ကောင်းမွန်သည့် စကားဝိုင်း
Vol. 90 Ch. 1258
ဝှစ်... ဝှစ်...
ဝူကျင်းယန် အခန်း အတွင်း လျှင်မြန်စွာပင် ဝင်ရောက်လာခဲ့၏။ ထို့နောက် အခန်း၏ ကြမ်းပြင်နှင့် နံရံတို့တွင် သံကြိုးများဖြင့် တွဲခတ်ထားသော ပုံရိပ် နှစ်ခုကို တွေ့မြင်လိုက်ရသည်။ နှစ်ယောက်ဆုံးမှာ အမျိုးသမီးများ ဖြစ်ကြကာ တစ်ယောက်က အသက်လတ် မိန်းမကြီး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။
“အယ်ဗန်တွေလား...”
ဝူကျင်းယန် အနည်းငယ် အံ့သြသွားခဲ့၏။ မိန်းမငယ်လေးမှာ သူမကို တောက်ပသည့် မျက်ဝန်းများနှင့် စိုက်ကြည့် နေခဲ့သည်။ မိန်းမကြီး၏ မျက်လုံးများကတော့ ထူးထူးခြားခြား ရှာဖွေ တွေ့ရှိရန် ခက်ခဲလှသည့် ဉာဏ်ရည် ဉာဏ်သွေးများနှင့် ပြည့်နှက်နေ၏။ သူတို့က အခြား မိန်းကလေးများနှင့် လုံးဝ ခြားနားကြောင်း ဝူကျင်းယန် မှတ်ချက်ချလိုက်မိသည်။ သွေးလွှမ်းသည့် မြင်ကွင်းတစ်ခု လေလောလတ်လတ်ပင် ဖြစ်ပျက်သွားခဲ့သည့်တိုင် သူတို့က လုံးဝ ကြောက်ရွံ့သည့်ဟန် မပြကြချေ။
ဝူကျင်းယန် မြေပုံကို စစ်ဆေးလိုက်၏။ ထိုအခါ ခန်းမ တစ်လျှောက်တွင် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်သာ ရှိကြောင်း သူမ တွေ့လိုက်ရသည်။ ဖမ်းဆီးခံအားလုံး လိုလိုကတော့ သေမျိုးများသာ ဖြစ်သည်။ သူတို့ထဲ၌ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများပင်လျှင် မရှိပါချေ။
ကျင့်ကြံခြင်း လောကတွင် အယ်ဗန်များကို အဆင့်နိမ့် မျိုးနွယ်များဟု သတ်မှတ်ထားသည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း လျှို့ဝှက် အာဏာရှင် အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက် နိုင်ခဲ့သည့် အယ်ဗန် ဟူ၍ တစ်ယောက်ပင် မရှိချေ။ ထိုကျရှုံးမှုကပင် သူတို့၏ အဆင့်အတန်းကို အနိမ့်ဆုံးထိ ဆွဲခေါ်သွားခြင်း ဖြစ်သည်။ အကယ်၍ ထာဝရ အစည်းအရုံးကသာ အယ်ဗန် ဘေးမဲ့ နယ်မြေကို တည်ဆောက်ပေး မထားပါက အယ်ဗန် အားလုံးမှာ အင်အားကြီး ကျင့်ကြံသူများ၏ ဖမ်းဆီး ကျွန်ပြုခြင်းကို ခံနေရလောက်ပြီ ဖြစ်သည်။
ဝေ့ဝူယင်က သူတို့ကို အဘယ်ကြောင့် ကယ်ခိုင်းကြောင်း ဝူကျင်းယန် အများကြီး မတွေးပါချေ။ သူမ မီးခိုးရောင်နှင့် အဖြူရောင် အဆောင် နှစ်ခုကို ထုတ်ယူကာ အကျဉ်းသားများထံကို ပစ်လွှတ် လိုက်၏။ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ထိုအဆောင်များမှာ မိန်းကလေး နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်သွားခဲ့သည်။
ဟူး... ဟူး...
အဆောင်များမှာ သိမ်မွေ့ ကြွယ်ဝသည့် အသက် စွမ်းအားများကို ထုတ်လွှတ်လာကာ မိန်းကလေးများ၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသည်။ သူတို့၏ နာမကျန်း ဖြစ်နေပုံ ပေါ်သည့် အသားအရည်မှာ ချက်ချင်းပင် ကျန်းမာ သန်စွမ်းသည့် အလင်းရောင်များဖြင့် ပြန်လည် အသက်ဝင်လာခဲ့၏။ တဒင်္ဂ အတွင်းမှာပင် သူတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဒဏ်ရာများက ပျောက်ကင်းသွားခဲ့သည့်ပုံ ရသည်။
ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသည်နှင့် အမျှ မိန်းမငယ်လေးမှာ စတင်ကာ ငိုကြွေးတော့၏။ သူမ၏ မျက်ဝန်းများက မျက်ရည်များ တတွေတွေ စီးကျလာကာ မိန်းမကြီးကို ဖက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ လက်များက ပစ်မှတ်သို့ မရောက်သေးခင်မှာပင်... အစွမ်းထက် ဟင်းလင်းပြင် အော်ရာ တစ်ခု ပေါ်လာကာ သူတို့ကို အဝေးထံ ပို့ဆောင် လိုက်လေ၏။
“...”
ဝူကျင်းယန် မျက်မှောင်ကြုတ်ရင်း သူတို့ ရပ်တန့်ခဲ့သည့် နေရာကို ငေးကြည့် နေခဲ့သည်။ ထို့နောက်တွင်တော့ သူမက အသက်ကို ခပ်ပြင်းပြင်း ရှူကာ တံခါးမှ လှမ်းထွက်လိုက်၏။ ထိုအခါ ကြောက်ရွံ့ ထိတ်လန့်စွာ ထွက်ပြေးနေသည့် မျက်နှာဖုံးတပ် ကျင့်ကြံသူများကို တွေ့မြင်လိုက်ရလေသည်။ ချက်ချင်းပင် မိန်းကလေး၏ မျက်လုံးများက ရေခဲအလား အေးစက်မှုများနှင့် ပြည့်နှက် သွားခဲ့၏။
မကြာခင်မှာပင် နွားရိုင်းကြာပွတ် ရိုက်သံများနှင့် အတူ စွေးစွေးနီသော သွေးစီးကြောင်းများမှာ ကြမ်းပြင်နှင့် နံရံများတွင် ပျံ့နှံ့ သွားခဲ့တော့၏။ ထိုအခိုက်၌ ဝူကျင်းယန်မှာ သူတစ်ပါး အသက်များအား သတ်ဖြတ်ရခြင်း အပေါ် မည်သည့် သက်တောင့်သက်သာ မရှိမှုကိုမှ မခံစားရပါချေ။ ဤတစ်ကြိမ် သူမ၏ သတ်ဖြတ်မှုများက ရင်းမြစ်များ အတွက် မဟုတ်သလို အမုန်းတရား အတွက်လည်း မဟုတ်ပါချေ။ အပြစ်မဲ့သည့် အသက်များကို ကယ်တင်ရန် အတွက်သာ ဖြစ်ပေသည်။ ထိုနေ့၌ ဝူကျင်းယန်၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် သတ်ဖြတ်ရင်း လွတ်မြောက်မှုကို ခံစားလိုက်ရလေ၏။
“သတ်...”
သူမမှာ နွားရိုင်းကြာပွတ်ကို ဝှေ့ယမ်းရင်း အသက်များကို ကယ်တင် နေခဲ့ပြီ ဖြစ်လေသည်။
...
“မင်းတို့ရဲ့ လိပ်ခွံက မာတယ် ဆိုတော့လည်း ငါ့ဘက်က အခွင့်အရေး ပေးရတာပေါ့လေ... ကဲ စကားပြောလိုက်ကြရအောင်”
“ဟမ်…”
မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ ဝေ့ဝူယင်၏ ရုတ်ချည်း သဘောထား အပြောင်းအလဲကြောင့် အံ့အားသင့် သွားခဲ့၏။ အခြေအနေကို လေ့လာနေသည့် မြေကြီး ရှန့်ထိုများ ပင်လျှင် မယုံကြည်နိုင်မှု၊ မသေချာ မရေရာမှုတို့ကို ခံစား လိုက်ရသည်။
ဝေ့ဝူယင်က ဒဏ္ဍာရီထဲမှ တန်ခိုးရှင် သူရဲကောင်း တစ်ယောက်လိုမျိုး ဟန်ပါပါဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများကတော့ ဝိညာဉ် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပ နေခဲ့၏။
“စကားပြောမယ် လို့ ပြောတာလေ… ဘာလဲ ခင်ဗျားတို့ဘက်က မပြောချင်တော့လို့လား”
ဝေ့ဝူယင်က အပြုံးနှင့် အတူ ဆိုလိုက်၏။
ဂီး…
ပိုင်လင်က စိတ်အား ထက်သန်စွာဖြင့် ဟစ်ကြွေး လိုက်သည်။ မျက်နှာဖုံးတပ် ကျင့်ကြံသူမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ စောနလေးကတင် ဝေ့ဝူယင်မှာ မည်သည့် ညှိနှိုင်းမှုကိုမှ လက်မခံလိုဟန်ဖြင့် အသည်းအသန် တိုက်ခိုက်ခဲ့သည်။ ယခုတစ်ဖန် စကားပြောမည်ဟု ဆိုလာပြန်သည်။ သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။
မျက်နှာဖုံးတပ် ညှိနှိုင်းသူ ဘာလုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပင် ဦးဆောင် မြေကြီး ရှန့်ထို တစ်ယောက်က သူ့ထံ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
“သူက အချိန်ဆွဲနေတာ… ငါတို့ဘက်က အဲဒါကို ပြန်သုံးရမယ်… နောက်ထပ် အမိန့် မလာခင် အချိန်အထိ သူ့ကို အချိန်ဆွဲထား…”
“အချိန်ဆွဲနေတာ...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ မျက်နှာလုံးအောက်ရှိ မျက်လုံးများမှာ နားလည် သဘောပေါက်မှုများနှင့် တဖျပ်ဖျပ် တောက်ပသွားခဲ့၏။ သူက အလွန် ဉာဏ်ကောင်းသူ ဖြစ်သည်။ ထို့ကြောင့်ပင်… ဝေ့ဝူယင် မည်သည့် ခြေလှမ်း လှမ်းနေကြောင်း သိရှိလိုက်ပြီ ဖြစ်သည်။ ကြည့်ရသည်က မီးဖီးနစ်၏ တိုက်ခိုက်မှု ကျရှုံးပြီး နောက်တွင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ သူ စုဆောင်းထားသည့် မဟာမိတ် အင်အားကို ထုတ်သုံးတော့မည့်ပုံ ရသည်။ လွန်ခဲ့သည့် လပိုင်းအတွင်း ဝေ့ဝူယင် လေလွင့် ကျင့်ကြံသူများအား စုဆောင်းနေသည့် သတင်းကို သူလျှိုများမှ တစ်ဆင့် သူတို့လည်း သိရှိပြီး ဖြစ်သည်။
“ကောင်းပြီလေ... စကားပြောကြတာပေါ့...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက သဘောတူလိုက်၏။ အစစ်အမှန် မွေးဖွားခြင်း၏ လက်ရှိ ရည်ရွယ်ချက်မှာ ဝေ့ဝူယင်နှင့် ပြဿနာများကို ဆိုင်းငံ့ထားကာ အခြေစိုက် စခန်းကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရေး ဖြစ်သည်။ သို့သော်လည်း မီးဖီးနစ်၏ တိုက်ခိုက်မှု အပြီးတွင် သူတို့ဘက်မှ ထိခိုက် နစ်နာမှုများမှာ အလွန်တရာပင် များပြား လွန်းလှသည်။ သို့ဖြစ်လေရာ... သူတို့ အကြားရှိ ရန်ငြိုးရန်စကို သင်ပုန်းချေဖို့ရာ မဖြစ်နိုင်တော့ပြီ ဖြစ်သည်။
သူ့ခန့်မှန်းချက် အတိုင်း ဆိုပါက... အစစ်အမှန် မွေးဖွားခြင်းမှာ ဝေ့ဝူယင်ကို ပြင်းထန်စွာ ပြန်လည် တုန့်ပြန်ရန် စီစဉ် နေလောက်ပြီ ဖြစ်သည်။ အကယ်၍ ဖြစ်နိုင်ပါက ယခု ရပ်တန့်နေသည့် နေရာတွင် သတ်ပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ဝေ့ဝူယင်မှာ အလွန် ထူးချွန်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ သူ့ထံတွင် မီးဖီးနစ် တစ်ကောင် အပြင် အလွန် အစွမ်းထက်သည့် မြေကြီး ရှန့်ထို နှစ်ယောက်လည်း ရှိသည်။ ထိုကဲ့သို့ ရန်သူတစ်ဦးကို အသက်ရှင်ခွင့်ပြုထားခြင်းက အလွန်ပင် အန္တရာယ် များလှသည်။
သို့သော်လည်း... လက်ရှိ၌ အစစ်အမှန် မွေးဖွားခြင်း ဝင်္ကပါမှာ အတော်လေး ပါးလွှာ နေခဲ့ပြီ ဖြစ်သည်။ မီးဖီးနစ်သာ ဆက်လက် တိုက်ခိုက်ပါက မကြာခင် ကျိန်းသေ ပြိုကျသွားပေတော့မည်။ ဝေ့ဝူယင်က ဆက်လက် တိုက်ခိုက်ခြင်း မပြုပဲ အချိန်ဆွဲလိုနေလေရာ ထိုအရာက သူတို့ အတွက် အခွင့်အရေး ဖြစ်သည်။ ဝေ့ဝူယင်၏ စစ်ကူများ ရောက်မလာခင် အချိန်အတွင်း သူတို့ဘက်မှလည်း စီစဉ်စရာ ရှိသည်များကို စီစဉ်ရမည် ဖြစ်သည်။
“ကောင်းတယ်...”
ဝေ့ဝူယင်က လက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်၏။
“အမှန်အတိုင်း ပြောရရင် ကျုပ်မှာ ခင်ဗျားတို့ကို မေးစရာတွေ ရှိတယ်ဗျ... ကျုပ် စိတ်ထဲ မရှင်းမလင်း ဖြစ်နေတာလေးတွေပေါ့... ကျုပ် စိတ်ရှင်းမှပဲ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းကို စနိုင်လိမ့်မယ်... အဲ... ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းထက် ငြိမ်းချမ်းရေး လျော်ကြေး ဆွေးနွေးဝိုင်းလို့ပဲ သုံးရင် ပိုသင့်တော်လိမ့်မယ် ထင်တယ်”
ဝေ့ဝူယင်က သူ့ကိုယ်သူ အောင်နိုင်သူ တစ်ယောက်လိုမျိုး ဆောင့်ကြွားကြွား အမူအရာဖြင့် ဆိုလိုက်၏။
“...”
မျက်နှာဖုံးတပ် ကျင့်ကြံသူမှာ ဒေါသထွက် သွားသည့်တိုင်အောင် ထိုအမူအရာကို မပေါ်အောင် ထိန်းထားလိုက်သည်။ တကယ်တမ်း ဆိုလျှင်... မီးဖီးနစ်ကြောင့် အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်က အစစ်အမှန် မွေးဖွားခြင်းသာ ဖြစ်သည်။ လျော်ကြေးပေးကြစတမ်း ဆိုလျှင် ဝေ့ဝူယင်ဘက်က ပေးရမည်သာ ဖြစ်သည်။
“ငြိမ်းချမ်းရေး လျော်ကြေး ဆွေးနွေးဝိုင်း ဟုတ်လား...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက ဖြည်းညင်းစွာပင် စကားစလိုက်၏။
“ကျုပ်တို့ဘက်က ဖြစ်ပျက်ခဲ့သမျှကို သင်ပုန်းချေပေးလို့တော့ ရပါတယ်... ဒါပေမဲ့... ဒီလို အခြေအနေမျိုးတွေ ကြုံပြီးတာတောင် လျော်ကြေး ထပ်ပေးရဦးမည် ဆိုတာကတော့ နည်းနည်း ကျိုးကြောင်း ဆီလျော်ရာ မကျဘူး မလား... အဂ္ဂိရတ် အာဏာရှင်ဝေ့...”
ဝေ့ဝူယင်က အပြစ်ကင်းစင်သည့် အမူအရာဖြင့် မျက်နှာဖုံးတပ် ညှိနှိုင်းသူကို ကြည့်လိုက်၏။
“ထားပါလေ... ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ ခင်ဗျားတို့ နှလုံးသားမဲ့ဂိုဏ်း... အဲလေ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း ညှိနှိုင်းချင်လား မညှိနှိုင်းချင်ဘူးလား ဆိုတဲ့ အပေါ် မူတည်တာပေါ့... ကျုပ်နေရာကနေ ဝင်ကြည့်စမ်းပါ... ကျုပ်ရှေ့မှာ ပုရွက်ဆိတ်သိုက် တစ်ခု ရှိနေတယ်... အဲဒီ အသိုက်ကို လွယ်လွယ်နဲ့ ကြိတ်ချေပြီး အထဲက ရတနာတွေကို ယူလို့လည်း ရတယ်... ဒီလို အခြေအနေမျိုးမှာ ကျုပ်ဘက်က ညှိနှိုင်းခွင့် ပေးတာတောင် အလွန်ကြီးဖြစ်နေပြီ”
"..."
အားလုံး၏ အမူအရာများက ဆွံ့အသွားကြ၏။ ဝေ့ဝူယင်က အစစ်အမှန် မွေးဖွားခြင်းကို ပုရွက်ဆိတ်သိုက်နှင့် ခိုင်းနှိုင်းနေသည်လား။ တကယ့်ကို မောက်မာလွန်းသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ အင်ပါယာ မျိုးနွယ် ပင်လျှင် အစစ်အမှန် မွေးဖွားခြင်းကို ပုရွက်ဆိတ်သိုက်နှင့် ခိုင်းနှိုင်းရဲခြင်း မရှိပါချေ။
သို့သော်လည်း... ဝေ့ဝူယင်ကတော့ တကယ်ကြီး ဆော်နေချေပြီ ဖြစ်သ်ည။ သူက အစစ်အမှန် မွေးဖွားခြင်းကို ဘာဆိုဘာမှ မဟုတ်သည့် အင်အားစု တစ်ခု အဖြစ် ထင်နေသည်လား။
“ငါတို့ကို ပုရွက်ဆိတ်လို့ မင်းက တွေးနေတယ်ပေါ့ ဟုတ်လား...”
မျက်နှာဖုံးတပ် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က ဟိန်းဟောက် လိုက်၏။ သူ့ မျက်လုံးများက အချစ်ရဆုံး ဇနီးမယားလေးအား ကြာခိုနေသည့် လင်ငယ် တစ်ယောက်လို ဝေ့ဝူယင်ကို ဒေါသတကြီး စိုက်ကြည့် နေခဲ့သည်။
ဝေ့ဝူယင်က သူ့ကို တစ်ချက်မျှ လှည့်မကြည့်ပါချေ။ သူ၏ အမူအရာက ထိုသေမျိုးတစ်ပိုင်း အရှင်ကို ပုရွက်သိုက်ထဲမှ ခပ်ကြီးကြီး ပုရွက်ဆိတ် တစ်ကောင်လောက်သာ သဘောထားနေသည့်ဟန် ရသည်။ သူက မျက်နှာဖုံးတပ် ညှိနှိုင်းသူကိုသာ ကြည့်ကာ မေးလိုက်၏။
“ဒါနဲ့ မင်းတို့ရဲ့ လျှို့ဝှက် အစီအရင်က အတော်လေးတော့ အကြမ်းခံသားပဲ... ဒီငါးမြှောင့်ကြယ်ကို သိမ်းဖို့ ဘယ်လောက်တောင် အချိန်ယူ စီစဉ်ထားတာလဲ”
“...”
သေမျိုးတစ်ပိုင်း အရှင်၏ အမူအရာက ပြိုကျတော့မလို မှောင်မည်းသွား၏။ သေမျိုး တစ်ယောက်က သူ၏ စကားကို လျစ်လျူခြင်း... ၎င်းက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အတွက်တော့ အကြီးကျယ်ဆုံးသော အရှက်ရမှု ဖြစ်သည်။ အကယ်၍ မီးဖီးနစ်သာ မရှိပါက သူ ဝေ့ဝူယင်ထံ ပြေးဝင်ကာ သတ်ဖြတ် နေလောက်ပြီ ဖြစ်လေသည်။
***