ရိုသေသမှုပြရမယ်
Vol. 9 Ch. 110
“ရှင်က အဲ့ဒီ ‘စုန်းမ’ အကြောင်းကို အများကြီး သိပုံရတယ်”
ကလေးမလေးက စကားလုံးတစ်လုံးကို အထူးအလေးပေးကာ ပြန်ဖြေလိုက်သည်။
“သိပ်မသိပါဘူး သူမအကြောင်းကို နဲနဲပါးပါးပဲ ဖော်ပြထားတယ်”
အာရန်သည် သူ့ခေါင်းကို ပြန်ကုတ်လိုက်လေသည်။
မဟာအကြီးအကဲ ဇီယာသည် အရေးပါသော ဇာတ်ကောင်တစ်ဦးဖြစ်သော်လည်း ဝတ္ထုထဲတွင် သူမအကြောင်းကို အနည်းငယ်သာ ဖော်ပြထားလေသည်။
သူမပါဝင်သည့် အခန်းများမှာ အလွန်နည်းပါးလွန်းသောကြောင့် စာရေးဆရာက သူမကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင်ထင်ရပြီး သူမ၏ ရုပ်ရည်ကိုပင် ဝတ္ထုထဲတွင် ဖော်ပြထားခြင်းမရှိခဲ့ပါ။
သူမ၏ အမည်ကိုသာ အကြိမ်အနည်းငယ်ခန့် ဖော်ပြထားခဲ့လေသည်။
“ နဲနဲပါးပါးပဲ ဖော်ပြထားတယ် ဟုတ်လား”
ကလေးမလေးသည် တစ်စုံတစ်ခုကို မှတ်မိရန် ကြိုးစားရင်း မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် သူမ မည်မျှပင် စဉ်းစားစေကာမူ အဖြေကို မရနိုင်ခဲ့ပါ။
“ဒါနဲ့ ရှင်က ဘယ်သူလဲ” သူမက မေးလိုက်လေသည်။
“ကလေးမလေး မင်းကို အကိုစောစောက
ပြောတာကို မေ့သွားတာလား အခုက စကားပြောနေရမယ့်အချိန်ကောင်း မဟုတ်ဘူး မင်း တစ်ခုခု လိုအပ်ရင် တောင်အောက်ကို ဆင်းပြီး အဂ္ဂိရတ်ခန်းမကို သွားလိုက်ပါ အဲဒီ စုန်းမက မင်း ဘယ်လောက် တောင်းပန်တောင်းပန် ပြန်ကူညီမှာ မဟုတ်ဘူး”
အာရန်သည် ကလေးမလေးနှင့် ခြံဝင်းကို ဟိုသည် ကြည့်နေခဲ့သည်။
သူမသည် မဟာအကြီးအကဲထံမှ အကူအညီရယူရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ဤကလေးမလေးအား အခက်အခဲ မဖြစ်စေလိုပါ။
အထူးသဖြင့် ၎င်းသာပြသနာဖြစ်ပါကထိုအရာသည် သူ့အားပင် ထိခိုက်စေနိုင်သောကြောင့် ဖြစ်လေသည်။
မဟာအကြီးအကဲ ဇီယာသည် စိတ်အပြောင်းအလဲမြန်သူ ဖြစ်လေသည်။
ဤကလေးမလေးကြောင့် သူမ၏ စိတ်အခြေအနေ ညစ်နွမ်းသွားပါက သူ့ကိုလည်း ငြင်းပယ်ကောင်း ငြင်းပယ်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် ဤကလေးမလေးကို မောင်းထုတ်ရမည်သာဖြစ်လေသည်။
“တကယ်လို့ အဂ္ဂိရတ်ခန်းမက မင်းကို အခက်အခဲတွေ့စေရင် အကြီးအကဲ ရန်က မင်းကို လွှတ်လိုက်တယ်လို့သာ ပြောလိုက်ပါ သူတို့က မင်းကို တတ်နိုင်သမျှ အကူအညီပေးကြလိမ့်မယ်”
“အကြီးအကဲ ရန် ဟုတ်လား”
ကလေးမလေးသည် အာရန်ကို အပေါ်အောက်သေခြာစွာ လေ့လာလိုက်သည်။
“ရှင့်အကြောင်း ကြားဖူးသလိုလိုပဲ ဖန်းယု ခေါ်လာတဲ့ ဂိုဏ်းကို အသစ်ရောက်လာတဲ့ ဟိုအကြီးအကဲ မဟုတ်လား”
“အဟွတ်…မင်း ဘာပြောလိုက်တာလဲ”
ကလေးမလေး ပြောသည်ကို ကြားသောအခါ အာရန်သည် သူ၏ ချောင်းဆိုးမိခြင်းကို မထိန်းနိုင်ခဲ့ပါ။
ကလေးမလေးသည် မိစ္ဆာဂိုဏ်းချုပ်ကိုပင် သူမ၏ နာမည်တပ်၍ ခေါ်နေခြင်းဖြစ်လေသည်။
ဤကလေးမလေးသည် နည်းနည်းလေး ဉာဏ်ရည်မမှီသူလေးများ ဖြစ်နေမလားဟုပင်တွေးမိလိုက်သည်။
တပည့်တစ်ဦးအနေဖြင့် သူမသည် သူမရှိမနေသင့်သော နေရာတွင် ရှိနေမိရုံသာမကသေးပဲ မိစ္ဆာဂိုဏ်းချုပ်နာမည်ကိုပင် ထိုကဲ့သို့ တိုက်ရိုက်ခေါ်နေသည်တဲ့လား။
သူမ၏လုပ်ရပ်သည် မည်မျှ အန္တရာယ်ရှိကြောင်းကိုပင် သူမ မသိတာလား။
အာရန်သည် ကလေးမလေးအား စကားပြောဆိုရာတွင် သတိထားပြောရန် သွန်သင်ပေးရန် ပြင်လိုက်စဉ် သူ စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရလေသည်။
အာရန်သည် လျင်မြန်စွာပင် တုံ့ပြန်လိုက်မိပြီး ကလေးမလေးကို သူ၏ နောက်ဘက်တွင် ဝှက်ထားလိုက်လေသည်။
မဟာအကြီးအကဲ ဇီယာ ထွက်လာခြင်းများ ဖြစ်နေမလားဟု တွေးမိလိုက်လေသည်။
သို့သော်ကံကောင်းထောက်မစွာဖြင့် ကလေးမလေး၏ သေးငယ်သော ခန္ဓာကိုယ်ကြောင့် သူ၏ နောက်တွင် ဝှက်ထားနိုင်ခဲ့လေသည်။
“အော် မင်းကို”
ရှုယင်ကို မြင်သောအခါမှသာ အာရန်သည် သက်ပြင်းချလိုက်နိုင်လေသည်။
ကံကောင်းစွာဖြင့် ဤအိမ်၏ ပိုင်ရှင်သည် ထွက်မလာခဲ့ပေ။
“သူမက ကိုယ့်ကို ကူညီဖို့ သဘောတူခဲ့ရဲ့လား” အာရန်က ဆီး၍ မေးလိုက်သည်။
ရှုယင်က ပြန်လည်ခေါင်းခါပြလိုက်သည်။
“သူမက အိမ်မှာ မရှိဘူး ကျွန်မတို့ စောင့်ရလိမ့်မယ် ဒါမှမဟုတ် အဂ္ဂိရတ်ခန်းမမှာ သူမကို သွားရှာကြည့်ကြမလား သူမက ဂိုဏ်းအပြင်ဘက်ကို ရောက်မနေဖို့တော့ တကယ်မျှော်လင့်ပါတယ်”
“ဂိုဏ်းအပြင်ဘက်ကို ဟုတ်လား”
အာရန်သည် သူ၏ ဖီးနစ်ငှက်အတွက် အကူအညီ ရနိုင်လိမ့်မည်ဟု တွေးထားခဲ့လေသည်။
သို့သော် ထိုအမျိုးသမီးသည်သာ ဂိုဏ်းပြင်ပတွင် ရောက်ရှိနေပါက အတော်ဆိုးရွားပေလိမ့်မည်။
ဂိုဏ်းအတွင်းမှာ သူမကို မတွေ့နိုင်လျှင် စောင့်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ဒါဆိုရင် ကိုယ်တို့ အဂ္ဂိရတ်ခန်းမကို ခဏထပ်သွားရှာကြည့်ကြတာပေ့ါ” အာရန်သည် အကောင်းမြင်ရန် ကြိုးစားရင်း ထိုအကြံအား သဘောတူလိုက်လေသည်။
“ကလေးမရေ အကိုတို့ အဂ္ဂိရတ်ခန်းမကို သွားမှာဆိုတော့ မင်းလည်း အကိုတို့နဲ့ အတူလိုက်ခဲ့ချင်လား”
အာရန်သည် ကလေးမလေးကို ပြောရင်း နောက်သို့လှည့်လိုက်လေသည်။
“ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ”
အာရန်၏ နောက်တွင် ရှိသောကလေးမလေးကို မမြင်နိုင်သောကြောင့် ရှုယင်က လှမ်း၍ မေးလိုက်သည်။
“အာ မင်း သူ့ကို သိမှာ မဟုတ်ပါဘူး ဒီနေရာမှာ မရှိနေသင့်တဲ့ သာမန် ကလေးတပည့်တစ်ယောက်ပါ”
အာရန်သည် ရှုယင်ကို ပြန်ကြည့်ရင်း ဘေးသို့ ဖယ်ပေးလိုက်သည်။
အာရန်သည် တစ်စုံတစ်ခုကို အထင်မှားနေမိကြောင်း ယခုထိ မသိရှိသေးပေ။
သူဖတ်ခဲ့သော ဝတ္ထုထဲတွင် မဟာအကြီးအကဲ ဇီယာအကြောင်းကို များများစားစား မဖော်ပြထားသော်လည်း သူမအကြောင်း တစ်ခုကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြထားလေသည်။
သူမ၏ ခြံဝင်းသို့ တပည့်များနှင့် အကြီးအကဲအချို့ပင် သူမ၏ အကူအညီကို တောင်းခံရန် မျှော်လင့်ချက်ဖြင့် မကြာခဏ ချဉ်းကပ်လာလေ့ရှိကြသည်ဟု ဆိုထားသည်။
သို့သော် သူမဆီမှ အကူအညီကိုတကယ် ရရှိသည့် အရေအတွက်မှာ မူ အလွန်နည်းပါးလွန်းလှသည်။
အတင်းအကျပ် ကြိုးစားသော တပည့်အချို့သည် အဂ္ဂိရတ်ခန်းမသို့ ဝင်ထွက်ခွင့်ကိုပင် တားမြစ်ခံရခြင်း သို့မဟုတ် အဆင့်လျှော့ချခံရခြင်းများပင် ပြုလုပ်ခံရတတ်လေ့ရှိသည်။
အကြီးအကဲများအတွက်ဆိုလျှင်လည်း ဆေးဝါးရရှိမှု လျှော့ချခြင်းစသည့် အခြားပုံစံများဖြင့် အဂ္ဂိရတ်ခန်းမမှ အပြစ်ပေးခံရလေ့ရှိသည်။
အာရန်သည် ဝတ္ထု၏ ထိုအပိုင်းကို မှတ်မိနေပြီး အလားတူ အခြေအနေတစ်ခုဟု ထင်ခဲ့မိခြင်းဖြစ်သည်။
သူသည် အကြီးအကဲတစ်ဦးအနေဖြင့် ဤနေရာတွင် ခွင့်ပြုချက်မရှိဘဲ ရောက်ရှိနေခြင်းဖြစ်လေသည်။
ဤမိန်းကလေးသည် တပည့်တစ်ဦးအနေဖြင့် ဤနေရာတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ဝတ္ထု၏ ထိုအပိုင်းကို အမှန်တကယ် ဖြစ်လာစေခဲ့ပြီဖြစ်သည်။
“ဒါက...”
အာရန် ဖယ်ပေးလိုက်သည်နှင့် ရှုယင်သည် လုံး၀အံ့အားသင့်သွားခဲ့လေသည်။
သူမသည် ရှင်းပြရန် နှုတ်ခမ်းကို ဖွင့်လိုက်မိသော်လည်း သူမသာ ကြားနိုင်သော အသံတစ်ခုသည် သူမ၏ ဦးခေါင်းအတွင်းတွင် ပေါ်လာခဲ့လေသည်။
“နင် သူ့ကို တစ်ခုခုပြောလိုက်ရင် ငါ့အကူအညီကို သူရတော့မှာ မဟုတ်ဘူး”
“နင့်ရဲ့ အစစ်အမှန် ပုံစံကို ဘာလို့ သူ့ကို မပြောပြတာလဲ”
ရှုယင်က စိတ်ဖြင့်ပင်ပြန်ဆက်သွယ်၍ မေးလိုက်သည်။
သူမသည် အာရန်ထံမှ မည်သည့်အရာကိုမျှ မဖုံးကွယ်လိုနေခဲ့ပါ။
အကြောင်းမှာ သူမသည် သူ့ကို လှည့်စားနေသကဲ့သို့ ခံစားရသောကြောင့်ဖြစ်သည်။
သို့သော် သူသည် ဇီယာ ၏ အကူအညီကို လိုအပ်နေလေသည်။
အာရန်၏ အကျိုးအတွက် သူမသည် ထိုကလေးမ၏ စကားကိုသာ နားထောင်ရန်တတ်နိုင်ပြီး သူမပင်လျှင် ထိုကလေးမအား အတင်းအကျပ် စေခိုင်း၍ မရနိုင်ပါ။
သူတို့နှစ်ဦးစလုံးသည် မဟာအကြီးအကဲရာထူးချင်း တူညီနေကြပြီး တစ်ဦးကိုတစ်ဦး အတင်းအကျပ် ပြုလုပ်၍ မရနိုင်ပါ။
ဤမိန်းကလေးသည် အာရန်ထံမှ သူမ၏ အချက်အလက်အစစ်အမှန်ကို အဘယ်ကြောင့် ဖုံးကွယ်ထားရသည်ကို သူမ နားမလည်နိုင်ခဲ့ပါ။
သူမသည် ကလေးမလေးနှင့်တူသော်လည်း အမှန်တကယ်တွင် ရှုယင်ထက်ပင် အသက်ကြီးလေသည်။
သူမသည် အာရန် ရှာဖွေနေသော မဟာအကြီးအကဲဇီယာ ပင်ဖြစ်လေသည်။
သူမသည် ဂိုဏ်းတွင် အကြီးမြတ်ဆုံး အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သကဲ့သို့ သားရဲထိန်း တစ်ဦးလည်းဖြစ်သည်။
သူမသည် တိုက်ကြီးများစုပေါင်းပါဝင်သော အဂ္ဂိရတ်ပညာရှင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး သူမ၏ ရာထူးမှယလည်း နိမ့်ကျခြင်း မရှိပေ။
ဂိုဏ်းအတွင်း အရေးပါမှုအပိုင်းတွင်ယှဉ်မည်ဆိုပါက ဇီယာသည် ရှုယင်ထက် ပင်ပို၍ အရေးပါအရာရောက်သူတစ်ဦး ဖြစ်နေလေသည်။
“ငါ့ခွင့်ပြုချက်မရှိဘဲ နင်က ဘာလို့ လူတစ်ယောက်ကို ငါ့အိမ်ကို ခေါ်လာရတာလဲ နောက်ပြီး ငါကြားတာသာ မမှားဘူးဆိုရင် နင်က သူ့ကြောင့်ပဲ နေအိမ်အကျယ်ချုပ် ကျခံနေရတာ မဟုတ်ဘူးလား”
“ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး နင့်ဆီကို အကူအညီတောင်းဖို့ လာတာပါ တကယ်လို့ နင်က ငါ့ကို ကူညီမယ်ဆိုရင် နင် အချိန်အကြာကြီး လိုချင်နေခဲ့တဲ့အရာကို ငါပေးမယ်”
ရှုယင်နှင့် ဇီယာသည် သူတို့၏ အတွေးများဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ် စကားပြောဆိုနေကြလေသည်။
“ဝိညာဉ်ဆေးပင် ဟုတ်လား ငါ မလိုတော့ဘူး ငါ ရှာတွေ့ပြီးပြီ”
ဇီယာက သူမ၏ အတွေးများဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် သူမ ပြောပြီးသည်နှင့် တစ်စုံတစ်ယောက်၏ လက်က သူမ၏ ခေါင်းပေါ်တွင် ရှိနေသည်ကို ခံစားလိုက်ရသည်။
“ညီမလေးရေ မင်းရဲ့ ယဉ်ကျေးမှုတွေကဘယ်မှာလဲ မဟာအကြီးအကဲတစ်ယောက်ကို ရိုသေမှုပြရမယ်ဆိုတဲ့ အခြေခံအချက်လေးတောင် မင်းမသိဘူးလား”
သူမသည် မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိမီ အာရန်သည် သူမ၏ ခေါင်းကို ဖိချလိုက်ပြီး သူမကို ရှုယင်အား ဦးညွှတ်စေလိုက်သည်။
ရှုယင်သည် သူမ၏ မေးရိုးများ ပြုတ်ကျတော့မတတ်ပင် ဖြစ်သွားရလေသည်။
#Catfoot