← Chapters

အခန်း (၇၂၆)

Vol. 49 Ch. 726

အခန်း (၇၂၆)

Vol. 49 Ch. 726

စာကြည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် လဲလျောင်းနေသည့် ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ မောပန်းနေသည့် မျက်နှာအမူအရာများ ရှိလို့နေသည်။ သူသည် ကျင့်ကြံခြင်းမရှိတော့သောကြောင့် ကြိမ်ကုလားထိုင်ခုံဖြင့် ပြန်ကာ သယ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဤကဲ့သို့ ပြန်လာသော လမ်းခရီးသည် အလွန်တရာ ကြမ်းတမ်းလှသောကြောင့် မောပန်းနေပြီဖြစ်သည်။

“ပြီးရင်”

ခဏလောက် အနားယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်မိသည်။ “ဂိုဏ်းရဲ့ဝင်ခွင့်စာမေးပွဲကို လာပြီးဖြေဆိုကြမယ့် လူငယ်လူရွယ်တွေက အများကြီးဖြစ်လာနိုင်တယ်”

ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားတိုက်ပွဲတွင် ဗိုလ်ဆွဲခဲ့သည်။ ထို့အပြင် သူသည် အားရပါးရ ကြော်ငြာခဲ့ပြီးပြီဖြစ် သည်။ ထို့ကြောင့် များပြားလှသော လူငယ်ကျင့်ကြံသူများအားလုံးသည် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် အလုံးစုံ ကြိုးစားကြပေလိမ့်မည်။

ပြောနေစရာပင် မလိုချေ။ လောကကြီးတွင်ရှိသော လူငယ်လူရွယ်များ အားလုံးသည် ပြိုင်စံရှားဂိုဏ်းသို့ ချီတက်လာမှာသေချာ၏။ မကြာသော အချိန်ကာလတစ်ခုတွင် ၎င်းတို့သည် သံမဏိအရိုး တောင်၏ တောင်ခြေရင်းတွင် ဖွေးဖွေးလှုပ်မျှ ရပ်လျက် ရှိနေကြပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် တပည့်နှစ်သောင်းအတိကို ခေါ်ယူနိုင်ရန် မည်သည့်ပြဿနာမှ မရှိတော့ချေ။

“အဆောက်အဦ တွေ၊ ဆေးလုံးတွေ၊ လက်နက်တွေ အားလုံး တိုးချဲ့ရတော့မယ်” ကျွင်းချောင်ရှောင်းသည် အနာဂတ်အစီအစဉ်များကို စတင်ကာစီစဉ်တော့၏။ သူ၏ရည်ရွယ်ချက်သည် တပည့် များကို ခေါ်ဆောင်၍ လူရှိန်အောင် ဟန်ရေးပြ ထုတ်ဖော်ရန် မဟုတ်ပေ။ သိုသိုသိပ်သိပ်နှင့် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးသည့်နောက် ဟန်ချက်ညီပြီး ဂိုဏ်းအား ချစ်ခင်ရင်းနှီးတက်သည့် လူများနှင့် မိသားစု တစ်ခု သဖွယ် ဖွဲ့စည်းမည် ဟူသော ရည်ရွယ်ချက်သာလျှင် ရှိ၏။

“ဒီအတောအတွင်း ဘာမှ လုပ်စရာမရှိဘူးဆိုတော့ နှစ်အနည်းငယ်လောက် အပြင်ထွက်ပြီးတော့ အေးအေး ဆေးဆေး နေခွင့်ရရင် ဘယ်လောက်ကောင်းမလဲ” ကျွင်းချောင်ရှောင်းသည် တွေးတောလိုက်မိ၏။

စနစ်ကပြောလိုက်သည်။ “ဒါဆိုရှိရင်လည်း ချိန်ကိုက်ဗုံးကို တစ်ခါတည်း ဖောက်ခွဲလိုက်လေ၊ ပြီးတာပဲမဟုတ်ဘူးလား”

“မင်းအခု အပြင်ထွက်လာပြီး ငါ့ကိုဆဲစမ်း” ကျွင်းချောင်ရှောင်းကပြောလိုက်သည်။

စနစ်က ပြောလိုက်သည်။ “မဆဲဘူး၊ မထွက်လာဘူး၊ မင်းသာအထဲဝင်ခဲ့လိုက်”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာ၏။ “ဟင်းပွဲတွေအားလုံး အဆင်သင့်ဖြစ်ပါပြီ။ အောင်ပွဲခံပွဲက ဘယ်ချိန်ကျင်းပမလဲ”

“ဒီညလေ” ကျွင်းချောင်ရှောင်း ပြောလိုက်တော့သည်။

လီလိုရှုသည် အလွန်တရာ မောပန်းနေသောဂိုဏ်းချုပ်၏ မျက်နှာကို ကြည့်ကာ ပြောလိုက်၏။ “ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါ့မလား”

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တော့သည်။ “ကျေးဇူးပြုပြီး မှတ်ထားပါ၊ ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်တော့မှ မေးခွန်းမထုတ်နဲ့၊ ဒါက သူ့ရဲ့ ပင်ကိုယ်အရည်အချင်းကို စော်ကားတာနဲ့ တူတူပဲလေ”

လီလိုရှု “...”

၎င်း၏ခန္ဓာကိုယ် အားကောင်းကြောင်းကို ပြသသည့်အနေဖြင့် ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို ခပ်နာနာ ထုလိုက်မိ၏။ ထို့ကြောင့် ရင်ဘတ်ပင်နာသွားခဲ့ရသည်။

“နားလည်ပါပြီ”

လီလိုရှုသည် ထွက်ခွာသွားပြီးသည့်နောက် အောင်ပွဲခံအခမ်းအနားပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းကို ပြုလုပ်တော့၏။

….....

ညသို့ရောက်ချိန်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်ပြင်ထဲတွင် မီးပုံပွဲကြီး ကျင်းပပြီး ဂိုဏ်းတစ်ခုလုံး လင်းထိန်လျက် ရှိနေတော့သည်။ စားသောက်ခန်းတွင်ရှိသော ဂိုဏ်းသားများအားလုံးသည် ဟင်းပွဲများကိုယူ၍ စားပွဲပေါ်တွင် ညီညီစီစီတင်၍ အာလုံး စားသောက်နိုင်ရန် ပြင်ဆင်လျက်ရှိနေတော့သည်။

"ဝိုင်ခွက်ဖွင့်မယ်၊ သောက်ကြရအောင်"

ကျယ်ပြောလှသော ကောင်းကင်ကြီးအောက်တွင် ပြိုင်စံရှားဂိုဏ်းသားများသည် အောင်ပွဲခံအခမ်းအနားကို ကျင်းပနေကြပြီဖြစ်သည်။ များပြားလှသော တပည့်များအားလုံးသည် ဝိုင်ခွက်ကိုမြှောက်ကာဖြင့် နဂါးကျား တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ၎င်းတို့၏စီနီယာအစ်ကိုကြီးများကို ဂုဏ်ပြုလျက်ရှိနေကြ၏။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ကျွင်းချောင်ရှောင်းသည် ထိုပွဲတွင် ကျိန်းသေပေါက် ပါဝင်တော့သည်။ သို့ပေမဲ့ သူသည် ဝိုင်အစား ရေနွေးကြမ်းများကို သောက်နေရပြီး ခဏခဏ အပေါ့သွားနေရသည်။

သက်ဝင်လှုပ်ရှားနေသော စားပွဲကြီးတစ်ခုလုံးသည် မနက်အာရုံတက်ချိန်အထိ ကျင်းပတော့မည်ဖြစ်၏။

စုရှောင်မိုသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း အားရပါးရမော့သောက်ရင်း ဝိုင်ပုလင်းလွတ်ကြီးကို ကိုင်ကာထားသည်။ "ဂျူနီယာညီလေးလီ... မင်းခေါင်းက ဘာလို့အရမ်းကြီးနေတာလဲ ပြောစမ်း၊ မင်းအရက်အရမ်းသောက်လို့ ခေါင်းကြီးသွားတာလား"

အဓိကဟောခန်း၏ လှေကားထစ်တွင်ထိုင်ရင်း ကျွင်းချောင်ရှောင်းသည် အပျော်လွန်နေကြသော သူ့တပည့်များ အား ကြည့်ရှုလျက် ရှိသည်။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီလိုမျိုး အရက်ခံနိုင်မှုနှုန်းနဲ့ဆိုရင်တော့ မင်းတို့က ဘယ်လိုလုပ်ကြမလဲ ၊ ဘယ်လောက်မှ မသောက်ရဘူး၊ မူးနေပြီ”

အမ် …။

သူသည် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ချိန်မှာတော့ တစ်ယောက်ထဲ ထိုင်လျက်ရှိသော ရီရှင်းချန်ကို မြင်လိုက်ရ၏။ ရီရှင်းချန်သည် တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံပေါ်၏။ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်၏ နောက်ခံကို အလွန်တရာ စိတ်ဝင်စားနေမိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ၎င်း၏ ပြန်လည်မွေးဖွား လာခြင်းနှင့်ပတ်သက်၍ ရန်သူ သိရှိသွားပြီဖြစ်သွားကြောင့် ဘာလုပ်ရမလဲဆိုသည်ကို အပြင်းအထန် စဉ်းစားနေသည်ဖြစ်ကြောင်း သူသိရှိနေသည်။

ဟုတ်ပေသည်။ ရီရှင်းချန်သည်လည်း ထိုကိစ္စကို စဉ်းစားနေခြင်းပင် ဖြစ်သည်။ ပိုမိုစဉ်းစားလေ၊ စိတ်ဓာတ်ကျ လာလေဖြစ်သည်။ ထို့ကြောင့် မတ်တပ်ထရပ်ကာ ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည်။ ပြီးနောက် လေးလေး နက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်… ဂိုဏ်းကနေပြီး နှုတ်ထွက်လို့ရလား”

မူးလျက်ရှိနေကြသော လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ထိုစကားကို ကြားရချိန်မှာတော့ အမူးပင်ပြေသွားကြ၏။ ၎င်းတို့သည် အံ့အားတသင့်ဖြင့် ရီရှင်းချန်ကို ကြည့်လိုက်သည်။ ပြီးနောက် ဂိုဏ်းချုပ်အား ကြည့်လိုက်သည်။

“မင်း သေချာလို့လား” ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်၏။

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “သေချာပါတယ်”

“စီနီယာအစ်ကိုရီ”

လျှိုဝမ်ရှစ်သည် မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။ “အရာအားလုံး ဒီမှာအဆင်ပြေနေတာပဲ၊ ဘာလို့ဂိုဏ်းကနေ ထွက်ချင်တာလဲ၊ စီနီယာအစ်ကိုစုက အရက်တွေ အရမ်းတိုက်လို့လား၊ မနက်ထမင်းစားချိန်ရောက်ရင် ကျွန်မသူ့ကို ဟင်းနည်းနည်းပဲ ထည့်ပေးမယ်လေ”

စုရှောင်မို၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ငါ ခဏလေးပဲ သောက်ဖို့ခေါ်တာ၊ သူမသောက်ဘူးဆိုလို့ လီဖေးကို ခေါ်ပြီးတောင် တိုက်လိုက်သေးတယ်လေ၊ ဘယ်လိုဖြစ်လို့ ငါ့ကို အပစ်တင်နေရတာလဲ။

“အားလုံး ထွက်သွားကြ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လီချင်းယန်သည် တစ်စုံတစ်ခုကို ပြောချင်သည်ဆိုသော်လည်း ဂိုဏ်းချုပ်၏ လေးနက်သည့်အမူအရာကို မြင်ချိန်မှာတော့ သူ၏ဂိုဏ်းတူညီအစ်ကိုများအား အသာအချက်ပြ၍ သိုင်းလေ့ကျင့်ရေးကွင်းပြင်ရှိရာဆီသို့ ထွက်ခွာသွားကြ၏။

၎င်းတို့ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တံခါးဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အစောကြီးကတည်းက ငါပြောတယ်လေ၊ မင်းထွက်ခွာသွားချင်တယ်ဆိုရင် ရဲရဲကြီးထွက်ခွာသွားလိုက်လို့”

ရွှီး

ရီရှင်းချန်သည် ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူ၏ရှေ့ရှိ ဝိုင်ခွက်ကို အသာချလိုက်သည်။ ပြီးနောက် တံခါးမကြီးဆီသို့ လျှောက်ထွက်သွားသည်။

“အနာဂတ်မှာ မင်းအောင်မြင်လာပြီဆိုရင် အားတာနဲ့ ငါ့ဆီကို လာလည်ပေါ့၊ ပြီးတော့ ငါတို့ကဆရာ တပည့်တွေပဲ၊ ပြီးတော့ ဒီမှာ မင်းရဲ့ ညီအစ်ကိုရောင်းရင်းတွေရှိတယ်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရီရှင်းချန်သည် မည်သည့်စကားကိုမှ မဆိုဘဲ ရှေ့တည့်တည့်သို့ လျှောက်ထွက်သွားတော့သည်။

“မင်းအပြင်မှာသေမယ်ဆိုရင်လည်း မင်းရဲ့အလောင်းကို ငါက ဒီထဲကို ပြန်ခေါ်လာမှာပဲ၊ ပြီးတော့ ငါတို့က ဆရာ တပည့်တွေလေ၊ ဒီမှာ မင်းရဲ့ညီအစ်ကိုရောင်းရင်းတွေလည်း ရှိတယ်မဟုတ်လား” ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်ပြန်၏။

ဘုတ် …

ရီရှင်းချန်သည် ရပ်တန့်လိုက်၏။ ၎င်းသည် ကျွင်းချောင်ရှောင်းအား နောက်ကျော ပေးထားခဲ့သည်ဆိုသော်လည်း ၎င်း၏ မျက်နှာပေါ်တွင် တွန့်ဆုတ်မှုများ ရှိနေကြောင်းကို ခန့်မှန်းမိ၏။

“မသွားခင်မှာ ငါမင်းကို အကြံတစ်ခုပေးမယ်၊ ဒီဂိုဏ်းထဲက ခြေတစ်လှမ်းထွက်သွားပြီဆိုတာနဲ့ မင်း ဘယ်တော့မှ လက်စားချေလို့ရမှာ မဟုတ်တော့ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ “ကျုပ်ကို ရှာတွေ့သွားပြီ၊ ဒီမှာ ဆက်နေမယ်ဆိုရင် အားလုံးကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်၊ ကျုပ်အတွက်နဲ့ ဒီမှာ ရှိတဲ့လူတွေအကုန်လုံးက ကပ်ဘေးကြီးကို ရင်ဆိုင်ရနိုင်တယ်”

ဝိုင်တစ်ခွက်၏ အစွမ်းကြောင့်ပဲ ထင်သည်။ ဤမောက်မာလှသော လူငယ်လေးသည် သူ့ရင်ထဲမှာရှိသော အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုလျက်ရှိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြဿနာကြီးတက်မယ့်ကိစ္စကို ဒီမှာရှိတဲ့ မင်းရဲ့ ညီအစ်ကိုရောင်းရင်းတွေက ဂရုစိုက်မယ်လို့ ထင်နေသလား”

“ဂရုမစိုက်ပါဘူး။” ပြိုင်စံရှားဂိုဏ်းတွင်ရှိသော တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြသည်။ လှည့်ကြည့် လိုက်သည့်အချိန်မှာတော့ လီချင်းယန်နှင့် ရှောင်ကျီတို့သည် ထွက်ခွာမသွားကြချေ။ အတွင်းခြံဝန်းထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ရီရှင်းချန်အား ပြုံး၍ ကြည့်နေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းရဲ့ ရောင်းရင်းညီအစ်ကိုတွေကတောင်မှ သေဆုံးရမှာ၊ ဒုက္ခရောက်ရမှာတောင် မကြောက်တာ၊ မင်းက ဘာကို ကြောက်နေရတာလဲ”

ရီရှင်းချန်၏ မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးလှသည့် အမူအရာများ ဖြစ်တည်လျက်ရှိသည်။ သူ၏ နှလုံးသား ထဲတွင်တော့ ဝေခွဲမရသည့်စိတ်များဖြင့် ရုန်းကန်လျက်ရှိနေသည်။ အတိတ်တုန်းကဆိုလျှင် သူသည် ချက်ချင်း လှည့်၍ ထွက်ခွာသွားမှာဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အပြင်းအထန် စဉ်းစားနေမိ၏။

“ကောင်းကင်ကြီး ပြိုကျသွားမယ်ဆိုရင်တောင် ငါတို့က တောင့်ခံထားရမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာတွေကို မင်းက စိုးကြောက်နေတာလဲ”

တောင့်ခံထားရမယ်ဆိုသည့် စကားကို ကြားရချိန်မှာတော့ ရီရှင်းချန်သည် အထက်နယ်မြေဆီမှ လက်ဝါးချက်ကြီး ကျဆင်းလာချိန်တွင် သူ၏ရှေ့၌ရပ်လျက် တောင့်ခံထားပေးသော ဂိုဏ်းချုပ်အား မျက်လုံးထဲတွင် မြင်ယောင် လာ၏။

ထိုသို့သော သေခြင်းရှင်ခြင်း အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်သည် သူ့အား ရှိရှိသမျှသော အားအင်ကို ထုတ်သုံးကာ ကာကွယ်ပေးခဲ့၏။ ဤကဲ့သို့သော အခြေအနေမျိုးသည် သူ၏အရင်ဘဝတည်းက ဘယ်တုန်းကမှ မတွေ့ကြုံဘူးသော အရာတစ်ခုပင် ဖြစ်တော့သည်။ သူသည် မောက်မာလှသည်ဆိုသော်လည်း သူ၏ရှေ့တွင် ရှိသော ဂိုဏ်းချုပ်အား လေးစားမိသည်။

သူ့အား ဤကဲ့သို့ ကူညီခဲ့သည်ကို မြင်ရချိန်မှာတော့ စိတ်ထဲတွင်‌ လေးလေးနက်နက် လှုပ်ရှားမိသည်ဆိုကြောင်းကို လည်း ဝန်ခံရပေလိမ့်မည်။ ဂိုဏ်းဆီသို့ပြန်ရာ လမ်းတစ်လျှောက်တွင် သူသည် ထိုအရာနှင့်ပတ်သက်၍ စဉ်းစားနေမိသည်။ တစ်ဖက်အမျိုးသမီးသည် သူ့အား ရှာဖွေတွေ့ရှိသွားသည် ဖြစ်သောကြောင့် ဂိုဏ်းအပေါ်တွင် အန္တရာယ်များ ကျရောက်နေမည်လား ဆိုသည်ကို စဉ်းစားမိ၏။

အရင်ဘဝတုန်းကသာဆိုလျှင် စိတ်ပိုင်းဆိုင်ရာအရ တစ်ဖက်လူအပေါ် တွေးတောညှာတာပေးခြင်းမျိုးမရှိသည့် ညအင်ပါယာသည် တခြားသောလူများအားလုံးကို လွယ်လွယ်ကူကူနှင့် ရန်ပြုတိုက်ခိုက်ခဲ့၏။ ထို့ကြောင့်ပင်လျှင် တခြားသူများအတွက် တွေးတောခြင်း အပြုအမူကို သူဘယ်တုန်းကမှ မပြုလုပ်ခဲ့ဘူးချေ။

ဟူး

ရီရှင်းချန်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီးသည့်နောက် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝှစ်

ကျွင်းချောင်ရှောင်းကို လက်ကိုယမ်းခါကာ ပြောလိုက်၏။ “စုရှောင်မို... ခွက်ကို ဖြည့်လိုက်၊ ဒီနေ့ မင်း သူ့ကို မူးအောင်မတိုက်နိုင်ဘူးဆိုရင် သုံးလတိတိ စားသောက်ခန်းထဲမှာ ရှိတဲ့ ပန်းကန်တွေကို ဆေးရမယ်”

“ကောင်းပါပြီ” စုရှောင်မိုက အော်ဟစ်လိုက်သည်။ ပြီးနောက် တွေးလိုက်မိသည်။

ငါ သူ့ကို ဘယ်တုန်းက အပြစ်လုပ်မိလို့တုန်း၊ ဂိုဏ်းချုပ်ကတော့ ပြဿနာပဲ။

“ဂျူနီယာညီလေးရီ”

ဝိုင်ခွက်ကို ဖြည့်ပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် ခွက်ကိုမြှောက်ကာ ပြောလိုက်၏။ “လာခဲ့၊ ကျုပ်တို့ညီအစ်ကိုတွေ ဒီနေ့မှာ သောက်ရမယ်လို့ ဂိုဏ်းချုပ်က ပြောထားတယ်”

ရီရှင်းချန်သည် ဝိုင်ခွက်ကိုကောက်ယူကာ မည်သည့်စကားမှ မဆိုဘဲ တစ်ခါတည်းမော့သောက်လိုက်၏။

ဟမ့်

“လာ လာ သောက်ကြစို့”

နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် မူးပြီး စားပွဲပေါ်တွင် လဲလျက်ရှိသည်။ မျက်နှာ တစ်ခုလုံး နီမြန်းနေသော ရီရှင်းချန်မှာတော့ မီးပုံကြီးဖိုထားရာနေရာဆီသို့ ဖြေးညှင်းစွာ လျှောက်သွားတော့ သည်။ သူသည် လက်ထဲတွင် ဝိုင်ပုလင်းလွတ်နှစ်ခုကို ကိုင်ထားပြီး လက်နှင့်ခြေများသည် တဖြည်းဖြည်း ငြိမ့်ညောင်းစွာ လှုပ်ရှားရင်း စတင်ကာ ကခုန်မိလေတော့သည်။

All Chapters