ကောင်းမွန်သည့် စကားဝိုင်း (၂)
Vol. 90 Ch. 1259
"အဲဒါက ခင်ဗျားရဲ့ မေးခွန်းလား...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက မေးလိုက်၏။ သူက စကားဝိုင်းအား ရသလောက် ဆွဲဆန့်ချင်နေသည်မှာ ထင်ရှားလှသည်။
“မေးခွန်းတွေထဲက တစ်ခုပေါ့”
ဝေ့ဝူယင်က အေးအေးဆေးဆေးပင် ပြန်ဖြေ လိုက်သည်။
"ခဏလောက်ပါပဲ...”
မျက်နှာဖုံးတပ်က မရေမရာပင် ဖြေလိုက်၏။ ဝေ့ဝူယင် ထပ်မံ ဖိအားပေးခြင်း မရှိပါချေ။ ခေါင်းကိုသာ ညိတ်ကာ အစီအရင်ကို အကဲခတ် လိုက်၏။ ၎င်းမှာ စက္ကန့်နှင့် အမျှ ပြန်လည် ကောင်းမွန် လာနေခဲ့ပေသည်။ ခန္ဓာကိုယ် အသစ် တည်ဆောက်ပြီး နောက်တွင် ဝေ့ဝူယင်၏ သာမန် အမြင်အာရုံကပင်လျှင် ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ပေါင်းစပ်ထားသရွေ့ လျှို့ဝှက် စွမ်းအင်များ လျှို့ဝှက် အမတေများကို မြင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းက အံ့မခန်း အဆင့် မြှင့်တင်မှု တစ်ခု ဖြစ်သလို အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှ ချီးမြှင့်ထားသည့် အကျိုးအမြတ်ပေါင်း များစွာထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
“ဘာလို့ အခုမှလဲ...”
ဝေ့ဝူယင် မေးလိုက်၏။ ၎င်းက မရေမတွက်နိုင်သည့် လူများ သိချင်နေသည့် မေးခွန်းလည်း ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်းမှာ နှစ်ပေါင်းများစွာ တိုင်အောင် အရိပ်များထဲတွင်သာ လှုပ်ရှားခဲ့ကာ သူတို့ကိုယ် သူတို့ အမြဲတမ်း ဖုန်းကွယ် နေခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ ရုတ်ချည်း ထွက်ပေါ်လာကာ အခြေစိုက် စခန်း တစ်ခုကို ကောက်ခါငင်ခါ တည်ဆောက်ခဲ့သည်။ အဘယ်ကြောင့်နည်း။
မျက်နှာဖုံးတပ် ညှိနှိုင်းသူက ရိုးရှင်းစွာပင် ပြန်လည် ဖြေလိုက်၏။
“အချိန်ကျလို့ပါ”
“မင်း သိရော သိလို့လား...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ အဆင့်အတန်းကို ကပျက်ကချော် လုပ်လိုက်သည်။
“ငါပြောချင်တာက ဒီလို... မင်းက အစစ်အမှန် မွေးဖွားခြင်း ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာ မသိပဲ ညှိနှိုင်းရုံ သက်သက် ဒီကို ရောက်လာတာလား လို့”
"ကျုပ်...”
"ထားပါ ထားပါ... ရှင်းပြဖို့ မလိုပါဘူး... ကျုပ် ခက်ခက်ခဲခဲတွေ မမေးတော့ဘူး... ခင်ဗျား ပြင်ဆင်ထားလောက်တဲ့ မေးခွန်းလေးတွေပဲ မေးတော့မယ်”
ဝေ့ဝူယင်က အရေးမစိုက်ဟန်ဖြင့် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
“မေးပါ...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ စကားဝိုင်းကို ဦးဆောင်နေသည့် ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် အံ့သြ သွားမိသည်။ ထိုလူငယ်၏ အသက်အရွယ်နှင့် ပတ်သက်သည့် ကောလဟလများမှာ အမှန်တကယ် မဟုတ်နိုင်ဟုပင် သူ သံသယ ဝင်လာမိ၏။
"ကျုပ် ယွီစွန်းလီ အကြောင်းပဲ မေးတော့မယ်...”
ဝေ့ဝူယင်က ဆိုလိုက်၏။ ထိုအခိုက်တွင်ပင် သူ၏ ငွေရောင် မျက်လုံးများက အေးစက်စက် အလင်းတစ်ခုနှင့် တောက်ပသွားသည်။ ၎င်းမှာ ငရဲမှ ဆင်းသက်လာသလို စိတ်နှလုံးတစ်ခုလုံး တုန်လှုပ် ချောက်ချားဖွယ် ကောင်းလွန်း လှ၏။
“ယွီစွန်းလီ...”
ထျန်းလင်းယု၏ မျက်လုံးများက အနည်းငယ် လှုပ်ရှား သွားခဲ့၏။ ယွီစွန်းလီမှာ လွန်ခဲ့သည့် မျိုးဆက်တွင် နံပတ်တစ် အလှမယ် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့နောက်... သူမမှာ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့ကာ နှစ်ပေါင်းငါးရာကြာမှ ပြန်လည် ပေါ်လာခဲ့သည်။ ထိုဖြစ်ရပ်က မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့ကာ များလှစွာသော ရွေးချယ်ခံများ၊ ပါရမီရှင်များ၊ တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များကိုပင် အခမ်းအနားများ ကျင်းပစေခဲ့သည်။
“ယွီစွန်းလီ...”
ဧကရီ ရှောင်ချွမ်း၏ မျက်လုံးများကတော့ နားလည် သဘောပေါက်သည့် အလင်းတန်း တစ်ချို့နှင့် ပြည့်နှက် သွားခဲ့သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်တုန်းက အဂ္ဂိရတ် အာဏာရှင်ဝေ့ဟာ သူ့ ချစ်သူပါ ဆိုပြီး ယွီစွန်းလီက ကြေညာခဲ့သေးတယ်... ငါ မှတ်မိသလောက် ဆိုရင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ ရှိတဲ့ အရိပ်ဥကို မီးဖီးနစ်နဲ့ နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုတို့ တိုက်ခိုက်ပြီး လပိုင်းလောက် အတွင်းမှာပဲ”
ထျန်းမူယန်က ခေါင်းညိတ်လိုက်၏။
“ဝိညာဉ် ဖျက်ဆီးခြင်း ရှန့်ထိုရဲ့ သမီးမလား... ကျုပ် မှတ်မိပြီ”
ကုန်းရီက မျက်မှောင်ကြုတ် လိုက်သည်။
“ဒါဆိုရင် ဒီစစ်ပွဲကြီး တစ်ခုလုံးက မိန်းကလေး တစ်ယောက် အတွက်ပဲလား... ဘယ်လောက်တောင် ကလေးဆန်လိုက်သလဲ”
ဧကရီ ရှောင်ချွမ်း၏ စကား အသွားအလာ အရ ဆိုလျှင် ယွီစွန်းလီမှာ အစစ်အမှန် မွေးဖွားခြင်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့လိမ့်မည်။ သူမ ကြောင့်ပင် ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
‘ကောင်းကင် ဧကရာဇ်ကုန်း... ခင်ဗျား သူ့ကို အရင်က မြင်ဖူးလား”
ထျန်းလင်းယုက ကုန်းရီကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း မေးလိုက်၏။
“မမြင်ဖူးဘူး...”
ကုန်းရီက ပြန်ဖြေလိုက်၏။ သူက ကောင်းကင် ဧကရာဇ် တစ်ယောက် ဖြစ်ကာ အသက်ဝါအားဖြင့် အလွန် ကြီးရင့်သူ ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ကျင့်ကြံခြင်းတို့မှာ ထိပ်တန်း အဆင့်၌ ရှိသည်။ သူ့လို လူတစ်ယောက်က အသက် တစ်ထောင်လောက်သာ ရှိသေးသည့် မိန်းမငယ်လေး တစ်ယောက်ကို အဘယ်ကြောင့် ဂရုစိုက်မည်နည်း။ သူမ ကျော်ကြားရသည့် အကြောင်းရင်းမှာ မိခင် ဖြစ်သူနှင့် အလှအပတို့ ကြောင့်သာ ဖြစ်သည်။
"တိုင်းပြည်ဖျက်နိုင်တဲ့ အလှပိုင်ရှင် ဆိုတဲ့ ခေါင်းစဉ် နောက်မှာ အမှန်တရား တစ်ချို့ ရှိတယ်...”
ဧကရီ ရှောင်ချွမ်းက အရိပ်အမြွက် အပြုံး တစ်ခုဖြင့် ပြောလိုက်၏။ ကုန်းရီ သူမကို ငေးကြည့်ရင်း အနည်းငယ် ဆွံ့အသွားသည်။ ယွီစွန်းလီမှာ တိုင်းပြည်ဖျက်နိုင်သည့် အလှပိုင်ရှင် ဆိုလျှင် သူမ ကိုယ်တိုင်ကတော့ ကြယ်ကွင်းပြင်ကိုပင် ဖျက်ဆီးနိုင်သည့် အလှပိုင်ရှင် ဖြစ်ပေလိမ့်မည်။ အကယ်၍ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ဇနီး မယားသာ မဟုတ်ပါက တစ်လောကလုံးရှိ ယောက်ျားသားပေါင်းများစွာမှာ သူမကို ရရှိရန် အတွက် တိုက်ပွဲများ ဆင်နွှဲနေလောက်ပြီ ဖြစ်သည်။
ကောင်းကင် နတ်ဘုရား အင်ပါယာ အကြောင်း တွေးတောရင်း ထျန်းမူယန် တစ်ယောက် မနာလိုသည့် ခံစားချက်များကို ခံစားလိုက်ရသည်။ သူက ဘာတွေ လိုအပ်ခဲ့သနည်း။ အမြင့်ကို ရောက်ရှိလိုသည့် ဆန္ဒက ပိုမို၍ ကျွမ်းလောင်လာခဲ့၏။ တစ်နေ့၌ သူ ကိုယ်တိုင်လည်း အရာအားလုံးကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လာနိုင်လိမ့်မည် ဖြစ်သည်။
မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ ဝေ့ဝူယင်၏ မေးခွန်းကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ဟန်နှင့် ခေါင်းညိတ် လိုက်၏။ ထို့နောက် သူက မသေချာ မရေရာဟန်ဖြင့် ဆိုလိုက်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ဘက်က ဒီကိစ္စကို လျှို့ဝှက်ချက် တစ်ခု အနေနဲ့ ဆွေးနွေးချင်လား...”
လက်ရှိ၌ သူတို့မှာ ဝိညာဉ်စွမ်းအင်ကို သုံး၍ ဆက်သွယ် နေကြခြင်း ဖြစ်သည်။ သန်မာသည့် ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားသူတိုင်း ဝိညာဉ်လှိုင်းများကို အလွယ်တကူ ဖမ်းယူကာ နားထောင်နိုင်ပေသည်။
“မလိုဘူး...”
ဝေ့ဝူယင်က သာမန်ပင် အဖြေပေးလိုက်၏။ ယွီစွန်းလီနှင့် သူ့ အကြားရှိ ပတ်သက်မှုများကို ဖွင့်ဟခဲ့ပြီး ဖြစ်လေရာ တစ်လောကလုံး ထပ်မံ သိသွားလည်း ကိစ္စမရှိပါချေ။
"ကောင်းပြီလေ...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက ခေါင်းညိတ် လိုက်သည်။
“ယွီစွန်းလီက ကျုပ်တို့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ မြေကြီး ရှန့်ထို တစ်ယောက်ရဲ့ ဇနီးလောင်းပဲ... မိန်းကလေးယွီ အကောင်းဆုံး ကျင့်ကြံခြင်း အခြေခံနဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်နိုင်ဖို့ သူက အများကြီး ရင်းနှီး မြှုပ်နှံခဲ့တယ်... ကျုပ်တို့ အဖွဲ့အစည်းအရဲ့ အကောင်းဆုံး ရင်းမြစ်တွေကို သုံးပေးခဲ့တယ်... ဆိုတော့ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်... ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ဟာကို ပြန်ယူတာပဲ”
“ဪ...”
ဝေ့ဝူယင်က လှောင်ပြုံး ပြုံးလိုက်သည်။
“မင်းတို့ ရင်းနှီး မြှုပ်နှံထားတယ် ဆိုတာက ယင်သွေးကြောကို ပြောတာတော့ မဟုတ်ဘူး မလား”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက ပခုံးတွန့် ပြလိုက်၏။
“ခင်ဗျား ခေါ်ချင်သလို ခေါ်နိုင်တယ်... ဘာပဲ ဖြစ်ဖြစ် အဆုံးသတ်မှာ ကျုပ်တို့ သူ့ ဆုံးဖြတ်ချက်ကို လေးစားခဲ့တာပဲ မလား... ကျုပ်တို့ သူ့ကို နောက်ထပ် တစ်ကြိမ် ထပ်တိုက်ခိုက်ခဲ့လား.. မတိုက်ခိုက်ခဲ့ဘူးလေ”
“ငါ့အမြင်အရ ပြောရရင် မင်းတို့ အဖွဲ့အစည်းက ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့လို့ မတိုက်ခိုက်ခဲ့တာပါ...”
အစစ်အမှန် မွေးဖွားခြင်းနှင့် စကားပြောရာ၌ ဝေ့ဝူယင်မှာ လေးစားမှု ဆိုသည့် အစိတ်အပိုင်းကို ဖျောက်ဖျက် ထားလိုက်ပြီ ဖြစ်သည်။ ချိပ်ပိတ် အစီအရင်အား ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် အပေါ် ကောင်းသည်၊ ဆိုးသည် မဝေဖန်လိုသည့်တိုင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် သူတို့ ကျုးလွန်နေသည့် အမှုကိစ္စများက မိစ္ဆာများထက်ပင် ဆိုးရွားလွန်းသည်။ ထိုကဲ့သို့သော လူများ အပေါ် လေးစားမှု ပေးရန် မလိုဟု ဝေ့ဝူယင် ခံစားရသည်။
***