ခြေရာခံခြင်း၊ တွေ့ရှိခြင်း
Vol. 90 Ch. 1256
အနှိုင်းအဆမဲ့ ဟင်းလင်းပြင် သင်္ဘောထက်၌...
အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသည့် မီးတောက်မီးလျှံများကို ကြည့်ရင်း တရှန်း၏ မျက်လုံးများက ပြူးကျယ်နေ၏။ ထိုအခိုက်၌ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှာ မီးတောက်နေသည့် နေကြယ် တစ်စင်းလိုပင်။ ၎င်း၏ ထက်ဝက်ခန့်မှာ မီးတောက်များ၏ ဖုံးလွှမ်းမှု အောက်၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ တည်နေရာကို မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေနှင့် အဝေးဆုံးကို ရွေးချယ်ထားလေရာ မီးတောက်များမှာ နောက်ဆုံးတွင်မှ ထိုဘက်အပိုင်းကို ရောက်ရှိလိမ့်မည် ဖြစ်သည်။
“နင့်ရဲ့ လင်လေးက တကယ် ကြောက်ဖို့ကောင်းတဲ့ သားရဲလေးပဲ”
တိုက်တန်ငရဲ ဖျက်ဆီးခြင်း ဧကရီက လေးစားစွာဖြင့် မှတ်ချက်ပြုလိုက်၏။ တရှန်းမှာ အနည်းငယ် ဆွံ့အ သွားသော်လည်း ချက်ချင်း ဆိုသလိုပင် သူမ၏ မျက်ဝန်းများက ဂုဏ်ယူ ဝံ့ကြွားသည့် အငွေ့အသက်များနှင့် လွှမ်းခြုံ လာခဲ့သည်။ ထိုအရာက သူမ ကိုယ်တိုင် ရွေးချယ်ထားခဲ့သည့် အမျိုးသားပင် မဟုတ်ပါလား။
...
“ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် သူက အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေတစ်ခုလုံးကို တစ်ကိုယ်တော်တောင် ရှင်းလင်းနိုင်လိမ့်မယ်”
ဟုန်ယန်လျှို့လန်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ သို့သော်လည်း ကာဒီနယ်ဆောင်းက ခေါင်းကို ခါယမ်း လိုက်သည်။ သူမက အလင်း အကာအရံ အတွင်းပိုင်းရှိ ဟင်းလင်းပြင်ကို ညွှန်ပြလိုက်သည်။
“အာကာသလှိုင်းတွေ နိုးထလာနေတာကို တွေ့လား... အစစ်အမှန် မွေးဖွားခြင်းက စစ်ကူခေါ်နေပြီ... သူတို့က အဲဒီ သေမျိုးကို ခပ်ကြမ်းကြမ်း သင်ခန်းစာ တစ်ခု ပေးတော့မယ့်ပုံပဲ”
ဟုန်ယန်လျှို့လန် မျက်မှောင်ကြုတ် လိုက်၏။
“အဲဒါက အဂ္ဂိရတ် အာဏာရှင်ဝေ့ ဆင်နေတဲ့ အကွက်ပဲ မဟုတ်ဘူးလား... သူက အစစ်အမှန် မွေးဖွားခြင်းကို အပြတ်ရှင်းပစ်ချင်နေတာ ရှင်းနေတာပဲ”
လွန်ခဲ့သည့် နှစ်လ အတွင်း ဝေ့ဝူယင် အင်အားစုဆောင်း နေခဲ့ကြောင်း သူတို့ အားလုံး ကြားခဲ့ရသည်။ ၎င်းက လျှို့ဝှက် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည့်တိုင် များလှစွာသော အင်အားစုများမှာ သူတို့၏ အဆက်အသွယ်များမှ တစ်ဆင့် ရအောင် သတင်းနှိုက်နိုင်ခဲ့သည်။
“လေလွင့် ကျင့်ကြံသူ နည်းနည်းပါးပါးလောက်နဲ့ အနိုင်ယူနိုင်လောက်အောင် အစစ်အမှန် မွေးဖွားခြင်းက အားနည်းတယ်လို့ ညည်းက ထင်နေတာလား... ဝေ့ဝူယင်ဘက်မှာ အကောင်းဆုံး ခြိမ်းခြောက်နိုင်တာ ဆိုလို့ မဟာ သူရဲကောင်း ဝူယု၊ နဂါးခေါင်းဆောင်းနဲ့ ဒီမီးဖီးနစ်တို့လောက်ပဲ ရှိတာ... အဲဒါလောက်နဲ့ အစစ်အမှန် မွေးဖွားခြင်းရဲ့ တကယ့် အင်အားကို ဖိနှိပ်ဖို့ မလွယ်ဘူး”
ကာဒီနယဆောင်းက ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။ အကယ်၍ အစစ်အမှန် မွေးဖွားခြင်းသာ ထိုမျှလောက် အားနည်းပါက လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ချေမှုန်းခြင်းကို ခံနေရလောက်ပြီ ဖြစ်သည်။
"တကယ့် အင်အား... ကာဒီနယ်က ဘာကို ရည်ညွှန်းချင်တာလဲ...”
ဟုန်ယန်လျှို့လန်က အံ့သြသွားကာ မေးလိုက်၏။ အစစ်အမှန် မွေးဖွားခြင်းမှာ အင်အား ကြီးမားကြောင်း သူမ သိပေသည်။ သို့သော်လည်း ကာဒီနယ်ဆောင်း၏ စကားက သူမ သိထားသည်ထက် အဆပေါင်းများစွာ ပိုမို အင်အားကြီးနေသည့်ပုံ ပေါ်သည်။
ကာဒီနယ်ဆောင်းက ဟုန်ယန်လျှို့လန်ကို တစ်ချက် စောင်းကြည့်လိုက်၏။ စိတ်မရှည်သည့် အငွေ့အသက်များက သူမ မျက်ဝန်းများအတွင်း ဖြတ်ပြေးသွားသည်။
“ပုပ်ရဟန်း မင်ကြီးက အစစ်အမှန် မွေးဖွားခြင်းရဲ့ သမိုင်း အကြောင်း နင့်ကို မပြောထားဘူးလား... သူတို့က ဟိုးပထမဆုံးခေတ်တည်းက တည်ရှိခဲ့တာ... လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာ ငါတို့ လူသားတွေ ကျင့်ကြံဖို့ ပထမဆုံး စသင်ခဲ့တဲ့ အချိန်ကတည်းကပေါ့လေ... သူတို့ဆီမှာ သိုဝှက်ထားတဲ့ အင်အားစုတွေ အများကြီး ရှိတယ်... တကယ်တမ်း ပြောရရင် သူတို့က အင်ပါယာကိုတောင် ဂရုစိုက်တာ မဟုတ်ဘူး”
“အဲဒီလောက်တောင် ကြာတာလား...”
မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် ထိပ်တန်း ရာထူးများကို ပိုင်ဆိုင်ထားသည့်တိုင် ဟုန်ယန်လျှို့လန်မှာ ထိုအကြောင်းကို ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ စိတ်ထဲ၌ အနည်းငယ် ခံပြင်းသလို သူမ ခံစားလိုက်ရ၏။
“အဓိပ္ပာယ် မရှိဘူး... ဒါဆို သူတို့က ဘာလို့ အကြာကြီး ပုန်းနေမှာလဲ”
ကာဒီနယ်ဆောင်းက ဟုန်ယန်၏ စနိုးစနှောင့် ဖြစ်သွားပုံကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်လောက်တုန်းက ငါ နတ်ဘုရား အင်ပါယာနဲ့ တွေ့ဆုံခဲ့တယ်... အခြား ထိပ်သီး အင်အားစုတွေပါ အပါအဝင်ပေါ့လေ... အစစ်အမှန် မွေးဖွားခြင်းကို ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဆွေးနွေးခဲ့ကြတယ်... အဲဒီအခါ အင်ပါယာက ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတာ သိလား”
ဟုန်ယန်လျှို့လန်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ ထိုဆွေးနွေးပွဲ အကြောင်းကို သူမ တစ်ခါမှ မကြားခဲ့ဖူးချေ။ သူမက အသက် ၁၂၀၀၀ ကျော်ခဲ့ပြီ ဖြစ်သည့်တိုင် မြေကြီး ရှန့်ထို အဆင့်ကိုတော့ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင့်လေးရာကမှ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ အင်ပါယာ ဘာပြောခဲ့ကြောင်း ခန့်မှန်းနိုင်စွမ်း မရှိလေရာ ဟုန်ယန်လျှို့လန်မှာ ခေါင်းကိုသာ ခါပြလိုက်၏။
ကာဒီနယ်ဆောင်းက သူ့ အရှေ့ရှိ မီးလောင်ပြာကျနေသော လောကကြီးကို လှမ်းကြည့်လိုက်သည်။
“အမှောင် ဟင်းလင်းပြင်ထဲမှာ ရှိတဲ့ အမှောင်ထု တစ်ခုချင်းစီတိုင်း အတွက် သူတို့ကို မောင်းထုတ်နေတဲ့ အလင်း ဆိုတာ ရှိတယ် တဲ့... အဲဒီ အလင်းကပဲ လောကကြီးကို ကာကွယ်ထားခဲ့တာ”
"..."
ဟုန်ယန်လျှို့လန် စိတ်ဝင်တစားပင် နားထောင် နေခဲ့၏။ ကာဒီနယ်ဆောင်းက ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်သည်။
“သူတို့ မတိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းရင်းက တိုက်ခိုက်ဖို့ အင်အား မရှိလို့ မဟုတ်ဘူး... ဒီအတိုင်း မတိုက်ခိုက်နိုင်လို့ပဲ”
“ဒါဆိုရင် သူတို့က ဘာလို့ ခုမှ လှုပ်ရှားလာရတာလဲ...”
ဟုန်ယန်လျှို့လန်က ချက်ချင်းပင် မေးခွန်းထုတ် လိုက်သည်။
“အလင်းက အားနည်းသွားပြီ... အမှောင်ထုကို အရင်တုန်းကလောက် ဖိနှိပ်နိုင်စွမ်း မရှိတော့ဘူး...”
ထိုကဲ့သို့ ပြောပြီးနောက် ကာဒီနယ်ဆောင်းမှာ ဘာစကားမှ ထပ်မဆိုတော့ချေ။ ဟုန်ယန်လျှို့လန် တစ်ယောက် တွေဝေစွာပင် အဝေးကို ငေးကြည့် နေခဲ့မိ၏။ ကာဒီနယ်ဆောင်း ပြောသည့် အလင်း ဆိုသည့် အရာကို သူမ နားလည်ခြင်း မရှိချေ။ ၎င်းက အစစ်အမှန် မွေးဖွားခြင်းလိုပင် ပုန်းကွယ်နေသည့် အင်အားစု တစ်ခုလော။
“အာကာသ ဝေဟင်ဂိုဏ်းလား...”
ဟုန်ယန်လျှို့လန် စိတ်ထဲမှ တွေးလိုက်မိ၏။ သူမ သိရှိထားသလောက် နှိုင်းဆရပါက အာကာသ ဝေဟင်ဂိုဏ်းမှာ အဖြစ်နိုင်ဆုံးသော အင်အားစု ဖြစ်သည်။ သို့စေကာမူ... ကန့်လန့်ကာ နောက်ကွယ်ရှိ အမှန်တရားကိုတော့ ကာဒီနယ်ဆောင်းတို့လို သက်တမ်းရင့် မြေကြီး ရှန့်ထိုကြီးများသာ သိရှိပေလိမ့်မည်။ အတွေးများ အတွင်း စီးမျောရင်း ဟုန်ယန်လျှို့လန်၏ အမူအရာက ပိုမို၍ပင် သုန်မှုန်လာခဲ့တော့၏။
...
ထိုအချိန် နိဗာန မီးတောက်များ အတွင်းတွင်တော့...
ဟူး... ဟူး...
ဝေ့ဝူယင်က ပိုင်လင်ထံ ပေးပို့နေသည့် အသက် အင်အား ပမာဏကို စတင်ကာ လျှော့ချလိုက်၏။
“ပိုင်လင်... မီးတောက်တွေ ဖုံးလွှမ်းနေတဲ့ ဧရိယာကို ဖြည်းဖြည်းချင်း လျှော့ချလိုက်... ဒါပေမဲ့ မင်းရဲ့ ခွန်အားကိုတော့ နည်းနည်းချင်းစီ သိပ်သည်းသွား”
ပိုင်လင်က ဝေ့ဝူယင် ညွှန်ကြားသည့် အတိုင်း ဆက်လက် လုပ်ဆောင်လိုက်သည်။ နိဗာန မီးတောက်များမှာ အားလျော့ ပျက်ပြယ်လာသည့် အလား နောက်သို့ ဖြည်းညင်းစွာ ဆုတ်သွားခဲ့၏။ တစ်ချိန်တည်း၌ ခွန်အားကတော့ မသိမသာပင် တိုးတက် လာနေခဲ့သည်။
ထိုအခိုက်၌ လျှို့ဝှက် ဝိညာဉ် အဆင့်များ၊ သေမျိုးတစ်ပိုင်း အရှင်များ၊ မြေကြီး ရှန့်ထိုများ အားလုံးမှာ တူညီစွာပင် တွေးလိုက်မိကြ၏။
“မီးဖီးနစ်က အားကုန်တော့မယ်...”
သူတို့ အချိန်က ရောက်ရှိလာတော့မည် ဖြစ်သည်။
“ငှက်စုတ်ရဲ့ လက်ကျန် မီးတောက်တွေကို မောင်းထုတ်ဖို့ ပြင်ဆင်ထားကြ... အားဖြည့်မယ်”
အလင်း အကာအရံ၏ နောက်နား၌ တက်ကြွသည့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူတို့၏ လှုပ်ရှားမှုများက အလွန်တရာပင် ထိရောက်လှပေသည်။ မကြာခင်မှာပင် မီးတောက်မီးလျှံများမှာ အကာအကွယ် အစီအရင်၏ ဆယ်ရာခိုင်နှုန်းခန့်ကိုသာ ဖုံးလွှမ်းထားနိုင်ပေတော့သည်။ သို့သော်လည်း... အပူချိန်က တရိပ်ရိပ် မြင့်တက်လာ၍ အကာအရံကို ထိုးဖောက်ဖို့ ကြိုးပမ်းနေလေရာ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ချွေးပျံ နေကြလေ၏။
"ဆက်တောင့်ထား...”
သူတို့က တစ်ယောက်ကို တစ်ယောက် အော်ဟစ် အားပေးလိုက်၏။ အလင်းအကာအရံ၏ အပြင်ဘက်တွင်တော့ ဝေ့ဝူယင်က ပိုင်လင်ကို အချက်ပြလိုက်၏။
"ဒီအတိုင်း ထိန်းထား...”
“ဂီး... ဂီး...”
ပိုင်လင်မှာ နောက်ဆုံး လက်ကျန် စွမ်းအင်များကို အသုံးပြုနေရသည့် အလား ရုန်းကန်ရင်း ရှစ်ရာခိုင်နှုန်းခန့်ကို ဆက်လက် ထိန်းသိမ်းထားသည်။ ထိုအရာက အစစ်အမှန် မွေးဖွားခြင်း အင်အားစုများ အတွက်တော့ အပြုသဘောဆောင်သည့် လက္ခဏာ ဖြစ်သည်။ အဆုံးသတ်ကို သူတို့ လှမ်းမြင်နေရပြီ ဖြစ်သည်။
အခြားတ်စဖက်၌ ဝေ့ဝူယင်သည်လည်းပဲ အဆုံးသတ်ကို မြင်ပေသည်။ သူ မြင်သည့် အဆုံးသတ်ကတော့ ဟင်းလင်းပြင် ဂိတ်တံခါးများ၏ ပို့ဆောင်မှု အသုံးသတ်ပင်။ မကြာခင်မှာပင်... စစ်ကူ အင်အားစုများ ရောက်ရှိလာမှာ လုံးဝ ရပ်တန့်သွား၏။ ရောက်ရှိလာပြီးသား ပုံရိပ် အများစုမှာလည်း အရိပ်များ အတွင်း ပုန်းအောင်း နေကာ လျှို့ဝှက် စွမ်းအင်များကိုသာ ပို့လွှတ်ရင်း ပိုင်လင် မောပန်း အားကုန်သွားမည့် အချိန်ကို စောင့်ဆိုင်း နေကြသည်။
“ကောင်းတယ်...”
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူက အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့် လိုက်သည်။ ဝိညာဉ် ဆက်သွယ်မှု တစ်ချို့ ပြုလုပ်လိုက်ရင်း သူ၏ မျက်လုံးများက သိသိသာသာပင် တောက်ပသွားခဲ့၏။
ဟူး... ဟူး...
ပိုင်လင်၏ နိဗာန မီးတောက်များက ဆူနာမီလှိုင်းတစ်ခုလိုမျိုး ပြန်လည် ဆုတ်ခွာသွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်မှာလည်း နှစ်ဆယ့် နှစ် မီတာ အရွယ်သို့ ပြန်လည် ကျုံ့ဝင်သွားသည်။ ဝေ့ဝူယင် သူမ၏ ကျောထက်တွင် ရပ်ရင်း အသက်ကို ရင်း၍ ကာကွယ်ရန် အဆင်သင့် ဖြစ်နေကြပုံ ပေါ်သည့် လျှို့ဝှက် အာဏာရှင် အဆင့်များကို လှမ်းကြည့်လိုက်သည်။
“မင်းတို့ရဲ့ လိပ်ခွံက မာတယ် ဆိုတော့လည်း ငါ့ဘက်က အခွင့်အရေး ပေးရတာပေါ့လေ... ကဲ စကားပြောလိုက်ကြရအောင်”
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း မျက်နှာဖုံးတပ် ညှိနှိုင်းသူကို စကားစလိုက်လေ၏။
...
တစ်ချိန်တည်း၌ ရွှယ်လျှို တစ်ဖြစ်လည်း လျှို့ဝှက် အာဏာရှင် အဆင့် သွေးစီးကြောင်း အလင်းမဲ့ကာ အလွန်တရာ ကျယ်ပြန့်လှသည့် သီးခြား အာကာသ တစ်ခုထဲ၌ ရှိနေခဲ့သည်။ ထိုအာကာသထဲ၌ မြေကြီး ရှန့်ထို တစ်ပါး အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့်ပေါင်း ရာနှင့်ချီ ရှိသည်။ ထိုမြေကြီး ရှန့်ထိုကို ဝန်းရံထားသည့် သွေးနီရောင် အော်ရာက အလွန်တရာ ရက်စက် ကြမ်းကြုတ်ကာ မိစ္ဆာန်သည်ဟု သူမ ခံစားရသည်။ သို့သော်လည်း... သူမက ထိုအချင်းအရာကို လုံးဝ လျစ်လျူရှုထားကာ တာဝန်ကိုသာ အပြည့်အဝ အာရုံစိုက် နေခဲ့သည်။
သွေးရောင် အော်ရာ၏ နောက်နားတွင်တော့ သေမျိုး မိန်းကလေး တစ်ယောက် ရပ်နေခဲ့သည်။ သူမက ခရမ်းရောင် ဆံပင်များကို ပိုင်ဆိုင်ထားကာ မွေးရာပါ အမိန့်ပေးနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ မွှေးပျံ့သည့် ပန်းရနံ့များမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။ ထိုမိန်းကလေးကတော့ အခြားလူ မဟုတ်...။ အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ ဟုန်ချွင်းဟွာပင် ဖြစ်သည်။
တစ်ခဏ ကြာပြီးနောက် ဟုန်ချွင်းဟွာ၏ မျက်လုံးများက ထက်ရှစွာပင် ကျဉ်းမြောင်းသွား၏။
“အမိန့်ရောက်လာပြီ... ငါတို့ စက္ကန့် နှစ်ဆယ် အတွင်း ထွက်ခွာကြမယ်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ အော်ရာက တဖြည်းဖြည်း တောက်လောင် လာခဲ့သည်။ သေမျိုး တစ်ယောက်သာ ဖြစ်သည့်တိုင် ထိုမိန်းကလေးမှာ သူမ တွေ့ဖူးသမျှ ကြယ်တာရာ သခင်တိုင်းထက် ပိုမို၍ အစွမ်းထက်သလို ရွှယ်လျှို ခံစားလိုက်ရ၏။ ထိုအရာက ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။ သူမက မည်ကဲ့သို့ ကျင့်ကြံခဲ့သနည်း။
စက္ကန့် နှစ်ဆယ်မျှ ကြာပြီးနောက် အလွန်တရာ ကြီးမားလှသည့် ဟင်းလင်းပြင် ပေါ်တယ်ကြီး တစ်ခုမှာ သူတို့ အရှေ့တွင် ထွန်းလင်းလာခဲ့၏။
“သွား...”
ဟုန်ချွင်းဟွာက အော်ဟစ်လိုက်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ငြင်းဆန်ခြင်း မရှိပဲ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပေါ်တယ် အတွင်း ခုန်ဝင်လိုက်ကြ၏။
ရွှယ်လျှို ကိုယ်တိုင်လည်း ထိုအတွင်း ခုန်ဝင်လိုက်သည်။ ထိုအခိုက်တွင်ပင် သူမမှာ ဟုန်ချွင်းဟွာ၏ အသံနက်ကြီးကို ကြက်သီးထဖွယ် ကြားလိုက်ရလေ၏။
“သတ်ကြစမ်း...”
***