုံးကို ပျံ့လွင့်သွားကာ အကာသနှင့် အချိန် စီးဆင်းမှုများကိုပင် ကစဉ့်ကလျား ဖြစ်သွားစေသည်။ သူမ အသက်ရှူလိုက်တိုင်း၌ ဂြိုဟ်တစ်စင်းကိုပင် လောင်ကျွမ်းပြာချပစ်နိုင်သည့် မီးတောက်များမှာ ထွက်ပေါ်လာနေခဲ့၏။
တဟုန်းဟုန်း တိုးဝင်လာနေသည့် ရွှေရောင် မီးတောက်မီးလျှံများကို မျက်နှာဖုံးစွပ်နောက်ရှိ ဝတ်စုံနက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ထိတ်လန့် ကြောက်ရွံ့သည့် အငွေ့အသက် ဖျော့ဖျော့က ရိပ်ခနဲ ဖြတ်ပြေးသွား၏။ မီးတောက်များမှာ အလွန်ပင် များပြားလွန်းရကား သူ့ခန္ဓာကိုယ်ကို တမုဟုတ်ချင်း ဝါးမြိုသွားတော့မည့်ပုံ ရလေသည်။
သို့သော်လည်း ကောင်းကင်၏ ကျေးဇူးတော်ဖြင့် မီးတောက်မီးလျှံများမှာ ဝတ်စုံနက်ထံသို့ ရောက်ရှိခြင်း မရှိပါချေ။
ဘုန်း...
ဝတ်စုံနက်နှင့် ပေပေါင်း အနည်းငယ်ခန့် အကွာတွင်ပင် ၎င်းတို့မှာ မမြင်နိုင်သည့် အလင်းလွှာ တစ်ခုနှင့် တိုက်မိကာ ရပ်တန့်သွားခဲ့၏။ ဝတ်စုံနက်မှာ မူလ နေရာတွင်ပင် ဘေးမသီ ရန်မခပင် ဆက်လက် ရပ်နေဆဲ ဖြစ်သည်။
မြေကြီး ရှန့်ထို အဆင့်များကိုပင် သုတ်သင် ရှင်းလင်း ပစ်နိုင်သည့် အလစ်အငိုက် တိုက်ခိုက်မှု တစ်ခုမှ လွတ်မြောက်ခဲ့သည့်တိုင် ဝတ်စုံနက်မှာ ထွက်ပြေးခြင်း မပြုပါချေ။ သူက နေရာတွင်ပင် ရပ်ရင်း ရွှေရောင် မီးတောက် မီးလျှံများကို လေ့လာနေခဲ့၏။
အကယ်၍ ပိုင်လင်၏ နိဗာန မီးတောက်များသာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ အကာအကွယ် အစီအရင်ကို ထိုးဖောက်နိုင်ခဲ့ပါက လက်ရှိ အချိန်တွင် ပြေးလွှားရန် ကြိုးပမ်းခြင်းက အသုံးမဝင်ကြောင်း သူ သိပေသည်။ မီးတောက်များမှာ အလွန်တရာပင် လျှင်မြန်လွန်းလှသည်။ အာကာသ ရွှေ့ပြောင်းခြင်း ပင်လျှင် လုံလောက်သည့် မြန်နှုန်း တစ်ခု ဖြစ်လိမ့်မည်ဟု သူ မထင်ချေ။
ရှဲ... ရှဲ... ရှဲ...
ပိုင်လင်မှာ ရွှေရောင် မီးတောက် မီးလျှံများကို အဆက်မပြတ်ပင် ဆက်လက် ထုတ်လွှတ်နေ၏။ ၎င်းတို့မှာ အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းလှကာ အပျက်အစီး မန်နာများကိုပင် လောင်ကျွမ်း ပစ်နိုင်ပေသည်။ သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ အကာအကွယ် အစီအရင်ကတော့ သုံးစက္ကန့် ကြာသည့်တိုင်အောင် ကြံ့ကြံ့ခိုင်စွာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
ဂီး...
ပိုင်လင်က ဖြည်းညင်းစွာပင် နှုတ်သီးကို ပြန်လည် ပိတ်လိုက်၏။ နိဗာန မီးတောက်များမှာ နောက်သို့ ပြန်လည် စီးဆင်းလာကာ သူမ ခန္ဓာကိုယ်ထဲ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ဝတ်စုံနက် ခံစားနေရသည့် တင်းကြပ်သော ခံစားချက်များက ဖြည်းညင်းစွာပင် ပြန်လည် ပြေလျော့ သွားခဲ့၏။ သူက အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်ရင်း ဝေ့ဝူယင်ထံ လှမ်းကြည့်လိုက်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျုပ်တို့ရဲ့ အစစ်အမှန် မွေးဖွားခြင်း အကာအကွယ် အစီအရင်ဟာ ခုမှ တည်ဆောက်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်... ဒါကြောင့် အကန့်အသတ်ကို စစ်ဆေးရုံ သက်သက် အတွက်နဲ့ အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ စွမ်းအားတွေကို ဖြုန်းတီး မပစ်ဖို့ မျှော်လင့်ပါတယ်”
“အဆင်ပြေမယ် ဆိုရင် ကျုပ်တို့ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းက အဂ္ဂိရတ် အာဏာရှင်ဝေ့ကို ဘယ်လို စော်ကားမိသလဲ ဆိုတာ ပြောပြပါ... ကျုပ်တို့ဘက်က အမှားကို အကောင်းဆုံး ပြန်ပြင်ဆင်ပေးဖို့ ဆန္ဒ ရှိပါတယ်...”
မျက်နှာဖုံးတပ်မှာ ညှိနှိုင်း ဆွေးနွေးခြင်း အရာ၌ ကျွမ်းကျင် ပညာရှင် တစ်ဦး ဖြစ်ပုံ ရသည်။ သူ၏ စကားလုံး ရွေးချယ်မှုများက ယဉ်ကျေးသိမ်မွေ့လှသည့် အပြင် တိုတောင်းသည့် စကားလုံးများဖြင့် ဆွေးနွေးရေး လမ်းကြောင်း တစ်ခုကို ဖွင့်နိုင်ခဲ့သည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ ဝေ့ဝူယင်နှင့် ငြိမ်းချမ်းရေး ရယူရန် ဖြစ်သည်။ သူတို့က မီးဖီးနစ်၏ တိုက်ခိုက်မှုများကို ဗွေမယူခဲ့သည့် အပြင် ဝေ့ဝူယင် တောင်းဆိုပါက လျော်ကြေးပေးဆောင်ရန်ပင် အဆင်သင့်ရှိနေသည့်ပုံ ရသည်။
ဧကရီ ရှောင်ချွမ်း၊ ထျန်းမူယန်၊ ထျန်းလင်းယုနှင့် ကုန်းရီတို့မှာ တိတ်တဆိတ်ပင် လေ့လာနေခဲ့ကြ၏။ သူတို့ အားလုံး၏ အမူအရာများက အမျိုးမျိုး ကွဲပြား နေကြသော်လည်း... ဝေ့ဝူယင်၏ စဦး တိုက်ခိုက်မှု အပေါ် တည်ငြိမ်စွာ တုန့်ပြန်နိုင်ခဲ့သူကတော့ ဧကရီ တစ်ယောက်တည်းသာလျှင် ဖြစ်သည်။
“ဝေ့ဝူယင်က ဘာဖြစ်လို့ အစစ်အမှန် မွေးဖွားခြင်းကို ရင်ဆိုင်ရတာလဲ...”
ထျန်းလင်းယု တစ်ယောက် ထိုမေးခွန်းကို သူမ၏ စိတ်အတွင်း အကြိမ်ပေါင်း များစွာ တွေးနေခဲ့မိသည်။ အင်ပါယာ အကြံပေးမှာ အစကတည်းကပင် အစစ်အမှန် မွေးဖွားခြင်း အပေါ် ဝေ့ဝူယင်၏ သဘောထားနှင့် ရည်ရွယ်ချက်ကို သိရှိနေခဲ့ပြီးသား ဖြစ်ပုံ ပေါ်သည်။ ထို့ကြောင့်ပင် ကောင်းကင် ဖျက်ဆီးသူ တစ်စင်းနှင့် အတူ သူတို့ကို ဤနေရာ၌ ကြိုတင် စခန်းချစေခဲ့ပုံ ရသည်။
“...”
ထျန်းမူယန်မှာလည်း တူညီစွာပင် တွေးနေခဲ့မိ၏။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့်လောက်တုန်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ အရိပ်ဥ တစ်ခုကို ရွှေရောင် မီးဖီးနစ် တစ်ကောင်က လာရောက် ဖျက်ဆီးခဲ့ကြောင်း သူတို့ သတင်း ကြားခဲ့ရသည်။ ထို့နောက်တွင်တော့ အစစ်အမှန် မွေးဖွားခြင်း၏ မြေကြီး ရှန့်ထို သုံးယောက်မှာ မီးဖီးနစ် ပိုင်ရှင်နှင့် တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်း၌ ထိုမီးဖီနစ်နှင့် မြေကြီး ရှန့်ထိုတို့မှာ ဝေ့ဝူယင်၏ နောက်လိုက်များ ဖြစ်ကြကြောင်း သူတို့ ရှာဖွေ တွေ့ရှိခဲ့ကြသည်။
ထိုမှတစ်ပါး ဝေ့ဝူယင်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ အကြားရှိ ရန်ငြိုးရန်စက မည်သည့် နေရာမှ စသည်ကိုတော့ သူတို့လည်း မစဉ်းစားတတ်ကြပါချေ။
မည်သို့ပင် ဆိုစေကာမူ... ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူတို့ထံတွင် သီအိုရီ အချို့ ရှိနေပေသည်။ အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥများမှာ များသောအားဖြင့် ယင်၊ ယန် ထုတ်လုပ်ရေး စခန်းများ ဖြစ်ကြသည်။ နောက်ခံ ကောင်းကောင်း မရှိသည့် တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များကို အစစ်အမှန် မွေးဖွားခြင်း ပစ်မှတ်ထားခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာလည်း ယောက်ျားများထဲတွင် ချောမောသူ တစ်ယောက် ဖြစ်လေရာ အစစ်အမှန် မွေးဖွားခြင်းမှာ သူတို့၏ ယန်စွမ်းအင် ထုတ်ယူရေး လုပ်ငန်း အတွက် သူ့ကို လိုချင်ခဲ့ဟန် ရသည်။ ဘာမှန်းညာမှန်း မသိပဲ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ဟန် ရသည်။ ယခုအခါအတွင်တော့ အစစ်အမှန် မွေးဖွားခြင်းမှာ သူတို့၏ ကံဆိုးမှု အပေါ် ကျိန်ဆဲ နေလောက်ပြီ ဖြစ်သည်။
"တစ်နေ့နေ့ တစ်ချိန်ချိန်မှ မိစ္ဆာတွေ အားလုံးက အပြစ်ဒဏ်ကို ခံရတာပဲ”
ဧကရီ ရှောင်ချွမ်းက ထူးဆန်းစွာပင် ဆိုလိုက်၏။ သူမ၏ လှပသည့် မျက်ဝန်းများက အဝေးရှိ ပုံရိပ် နှစ်ခုကို တိတ်တဆိတ် ငေးကြည့် နေခဲ့သည်။
“ကံမကောင်းတာက အဲဒီ တစ်နေ့နေ့ တစ်ချိန်ချိန်ဟာ ဒီနေ့ မဟုတ်သေးတာပဲ”
“...”
ထျန်းမူယန်နှင့် ထျန်းလင်းယုတို့၏ အမူအရာများက ချက်ချင်း မည်းမှောင် သွား၏။ ဧကရီ၏ စကားလုံးများက တစ်ဖက်လှည့်ဖြင့် သူတို့ထံ ဦးတည်နေတာ ရှင်းလင်းလှသည်။ တုန့်ပြန်စရာ စကားလုံး မရှိလေရာ ထျန်းလင်းယုမှာ လက်သီးများကိုသာ မသိမသာ ဆုပ်လိုက်မိလေ၏။
အခြားတစ်ဖက်တွင်တော့...
မျက်နှာဖုံးတပ်မှာ မိနစ် အနည်းငယ် ကြာသည့်တိုင် ဝေ့ဝူယင် တုန့်ပြန်မလာသည်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျုပ် သိပါတယ်... ဒီကိစ္စက...”
“ဒီအကာအကွယ်က မင်းတို့ကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား...”
ရုတ်တရက်... ဝေ့ဝူယင်က စကားဖြတ်ကာ မေးလိုက်သည်။ ဝတ်စုံနက်၏ အမူအရာက မသိမသာ မည်းမှောင် သွား၏။
“ကျုပ် ဒီနေရာကို လာရတဲ့ အကြောင်းရင်က တွယ်ရာမဲ့ နှလုံးသားဂိုဏ်းနဲ့ အဂ္ဂိရတ် အာဏာရှင်ဝေ့တို့ အကြားမှာ ပြေလည်မှု ရရှိစေဖို့ပါ... နှစ်ဦးတစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းစေဖို့ပါ... အမှား လုပ်ဖို့ မဟုတ်ပါဘူး”
ဝတ်စုံနက်မှာ လေးစားသည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားသည့်တိုင် သူ၏ လေသံက အေးစက်စက် အငွေ့အသက် တစ်ချို့နှင့် ထုံလွှမ်းနေသည်။
သူက ခါးကို မတ်အောင် ရပ်လိုက်ကာ စကားဆက်လိုက်၏။
“ကျုပ်တို့ ခင်ဗျားကို လေးလေးစားစား ဆက်ဆံနေတယ် ဆိုတာက အနာဂတ်မှာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆိုတာ သိထားပေးပါ... ခင်ဗျားကို ကြောက်လို့ မဟုတ်ဘူး”
“...”
လေ့လာ စောင့်ကြည့်နေကြသည့် လူအားလုံး တိတ်ဆိတ် နေကြ၏။ သို့သော်လည်း မျက်နှာဖုံးတက်ကတော့ ရပ်တန့်ခြင်း မရှိပါချေ။
“တွယ်ရာမဲ့ နှလုံးသားဂိုဏ်းက မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေကို ချမ်းသာပေးခဲ့တာလည်း လေးစားမှု အတွက် သက်သက်ပဲ... အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို လွှတ်ထားပေးတာကလည်း ခင်ဗျားအပေါ် လေးစားမှု ကြောင့်ပဲ... ခင်ဗျားကို မတိုက်ခိုက်ရတာကလည်း လေးစားမှု သက်သက်ပဲ...”
မျက်နှာဖုံးတပ်၏ အသံက အချိန်နှင့် အမျှ ပိုမို ခိုင်မာလာနေခဲ့၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျုပ်တို့ ခင်ဗျားကို မကြောက်ဘူး... ခင်ဗျားတင် မကဘူး... အလွှာအပြင်က လောကကိုတောင် ကျုပ်တို့ မကြောက်ဘူး... ကျုပ်တို့ရဲ့ လေးစားမှုကို တလွဲ မတွေးဖို့ မျှော်လင့်ပါတယ်”
ဝတ်စုံနက်၏ စကားလုံးများက ရဲရင့် တည်ကြည်သလို တစ်ချိန်တည်း၌ ခြိမ်းခြောက်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။ ဝေ့ဝူယင် မြေကြီး ရှန့်ထို နှစ်ဦးကို နောက်လိုက် အဖြစ် ပိုင်ဆိုင်ထားတော့ရော ဘာအရေးနည်း။ အစစ်အမှန် မွေးဖွားခြင်း၏ အမြင်၌ သူက အလားအလာ ကောင်းသည့် စီးပွားဖက် တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ဖက်မှ အကောင်းဆုံး ဆက်ဆံနေခြင်း ဖြစ်သည်။
“ဟုတ်လား...”
ဝေ့ဝူယင်က မထီမဲ့မြင် အမူအရာဖြင့် ပြုံးလိုက်၏။ သူတို့ ကြောက်သည် ဖြစ်စေ၊ မကြောက်သည် ဖြစ်စေ သူ့ဘက်မှ လုံးလုံး ဂရုမစိုက်ကြောင်း ရှင်းလင်းလှသည်။
ဝေ့ဝူယင်၏ တုန့်ပြန်မှုက ဝတ်စုံနက်၏ အမူအရာကို ပိုမို မည်းမှောင် သွားစေခဲ့သည်။ သို့သော်လည်း သူ၏ ကြေညာချက်က ရှင်းလင်း ပြတ်သား လှပေသည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... တကယ်လို့ ကျုပ်တို့ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းရဲ့ ပိုင်နက် ဒါမှမဟုတ် ကျုပ်တို့နဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို ထပ်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဒီလုပ်ရပ်ဟာ ကျုပ်တို့ကို စိန်ခေါ်နေတာလို့ သတ်မှတ်ရပါလိမ့်မယ်... စစ်ပွဲတစ်ခု အစပျိုးရပါလိမ့်မယ်”
“...”
***