စစ်ပွဲအတွက် ပြင်ဆင်ခြင်း
Vol. 90 Ch. 1254
ထိုအချိန် စစ်မြေပြင်တွင်...
ဝှစ်... ဝှစ်...
မြေကြီး ရှန့်ထိုမှာ အကာအကွယ် အစီအရင်ကို အလွယ်တကူပင် ဖောက်ထွက်ကာ နိဗာန မီးတောက် ပင်လယ် အတွင်း ဝင်ရောက်လာခဲ့၏။ သူ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ အနားသို့ အလျှင်အမြန် ချဉ်းကပ်ကာ ဝေ့ဝူယင်ကို ဖမ်းဆီးဖို့ ဖြစ်သည်။
သို့သော်လည်း... အကာအကွယ် ဝင်္ကပါထဲမှ အပြင်သို့ ထွက်ထွက်ခြင်းပင် သူ၏ မျက်နှာဖုံးစွပ် အောက်ရှိ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ သူ ကြိုတင် ဖန်တီးထားသည့် ရေစွမ်းအင် လျှို့ဝှက် အကာအကွယ်မှာ မီးတောက်များ၏ ဝါးမြိုမှုကို စတင် ခံနေရပြီ မဟုတ်ပါလော။
ခြေလေးငါးလှမ်းမျှ မလှမ်းရသေးခင်မှာပင် နိဗာန မီးတောက်များမှာ သူ့ အရေပြားကိုပင် ဟပ်လာနေခဲ့ပြီ ဖြစ်သည်။ သူ၏ အကာအကွယ်က မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အရည်ပျော်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“အီး...”
ခန္ဓာကိုယ် အတွင်းရှိ နက်ခရို စွမ်းအင်များ စတင် လောင်ကျွမ်းနေသည်ကို သတိထားမိသည်နှင့် မျက်နှာဖုံးတပ်ထံမှ ထူးဆန်းကာ မယုံကြည်နိုင်သည့် အော်သံ တစ်ခု ထွက်ပေါ်လာ၏။ သူ တွေဝေခြင်း မပြုချေ။ ချက်ချင်းပင် နောက်ကိုဆုတ်ဖို့ ဆုံးဖြတ်လိုက်၏။ ထိုအခိုက်တွင်ပင် ရေခဲအလား အေးစက်နေသည့် အသံတစ်ခုက အနားနားကပ်၍ ပြောလိုက်သည့် အလား သူ့စိတ်ဝိညာဉ်ကို ရိုက်ခတ်လာခဲ့၏။
“ဘာလို့ အလျင်လို နေတာလဲ...”
ဝတ်စုံနက်၏ မျက်လုံးများမှာ လျှို့ဝှက် စွမ်းအင်များဖြင့် ပေါက်ကွဲ သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ သို့သော်လည်း သူ့နံဘေး၌ မည်သူမှ မရှိချေ။ ၎င်းက မဆိုသာသည့် လှုပ်ရှားမှုလေး တစ်ခုသာ ဖြစ်သည့်တိုင် သူ၏ အရှိန်ကို များစွာ လျော့ကျသွားစေခဲ့သည်။
ဂီး...
ပိုင်လင်၏ အော်ဟစ်သံက စူးရှစွာ ထွက်ပေါ်လာ၏။ သူမ၏ နှုတ်သီးမှ နိဗာန မီးတောက်များမှာ လှိုင်းများ သဖွယ် ထွက်ပေါ်လာကာ အံ့မခန်း အမြန်နှုန်းဖြင့် မြေကြီးရှန့်ထိုထံသို့ တိုးဝင်သွားသည်။ ထို့နောက် ၎င်းက လေဆင်နှာမောင်း တစ်ခု သဖွယ် မြေကြီး ရှန့်ထိုကို ဝိုင်းပတ်လိုက်၏။ တဒင်္ဂ အတွင်းမှာပင် မြေကြီး ရှန့်ထို၏ ခန္ဓာကိုယ်မှာ မီးလျှံ မုန်တိုင်းများ အကြား၌ နစ်မြုပ်သွားခဲ့လေသည်။ အလွန်တရာ ပူပြင်းလှသည့် နိဗာန မီးတောက်များ၏ ဝါးမြိုမှု အောက်တွင် ရေစွမ်းအင် အကာအကွယ်က လုံးဝ မလုပ်မဖြစ်သလောက်ပင်။
မျက်တောင် တစ်ခပ်စာအတွင်းမှာပင် မီးတောက်မီးလျှံများမှာ မြေကြီး ရှန့်ထိုကို အဆုံးတိုင် ဝါးမြို ပစ်လိုက်၏။ သူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"..."
အကာအကွယ် အတွင်းရှိ မြေကြီး ရှန့်ထို နှစ်ယောက်မှာ သူတို့၏ စိတ်အတွင်း မိုးကြိုးပေါင်း များစွာ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ မိတ်ဆွေဖြစ်သူ၏ ဝိညာဉ်အော်ရာက သူတို့ မျက်လုံးအောက်တွင်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက် ဝိညာဉ် အဆင့် မျက်နှာဖုံးတပ်မှာ ထိုမြင်ကွင်းကို အဝေးမှ လှမ်းကာ ငေးကြည့် နေခဲ့၏။ သူ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေသည်။ မြေကြီး ရှန့်ထို တစ်ယောက် ပျောက်ကွယ်သွားသည့် အချိန်က အလွန်ပင် တိုတောင်း လွန်းလှသည်။ ပတ်ဝန်းကျင်က အလွန် ပူပြင်း နေသည့်တိုင် သူ၏ ကျောရိုးများကတော့ ကြက်သီးများ တဖျန်းဖျန်း ထသည် အထိ စိမ့်တက် နေခဲ့၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... တကယ်ပဲ အခြား နည်းလမ်း မရှိတော့ဘူးလား...”
သူက အားတင်းရင်း ဆက်လက် ညှိနှိုင်းဖို့ ကြိုးပမ်းလိုက်၏။ အခြား မြေကြီး ရှန့်ထို နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
မျက်နှာဖုံးတပ်က အံကို တင်းတင်းကြိတ် လိုက်သည်။
“အဂ္ဂိရတ် အရှင်ဝေ့... ဒီမီးတောက်တွေသာ အကာအကွယ် အစီအရင်ကို လောင်ကျွမ်း ပစ်လိုက်မယ် ဆိုရင် ထရီလျံပေါင်း ထရီလျံချီတဲ့ အသက်တွေ သေရလိမ့်မယ်... ခင်ဗျား နားလည်လား... အခု ခင်ဗျားက မရေမတွက်နိုင်တဲ့ အပြစ်မဲ့ အသက်တွေကို သတ်ဖို့ လုပ်နေတာ... ဘာလို့ ကျုပ်တို့ ဆွေးနွေးဖို့ မဖြစ်နိုင်ရတာလဲ...”
“...”
ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ မီးတောက်များကတော့ အကာအကွယ် အစီအရင်ကြီး တစ်ခုလုံးကို ဝါးမြိုဖို့ ဆက်လက်၍ ကြိုးပမ်းနေဆဲ ဖြစ်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျုပ်တို့ဆီမှာ ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထို ရှိတယ်... ခင်ဗျားသာ ရှေ့ကို ဆက်ပြီး တိုးဖို့ ကြိုးစားနေမယ် ဆိုရင် ပထမဆုံး သေရမှာက သူပဲ”
မျက်နှာဖုံးတပ်၏ လေသံက သားရဲတစ်ကောင် အလား အရိုင်းဆန်ခြင်းများနှင့် ပြည့်နှက် လာခဲ့သည်။
"..."
ရွှေရောင် မီးတောက်မီးလျှံများ၏ လောင်ကျွမ်းမှု အဟုန်က ဖြည်းညင်းစွာပင် လျော့ကျသွား၏။ ဝေ့ဝူယင် ငွေရောင် မျက်လုံးများက မျက်နှာဖုံးတပ်ကို ပြန်လည် အာရုံစိုက် လိုက်သည်။ ထိုအပြောင်းအလဲက များစွာသော စောင့်ကြည့်လေ့လာသူများကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။
အစစ်အမှန် မွေးဖွားခြင်းက ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုကို သုံး၍ ခြိမ်းခြောက် နေသည်လား။ သူတို့က သူမကို ဘယ်တုန်းက ရသွားသနည်း။ ထို့အပြင်... ဝေ့ဝူယင်က သူမကို အဘယ်ကြောင့် ဂရုစိုက်ရသနည်း။ သူက တကယ်ပဲ ရပ်တန့်တော့မည်လော။
မျက်နှာဖုံးတပ် မြေကြီး ရှန့်ထို နှစ်ယောက်မှာ စိတ်ထဲမှ သက်ပြင်းများ ချလိုက်မိကြ၏။ ဝိညာဉ် မြှင့်တင်ခြင်း မြေကြီး ရှန့်ထိုကို အကျဉ်းချခံ မြေကြီး ရှန့်ထိုများနှင့် အတူ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှ ကယ်တင်လာခဲ့ခြင်းကား မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်နေသည့်ပုံ ရသည်။ မည်သို့ပင် ဆိုစေ... ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထိုမှာ မာ့ကျန်းနှင့် အဆက်အစပ် ရှိနေသူ တစ်ဦး မဟုတ်ပါလား။
အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်တွင်ပင် ဝေ့ဝူယင်၏ အသံက နတ်ဆိုးတစ်ပါး၏ ပေါ့ပါးမှုများဖြင့် ထွက်ပေါ်လာခဲ့၏။
“စိတ်မပူနဲ့... ငါ သူ့အတွက် အဖော်တွေ ကွာဒရီလျံနဲ့ ချီပြီး ထည့်ပေးလိုက်မယ်... ငရဲကို တစ်ပျော်တစ်ပါးကြီး သွားလို့ ရတာပေါ့”
"..."
ဝေ့ဝူယင်၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် မီးတောက်မီးလျှံများမှာ နောက်တစ်ကြိမ် အရှိန်အဟုန်နှင့် ဆက်လက် လောင်ကျွမ်းလာခဲ့၏။
“မင်း... မင်း...”
မျက်နှာဖုံးတပ်မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ သူ၏ မျက်ဝန်းများက ရူးသွပ်မှုများနှင့် ကျွမ်းလောင် နေခဲ့ပြီ ဖြစ်သည်။
"...”
မြေကြီး ရှန့်ထို နှစ်ယောက်၏ အမူအရာများက အရေးပေါ် အခြေအနေသို့ ပြောင်းလဲ သွားကြသည်။ အကာအကွယ် အစီအရင်မှာ လဲပြိုလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့က အလျှင်အမြန်ပင် လျှို့ဝှက် စွမ်းအင်များကို အကာအကွယ်ထံ ပို့လွှတ် လိုက်ကြကာ လဲပြိုခြင်း မပြုအောင် တားဆီး လိုက်ကြသည်။ တစ်ချိန်တည်း၌... သူတို့က အရေးပေါ် ဆက်သွယ်မှုများကို အသက်သွင်း လိုက်ကြ၏။
...
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် အရိပ်ဥကြီးတစ်ခု ရှိ၏။ ၎င်းမှာ အစစ်အမှန် မွေးဖွားခြင်း၏ အကြီးမားဆုံး ဌာနချုပ်ကြီး တစ်ခု ဖြစ်ကာ အမျိုးမျိုးသော ကိစ္စများကို တိုက်ရိုက် ကိုင်တွယ်ရာ နေရာလည်း ဖြစ်သည်။
အရိပ်ဥ အတွင်းတွင်တော့ ခရမ်းရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခု ရှိနေခဲ့၏။ သူက အရှေ့ရှိ ကြေးမုံကဲ့ အရိပ် မျက်နှာပြင် တစ်ခုကို တိတ်တဆိတ် လေ့လာ နေခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို နှစ်ယောက်ထံမှ အရေးပေါ် ဆက်သွယ်မှုများကို သူ လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။
“တွယ်ရာမဲ့ လောက အကာအကွယ် အစီအရင်ကို အားဖြည့်ထား”
သူက အေးစက်စက် အမိန့်ပေးလိုက်၏။ ချက်ချင်းဆိုသလိုပင် တုန့်ပြန်မှု တစ်ခု ပေါ်လာခဲ့သည်။
“ကျုပ်တို့ရဲ့ အင်အားက မလုံလောက်ဘူး... မီးဖီးနစ် ထုတ်လွှတ်နိုင်တဲ့ မီးတောက်တွေက အကန့်အသတ် ရှိတယ် ဆိုရင်တောင် သူ့ရဲ့ လက်ရှိ ခွန်အားက အစီအရင်ကို ဒီနှုန်းထား အတိုင်း ဆက်ပြီး လောင်ကျွမ်း နိုင်သေးတယ်... ကျုပ်တို့ မိနစ်ပိုင်းလောက်ပဲ တောင့်ခံနိုင်လိမ့်မယ်”
ခရမ်းရောင် ဝတ်စုံပိုင်ရှင်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။
“သူက အဆုံးစွန်ထိ တိုက်ခိုက်ချင်တယ် ဆိုလည်း တိုက်ကြတာပေါ့... သူ မှီခိုနေတဲ့ အင်အားစုလေးတွေ အကြောင်းကို ငါတို့ မသိဘူးလို့ ထင်နေတာလား... ငါတို့ရဲ့ ခွန်အားက ဘယ်လောက်အထိ ရှိတယ် ဆိုတာ ပြလိုက်ကြတာပေါ့လေ... အရေးကြီး ကိစ္စ မရှိတဲ့ လျှို့ဝှက် အာဏာရှင် အားလုံးကို ဆင့်ခေါ်လိုက်”
ဝမ်...
တစ်ချိန်တည်း၌... မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားရှိ အရိပ်ဥတိုင်းမှာ အရေးပေါ် အခြေအနေ အချက်အလက်များနှင့် အတူ ဆင့်ခေါ်စာများကို တစ်ပြိုင်နက်တည်း ရရှိလိုက်ကြလေသည်။ ချက်ချင်းပင် သူတို့၏ ဟင်းလင်းပြင် ဂိတ်တံခါးများမှာ စတင် လည်ပတ်လာကြကာ သိန်းပေါင်း များစွာသော ပုံရိပ်များမှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေထံ ဦးတည် လိုက်ကြလေ၏။
အစစ်အမှန် မွေးဖွားခြင်းကား စစ်ပွဲအတွက် အဆင်သင့် ပြင်ဆင်နေခဲ့ပြီ ဖြစ်လေတော့သည်။
***