မိသားစု
Vol. 9 Ch. 116
အာရန်သည် ထိုရုပ်သေး၏ ရုပ်ရည်ကို မအံ့ဩပဲမနေနိုင်တော့ပါ။
နတ်ဆိုးဝါးမြိုသူ၏အဆိုအရ ၎င်းသည် အသေးစိတ်အချက်အလက်များကို ဂရုတစိုက် ပြန်လည်ဖန်တီးထားသော သူနှင့်အလွန်နီးစပ်သော ပုံတူတစ်ခုလည်းဖြစ်လေသည်။
“အထင်ကြီးစရာ ကောင်းတယ် မဟုတ်လား”
နတ်ဆိုးဝါးမြိုသူသည် သူ၏ စွမ်းရည်များကို အလွန်ကောင်းမွန်စွာ ပြသလိုက်လေသည်။
ဤစွမ်းရည်အချို့သည် အာရန်ကိုပင် မနာလိုဖြစ်သွားစေခဲ့လေသည်။
အထူးသဖြင့် ရုပ်သေးဖန်တီးနိုင်သော စွမ်းရည်ဖြစ်လေသည်။
သူသည် ထိုကဲ့သို့သော အရာကိုသာ ပြုလုပ်နိုင်မည်ဆိုလျှင် ၎င်းသည် သူ့အတွက် အမှန်တကယ် အကျိုးရှိနိုင်လေသည်။
ကံမကောင်းစွာဖြင့် သူသည် ဤစွမ်းရည်ကို ရယူရန် မဖြစ်နိုင်တော့ပါ။
နတ်ဆိုးဝါးမြိုသူသည် အချိန်အတော်ကြာကတည်းက သတ်ဖြတ်ခံခဲ့ရပြီး မဟုတ်ပါလား။
နတ်ဆိုးဝါးမြိုသူ၏ နှလုံးသားကို ကောင်းမွန်နေသည့် အခြေအနေအတိုင်းသာ ရှာမတွေ့နိုင်ခဲ့ပါက ဤစွမ်းရည်များကို ရယူနိုင်ခြင်းသည် ဝေးကွာသော အိပ်မက်တစ်ခုမျှသာ ဖြစ်နေဦးမည်ဖြစ်လေသည်။
“ဒီမှာပဲ ဆက်ပြီးနေခဲ့ပါ မင်းရဲ့ပတ်လည်မှာ အကာအကွယ်လွှာတစ်ခုကိုလည်း ငါ ဖန်တီးပေးထားခဲ့မယ် မင်း လှုပ်လှုပ်ရွရွမလုပ်သ၍ ဘယ်သူမှ မင်းကို ရှာတွေ့နိုင်မှာမဟုတ်ဘူး”
“ငါက အဲဒီ အရူးတွေကို မြှားခေါ်သွားပြီး ဘေးကင်းတယ်လို့ မင်း ထင်တဲ့အခါမှသာ ဒီက ထွက်ခွာဖို့ ကြိုးစားရမယ်”
“မင်းက ဒီနေရာကနေ အောင်မြင်စွာ ထွက်ခွာပြီးရင် တောင်ပိုင်းတိုက်ကြီးကို သွားပြီး သူရဲကောင်းအကယ်ဒမီထဲကို ဝင်သင့်တယ် အဲဒီလက်စွပ်က မင်းမှာ သွေးမျိုးဆက်တစ်ခုရှိနေတယ်လို့ သူတို့ကို ယုံကြည်သွားအောင် လှည့်စားဖို့ လုံလောက်လိမ့်မယ်”
“မင်းက အဲဒီအရာကို ပြန်လည်ရယူနိုင်သရွေ့ အဲဒီစည်းတံဆိပ်ကို ဖယ်ရှားနိုင်လိမ့်မယ် အဲဒါကို ကျောင်းအုပ်မစ်ထ် ရဲ့ လုံခြုံတဲ့နေရာတစ်ခုမှာ သိမ်းထားတယ်လို့ ငါ သတင်းရထားတယ် အဲဒီ အရူးတွေသာ ငါ့နောက်ကိုအတင်း လိုက်မနေခဲ့ရင် အဲ့ဒီအရာကို ငါကိုယ်တိုင် ပြန်ယူနိုင်ခဲ့မှာအသေအခြာပဲ”
‘ဒါကဘာလဲ... ဘာလို့ ငါထင်ထားတာထက် ပိုပြီးရှုပ်ထွေးနေရတာလဲ ဒီဇာတ်လမ်းက ဘာကြီးလဲ အစေခံက အမွေဆက်ခံသူဖြစ်တဲ့ သူ့သခင်ကို ထွက်ပြေးဖို့ ကူညီပေးနေတာမဟုတ်ဘူးလား ပြီးတော့ ငါ့ရဲ့ အစွမ်းတွေကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကကော မစ်စ်နဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ’
နတ်ဆိုးဝါးမြိုသူ၏ စကားများကို ကြားလိုက်ရသောအခါ အာရန်သည် ဤအဖြစ်အပျက်များသည် သပွတ်အူသဖွယ် တစ်ခုနှင့်တစ်ခု ရောယှက်၍ ရှုပ်ထွေးလျက်ရှိနေသကဲ့သို့ ခံစားသိလိုက်ရလေသည်။
အရာများစွာအား ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရပြီးနောက်တွင် သူသည် လျှို့ဝှက်ချက် အနည်းငယ်ကိုသာ အဖြေရှာတွေ့ နိုင်ခဲ့သော်လည်း ယခုအခါမူ အရာရာသည် ပို၍ ပင် နက်နဲရှုပ်ထွေးသွားပြီဖြစ်လေသည်။
ကံကောင်းစွာဖြင့် သူသည် နတ်ဆိုးဝါးမြိုသူ၏ပြောစကားအနည်းငယ်အရ အရာအချို့ကို ရှာဖွေတွေ့ရှိနိုင်ခဲ့လေသည်။
သူသည် အဘယ်ကြောင့် နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူသည် သွေးမျိုးဆက်မရှိသော်လည်း သူရဲကောင်းအကယ်ဒမီကို မည်သို့ ဝင်ရောက်နိုင်ခဲ့သည်ဆိုသည့်အချက်ကိုမူ ရှင်းလင်းသွားခဲ့ရပြီဖြစ်လေသည်။
သူသည် ထိုလက်စွပ်ကြောင့် စမ်းသပ်မှုများကို ကလိမ်ကကျစ်ပြုလုပ်ကာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုလက်စွပ်သည် မျက်နှာများကို ပြောင်းလဲနိုင်သော စွမ်းရည်ရှိသဖြင့် မစ်စ်က သူ့ကို သူမ၏ သူလျှိုအဖြစ် ခိုင်းစေရန် အကောင်းဆုံးလူတစ်ဦးဟု ထင်မှတ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။
“နောက်ဆုံးအနေနဲ့သတိပေးရရင် ... ဘယ်တော့မှ မင်းက အရှေ့ပိုင်းတိုက်ကြီးကို ခြေမချသင့်ဘူး မင်းက အဲ့ဒီမိစ္ဆာမဖန်းယု ရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ထားခဲ့တာဆိုတော့ သူမက မင်းကို အရူးတစ်ယောက်လို မြေလှန် ရှာဖွေနေခဲ့တယ်”
‘ဘာ….ငါ….ငါ ဘာလုပ်ခဲ့တယ်….’
အာရန်သည် မေးရိုးများ ကျတော့မတတ် ဖြစ်သွားခဲ့ရလေသည်။
သူသည် ထိုမှတ်ဉာဏ်အစိတ်အပိုင်းအတွင်းတွင် ဤခန္ဓာကိုယ်ကိုသာ ထိန်းချုပ်နိုင်မည်ဆိုပါလျှင် သူ၏ယခု တုံ့ပြန်မှုသည် နတ်ဆိုးဝါးမြိုသူကိုပင် အံ့အားသင့်သွားစေရန် လုံလောက်မည်ဖြစ်လေသည်။
“ပြီးတော့ အနောက်ပိုင်းတိုက်ကိုလည်း သွားဖို့မကျိုးစားနဲ့ .....”
‘ဘာလဲဟ ငါက အနောက်ပိုင်းတိုက်မှာလည်း တစ်ခုခု ထပ်လုပ်ခဲ့တယ်လို့ မပြောနဲ့နော် မင်းက ငါ့ကို အပြစ်တင်နေတာလား ငါက ဟို ချောက်ကမ်းပါးလေးပေါ်ကနေတောင် အောက်ကိုခုန်မဆင်းနိုင်တဲ့ သူတစ်ယောက်လေ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စတွေကို လုပ်ဆောင်နိုင်သွားရတာလဲ အဲ့ဒါတွေက ငါတကယ်လုပ်ခဲ့တယ်ဆိုတာ သေခြာလို့လား’
အာရန်သည် ဤမေးခွန်းများအားလုံးကို ယခုဖွင့်မေးနိုင်ရန် အမှန်တကယ် ဆန္ဒရှိနေခဲ့လေသည်။
ကံမကောင်းစွာဖြင့် သူသည်မည်သည့်အရာမျှပြန်မတုံ့ပြန်နိုင်ပဲ နတ်ဆိုးဝါးမြိုသူ၏ ပြောစကားများကိုသာနားထောင်နေခဲ့ရလေသည်။
ထိုမှတ်ဉာဏ်အစိတ်အပိုင်းအတွင်းမှ ခန္ဓာကိုယ်ပိုင်ရှင်သည် မည်သည့်အရာမှ မမေးသရွေ့ သူသည်လည်း ထိုအဖြေများကိုလည်း မည်သို့မျှသိရှိနိုင်မည်မဟုတ်ပါ။
အရန်ထင်ထာသည်မှာ ထိုနတ်ဆိုးဝါးမြိုသူသည် သူ့အား သူနှင့်ပတ်သတ်သည့် အနောက်ပိုင်းတိုက်ကြီး အကြောင်း တစ်ခုခု ပြောပြလိမ့်မည်ဟု ထင်ထားမိခဲ့သော်လည်း စကားအနည်းငယ်သာ ပြောပြီးနောက် ထိုသူသည် စကားပြောခြင်းကို ရပ်တန့်လိုက်လေသည်။
သူသည် မျှော်စင်၏ တည်ရှိရာနှင့် ဝေးရာတစ်နေရာသို့ တစ်ပြိုင်နက်တည်း ကြည့်ရှုလိုက်သည်။
“ငါ အခု ထွက်ခွာမှရတော့မယ် သူတို့က ငါ့တည်နေရာကို ရှာတွေ့ပြီးပြီထင်တယ် အဲဒီ အရူးကောင် ဝိညာဉ်လမ်းလျှောက်သူက အဆိုးဆုံးပဲ သူကင့ါကို အရမ်း စိတ်အနှောင့်အယှက်ဖြစ်စေတယ် ငါ ကတိပေးတယ် တစ်နေ့မှာ သူ့ကို ငါကိုယ်တိုင် ရအောင်သတ်ပစ်မယ်”
နတ်ဆိုးဝါးမြိုသူသည် ထိုရုပ်သေး၏ ခန္ဓာကိုယ်ကို သူ၏ ပခုံးပေါ်တွင် တင်လိုက်ကာ ပြေးထွက်သွားလေတော့သည်။
မကြာမီ အာရန်သည် ထိုနတ်ဆိုးဝါးမြိုသူနောက်သို့ အရိပ်များစွာ လိုက်နေကြသည်ကို သတိပြုမိလိုက်လေသည်။
အာရန်သည် နတ်ဆိုးဝါးမြိုသူ မည်သို့ဆက်လက်ဖြစ်ပျက်ခဲ့သည်ကို မြင်တွေ့လိုနေခဲ့သည်။
ဤသည်မှာ အရှင်သခင်လေးဦးက သူ့ကို သတ်နိုင်ခဲ့သော အချိန်လား သို့မဟုတ် သူသည် အသက်ရှင်လွတ်မြောက်နိုင်ခဲ့ပြီး နောက်ပိုင်းကျမှ တနေရာရာတွင် သေဆုံးသွားခဲ့ခြင်းလား။
ကံမကောင်းစွာဖြင့် ဤအဖြေများကို ရှာဖွေရန် သူ့အတွက် မဖြစ်နိုင်ပါ။
နတ်ဆိုးဝါးမြိုသူသာ သူ့ကို ပို၍ ပြောပြနိုင်မည်ဖြစ်သော်လည်း ထိုသူသည် သေဆုံးသွားခဲ့ပြီးဖြစ်လေသည်။
အာရန်သည် ပို၍ ကြည့်ရှုလိုနေခဲ့သော်လည်း နတ်ဆိုးဝါးမြိုသူသည် အဝေးရှိ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသောအခါ သူ၏ ပတ်ဝန်းကျင်သည် ပိုမို၍ မှောင်မဲလာခဲ့လေသည်။
ကမ္ဘာကြီးသည် ကွဲအက်သွားသကဲ့သို့ သူ၏ ပတ်ဝန်းကျင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ခဏတာအတွင်းမှာပင် ကမ္ဘာကြီးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲအက်သွားခဲ့ပြီး အန္တရာယ်ရှိသော အရှိန်တစ်ခုဖြင့် အာရန်ဆီသို့ ဦးတည်လာနေခဲ့သည်။
ဤအပိုင်းအစများထဲမှ တစ်ခုသည် သူ၏ လည်ချောင်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ထိုထိမှန်မိသည့် ခံစားချက်နှင့် တူညီသော ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
အာရန်၏ အသိစိတ်များ ပြန်လည်နိုးထလာသောအခါ သူသည် အကျွမ်းတဝင်ရှိနေပြီးဖြစ်သော သူ၏နေအိမ် မျက်နှာကျက်ကို ငေးကြည့်လျက်ရှိနေသည်ကို တွေ့လိုက်ရပြီး သူသည် သူ၏နဂိုအချိန်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
သူ၏ အဝတ်အစားများသည် သူ၏ ကိုယ်ပိုင်သွေးများဖြင့် စွန်းပေနေဆဲပင်ဖြစ်နေသော်လည်း ပင်လယ်နဂါးသွေးမျိုးဆက်ကို နိုးကြားစေခဲ့စဉ် သူဖန်တီးမိခဲ့သော အရေပြားရှိ အမာရွတ်များအားလုံးမှာမူ သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်လေသည်။
၎င်းသည် ရှုယင်ပေးသော ကုသဆေး၏ အာနိသင်ကြောင့်သာ မဟုတ်ပါ။
ယခုဖြစ်စဉ်သည် ပို၍ပင် မြန်ဆန်သောကြောင့် သူ၏ သွေးမျိုးဆက်အသစ်က ၎င်းသက်ရောက်မှုတွင် ပါဝင်ပတ်သက်မှု ရှိနေနိုင်ခြင်းလည်းဖြစ်လေသည်။
သို့မဟုတ် အိပ်မက်ထဲတွင် မြင်ရသကဲ့သို့ နာရီအနည်းငယ် အစား ရက်သတ္တပတ်များစွာ အိပ်ပျော်သွားခဲ့ခြင်းလည်းဖြစ်နိုင်လေသည်။
ထို့နောက်အာရန်သည် ထရပ်လိုက်ကာ သူ၏ သွေးများစွန်းနေသော ဝတ်စုံကို ချွတ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
“မင်းဒီမှာစောင့်နေတာ တစ်ရက်မကုန်သေးဘူးမဟုတ်လား”
သူသည် ဆီလက်စ်အား မေးလိုက်လေသည်။
သူ၏ ဒဏ်ရာများ သက်သာနေရုံသာမက သူသည်လည်း များစွာပိုမို လန်းဆန်းနေသည်ဟု ခံစားမိလိုက်လေသည်။
ဆီလက်စ်က ခေါင်းညိတ်ကာ ၎င်းသည် တစ်ရက်အတွင်းသာရှိနေသေးကြောင်း အတည်ပြုခဲ့လေသည်။
သူသည် ရက်သတ္တပတ်များစွာ အိပ်ပျော်သွားခဲ့ခြင်းမဟုတ်ပေ။
သူသည် နတ်ဆိုးဝါးမြိုသူ ပေးထားသောလက်စွပ် ရှိသင့်သော လက်ချောင်းကို မသိစိတ်ဖြင့် ပွတ်သပ်လိုက်မိလေသည်။
သို့သော် ၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် အလွန်ကောင်းမွန်စွာ ပေါင်းစည်းထားသောကြောင့် သူပင် ၎င်းလက်စွတ်၏တည်ရှိမှုကို ခံစားမသိရှိနိုင်ခဲ့ပေ။
သူသည် ထိုလက်စွပ်အား မှတ်ဉာဏ်အစိတ်အပိုင်းအတွင်း မြင်ခဲ့ရသော ၎င်း၏ ပုံစံကို အာရုံပြုလိုက်မိပြီးမှသာ လက်စွပ်သည် သူ၏ အရေပြားမှ မြင်ကွင်းဆီသို့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်လေသည်။
“ဒါတွေ အားလုံးက အမှန်တကယ်ဖြစ်ခဲ့တာတွေပဲ ဒါဆို နတ်ဆိုးဝါးမြိုသူရဲ့ စကားတွေကလည်း အမှန်တွေပဲပေ့ါ”
“ဒါဆို ငါက တကယ်ပဲ.... မိစ္ဆာဂိုဏ်းချုပ်ဖန်းယုရဲ့ မိသားစုကို သတ်ခဲ့တဲ့သူပေ့ါ သူမများ ငါ့ကိုသိထားသလား....”
“ ငါဘာတွေလျောက်တွေးမိနေတာလဲ သူမသာ သိထားရင် ငါသေဆုံးပြီးနေတာ ကြာပီလေ”
“ နတ်ဆိုးဝါးမြိုသူ ရဲ့ လက်စွပ်က ငါ့ကို ကယ်တင်ခဲ့တာပဲ ဒါပေမယ့် ဘယ်လောက်ကြာကြာ ကယ်တင်နိုင်ဦးမှာလဲ ငါက ပို၍ မြန်မြန် သန်မာလာမှဖြစ်တော့မယ် ပြီးတော့ ဖန်းယုကို ထိပ်တိုက်ရင်ဆိုင်ရဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့မှာဖြစ်တယ်”
“ချစ်သူလမ်းကြောင်းနဲ့ အောင်နိုင်သူသူရဲကောင်းရဲ့ လမ်းကြောင်း ဒီလမ်းကြောင်းနှစ်ခုလုံးဟာ ဆက်စပ်နေတယ်လို့ ငါတစ်ချိန်လုံးထင်နေခဲ့တာ ဒါပေမယ့် တကယ့်အချိန်ကျရောက်လာတဲ့အခါ င့ါအတွက်က လမ်းကြောင်းနှစ်ခုထဲမှ တစ်ခုကိုပဲ ရွေးချယ်လို့ရတော့မဲ့ အခွင့်အရေးက ပိုပြီး မြင့်မားနေပုံရတယ်...”
#Catfoot