← Chapters

ခြေရာခံခြင်းနှင့် တွေ့ရှိခြင်း

Vol. 90 Ch. 1255

ခြေရာခံခြင်းနှင့် တွေ့ရှိခြင်း

Vol. 90 Ch. 1255

“အခြေအနေ ဘယ်လိုလဲ...”

ဝေ့ဝူယင်က အကန့်အသတ် မရှိ အသက်အင်အားများကို ဝါးမြိုကာ ရွှေရောင် မီးတောက် မီးလျှံများကို ထုတ်လွှတ်နေသည့် ပိုင်လင်အား စိတ်ဖြင့် ဆက်သွယ်လိုက်၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်မှာ အပြန်အလှန် ချိတ်ဆက်နေကာ ဧဒင်အမှတ်အသားထဲမှ အသက်အင်အားများက ပိုင်လင်ထံသို့ အဆက်မပြတ် စီးဆင်း အားဖြည့် နေခဲ့လေသည်။

"အရမ်းကောင်းတယ်...”

ပိုင်လင်က စွမ်းအင် အပြည့်ဖြင့် အဖြေပေးလိုက်၏။ သူ့အသံက မောပန်း နွမ်းနယ်မှုတို့ ကင်းစင်နေသည်။ သူမ၏ စိတ်အခြေအနေက အလွန်အမင်း စိတ်လှုပ်ရှားနေသည်ဟုပင် ပြောနိုင်ပေလိမ့်မည်။ ပိုင်လင် အတွက် ယခုလိုမျိုး စွမ်းအင် အပြည့် မတိုက်ခိုက်ရသည်မှာ များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ပိုင်လင်မှာ ဖီးနစ် ငှက်မွေး တစ်ခုကို ဝါးမြိုခဲ့ရသည်။ ထို့အပြင်... သူမ ဖြတ်သန်းခဲ့သည့် နေ့ရက်များတွင် အဂ္ဂိရတ် ထုတ်ကုန် မရှိသည့် နေ့ ဟူ၍ မရှိသလောက်ပင်။ မျိုးနွယ်တူ၊ အသက်အရွယ်တူ၊ အဆင့်တူချင်း ယှဉ်လျှင်ပင် သူမမှာ အခြား မီးဖီးနစ်များထက် ပိုမို အစွမ်းထက်သည်ဟု ယုံကြည်ပေသည်။

ပြောရလျှင်... ပိုင်လင်၏ အသက်အရွယ်က မီးဖီးနစ် တစ်ကောင် အနေဖြင့်ရော သားရဲတစ်ကောင် အဖြစ်ပါ အလွန်ပင် ငယ်ရွယ်ပေသေးသည်။ အဖိုးတန် ရင်းမြစ် တစ်ခုအတွက် အခြား သတ္တဝါများ အသည်းအသန် တိုက်ပွဲဝင်နေရချိန်တွင် သူမကတော့ အံ့မခန်း စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။

ဝေ့ဝူယင်မှာလည်း အလားတူပင် ဖြစ်သည်။ သူက အသက် ခြောက်ဆယ့်ကိုးနှစ်မှာပင် အချိန်သခင် တစ်ယောက် ဖြစ်လာကာ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်လာနိုင်ခဲ့သည်။ ထို့အပြင်... သူက ၎င်းကို အာရုဏ်ဦး ပါရဂွန် ဆေးလုံးအား မသန့်စင်ခင်၊ မူလ မီးတောက်အား မရရှိသေးခင် ကတည်းက စွမ်းဆောင် နိုင်ခဲ့ခြင်း ဖြစ်သည်။

အသက်အရွယ်၊ မျိုးစိတ်၊ ကျင့်ကြံခြင်း အဆင့်တို့နှင့် နှိုင်းယှဉ်ရပါက ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်မှာ ကလေးပေါက်စနများ ဟုပင် ဆိုနိုင်ပေသည်။

“ကောင်းတယ်...”

ဝေ့ဝူယင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း အသက်အင်အားများကို ဆက်လက် ပို့ဆောင် ပေးနေခဲ့၏။ လက်ရှိ အခြေအနေတွင် မီးတောက်များမှာ အကာအကွယ် အစီအရင်၏ သုံးဆယ် ရာခိုင်နှုန်းခန့်ကို တစ်ဖန် ပြလည် လွှမ်းခြုံခဲ့ပြီး ဖြစ်သည်။

“ခုလောလောဆယ်တော့ ဒီအနေအထားကိုပဲ ထိန်းထား... နောက်ပြီး မီးတောက်တွေရဲ့ အပူချိန်ကို နည်းနည်းလျှော့လိုက်... မသိရင် သူတို့ အကာအကွယ်ကို အားဖြည့်တာ အောင်မြင်တဲ့ပုံဖမ်း... အပူချိန် လျော့တာက ပေါက်ကွဲမှု တစ်ခုချင်းစီတိုင်းနဲ့ တိုက်ဆိုင်ပါစေ”

ပိုင်လင်က ဝေ့ဝူယင် လမ်းညွှန်သည့် အတိုင်း လုပ်ဆောင်လိုက်၏။ လက်ရှိ၌ သူမ၏ နိဗာန မီးတောက်များ အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ထိပ်တန်း အဆင့်တစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ထိန်းချုပ်နိုင်ရန် အတွက်လည်း ဝေ့ဝူယင်မှာ သူမကို စိတ်စွမ်းအား မြှင့်တင်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် များစွာ ပေးအပ်ခဲ့သည်။ ယခုအခါ၌ မီးတောက်များမှာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပင် တစ်သားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ မီးတောက်မီးလျှံများကို ကျော်လွန်ကာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အတွင်းမှ အပြောင်းအလဲများကို‌ ‌လေ့လာနေခဲ့သည်။ အမှောင် ဟင်းလင်းပြင် အတွင်း၌ အာကာသ စွမ်းအင်လှိုင်းများ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်ကို သူ တွေ့ရှိရ၏။ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် အနေဖြင့် အာကာသ အပေါ် သူ့ အာရုံခံနိုင်စွမ်းမှာ သေမျိုးများထဲတွင် အမြင့်ဆုံး အနေအထားကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“အများကြီး ထပ်လာဦးမယ် ထင်တယ်”

ပိုင်လင်က ဆိုလိုက်၏။ အချိန်နှင့် အမျှ အကာအကွယ် အစီအရင်က ပိုမို၍ သန်မာ လာနေခဲ့ကြောင်း သူမ သတိထားမိသည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသော လျှို့ဝှက် ဝိညာဉ် အဆင့်များ၊ သေမျိုးတစ်ပိုင်း အရှင်များနှင့် မြေကြီး ရှန့်ထိုများမှာ ၎င်းကို ဝိုင်းဝန်း အားဖြည့် နေကြခြင်း ဖြစ်သည်။ အချိန်နှင့် အမျှ အကာအကွယ် အစီအရင်ထံမှ ပေါက်ကွဲသံများမှာ ပိုမို၍ စိပ်လာခဲ့ကာ သူမ၏ နိဗာန မီးတောက် တစ်စိတ်တစ်ပိုင်း ပင်လျှင် ဖျက်ဆီးခြင်း ခံလိုက်ရသည်။

“မီးတောက်တွေကို ပြန်ပြီး မြှင့်လိုက်ဦး... ငါးဆယ် ရာခိုင်နှုန်း‌လောက် ပြန်ပြီး ဖုံးလွှမ်းလိုက်”

ဝေ့ဝူယင် ဧဒင် အမှတ်အသားနှင့် ချိတ်ဆက်လိုက်ရင်း အလွန် ပမာဏ များပြားလှသော အသက် အင်အားများကို ပိုင်လင်ထံ အလုံးလိုက် အရင်းလိုက် သွန်းလောင်း ပေးလိုက်သည်။ ချက်ချင်း ဆိုသလိုပင် နိဗာန မီးတောက်များမှာ အရှိန်အဟုန်နှင့် ပြန်လည်၍ ကြီးထွားလာခဲ့၏။

“ဘာလဲ...”

အသစ်ရောက်ရှိလာကြသူများ၏ အမူအရာများက ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ အစီအရင်ကို အားဖြည့်ရန် သူတို့ ပေးပို့နေသည့် စွမ်းအင်များက တမုဟုတ်ချင်း အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ မီးတောက်မီးလျှံများ၏ အပူချိန်ကလည်း ရုတ်ချည်းပင် အဆပေါင်းများစွာ တိုးလာလေရာ အလင်း အကာအကွယ်နှင့် အနီးဆုံး၌ ရှိနေသည့် ကျင့်ကြံသူ တစ်ချို့ဆိုလျှင် သေဆုံး၍ပင် သွားကြသည်။

ထိုကဲ့သို့ ပိုင်လင် တစ်ယောက် အစစ်အမှန် မွေးဖွားခြင်းကို ဆက်လက် ဖိနှိပ်နေစဉ်တွင် ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ နဂါး မျက်လုံးများ အဖြစ် အသွင်ပြောင်း သွားခဲ့သည်။ သူက အသွင်ပြောင်းလဲခြင်းကို မျက်လုံးများ အတွင်းတွင်သာ ကန့်သတ်ထားကာ ဟင်းလင်းပြင် အတွင်းရှိ လှိုင်းများကိုသာ ဆက်လက် လေ့လာ နေခဲ့သည်။

အာကာသ လှိုင်းများ၏ ပြင်းထန်မှု၊ တည်နေရာ၊ စွမ်းအင် အသုံးပြုမှု၊ အရေအတွက် အချက်အလက်တိုင်းကို သူ တိတ်တဆိတ် မှတ်သားနေခဲ့သည်။ အလွန် မြင့်မားသည့် အမြန်နှုန်းနှင့် တွက်ချက်ပြီး နောက်တွင် ဝေ့ဝူယင်၏ မျက်လုံးများမှာ မီးခိုးရောင် ဟင်းလင်းပြင် အလင်းများဖြင့် တောက်ပသွားခဲ့လေ၏။

အကာအကွယ် အစီအရင် အတွင်းတွင်တော့ မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ မျက်နှာက စက္ကန့် တစ်စလိုမျိုး ဖြူရော် နေခဲ့သည်။ ကောင်းကင် တစ်ခုလုံး မီးလောင်နေသည်။ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှာ ရွှေသွေးရောင် မီးတောက်မီးလျှံများ၏ ဝါးမြိုမှုကို ခံနေရသည်။ ၎င်းတို့မှာ အဆုံးမဲ့လှကာ နေရာတိုင်းကို ဖြန့်ကျက်နေသည်။ တစ်ခါတစ်ရံ အတွင်းပိုင်းကိုပင် ထိုးဖောက်နေ၏။

ဝှစ်... ဝှစ်...

သူ အရှိန်အဟုန် မြင့်မားစွာပင် နောက်ကို ဆုတ်သွားခဲ့၏။ မီးဖီးနစ် တစ်ကောင်က ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို မည်ကဲ့သို့ ထုတ်လွှတ်နိုင်ရသနည်း။ မိုင်ဘီလျံပေါင်းများစွာကို လွှမ်းခြုံပစ်နိုင်စွမ်း ရှိအောင် သူက စွမ်းအင် ရင်းမြစ်ကို မည်သည့် နေရာမှ ရရှိသနည်း။ ထိုအရာက ကျိုးကြောင်း ဆီလျော်မှု မရှိချေ။ ထိုအရာက မဖြစ်နိုင်ချေ။

“ကူညီပေးဦး...”

သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်က ညှိနှိုင်းသူကို လှမ်းကာ အော်ဟစ် လိုက်၏။ သို့သော်လည်း... ညှိနှိုင်းသူက နောက်ဆုတ်နေသည့် အမြန်နှုန်းကို လျှော့ချခြင်း မပြုပါချေ။ မီးတောက်များ၏ အပူချိန် အောက်တွင် လျှို့ဝှက် ဝိညာဉ် အဆင့်များ မည်ကဲ့သို့ သေဆုံးနေရကြောင်း သူ ကောင်းစွာ မြင်နိုင်ပေသည်။ သူ ဝင်ရောက် ကူညီမည် ဆိုလျှင်ပင် ရလဒ်က တစ်ခုတည်း ရှိပေသည်။ သေဆုံးခြင်းပင်။

“ခင်ဗျားတို့ တောင့်ခံထား... ကျုပ် ဆက်ပြီး ညှိနှိုင်းရဦးမယ်...”

“...”

သေမျိုးတစ်ပိုင်း အရှင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားသည့်တိုင် ဘာမှတော့ ဆက်မပြောပါချေ။ သူက အကာအကွယ်ကို အားဖြည့်ရန်သာ ဆက်လက် အာရုံစိုက်လိုက်၏။ သူတို့ အားလုံးတွင် ကိုယ်စီ အလုပ်များ ရှိကြသည်သာ ဖြစ်သည်။ ထို့အပြင်... စော‌စောပိုင်းတုန်းက ညှိနှိုင်းသူမှာ ဝေ့ဝူယင်မှာ တစ်ခဏမျှ ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုအရာက သူတို့ အတွက် ပြင်ဆင်ရန် အချိန်များစွာ ရရှိစေခဲ့သည်။

ကလိမ်ကကျစ် ဆင်ခြေက အလုပ်ဖြစ်တာကို တွေ့မြင်ပြီးနောက် ညှိနှိုင်းသူမှာ စိတ်ထဲမှ လေးလံစွာ သက်ပြင်း တစ်ချက် ချလိုက်ရင်း စေ့စပ်ညှိနှိုင်းသည့် စကားလုံးပေါင်း များစွာကို စတင်ကာ အော်ဟစ် လိုက်သည်။ ဝေ့ဝူယင်က သူ့ကို လျစ်လျူကာ တုန့်ပြန်မည် မဟုတ်ကြောင်း သဘောပေါက်သည့်တိုင် သူက ဆက်လက်၍ လုပ်ဆောင် နေခဲ့သည်။

...

“မီးဖီးနစ်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် များတဲ့ သွေးမျိုးဆက် စွမ်းအင်တွေ ရှိနေရတာလဲ...”

ကောင်းကင် ဖျက်ဆီးသူထက်၌ ထျန်းလင်းယုက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ သူတို့ အားလုံးမှာ မြေကြီး ရှန့်ထိုများ ဖြစ်ကြလေရာ မြေကြီး ရှန့်ထို အဆင့်တစ်ယောက် အနေဖြင့် ထုတ်လွှတ်နိုင်သည့် စွမ်းအင် ပမာဏ အကန့်အသတ်ကို သိရှိထားပေသည်။ ပိုင်လင် ထုတ်လွှတ်နေသည့် မီးတောက်မီးလျှံများမှာ ထိုပမာဏထက် အဆပေါင်း များစွာ ကျော်လွန်နေသည်။

ပုံမှန်အားဖြင့် တည်ငြိမ်စွာ တုန့်ပြန်လေ့ ရှိသည့် ဧကရီ ရှောင်ချွမ်းပင်လျှင် တဖြည်းဖြည်း သုန်မှုန် လာခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများ အတွင်းတွင်တော့ မသေချာ မရေရာမှုနှင့် မယုံကြည်နိုင်မှုတို့က နေရာယူ ထားခဲ့၏။ သက်ရှိတိုင်း သက်ရှိတိုင်းတွင် သူတို့၏ စွမ်းအင်ကို သိုလှောင်ထားနိုင်သည့် အကန့်အသတ် တစ်ခု ရှိပေသည်။ မီးဖီးနစ်မှာ ထိုအကန့်အသတ်ထက် အဆထောင်ပေါင်းများစွာ ကျော်လွန်နေသည်။ ထိုအရာက မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။

“အဲဒါက မီးတောက်တွေရဲ့ စွမ်းအင် သက်သက်ပဲလား...”

ထျန်းမူယန်က မသေချာ မရေရာသည့် လေသံဖြင့် မေးလိုက်၏။ အချို့သော စွမ်းအင်များမှာ အမတေ၊ မန်နာ တို့ကဲ့သို့ ပြင်ပ ရင်းမြစ်များကို ဝါးမြိုကာ စွမ်းအင်များကို ပြန်လည် ထိန်းသိမ်းနိုင်သည်။

"မဟုတ်ဘူး...”

ကုန်းရီက ခေါင်းခါလိုက်၏။ သူ၏ တတိယမြောက် ဇနီးမှာ ထျန်းမျိုးနွယ်မှ ဖြစ်သည်။ သူ နိဗာန မီးတောက် ရည်ရွယ်ချက် အကြောင်းကို သူမနှင့် ဆွေးနွေးဖူးပေသည်။ ထို့ကြောင့်ပင်... ၎င်းထံ၌ ထိုကဲ့သို့ စွမ်းအင်မျိုး မရှိကြောင်း သူသိသည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့မှာ ဒီလို စွမ်းအင်မျိုးကို အချိန်မရွေး အတိုင်းအဆ မရှိ ဖော်ထုတ်နိုင်တယ် ဆိုရင် မဟာ စက်ဝန်း ကြယ်ကွင်းမှာ သူ့ကို ယှဉ်နိုင်တဲ့သူ အရမ်းကို နည်းသွားလိမ့်မယ်”

ကုန်းရီက ဧကရီ ရှောင်ချွမ်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက ထူးဆန်းသည့် အဓိပ္ပာယ် တစ်ခုကို ဖော်ဆောင်နေသည်။

“အင်ပါယာ အကြံပေးရဲ့ အမြင်က အမြဲတမ်းကို မှန်ကန်နေတဲ့ပုံပဲ”

ဧကရီ ရှောင်ချွမ်း၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သို့သော်လည်း သူမက ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။

“အမြဲတမ်းပါပဲ”

***

All Chapters