← Chapters

မှော်ပညာကမ္ဘာ

Vol. 12 Ch. 16

မှော်ပညာကမ္ဘာ

Vol. 12 Ch. 16

“ဒီတစ်ခါတော့ မှော်ပညာကမ္ဘာကို တကယ်ရောက်လာပြီ ပေါ့လေ။”

မက်ဒါနာ၊ အေမီနဲ့ ရေမွန်တို့က ဗစ်တိုးရီးယားခေတ်စတိုင် လန်ဒန်မြို့ကြီးရဲ့လမ်းကျဥ်းလေးတွေပေါ်မှာ သွားနေရင်း ပြောလိုက်တယ်။ ဒီနေရာမှာရှိသမျှ အရာရာတိုင်းက မျှော်ပညာနဲ့ လည်ပတ်နေတာဖြစ်ပြီးတော့ သိပ်ကို ထူးခြားတယ်။ ​

“မြို့ထဲမှာ ​ပွဲတော်တစ်ခုခုရှိသလိုပဲနော်။” အေမီက မြို့လမ်းမတွေရဲ့တစ်ဖက်တစ်ချက်စီမှာ ချိတ်ထားတဲ့ နဖူးစည်းကြော်ငြာစာတမ်းတွေကို ကြည့်လိုက်ရင်းနဲ့ ပြောလိုက်တယ်။

“လန်ဒန်တော်ဝင်မှော်ကျောင်းတော် မောင်မယ်သစ်လွင် ကြိုဆိုပွဲတဲ့။” မက်ဒါနာက နဖူးစည်းကြော်ငြာစာကို ဖတ်လိုက်ရင်း စိတ်လှုပ်ရှားသွားတယ်။

“စဥ်းစားကြည့်မှ ငါတို့သွားခဲ့တဲ့ ကမ္ဘာတွေထဲမှာ မှော်ပညာ ကမ္ဘာစစ်စစ်ဆိုလို့ မရှိဘူးပဲ။ စစ်ပွဲကမ္ဘာမှာ မှော်ဆန်တဲ့ စွမ်းအင်တွေရှိတဲ့ သလင်းကျောက်တွေရှိပေမဲ့ ဂါထာတို့ ဘာတို့မှမရှိတာ။”

မက်ဒါနာက နှိုင်းယှဥ်ပြီးပြောလိုက်တော့ အေမီကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြပါတယ်။ ရေမွန်က မက်ဒါနာဘာမှမ​ပြောခင်ကတည်းက ထောက်ခံနေပြီးသား ဖြစ်ပြီးတော့ ခေါင်းကိုသာ ဆက်တိုက်ညိတ်နေပါတယ်။

“ဒါနဲ့၊ ဘာလို့လူတွေက ငါတို့ကိုဝိုင်းကြည့်နေတယ်လို့ ခံစားရတာလဲ။”

မက်ဒါနာက လမ်းပေါ်ကလူတွေအားလုံးရဲ့မျက်လုံးတွေ သူတို့ဆီရောက်နေတာမြင်တော့ ပြောလိုက်တယ်။ အေမီက ပတ်ဝန်းကျင်ကို အကဲခတ်ပြီးတဲ့နောက် အခုလိုပြောလိုက် ပါလေရော။

“လူတွေက ကျွန်မတို့ကိုကြည့်နေတာမဟုတ်ဘူး၊ မမလေးကို ကြည့်နေတာနဲ့တူတယ်။”

အေမီက တစ်ချက်ပြုံးလိုက်ပြီး သေနတ်ကိုမိုးပေါ် ထောင်ပစ်လိုက်တယ်။ အလင်းဒြပ်စင်အလွှာတစ်ခုက သူတို့သုံးယောက်လုံးကို ဖုံးလွှမ်းသွားပြီးတော့ ဘယ်သူမှ သူတို့ကိုမမြင်ရတော့ဘူး။

“လာ... လောလောဆယ်တော့ ဒီကမ္ဘာကြီးအကြောင်းကို အသေးစိတ်သိရအောင် လုပ်ကြစို့။”

အေမီက မက်ဒါနာလက်ကို ဆွဲလိုက်တယ်။ မက်ဒါနာက လူစုမကွဲအောင် ရေမွန်လက်ကိုပါ ဆွဲလိုက်ပြီး အေမီနောက် လိုက်ပါတယ်။ သူတို့တွေက ထုံးစံအတိုင်းပဲ သတင်းစာဆိုင် တစ်ခုဆီကိုပြေးသွားကြတာ။ ဒါပေမဲ့ အေမီက ဒီတစ်ခါတော့ သတင်းစာဝယ်ဖို့ကြိုးစားမယ့်အစား ဆိုင်ရှင်အလစ် ခိုးလာတာ။

သတင်းစာကို အောင်မြင်စွာနဲ့ အဒိန္နာဒါနာကံ ကျူးလွန်ပြီး ရရှိပြီးနောက်မှာ သူတို့အုပ်စုလေးက လန်ဒန်မြို့အိမ် တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ လမ်းကြားလေးတွေထဲ ဝင်တိုးပြီး နောက်ဖေးလမ်းကြားတစ်နေရာကို စုရပ်အဖြစ် သတ်မှတ်လိုက်ကြတယ်။

နေရာအတည်တကျဖြစ်ပြီးတဲ့နောက်မှာတော့ အေမီက မက်ဒါနာရဲ့လက်ကို လွှတ်လိုက်တယ်။ မက်ဒါနာကလည်း သူရေမွန့်လက်ကို ကိုင်ထားတာသတိရပြီး လက်လွှတ်လိုက် ပါတယ်။ ပြီးတဲ့နောက် ရေမွန်ကို လှည့်ကြည့်တော့...

“ဟင်... ရေမွန်၊ ရှင်ဘယ်လိုဖြစ်တာတုန်း။”

စက်တစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့မျက်နှာကို သူများတွေ မမြင်အောင်လို့ အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ဝတ်ရုံကြီးကို တစ်ကိုယ်လုံးခြုံထားတဲ့ ရေမွန်က အသက်ရှု မဝသလိုမျိုး ရင်ဘတ်ပေါ်ကို လက်တင်ထားပြီး နံရံကို ကိုယ်တစ်ခြမ်းမှီထားတယ်။

“ဘာမှမဖြစ်ပါဘူး... ကျွန်တော် အဆင်ပြေပါတယ်။” သူက မက်ဒါနာကို လက်မထောင်ပြတယ်။ အေမီကတော့ သူ့ကို မထင်ပေါင်ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး...

“မမလေး၊ အဲဒီဆန်ကုန်မြေလေး​ကောင်ကို ဂရုမစိုက်ဘဲ လွှတ်ထားလိုက်။ ဒီအတိုင်းနှာဘူးအကျလွန်ပြီး နှလုံးရပ် သေသွားရင် ပိုတောင်ကောင်းသေးတယ်။”

“အေမီရယ်၊ နင်က ရက်စက်လိုက်တာ။” မက်ဒါနာလည်း မနေနိုင်ဘဲ သနားသွားပြီး ပြောလိုက်မိတယ်။

“မမလေး၊ အချိန်က သိပ်ရတာမဟုတ်ဘူး။ အခွင့်အရေး ရနေတုန်းလေး လုပ်စရာရှိတာ လုပ်ရအောင်။” အေမီက အကြောင်းပြချက်ကို ခိုင်ခိုင်မာမာပေးရင်း သတင်းစာကို ထောင်ဖတ်တယ်။ မက်ဒါနာနဲ့ရေမွန်ကလည်း သူတို့ကိုယ်ကို ကိုင်းထားပြီးတော့ သတင်းစာကို ကဲဖတ်ကြည့်တယ်။ အင်္ဂလိပ်လိုရေးထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ မဖတ်တတ်စရာ ဘာအကြောင်းမှမရှိပါဘူး။

“၄၂၅ကြိမ်မြောက် လန်ဒန်တော်ဝင်မှော်ပညာကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ​နေမဝင်အင်ပါယာ ပြည့်ရှင်မင်းကြီး တတိယချားလ်နဲ့ ဝန်ကြီးချုပ်သစ် ဖီးလစ်တို့ တက်ရောက်မည်။” အေမီက သတင်းစာကို အသံထွက်ပြီး ဖတ်လိုက်တယ်။

...

လန်ဒန်ကျောင်းတော်ကြီးရဲ့ကျောင်းစာသင်ခန်းတစ်ခု။ ဆံပင်အနက်နဲ့အာရှတိုက်သား ကောင်လေးတစ်ယောက်က စာအုပ်ကိုစားပွဲပေါ်မှာဖွင့်။ ဘောပင်ကို ပါးစပ်နဲ့ကိုက်ကာ အိပ်ငိုက်နေပါတယ်။

ရုတ်တရက် ရွှေရောင်ဆံပင်နဲ့လိုလီလေးလိုထင်ရအောင် သေးသွယ်လှတဲ့ ကောင်မလေးတစ်ယောက်က လက်ထဲမှာ စာအုပ်အထူကြီးတွေကို မနိုင်မနင်းသယ်ပြီးတော့ လူသူ ကင်းမဲ့နေတဲ့ စာသင်ခန်းထဲကို ဝင်လာပါတယ်။ ခါတိုင်းလိုပဲ လည်ပင်းမှာ ဂန္တဝင်ဆန်တဲ့ လက်စွပ်လေးကို လော့ကတ်သီး အဖြစ်နဲ့ဆွဲထားလို့ပေါ့။

ဘုန်း...

“အောင်မလေး သေပါပြီဗျ။” လိုလီလေးက စာအုပ်တွေကို ကောင်လေးရဲ့လက်ပေါ်တည့်တည့် ပစ်ချလိုက်တာကြောင့် ကောင်လေးထအော်လိုက်မိတယ်။

“မာရာဒင် ဝါ့ဇ်။ စက်တော်ခေါ်ရာကနေ နိုးပြီလား။ နောက် တစ်နာရီနေရင် မောင်မယ်သစ်လွင်ကြိုဆိုပွဲက စတော့မှာ နော်။ စင်ပေါ်မတက်ခင် နင့်ရဲ့Cosplayမှော်ပညာကို သံချေးကိုက် မသွားအောင် လေ့ကျင့်ဦး။”

ဒါကြောင့် ဝါ့ဇ်သေချင်စော်နံသွားပြီး ‘ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။'လို့ပြောရင်း ထိုင်ခုံကနေ ထရပ်လိုက်တယ်။ မာရာဒါဝါ့ဇ်က အခုဆိုရင် လန်ဒန်တော်ဝင်မှော်ပညာသင် ကျောင်းတော်ကြီးရဲ့စတုတ္ထနှစ်ကျောင်းသားတစ်ယောက် ဖြစ်နေပြီ။ တတိယနှစ်အောင်ပြီးတာ မကြာသေးဘူးဆိုပေမဲ့ ဒီနှစ်ပြီးရင် ဘွဲ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် နည်းနည်း စိတ်ညစ်နေပါတယ်။

အကြောင်းကတော့... သူ့ရှေ့မှာရှိနေတဲ့ ရွှေရောင်ဆံပင်နဲ့ လိုလီလေး​က အခုမှ ဒုတိယနှစ်ပဲရှိသေးတာဖြစ်ပြီး သူဘွဲ့ အရင်ရသွားရင် ထပ်ပြီးတွေ့စရာ အကြောင်းမရှိတော့လို့ပါ။

“ဖရာလီတာ၊ နင်ကတော့ အမြဲတက်ကြွနေတာပဲ။” ဝါ့ဇ်က သူ့ရှေ့က ချစ်စရာကောင်းတဲ့ ကောင်မလေးရဲ့မျက်နှာ သေးသေးလေးကိုကြည့်ရင်း မနေနိုင်ဘဲ လက်နဲ့ဆွဲညှစ် လိုက်တယ်။

“မိန်းကလေးတစ်ယောက်ရဲ့ပါးကို ခွင့်မတောင်းဘဲ ကိုင်စရာလား။ သောက်ကလေးကြိုက် တဏှာရူးရဲ့။” ဖရာလီတာက ဒေါသထွက်လာပြီး ဒေါက်ဖိနပ်နဲ့ ဝါ့ဇ်ရဲ့ ခြေထောက်ကို တက်နင်းတယ်။ ဝါ့ဇ်လည်း ထခုန်မိတော့တာပေါ့။

“သေပါပြီဗျ။”

ဖရာလီတာကတော့ ဝါ့ဇ်ကို ဂရုမစိုက်တော့ဘဲ စိတ်ကူးယဥ် နေတဲ့ပုံစံနဲ့...

“ တကယ်လို့ ငါတို့သာလေ... မှော်ဆရာမလေး မက်ဒါနာကို ပြီးပြည့်စုံအောင် Cosplayလုပ်ပြနိုင်ခဲ့ရင် ငါတို့ရဲ့မက်ဒါနာ ဖန်ကလပ်ထဲကို အဖွဲ့ဝင်တွေအများကြီး ထပ်ဝင်လာမှာ။”

ဖရာလီတာရဲ့စကားကြောင့် ဝါ့ဇ်က သူ့ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ငွေရောင်ကိတ်ကပ်ဘူးလေးကို စမ်းကြည့်ပြီး မျက်နှာက ရှုံ့မဲ့သွားတယ်။

ဖရာလီတာပြောနေတဲ့ မှော်ဆရာမလေး မက်ဒါနာဆိုတာက ရှေးဟောင်းမိစ္ဆာနတ်ဘုရားဂိုဏ်းကြီးကို ဆန့်ကျင်တိုက်ခိုက် နေတဲ့ လမှော်ဆရာမလေးပါ။ ပြီးတော့ အဲဒီမှော်ဆရာမက တခြားသူမဟုတ်ဘဲ ဝါ့ဇ်ကိုယ်တိုင်ပါပဲ။ ဝါ့ဇ်က ရှေးဟောင်း ပစ္စည်းဆိုင်တစ်ခုကနေ အမှတ်မထင်ဝယ်လာတဲ့ မိတ်ကပ် ဘူးလေးကိုသုံးပြီး လမှော်ဆရာမလေး မက်ဒါနာအဖြစ် အသွင်ပြောင်းနိုင်ခဲ့တာ။

နောက်ဆက်တွဲအနေနဲ့တော့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီး နာမည်ကြီးလာတယ်။ ဖရာလီတာက သူ့ရဲ့ မိန်းကလေးပုံစံဖြစ်တဲ့ မက်ဒါနာကို ပစ်ကြွေနေပြီးတော့ မက်ဒါနာမှမက်ဒါနာ၊ မက်ဒါနာကိုမှ လက်မထပ်ရရင် သေပါတော့မယ်ဆိုတဲ့ မျှော်လင့်ချက်မဲ့အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ပရိသတ်အကြီးစားပါ။

“အဲဒီအ​ကြောင်းတွေးမိရင်၊ ငါသူ့တင်ပါးကိုချည်း အကြိမ်တစ်ရာလောက် ရိုက်ပစ်ချင်တယ်။” ဝါ့ဇ်က စိတ်ညစ်ညစ်နဲ့ သူ့ကိုယ်တိုင်သာ ကြားသာနိုင်တဲ့ လေသံနဲ့ ရေရွတ်လိုက်တယ်။

....

စာမေးပွဲဖြေပြီး ကျောင်းနှစ်လပိတ်တုန်းက ဝါ့ဇ်က ဖရာလီတာကို တစ်နေရာမှာချိန်းပြီး အဖြစ်မှန်ကို ရှင်းပြဖို့ ကြိုးစားခဲ့ပါသေးတယ်။

ချိန်းတွေ့တဲ့နေရာက လန်ဒန်နာရီမျှော်စင်ကြီးရဲ့အတွင်းမှာ။ ဖရာလီတာက သူ့ကိုတခြားသူတွေခုပ်သလိုမျိုး ရည်းစာစာ ပေသတာလိုမျိုး ပေါက်ကရလုပ်မယ်ထင်ပြီး ခြေထောက်ကို ဖိနပ်နဲ့နင်းဖို့ ရောက်လာတာဆိုပေမဲ့ ဝါ့ဇ်က...

“ဖရာလီတာ၊ ငါ့မှာ နင့်ကိုအမှန်အတိုင်းပြောစရာရှိတယ်။” လို့ပြောပြီး မိတ်ကပ်ဘူးလေးကိုထုတ်။ ခါတိုင်းပုံပြောင်းရင် ရွတ်နေကျ ဂါထာလေးကိုရွတ်ပြီး

Moon Prism Power Make UP!

မက်ဒါနာအဖြစ် ဖရာလီတာရှေ့မှာပဲ ပုံပြောင်းပြခဲ့တယ်။

“ဖရာလီတာ၊ ငါက နင်မြင်တဲ့အတိုင်းပဲ မှော်ဆရာမလေး မက်ဒါနာပါ။ ဒီလိုဖြစ်သွားရတဲ့အကြောင်း ငါရှင်းပြချင်...”

ဝါ့ဇ်က ဖရာလီတာကို သေချာရှင်းပြချင်ခဲ့ပေမဲ့ ဖရာလီတာက အလွန့်အလွန်ကို စိတ်လှုပ်ရှားနေပြီး လက်ခုပ်ထတီးတယ်။

“ဝိုး... ဝါ့ဇ်၊ နင်က မထင်ရဘူးပဲ။ နင်ကလည်း မက်ဒါနာရဲ့ ဖန်ဖြစ်နေတာလား။ ပြီးတော့ နင့်ရဲ့သနားစရာ မှော်စွမ်းအားနည်းနည်းလေးကိုသုံးပြီး ဒီလောက်ပြီးပြည့်စုံတဲ့ မက်ဒါနာ Cosplayကို လုပ်နိုင်တယ်။ ငါတော့ အထင်ကြီးသွားပြီ။”

အဲဒီနောက်တော့ ဖရာလီတာကို ဝါ့ဇ်ဘယ်လိုရှင်းပြရှင်းပြ ဖရာလီတာက နားထဲမဝင်တော့ဘူး။ စွမ်းအားရလာတဲ့ အကြောင်းကိုလည်း အသေးစိတ်ရှင်းပြခဲ့သေးတယ် ဆိုပေမဲ့လို့

“ဝိုး.... ဝါ့ဇ်၊ နင်က Role Play လုပ်တဲ့နေရာမှာ အတော်ပီပြင်တာပဲ။” လို့ပဲ ပြန်ဖြေတယ်။ ဒီလိုနဲ့ ဝါ့ဇ်တစ်ယောက် ကူရာကယ်ရာမဲ့သွားတော့တာပဲ။

ကျောင်းတွေပြန်ဖွင့်တော့ ဖရာလီတာ​က မက်ဒါနာ ပရိသတ်များအသင်းရဲ့ဥက္ကဋ္ဌကြီးဖြစ်လာပြီး သူ့ကိုပါ အဖွဲ့ထဲ အတင်းဆွဲသွင်းခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ မက်ဒါနာ Cosplayလုပ်ပြီး စင်ပေါ်မှာကရမယ့်တာဝန်ကို ဝါ့ဇ်ရသွားတော့တာပဲ။

“ချီးထဲမှ...”

...

“ဝါ့ဇ်... နောက်ကျမှာစိုးရတယ်ဆိုတော့... ခန်းမကြီးဆီ ကြိုသွားကြရအောင်...” ဖရာလီတာ​က ဝါ့ဇ်ရဲ့အင်္ကျီလက်ကို ကိုင်ပြီး ရှေ့ကနေပြေးသွားတယ်။ ဝါ့ဇ်ကလည်း နောက်က လိုက်လာရတော့တာပေါ့။

ဝါ့ဇ်တို့ ကျောင်းတော်ရဲ့စင်မြင့်ရှိရာ ခန်းမကြီးဆီကို ရောက်တဲ့အခါ ဝါ့ဇ်မနေနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ နောက်ဆုံးနှစ်ကျောင်းသားအနေနဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အကြိမ်ကြိမ်တက်ခဲ့ပြီးပြီ ဆိုပေမဲ့လို့ ဒီတစ်ခါပြင်ဆင်ထားတာကတော့ သူမြင်ဖူးတဲ့ အထဲမှာအလှဆုံးပါပဲ။

ခန်းမကြီးရဲ့မျက်နှာကျက်က ညကောင်းကင်အတိုင်း မှောင်မိုက်နေပြီးတော့ ဖယောင်းတိုင်မီးခွက်လေးတွေက လေပေါ်မှာ လွင့်မျောလှုပ်ရှားနေတယ်။ ဖယောင်းတိုင် မီးတွေရဲ့အလင်းရောင်က ကောင်းကင်ကြီးက ကြယ်တွေလို ထင်ရပါတယ်။

ထောင်သောင်းချီတဲ့ ကျောင်းသားတွေလည်း ခန်းမထဲကို ဝင်လာနေကြပြီးတော့ ဆရာတွေကလည်း ရှေ့ဆုံးမှာ နေရာဝင်ယူပြီးနေပါပြီ။ ဆရာအများစုက အဆင့်ခြောက်၊ အဆင့်ခုနစ် မှော်ဆရာတွေဖြစ်ပြီး အဆင့်မြင့်တဲ့အထဲမှာ ပါပါတယ်။

ဒါကြောင့် ဝါ့ဇ်က မနေနိုင်ဘဲ ဖရာလီတာကို ကြည့်လိုက်ပြီး မေးဖြစ်သွားတယ်။

“ဖရာလီတာ၊ နင်က အခုအဆင့်ရှစ် မှော်ဆရာမတောင် ဖြစ်နေပြီမဟုတ်လား။ ဘာလို့ ကျောင်းဆက်တက် နေသေးတာလဲ။”

ဝါ့ဇ်က အသည်းအသန် ကြိုးစားခဲ့တောင်မှ အခုထိ အဆင့်ငါး မှော်ဆရာတစ်ယောက်ပဲ ဖြစ်ပါသေးတယ်။ မက်ဒနာအဖြစ်ပြောင်းလိုက်ရင် သူ့စွမ်းအားက နှစ်ဆ ဖြသ်သွားတယ်ဆိုပေမဲ့ ကျောင်းသားတွေထဲမှာဆိုရင် အတော်ပုံမှန်ဆန်တယ် ပြောရမယ်။

“သူကောင်းမျိုးတွေရဲ့ဘဝကို နင်မသိပါဘူးဟာ။ အကုန်လုံး အရှုပ်အထွေးတွေချည်းပဲ။ ကျောင်းသား ဘဝက အေးချမ်းတယ်။”

ဖရာလီတာက ဒဿနတွေကိုပို့ချနေတဲ့ ဆရာမကြီးလိုမျိုး ပြောလိုက်တယ်။ ဖရာလီတာက နာမည်ကျော်ကြားတဲ့ ပန်ဒရာဂွန် ဗစ်ကောင့်မိသားစုကနေ လာတာဖြစ်ပြီး ရာထူးအရနိမ့်ပေမဲ့ ဖရာလီတာရဲ့အဖွားက အဆင့် ဆယ့်နှစ် မှော်ဆရာမဖြစ်တာကြောင့် တိုင်းပြည်ရဲ့ကာကွယ်သူပါ။

“ငါလည်း သူကောင်းမျိုးပါနော်။” ဝါ့ဇ်က ဖရာလီတာ ကြွားဝါနေတာကို မနေနိုင်ဘဲနဲ့ အထွန့်တက်လိုက်တယ်။

မာရာဒါ ဝါ့ဇ်ရဲ့ဝါ့ဇ်မိသားစုက ဝေလပြည်နယ်ရဲ့အထက် မူးမတ်တွေဖြစ်ပြီး အတော်လေးဩဇာသက်ရောက်မှု ရှိတယ်။ ဒါပေမဲ့...

“နင်က နင့်မိသားစုရဲ့အမွေဆက်ခံသူ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ဖိအားဒဏ်ကို ခံရမှာလဲ။” ဖရာလီတာ ပြောတဲ့အတိုင်းပဲ မိသားစုရဲ့အဖိုးက ဝါ့ဇ်ကို ပါရမီနည်းတယ်ဆိုပြီး ဆက်ခံသူအဖြစ် မရွေးခဲ့ဘူး။

ဖရာလီတာနဲ့ဝါ့ဇ်က လွတ်နေတဲ့ခုံတစ်လုံးကို ရွေးပြီးတော့ ထိုင်လိုက်ကြတယ်။ ဝါ့ဇ်က ဖျော်ဖြေမယ့်သူဆိုပေမဲ့ သီးသန့် ပြင်ဆင်စရာဘာမှမလိုတာကြောင့် သာမန်ခုံမှာပဲ ဝင်ပြီး ထိုင်လိုက်တာ။

အစီအစဥ်မှူးဖြစ်တဲ့ ကျောင်းသားကောင်စီဥက္ကဋ္ဌ မိန်းကလေးကတော့ အခမ်းအနားအစီအစဥ်တွေကို ပြောပြသွားပြီး ပထမဆုံးအနေနဲ့ ကျောင်းအုပ်ကြီးကို မိန့်ခွန်းပြောဖို့ခေါ်လိုက်တယ်။

ဝါ့ဇ်ပထမနှစ်တုန်းကလိုပဲ ကျောင်းအုပ်ကြီးရဲ့မိန့်ခွန်းက ပျင်းစရာကြီးရယ်။ ဒါပေမဲ့ ဒုတိယမြောက် မိန့်ခွန်းပြောမယ့် သူကို ဖိတ်ခေါ်လိုက်ချိန်မှာတော့ မျက်ခုံးပင့်လိုက်မိတယ်။

“နေမဝင်အင်ပါယာပြည့်ရှင် တတိယမြောက်ချားလ် ဘုရင်ကြီးအား ဖိတ်ခေါ်လိုက်ပါတယ်။”

‘ဟမ်... ဘုရင်ကိုယ်တိုင် ငါတို့ကျောင်းကို ရောက်လာတာလား။' နေ့တိုင်းလိုလို မိစ္ဆာတွေနဲ့ တိုက်ခိုက်နေရတဲ့အပြင် အတန်းစာတွေနဲ့ရုန်းကန် နေရတဲ့အတွက်ကြောင့် ဝါ့ဇ်က ကျောင်းက သတင်းတွေကို ဂရုမစိုက်မိဘူး။ ဒါကြောင့် ချားလ်ဘုရင်ကြီး စင်မြင့်ပေါ် တက်လာမှ ဘုရင်ကိုယ်တိုင်ရောက်လာမှန်း သူသိတော့တာ။

ဒါပေမဲ့ ဘုရင်ကြီးမိန့်ခွန်းစပြောတယ်ဆိုရုံပဲ ရှိသေးတယ်။ ခန်းမအမိုးကြီးက ရုတ်တရက်မြောက်တက်သွားပြီး အပြင်က နေအလင်းရောင်ကျလာတယ်။ ပြီးတော့ ကျောင်းသားတွေကို ပုရွက်ဆိတ်တွေလိုမျိုး ငုံကြည့်နေတဲ့ ဧရာမမြေသားဘီလူးကြီးကိုရောပေါ့။

“အိုးဟိုးဟိုးဟိုး... ငါတို့ရဲ့ပစ်မှတ်က ဘာမှပြင်ပြင်ဆင်ဆင် မရှိဘဲနဲ့ ဒီကိုရောက်နေတာပဲ။ ဒီတော့ ငါတို့အလုပ်လည်း မြန်မြန်ပြီးသွားတာပေါ့။ ဘုရင်ကိုသတ်မယ်... ပြည်သူတွေ ကြောက်အောင်လုပ်မယ်... အကြောက်တရားကိုသုံးပြီး မိစ္ဆာနတ်ဘုရားကြီး နိုးထလာအောင်လုပ်မယ်။”

“မိစ္ဆာနတ်ဘုရားဂိုဏ်းက အော်ရကယ်လား။” မြေဘီလူးကို မြင်တာနဲ့ ဝါ့ဇ်မျက်မှောင်ကြုတ်လိုက်မိတယ်။ မြေဘီလူးပေါ်မှာ အနက်ရောင်ဂါဝန်ကိုဝတ်ထားပြီး သတ္တုမျက်နှာဖုံးကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။

“ဘုရင်ကြီးကို ကာကွယ်ကြ...” တော်ဝင်ကိုယ်ရံတော်တပ်က မှော်ဆရာတွေက ထွက်လာပြီးတော့ ဘုရင်ကြီးကိုကာကွယ်ဖို့ လုပ်ကြတယ်။ သူတို့ထဲက အများစုက အဆင့်ခုနစ် မှော်ဆရာတွေပါ။ ခေါင်းဆောင်ဆို အဆင့်ကိုးတောင် ရောက်နေပြီ။

အဆင့် ၁၀ မှော်ဆရာဖြစ်တဲ့ ကျောင်းအုပ်ကြီးနဲ့ အဆင့် ၇ ပတ်လည်က ဆရာတွေလည်း ဝင်ကူကြတယ်။ ဒါပေမဲ့ မျှော်လင့်မထားတာက။

“နင်တို့ထဲမှာ အဆင့် ၁၂ တစ်ယောက်မှမရှိဘူးလား။ သနားစရာ...”

ဘုန်း...

မြေဘီလူးကြီးရဲ့ရိုက်ချက် တစ်ချက်တည်းနဲ့ ဆရာတွေရော ကိုယ်ရံတော်တွေပါ လွင့်စင်ကုန်တယ်။ အဆင့် ၁၀ ကျောင်းအုပ်နဲ့ ဘုရင်ကြီးကို အနီးကပ်ကာကွယ်နေတဲ့ အဆင့် ၉ တပ်မှူးတို့ပဲ မားမားမတ်မတ်ကျန်နေရစ်တယ်။

“ဝါ့ဇ်... အင်ပါယာရဲ့သူကောင်းမျိုးတွေအနေနဲ့ ဘုရင်ကြီးကို ကာကွယ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ သွားကြစို့...” ကျောင်းအုပ်နဲ့တပ်မှူးပြီးရင် လူအုပ်ထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ ဖရာလီတာက မှော်နှင်တံကို ကိုင်ပြီးတော့ ထရပ်လိုက်တယ်။

ဒါပေမဲ့ ဝါ့ဇ်ကတော့ တခြားကျောင်းသားတွေနဲ့အတူတူ ခန်းမထဲကနေ ထွက်ပြေးနေပြီ။ “နင်ရူးနေလား၊ ဖရာလီတာရဲ့။ အဲဒါက အဆင့် ၁၂ အထွတ်အမြတ် မှော်ဆရာမှန်း ဒီလောက်သိသာနေတာကို။”

ပြေးနေရင်းကနေ ဝါ့ဇ်က ငယ်သံကြီးနဲ့ လှမ်းအော်ပြော လိုက်ပါသေးတယ်။ ဖရာလီတာကတော့ ဒေါသတကြီးနဲ့ မြေပြင်ကိုခြေဆောင့်ရင်း အော်ဟစ်ကျန်နေခဲ့တာပေါ့။

“ဝါ့ဇ် သောက်ကြောက်... ယောက်ျားဖြစ်ပြီး သူရဲဘော ကြောင်တဲ့ကောင်။”

ဝါ့ဇ်က ဖရာလီတာရဲ့ကျိန်ဆဲစကားတွေကို မကြားသလို ပြုမူနေလိုက်ပြီး ခန်းမအပြင်ကိုရောက်ခါနီးမှ တံမြက်စည်း ထားတဲ့အခန်းတံခါးကို ဖွင့်ဝင်လိုက်ပြီး မိတ်ကပ်ဘူးကို ထုတ်လိုက်တယ်။

Moon Prism Power Make UP!

All Chapters