ကလန်အတွက်
Vol. 014 Ch. 1335
မကြာခင်တွင် ယွင်ထန်သည် ကလန်သားများ၏ အဝေးသို့ ခေါ်သွားခြင်းကို ခံခဲ့ရသည်။ ထိုသည်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ဖြစ်သည်ကို ရီဖူရှင်းသိသည်။
“မိန်းကလေး… ကျို့ချိုးကလန်ရဲ့ အစစ်အမှန် အင်အားက ဘယ်လိုလဲ” ရီဖူရှင်းက ယွင်ထန် အဝေးသို့ အခေါ်သွားခံရသည်နှင့် ယွင်နီကို မေးလိုက်သည်။
“ကျို့ချိုးကလန်နဲ့ ကျုံးကလန် နှစ်ခုလုံးက အင်ပါယာ ချီနယ်မြေမှာ အင်အား အတောင့်ဆုံးလို့ ပြောရမယ်။ သူတို့က အင်ပါယာချီနယ်မြေက တခြားကလန်တွေထက် နာမည်ကောင်း ပိုရှိတယ်လေ။ နှစ်ပေါင်းများစွာ တိုးတက် လာပြီးတဲ့နောက်မှာ ကလန်နှစ်ခုလုံးက မရေတွက်နိုင်အောင် များပြားတဲ့ ထိပ်တန်း တန်ခိုးရှင်တွေ ရှိတယ်။ ပြန်လည်မွေးဖွားခြင်း အဆင့် အများအပြား အပါအဝင်ပေါ့။ ကျွန်မ သိသလောက်ကတော့ ကျို့ချိုးကလန်မှာ ပြန်လည်မွေးဖွားခြင်း အဆင့် လေးယောက်ရှိတယ်။ သူတို့ထဲမှာ
လက်ရှိကလန်ခေါင်းဆောင် ကျို့ချိုးကုံးက ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် ဖြစ်တယ်။ သူက တခြား ပြန်လည်မွေးဖွားခြင်း ရှန့်ထိုတွေထက် ပိုပြီး သန်မာတယ်။”
ယွင်နီက ရီဖူရှင်းကို ပြောလိုက်သည်။ “ကျို့ချိုးကုံးက အင်ပါယာချီ နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးတော့ အင်ပါယာချီရဲ့ လမ်းညွှန်မှုကို ရခဲ့တယ်။ အင်ပါယာချီရဲ့ လွှမ်းမိုးမှု အောက်မှာ သူ့ရဲ့ ပါရမီက အကန့်အသတ်ရှိလို့ ရန်ဟောင်အဆင့်ကို မရောက်သေးရင်တောင်မှ သူနဲ့ အဆင့်တူတဲ့ ပြိုင်ဘက်ကို ရှာမတွေ့နိုင်ဘူး။ ဒါက အင်ပါယာချီ နယ်မြေ တစ်ခုတည်းပါပဲ။ သူ့အရည်အချင်းက ကောင်းကင် အာဏာစက်ဘုံ တစ်ခုလုံးထဲမှာတော့ ညွှန်းဆိုဖို့ မထိုက်တန်ဘူး”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ကောင်းကင် အာဏာစက်ဘုံက အလွန် ကျယ်ပြန့်လှပြီး ဤနေရာသည်တော့ ရန်ဟောင် နယ်မြေသာလျှင် ဖြစ်သည်။ ဗြဟ္မာ သန့်စင်ကောင်းကင် ဖြစ်စေ မိုးကြိုးသိုင်းပညာ အားလုံး၏ မူလအစ ဖြစ်သော ခရမ်းရင့်တိမ်တိုက်နန်းတော်မှ အသန်မာဆုံး တန်ခိုးရှင်များ သာလျှင် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းဟု ခေါ်ရဲကြပေသည်။
သို့သော် ကျို့ချိုးကုံးသည် သူ့ကလန်ကို ကာလကြာရှည်စွာ ထိန်းသိမ်းနိုင်သည် ဆိုကတည်းက သူသည် သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပေ။ သူသည် ရန်ဟောင်အဆင့်နှင့် မနှိုင်းယှဉ် နိုင်သော်လည်း ကျယ်ပြောလှသော ကောင်းကင် အာဏာစက်ဘုံ အတွင်း အခြားသော ထိပ်သီး ပုဂ္ဂိုလ်များတွင် သူသည် ပထမအဆင့်များ အလယ်၌ ရှိပေသည်။ သူသည် အလွန်မြင့်သော နေရာ၌ ရှိနေပေသည်။
ရီဖူရှင်းသည် ဤနေရာတွင် အသစ် ဖြစ်သော်လည်း သူသည် နေရာအနှံ့တွင် အစွမ်းထက် ပုဂ္ဂိုလ်များ ရှိသည့် ကောင်းကင်အာဏာ စက်ဘုံအတွင်း ယှဉ်ပြိုင်မှုများမှာ ရက်စက် ပြင်းထန်ကြောင်း ပြောနိုင်ပေသည်။
“ပြန်လည် မွေးဖွားခြင်းအဆင့် လေးယောက်” ရီဖူရှင်းသည် တိုးတိတ်စွာ ရေရွတ် လိုက်သည်။ သူသည် အခြားသူများ မည်သည့်နေရာတွင် ရှိနေသည်ကို ရှာဖွေနိုင်ပြီး သူတို့နှင့်အတူ ပူးပေါင်းနိုင်လျှင် ပြဿနာ ရှိတော့မည် မဟုတ်ပေ။ ထိုသို့ မဟုတ်ပါက သူက ဆရာ့ကိုသာ ရှာနိုင်ခဲ့လျှင် နောက်ထပ် တစ်ယောက်ကိုသာ လိုအပ်တော့မည် ဖြစ်၏။
အင်ပါယာချီက ဝင်ရောက် မစွက်ဖက်ဟု ဆိုသည့်အတွက် ထိုသည်က ပို၍ လွယ်ကူ သွားလိမ့်မည် ဖြစ်သည်။
“ကျွန်မတို့ ယွင်ကလန်က ကျုံးကလန်ကို မှီခိုဖို့တောင် မကြိုးစား ကြည့်ရသေးဘူး။ အခု ဒီလိုဖြစ်ရတာမို့ ကလန်ဘက်က ပိုပြီး ပူပန်စရာ ဖြစ်လာလိမ့်မယ်” ယွင်နီက ပြောလိုက်သည်။ “ကျို့ချိုးကလန်က ပါဝင်နေတယ် ဆိုတော့ ကျွန်မတို့ ကလန်သားတွေ အင်ပါယာချီ လက်အောက်မှာ ကျင့်ကြံနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်”
“ယွင်ထန်ရဲ့ အပြုအမူက ဖြောင့်မတ်ပါတယ်။ ဒါတွေ အားလုံးက ကျွန်တော့်ကြောင့်ပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။
“အဲဒါ ရှင်နဲ့ မဆိုင်ပါဘူး” ယွင်နီက ခေါင်းယမ်းလိုက်သည်။ “လီနတ်ဓားကလန်က ကျို့ချိုးကလန်နဲ့ အရင် အဆက်အသွယ် ရှိထားခဲ့တာသာ မဟုတ်ရင် ကျို့ချိုးကလန်က လူတွေ ဘယ်လိုလုပ် ရုတ်တရက်ကြီး လီရို့ရွှမ်းကို သတိထားမိမှာလဲ။ လီရို့ရွှမ်းက အရည်အချင်း ရှိရုံမက ကိစ္စရပ်တွေကို လုပ်ဆောင်ရင်လည်း အရမ်းရက်စက်တယ်။ လီနတ်ဓားကလန်နဲ့ ယွင်ကလန်က အစတကည်းက ရန်သူတွေ ဖြစ်နေခဲ့တာ။ အဲဒါကြောင့် သူမက ပြဿနာ ရှာဖို့အတွက် ရှင့်ကို ဆင်ခြေအနေနဲ့ အသုံးချတာပဲ။ ရှင် မဟုတ်ရင်တောင် ဒီကိစ္စတွေ ဖြစ်လာတာကတော့ ဖြစ်လာမှာပဲ။”
“အဖေ့လုပ်ရပ်ကတော့ အရင်ကလည်း ကျွန်မ ပြောဖူးတယ်။ ရှင့်ကြောင့်ချည်းပဲ မဟုတ်ဘူး။ ချန်းယွဲ့အဖေက လီနတ် ဓားကလန်ကြောင့် သေခဲ့ရတာ။ အဲဒီအချိန်က ကလန်ရဲ့ အကျိုးအတွက် နာကျင်မှုကို သည်းခံပြီး လက်လျှော့ခဲ့ရတယ်။ အခုထိလည်း ကျွန်မတို့က လီနတ် ဓားကလန်ထက် အားနည်းတာမို့လို့ သူတို့နဲ့ စပြီး မတိုက်ခိုက်ရဲကြသေးဘူးလေ”
ယွင်နီက ရှင်းပြလိုက်သည်။ “ယွင်ချုံးကတော့ ဒီလို ဆုံးဖြတ်ချက်မျိုး လုပ်ချင်ရတဲ့ အကြောင်းရင်းက ကလန် အတွက်ချည်းပဲ မဟုတ်ဘူး။ သူ့အကျိုးအတွက်လည်း ပါတယ်။ သူ့ရဲ့ သားက အရမ်း ထူးချွန်ပြီးတော့ အင်ပါယာချီလက်အောက်မှာ ကျင့်ကြံနိုင်ဖို့ အလားအလာ အရှိဆုံး ယွင်ကလန်သားလို့ ဆုံးဖြတ်နိုင်တယ်။ သူက အဲဒီအတွက် အရမ်းကြိုးစား ခဲ့ရတာမို့လို့ ကျို့ချိုးကလန်ကို မဆန့်ကျင်ချင်တာပဲ။”
ယွင်နီက အေးစက်သော အသံဖြင့် ပြောနေသည်အား ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင် နေသည်။ သူမ ယောက်ျား၏ သေဆုံးခြင်းက သူမအတွက် ကြီးစွာသော ထိတ်လန့်မှု ဖြစ်စေခဲ့သည်။ သူတို့သည် တစ်ခါက ကလန်အတွက် အရာအားလုံးကို စတေးခံခဲ့ရသည်။ ယခုတဖန် ကလန်အတွက် ဟူသော ဆင်ခြေကို ကြားရသည့်အခါ သူမ၏ စက်ဆုပ် ရွံရှာသော ခံစားချက်က အားကောင်းလာကာ ကွယ်ဝှက် မထားနိုင်တော့ပေ။
ထပ်၍ ဆိုရလျှင် ယွင်ချုံးသည် ကလန်အတွက်သာ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။
“ဆရာရီ၊ အဲဒီကိစ္စတွေကို စိတ်ထဲ ထည့်မထားပါနဲ့။ ဒီကိစ္စ အားလုံးက ရှင်နဲ့ မပတ်သက်ဘဲ ကျွန်မတို့ ကလန်အတွင်းက ပဋိပက္ခတွေပါ” ယွင်နီက ရီဖူရှင်းကို ပြောလိုက်သည်။
ရီဖူရှင်းသည် ဖြေးညင်းစွာ ခေါင်းညိတ် လိုက်သည်။ သူမကို ထိုသို့ ပြောလျှင်ပင် ထိုကိစ္စများက သူ့ကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ယွင်ထန်သည် တကယ့်ကိုပင် ကြင်နာတတ်သော နှလုံးသားရှိပေသည်။
သူက မည်သည့် အကူအညီမှ မပေးနိုင်လျှင်ပင် ဘေးထွက်၍ မနေနိုင်ပေ။
“လီရို့ရွှမ်းက ကျို့ချင်းကလန်က လူနဲ့ တော်ဝင်မြို့ကို ဘာလို့ လာခဲ့တာလဲ။ တစ်ခုခုများ ဖြစ်လို့လား” ရီဖူရှင်းက မေးလိုက်သည်။
“နန်းတော် စစ်ဆေးပွဲကို တက်ဖို့ ဖြစ်လိမ့်မယ်” အနီးတွင် ရပ်နေသည့် ယွင်ချန်းယွဲ့က ဝင်ပြော လိုက်သည်။ “နန်းတော်စစ်ဆေးပွဲမှာ အင်ပါယာချီက ငယ်ရွယ်ပြီး ထူးချွန်တဲ့ ရှန့်ထိုအဆင့် တန်ခိုးရှင်တွေကို ရွေးချယ်တယ်လေ။ ကောင်းကောင်း စွမ်းရည်ပြနိုင်တဲ့ သူတွေက အင်ပါယာချီရဲ့ တပည့် ဖြစ်လာမယ့် အခွင့်အရေး ရှိပြီးတော့ သူ့ဆီကနေ သင်ယူနိုင်တယ်”
“နန်းတော်စစ်ဆေးပွဲက ကျို့ချိုးကလန်နဲ့ ကျုံးကလန်လိုမျိုး အင်အားစုတွေက အဓိက တာဝန်ယူထားတယ်။” ယွင်နီက ထပ်ဖြည့်ပြောလိုက်သည်။ “အဲဒါက အင်ပါယာ ချီနယ်မြေက ပွဲတော်ကြီး တစ်ခုလို့ ပြောလို့ရတယ်။ အင်ပါယာချီနယ်မြေအတွင်း နေရာအားလုံးက တန်ခိုးရှင်တွေ တက်ရောက်လိမ့်မယ်။ အဲဒါကလည်း ကျို့ချိုးကလန်နဲ့ ကျုံးကလန်တို့ ထင်ရှားတဲ့ အဆင့်အတန်း ရှိရတဲ့ အကြောင်းလည်း ဖြစ်တယ်။”
“ကျွန်တော် သိပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထိုအကြောင်းကို နားထောင်ပြီးသည့် နောက်တွင် သူသည် အရာရာကို လျင်မြန်စွာ ဆက်စပ် ကြည့်သွားနိုင်သည်။
ထိုပွဲတွင် ရန်ဟောင်၏ တပည့်ဖြစ်လာရန် အခွင့်အရေးအတွက် အားလုံးသော တန်ခိုးရှင်များ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
လီရို့ရွှမ်းသည် ထိုအခွင့်အလမ်းကို အငမ်းမရ လိုချင်နေသည်။ လော့မြို့မှ ယွင်ကလန်သည်လည်း ထိုအခွင့်အရေးကို လိုချင်နေပေသည်။
ထိုအခွင့်အရေးရရှိရန်အတွက် နေရာမှာ အနည်းငယ်သာ လစ်လပ်မှု ရှိပေလိမ့်မည်။
လီရို့ရွှမ်းသည် ယွင်ကလန်ကို လာရောက်၍ သူ့ကို ဆင်ခြေအနေနှင့် သုံးကာ ပြဿနာ ရှာခြင်း ဖြစ်ပြီး သူ့ရည်ရွယ်ချက်မှာ ယွင်ကလန်ကို အပြစ်ဖြစ်စေလို၍ ဖြစ်သည်။
သူမသည် ယွင်ကလန်ကို နောက်ကွယ်မှနေ၍ ကျဆုံးစေရန် လုပ်ဆောင်နိုင်ပါက တစ်နေ့တွင် ထိုပြိုင်ဘက်ကို နင်းချေ ပစ်လိမ့်မည် ဖြစ်သည်။
သို့ဆိုလျှင် သူသည်လည်း တော်ဝင်မြို့သို့ သွားရောက်ရန် လိုသည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ သူသည် နန်းတော်စစ်ဆေးပွဲကို စိတ်ဝင်စားခြင်း မရှိပေ။ သူက ကောင်းကင် အာဏာစက်ဘုံသို့ ရန်ဟောင်တစ်ပါး၏ သင်ကြားမှု ရရှိစေရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။
ယခု သူနှင့်အတူ လိုက်ပါလာသူများက အားလုံး တကွဲတပြား ဖြစ်နေခဲ့သည်။ သို့သော် သူတို့သာ အင်ပါယာ ချီနယ်မြေအတွင်း ရှိပါက နန်းတော်စစ်ဆေးပွဲ အကြောင်းကို သိရှိလိမ့်မည် ဖြစ်သည်။ ထို့အပြင် ထိုသည်က လူတိုင်း တစ်ချိန်တည်းတွင် လက်ခံရရှိနိုင်သည့် သတင်း အချက်အလက် ဖြစ်သည်။ အခြားလူများသည်လည်း ထိုအချက်ကို တွေးမိကြမည်ဖြစ်ပြီး သူတို့သည် ထိုနေရာ၌ တွေ့ဆုံရန် အခွင့်အရေး ရှိပေသည်။
သူက ထိုသို့ တွေးမိလျှင် အခြားလူများသည်လည်း တွေးမိကြပေမည်။
ရီဖူရှင်းက အတွေးထဲ နစ်မြုပ်နေသည့် အချိန်တွင် ယွင်နီသည်လည်း သူမ၏ စိတ်ထဲသို့ တစ်ခုခု ဝင်ရောက်လာပုံရသည်။ သူမသည် စိတ်ပူနေဟန်ဖြင့် မျက်မှောင်ကြုတ်ထားလေသည်။
“ဘာဖြစ်လို့လဲ မိန်းကလေး” ရီဖူရှင်းက မေးလိုက်သည်။
“တစ်ခုခုကို တွေးမိလို့။ တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ယွင်ကလန်အတွက် ပိုပြီး ဒုက္ခများ ရလိမ့်မယ်” ယွင်နီက တိုးတိမ်သော အသံနှင့် ပြောလိုက်သည်။
“ဘာကိစ္စလဲ” ရီဖူရှင်းက မေးလိုက်သည်။
“ကျို့ချိုးကလန်က မျိုးဆက်လူငယ်တွေ ကြားထဲမှာ အင်ပါယာချီကတောင် မြင့်မြင့်မားမား မျှော်မှန်းထားသည့် ကြောက်စရာ ကောင်းတဲ့ ပါရမီ အရည်အချင်းနဲ့ ရှန့်ထိုအဆင့် တန်ခိုးရှင် တစ်ယောက် ရှိတယ်။ ဒီတစ်ကြိမ်မှာ သူလည်း နန်းတော် စစ်ဆေးပွဲကို တက်ရောက် လိမ့်မယ်။ ဒါပေမဲ့ သူက ခဏလောက် တက်ရောက်ရုံပဲ။ ပြီးတော့ သူက လီရို့ရွှမ်းနဲ့ အသက်အတူတူပဲ” ယွင်နီက ညင်သာစွာ ပြောလိုက်သည်။ “လီရို့ရွှမ်းက ကျင့်ကြံခြင်းမှာ စိတ်ကို နှစ်မြုပ်ထားပြီး ရည်မှန်းချက်လည်း ကြီးတယ်။ သူမရဲ့ ပါရမီနဲ့ ရုပ်ရည်သွင်ပြင်က ထူးကဲ သာလွန်တယ်။ ဒီတစ်ခေါက် ကျို့ချိုးကလန်က လီနတ်ဓားကလန်ကို တန်ခိုးရှင်တွေ အလည်အပတ် စေလွှတ်ခဲ့တယ်။ ဖြစ်နိုင်တာက...”
“ဆိုလိုတာက သူတို့က သူ့အတွက် လက်ထပ်ပွဲ စီစဉ်ပေးနေတယ် လို့လား” ရီဖူရှင်းက မေးလိုက်သည်။
ယွင်နီက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “အဲဒီလိုသာ ဖြစ်ရင် လီရို့ရွှမ်းရဲ့ အဆင့်အတန်းက ချက်ချင်းပဲ မြင့်မားသွားလိမ့်မယ်။ ပြီးတော့ လီနတ် ဓားကလန်ကလည်း အခွင့်အရေး ရသွား လိမ့်မယ်”
ထိုသို့ တွေးလိုက်လျှင် ယွင်နီ၏ ပုံစံက သိပ်၍ အခြေအနေ မကောင်းလှတော့ပေ။
သူမသည် သူ၏ ယောက်ျား သေဆုံးခြင်းအတွက် လက်တုံ့ပြန် လိုခဲ့သည်။
သို့သော် လီနတ်ဓားကလန်က တိုးတက် လွှမ်းမိုးလာပြီး ယွင်ကလန်သည် လက်စားချေရန် မဆိုထားနှင့် အသက်ဆက်ရှင်ရန်ပင် ခက်ခဲသွားတော့မည် ဖြစ်သည်။
“ကျွန်တော် တော်ဝင်မြို့ကို သွားပြီးတဲ့အခါမှာ အဖြေသိရမှာပါ။ အခုတော့ အများကြီး တွေးပြီး စိတ်ပူမနေပါနဲ့ဦး” ရီဖူရှင်းက ပြောလိုက်သည်။
ယွင်နီက ခေါင်းညိတ်လိုက်ပြီး မည်သည်မှ ထပ်မပြောတော့ဘဲ အခြားလူများနှင့် သူတို့၏ အိမ်တော်များသို့ ပြန်သွားခဲ့သည်။
ရီဖူရှင်းသည် ယွင်ထန်တို့နှင့်အတူ တော်ဝင်မြို့သို့ မသွားခင်၌ ယွင်အိမ်တော်တွင် ခေတ္တမျှ နေနေခဲ့သည်။
ယွင်ချန်းယွဲ့သည် မကြာခဏ ဆိုသလို လာရောက်၍ ရီဖူရှင်းနှင့် ဆွေးနွေးတိုင်ပင် တတ်သည်။ အချိန်တိုင်းတွင် ရီဖူရှင်းသည် သူ ယခင်က နားလည် သဘောပေါက် ထားခဲ့သည်များကို သူမအား ဝေမျှပေးသည်။ သူ တွေ့ကြုံခဲ့ရသည့် ကျင့်ကြံခြင်း လမ်းကြောင်းက ယွင်ချန်းယွဲ့အတွက် အသုံးဝင်ခဲ့ပြီး သူမသည် အရာအားလုံးကို ကောင်းကောင်း သဘောပေါက် နားလည် လွယ်ပေသည်။
ထိုသည်က ယွင်ချန်းယွဲ့ လုပ်ဆောင်နေသည်များ ဖြစ်သည်။
ထိုအချိန်၌ ယွင်ချန်းယွဲ့သည် မျက်လုံးများကို မှိတ်ထားပြီး ရီဖူရှင်း၏ အိမ်တော်ဝန်းထဲ၌ ထိုင်ကာ ကျင့်ကြံနေသည်။ မိုးကြိုးလျှပ်စီးများက သူမ၏ ဝန်းကျင်တွင် ပေါက်ကွဲ ထွက်ပေါ်နေကာ ခမ်းနားသည့် အလင်းများကို ထုတ်လွှတ် ပေးနေသည်။ ရီဖူရှင်းငည် သိပ်မဝေးလှသည့် နေရာတွင် ထိုင်နေပြီး ရှေးဟောင်း မှော်ကု့ချင်းကို တီးခတ်နေသည်။ မှော်ကု့ချင်းမှ ထွက်ပေါ်လာသည့် အသံသည် အလွန် စွမ်းအားပြည့်ဝပြီး မိုးကြိုးကဲ့သို့ ရက်စက် ပြင်းထန်သည်။ ထိုသည်က ယွင်ချန်းယွဲ့ကို သက်ရောက်ပြီး ယင်းသည် သူမကို ရသအသိအမြင်များ ပျော်ဝင်နေသည့် ပတ်ဝန်းကျင်သို့ ဝင်ရောက် သွားစေသည်။
တစ်စုံတစ်ယောက်၏ စရိုက်သဘာဝနှင့် ကိုက်ညီသော ဂီတကို နားထောင်ခြင်းသည် ထိုသူ၏ ကျင့်ကြံခြင်းကို အကျိုးများစေသည်။
ရုတ်ခြည်းပင် ရသအသိအမြင်များ ပျော်ဝင်နေသည့် ပတ်ဝန်းကျင်တွင် မှော်ကု့ချင်း၏ အသံက စွမ်းအားပြည့်ဝစွာ ထွက်ပေါ်လာနေပြီး ဖျက်ဆီးခြင်း မိုးကြိုးများလည်း များပြားလာသည်။ မိုးကြိုးလျှပ်စီး အလင်းများက ယွင်ချန်းယွဲ့၏ ခန္ဓာကိုယ်အနီး ကောင်းကင်တွင် ထွန်းလင်းနေပြီး ပေါက်ကွဲထွက်လာသည်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမအနီးရှိ ဝိညာဉ် စွမ်းအားများက တိုးမြင့်လာသည်။ ဖျက်ဆီးခြင်း မိုးကြိုးနှင့် လျှပ်စီးများက နေရာတစ်ခုလုံးတွင် မျောလွင့်နေသည်။
ခဏအကြာတွင် မိုးကြိုးစွမ်းအားများသည် တဖြည်းဖြည်း ကွယ်ပျောက် လာသည်။ သူမ၏ အံ့အားသင့်နေသော အကြည့်များက သူမမျက်နှာတွင် ထင်ဟပ်လာသည်။ သူမသည် သူမ၏ လှပသော မျက်လုံးများနှင့် ရီဖူရှင်းဆီသို လှည့်၍ ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ”
ဤနေ့များတွင် ရီဖူရှင်းသည် သူမ၏ ကျင့်ကြံခြင်းတွင် လမ်းညွှန် ပြသပေးခဲ့သည်။ မှော်ကု့ချင်း၏ ရည်ရွယ်ချက်မှာ သူမ၏ မိုးကြိုးသိုင်းပညာ ကျင့်ကြံခြင်းတွင် လျင်မြန်လာရုံ သာမကဘဲ စိတ်အခြေအနေကိုလည်း တိုးတက် လာစေသည်။ မိုးကြိုးသိုင်းပညာက သူမနှင့် ပိုပြီး ကိုက်ညီမှု ရှိလာသည်မှာ အံ့သြဖွယ် ခံစားချက်ပင် ဖြစ်သည်။
“မင်းက ပါရမီ ရှိတာပဲ” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ သူသည် ယွင်ချန်းယွဲ့၏ ပါရမီက အလွန်ထူးချွန်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမက အလားအလာ အတော်လေး ကောင်းပေသည်။
“အဲဒါ ဆရာက ကောင်းကောင်း သင်ပြပေးခဲ့လို့ပါ။” ယွင်ချန်းယွဲ့က ရယ်မောရင်း ပြောလိုက်သည်။
“ငါ မင်းရဲ့ ဆရာလုပ်ပါမယ်လို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဖူးပါဘူး” ရီဖူရှင်းသည်လည်း ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။ ဒါပေမဲ့ ဆရာက အသင်အပြ ကောင်းပါတယ်” ယွင်ချန်းယွဲ့က ပြုံးကာ ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် ယွင်ကလန်၏ အခြားသော အိမ်တော်အတွင်း ယွင်ချုံးသည် ဝန်းအတွင်း၌ ရပ်နေပေသည်။ သူ့နောက်တွင် လူငယ်လေးတစ်ဦးသည် လက်ကို နောက်တွင် ယှက်ထားပြီး တစ်မူထူးခြားစွာ ရပ်နေသည်။
လူတစ်ယောက်သည် သူတို့၏ ရှေ့သို့ ရောက်လာကာ ဂါရဝ ပြုလိုက်သည်။
“ဘယ်လိုဖြစ်သွားပြီလဲ” ယွင်ချုံးက မေးလိုက်သည်။
“ကျို့ချိုးကလန်နဲ့ လီနတ်ဓားကလန်က တကယ်ပဲ လက်ထပ်ခြင်းနဲ့ ပေါင်းစည်းဖို့ စီစဉ်ထားပါတယ်” ထိုသူက ပြန်ဖြေ လိုက်သည်။ ဤစကားကို ကြားလျှင် ယွင်ချုံးသည် ချက်ချင်းပင် သွေးဆုတ် ဖြူရော် သွားခဲ့သည်။ သူ့နောက်မှ လူငယ်လေး၏ မျက်နှာသည်လည်း မှောင်မည်း သွားပေသည်။ ထိုသည်က သူ အင်ပါယာချီ၏ လက်အောက်တွင် ကျင့်ကြံရန် နှောင့်နှေး သွားစေလိမ့်မည်။
ယွင်ချုံးသည် သူ့လက်ကို ဝှေ့ယမ်း လိုက်သည်။ သူ၏ စိတ်စွမ်းအားများကို ထုတ်လွှတ်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး အခြားလူများ ခိုးနားထောင် မနေစရန် တားဆီးလိုက်သည်။ သူသည် ထိုသူကို ကြည့်ကာ မေးလိုက်၏။ “ပြီးတော့ ငါ မင်းကို ပြောတဲ့ ကိစ္စကရော အခြေအနေ ဘယ်လိုရှိလဲ။”
ထိုသူက ခေါင်းကို ညွှတ်ကာ သူ့လက်များကို ဂါရဝပြုသည့် သဏ္ဌာန် ဆုပ်လိုက်ပြီး ပြန်ဖြေသည်။ “အဆင်ပြေပါတယ်။ သခင် မျှော်လင့်ထားသလိုပဲ ကျုံးကလန်က မမလေးချန်းယွဲ့ကို စိတ်ဝင်စားတယ်။ ကျွန်တော်ဘက်က ကျုံးကလန်ကို ခစားဖို့ စေလွှတ်မယ့် ဆန္ဒရှိရင် သူတို့က ကူညီမယ်လို့ ကတိပေးတယ်”
“ကောင်းတယ်” ယွင်ချုံးက ပြောလိုက်သည်။ သူသည် ထိုသူကို စူးစူးရဲရဲ ကြည့်ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ဘယ်သူမှ သိလို့မရဘူး။ ကလန်ခေါင်းဆောင် ရှေ့မှာ မင်း စကားကို ပြောင်းပြီး ပြောရမယ်။ နားလည်လား”
“နားလည်ပါပြီ” သူက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဒါဆို မင်းသွားလို့ရပြီ” ယွင်ချုံးက ပြောလိုက်သည်။ သူက လက်ကို ဝှေ့ယမ်း လိုက်လျှင် သိုလှောင်လက်စွပ် တစ်ကွင်းက ပျံသန်းလာပြီး ထိုလူ၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
သူသည် ဦးညွှတ်ကာ အရိုအသေပြုလိုက်ပြီးနောက် ပြန်ဆုတ်ခွာကာ နေရာမှ ထွက်ခွာ သွားသည်။
ယွင်ချုံးသည် အဝေးသို့ ကြည့်လိုက်သည်။ အေးစက်မှုတို့က သူ့မျက်နှာထက်တွင် ဖြတ်ပြေး သွားသည်။ ပထမတစ်ခေါက် ကိစ္စ ဖြစ်ခဲ့အပြီးမှ စကာ ယွင်ထန်သည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိတော့ပေ။ ယခု သူကား သေဆုံးသွားပြီဖြစ်ရာ သူ့အပေါ်တွင် တွယ်ကပ်နေစရာ အကြောင်းမရှိတော့ပေ။ အရာအားလုံးသည် ကလန်က ပို၍ သန်မာလာစေရန်သာ ဖြစ်သည်။
ယခု သူတို့သည် သူစိမ်းတစ်ယောက်ကို ကာကွယ်ရန်အတွက်နှင့် ကျို့ချိုးကလန်ကို စိတ်မကျေမနပ် ဖြစ်စေခဲ့သည်။ ကံကောင်းစွာပင် ယွင်ချုံး၌ နောက်ထပ် အစီအစဉ်တစ်ခု ရှိနေသေး၏။
ကလန်အတွက် ဤတစ်ကြိမ်တွင်လည်း ယွင်ထန်ကို အနစ်နာခံရစေရန် ပြုလုပ်ရပေဦးမည်။
***