အခန်း (၇၂၇)
Vol. 49 Ch. 727
လက်ရှိအခြေအနေမှာတော့ ညအင်ပါယာသည် မိမိလုပ်ချင်ရာကို ဘာတစ်ခုမှ တွေးတောမနေဘဲ စိတ်လွတ် ကိုယ်လွတ်နေလျက် ရှိနေတော့သည်။ သူသည် ထပ်ခါတလဲလဲ စဉ်းစားပြီးသည့်နောက်မှာတော့ ဉာဏ်အလင်း တချို့ကို ရရှိခဲ့၏။ ဂိုဏ်းချုပ်ပြောဆိုခဲ့သည့် စကားလုံးများသည် သူ၏ဦးနှောက်ထဲတွင် ထပ်တလဲလဲ ပဲ့တင်ထပ် လျက်ရှိနေ၏။
ရီရှင်းချန်သည် တချို့သော ကိစ္စရပ်များကို နားလည်သွားပုံပေါ်ပြီး စုရှောင်မိုတိုက်သမျှ ဝိုင်အရက် များအားလုံးကို စိတ်လိုလက်ရ အားရပါးရ သောက်ပြီး မူးလျက်ရှိနေတော့သည်။ သူ့အနေနှင့် အရက်မူးနေ သည်ဖြစ်သောကြောင့် ပုံမှန်မဟုတ်သည့် အရာများကိုလည်း ပြုလုပ်လျက်ရှိသည်။ ဥပမာအားဖြင့် မီးပုံနားတွင် ကခုန်နေခြင်းဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့်အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ကြီးကို ထုတ်ယူ၍ ဖွင့်လှစ်လိုက် တော့သည်။ Only You ဆိုသည့် သီချင်းသည် လေထုထဲတွင် ပျံ့နှံ့ကာ ထွက်ပေါ် လာခဲ့ပြီဖြစ်သည်။ ဤအရာသည် အလွန်တရာ ကောင်းမွန်သည့် သီချင်းတစ်ပုဒ်ပင် ဖြစ်တော့၏။ (စတီဗင်ချောင် - Chinese Odyssey ထဲမှ သီချင်းဖြစ်သည်။ တော်သေးသည်။ မသိသော သီချင်းဖြစ်ပါက ဘာသာပြန်သူသည် banana ၏ အရှုံးမပေးနဲ့ ကြိုးစား သီချင်းအား ထည့်ရေးရန် ကြံစည်ပေလိမ့်မည်)
မီးပုံပွဲမှာ မီးများအားလုံးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် တောက်လောင်လျက်ရှိတော့သည်။ အရက်မူးနေသည့် ရီရှင်းချန် သည် တခြားမည်သည့်အရာကိုမှ စဉ်းစားခြင်းမပြုတော့ဘဲ စိတ်လွတ်ကိုယ်လွတ်နှင့် သံစဉ်နှင့်အတူ စီးမျောလျက် ရှိနေတော့သည်။
ညရောက်ချိန်မှာတော့ လီချင်းယန်နှင့် ရှောင်ကျီတို့သည် လှေကား၏ထိပ်တွင် ထိုင်လျက်ရှိပြီး မေးထောက်ကာ ညသန်းခေါင်ရောက်သည်အထိ ကလျက်ရှိသော ရီရှင်းချန်ကို ငေးကြည့်လျက်ရှိနေကြ၏။
ဆွစ်
မနက်မိုးလင်းလာချိန်မှာတော့ ရီရှင်းချန်သည် ရုတ်တရက် အိပ်ယာထဲမှ ထထိုင်လိုက်၏။ သူသည် ဘေးအခန်းတွင် အိပ်ပျော်နေသည်ကို သိလိုက်ရချိန်မှာတော့ ခေါင်းကိုကိုင်လိုက်မိသည် “ခေါင်းတွေကိုက်လိုက်တာ၊ ငါအရက်သောက် တာများသွားပြီနဲ့တူတယ်”
“ဂျူနီယာညီလေး... နိုးပြီလား”
ဘေးအခန်းဆီမှ ထွက်လျှောက်လာသည့်အချိန်မှာတော့ အပြင်ဘက်ခြံဝန်းတွင်ရှိသည့် သူ၏စီနီယာအစ်ကိုများ သည် ပြုံးရယ်ကာ နှုတ်ဆက်လျက်ရှိသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်ရှိသော အပြုံးများအားလုံးသည် အနည်းငယ် ထူးဆန်းလျက်ရှိနေပြီး ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး”
ရီရှင်းချန်သည် သူ၏ခေါင်းကို အသာအုပ်လိုက်ပြီး ပြောလိုက်မိ၏။ “မနေ့က တစ်စုံတစ်ခု ဖြစ်ခဲ့တယ်နဲ့တူတယ်”
“ဂျူနီယာညီလေးရီ”
ထိုအချိန်မှာတော့ စုရှောင်မိုသည် နောက်ဘက်မှနေ၍ ပခုံးကိုဖက်ကာ ပြောလိုက်သည်။ “မင်းအရက်သောက်တာ တကယ့်ကို တော်တဲ့လူပဲ၊ မနေ့က တော်တော်သောက်နိုင်တာ”
ရီရှင်းချန်သည် မည်သည့်စကားမှ မဆိုပေ။ စိတ်ထဲမှာတော့ ကြိတ်ကာ တွေးနေမိသည်။ “ငါဘာလို့ တစ်ခုမှ မမှတ်မိရတာလဲ”
လီဖေးသည် ဘေးတစ်ဖက်ဆီသို့ ရောက်ရှိလာကာ ပြောလိုက်၏။ “ဂျူနီယာညီလေးရီက ကတာလည်း တော်တာပဲ”
“ကတာ ဟုတ်လား” ရီရှင်းချန်သည် မျက်မှောင်ကုတ်မိသွားသည်။
လီဖေးသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဂျူနီယာညီလေးရီ... မင်းအရက်သောက်ပြီးတော့ လုပ်ခဲ့တဲ့အရာအားလုံးကို မမှတ်မိတော့ဘူးလား၊ မင်းမနေ့က ဝိုင်နှစ်ပုလင်းတိတိ ကုန်အောင်သောက်ပြီးတော့ မီးပုံဘေးမှာ တစ်ညလုံး ကနေတာကို မေ့သွားပြီပေါ့”
ရီရှင်းချန်သည် ဆွံ့အသွားမိ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူ၏မျက်နှာတစ်ခုလုံးသည် တုန်ယင်လျက် ရှိနေသည်။ “ကျုပ် …. ကျုပ်ကမိတာ ဟုတ်လား”
….....
နဂါးကျားဗိုလ်ဟူသည့် စာတမ်းကြီးပါသည့် ဆိုင်းဘုတ်တစ်ခုသည် ကျွင်းချောင်ရှောင်း၏ စာကြည့်ခန်းတွင် ချိတ်ဆွဲလျက်ရှိသည်။
တစ်ခါတစ်ရံမှာတော့ သူသည် ထိုအရာကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် တိုက်ခိုက်လျက်ရှိသော တပည့်များ၏ မြင်ကွင်းကို ပြန်လည်မြင်ယောင်လာမိသည်။ သူသည် အလွန်သဘောကျစွာဖြင့် ပြုံးနေမိ၏။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်ကြား၌ ဆက်ဆံရေးသည် ဆရာ နှင့်တပည့် ဆက်ဆံရေးဆိုသည်ထက် အများကြီးပိုသည်။ ထို့ကြောင့် ကြီးမားလှသော ဂိုဏ်းပြိုင်ပွဲကြီးများတွင် အောင်မြင်မှုသရဖူကို ရယူနိုင်ခဲ့သောတပည့်များအတွက် သူသည် အလွန်တရာ ဂုဏ်ယူသည်ဆိုသည်မှာ သဘာဝ ပင်ဖြစ်တော့သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသာလျှောက်လှမ်းလာကာ ပြောလိုက်၏။ “မြောက်ပိုင်းသဲကန္တာရ နယ်မြေက အသူရာသဲဂိုဏ်း ဂိုဏ်းချုပ်က လာလည်တယ်”
ဟမ်
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဘာလို့ သူက လာလည်ရတာလဲ”
မြောက်ပိုင်းသဲကန္တာရနှင့် သူသည် စီးပွားရေးပြုလုပ်နေသည်မှာ အချိန်အတော်ကြာမြှင့်နေပြီဖြစ်၏။ လစဉ် လတိုင်း ကျောက်ရိုင်းနှင့် ပစ္စည်းပစ္စယများကို ပို့ဆောင်ပေးတတ်သည်။ အချိန်ကို တွက်ကြည့်မည်ဆိုပါက ကျောက်ရိုင်းများ ပို့ဆောင်ရမည့်အချိန်ပင် ဖြစ်တော့သည်။ သို့ပေမဲ့ ဖန်းဖေးရှသည် လူကိုယ်တိုင်ရောက်လာခဲ့ သည်ဆိုသည်မှာတော့ သူ့အား အနည်းငယ် အံ့အားသင့်မိစေ၏။ သူ့အား လာ၍ ဂုဏ်ပြုစကားဆိုချင်သည်လား။
“အထဲကိုဖိတ်ခေါ်လိုက်”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းဆီသို့ လှမ်းသွားလိုက်၏။
သူထိုင်လိုက်ပြီးပြီးချင်းမှာပဲ လီချင်းယန်၏ လမ်းပြမှုနှင့်အတူ ဖန်းဖေးရှသည် ရောက်ရှိလာခဲ့သည်။ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “နဂါးကျား တိုက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ဂိုဏ်းချုပ်ကျွင်းကို ဂုဏ်ယူမိပါတယ်”
“ကျေးဇူးပဲ”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ဖန်း... ကျေးဇူးပြုပြီး ထိုင်ပါအုံး”
ဖန်းဖေးရှသည် အသာထိုင်ကာ ပြောလိုက်၏။ “ဒီအတောအတွင်းမှာ ရရှိခဲ့တဲ့ ကျောက်ရိုင်းတုံးတွေက တော်တော်ကို များတယ်လေ၊ လမ်းမှာ တစ်စုံတစ်ခု ဖြစ်မှာကို စိုးရိမ်တာမို့လို့ ကျုပ်ကိုယ်တိုင် လိုက်လာခဲ့တာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျေးဇူးပါပဲ ဂိုဏ်းချုပ်ဖန်း၊ ပြန်ဖို့အလျင်မလိုဘူးဆိုရင် ဒီမှာနေပြီးတော့ ထမင်းတစ်နပ်လောက် စားသွားပါအုံး”
“ဒါဆိုရင်လည်း ဖိတ်ခေါ်မှုကို အားရပါးရ လက်ခံရမှာပေါ့”
...........
“ကောင်းကင်ဘုံ”
စားသောက်ခန်းထဲမှာတော့ ဖန်းဖေးရှသည် သူ၏တူကို မြှောက်ကိုင်ရင်း မျက်လုံးအစုံကို မှိတ်ကာထားမိ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်တစ်ခုလုံးသည် ခန္ဓာကိုယ်အပြင်ဘက်ဆီသို့ ထွက်ခွာသွားပြီးသည့်နောက် အဆုံးအဆမဲ့ ကောင်းကင်ကြီးတွင် လွင့်မျောနေသကဲ့သို့ ခံစားမိ၏။
လျှိုဝမ်ရှစ်၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် သူ့အား ထိတ်လန့် တုန်လှုပ်စေမိသည်။ ဝိညာဉ်တစ်ခုလုံးသည် ကောင်းကင်ယံပေါ်တွင် ပျံသန်းလျက်ရှိပြီး အချိန်အတော် ကြာသည်အထိ ခန္ဓာကိုယ်ထဲ ပြန်မရောက်နိုင်သလိုပင် ဖြစ်နေသည်။
“ဂိုဏ်းချုပ်ဖန်း”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ “ဒီတစ်ကြိမ်ရောက်လာတာ ကျောက်ရိုင်းတုံးတွေကို လာပို့ရုံသက်သက် မဟုတ်ဘူးမို့လား”
“ဒါအမှန်ပဲလေ”
အဓိက အကြောင်းအရာကို ရောက်ရှိချိန်မှာတော့ ဖန်းဖေးရှသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက် တော့၏။ “ဂိုဏ်းချုပ်ကျွင်း... ခရမ်းရောင်ဘုရင်ရဲ့ အကြောင်းကို ကြားဖူးလား”
“မကြားဖူးဘူး” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။
ဖန်းဖေးရှသည် အသံကို နှိမ့်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ခရမ်းရောင်ဘုရင်က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပေါ်လာခဲ့တယ်လေ၊ သူကမြောက်ပိုင်းသဲကန္တာရ နယ်မြေထဲမှာ သားရဲစစ်တပ်ကြီးတစ်ခုကို စုစည်းခဲ့တယ်”
“ဒီလိုအရာ ရှိတာလား” ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။
ဖန်းဖေးရှက ပြောလိုက်သည်။ “ကံဆိုးတာက ကုန်းမြေတိုက်ကြီးမှာရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေက အချိန်မီသိရှိလိုက်ရတာပဲ၊ ဒါကြောင့် သိုင်းနယ်မြေကျင့်ကြံသူလေးယောက်ကို လွှတ်ပြီးတော့ စည်းခတ်ခိုင်းခဲ့တယ်”
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို မော့သောက်ကာ ပြောလိုက်သည်။ “သိုင်းနယ်မြေလေးယောက်တောင်မှ သွားပြီးတိုက်ခိုက်ရတယ်ဆိုတော့ ဒီခရမ်းရောင်ဘုရင်က အရမ်းအားကောင်း လို့နေလိမ့်မယ်၊ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုတောင်မှ ကပ်ဘေးကြီးကျရောက်နိုင်ဖို့ စွမ်းအင်ရှိတဲ့လူလို့ ကျုပ်ထင်မိတယ်လေ”
“ဟုတ်တယ်”
ဖန်းဖေးရှက ပြောလိုက်သည်။ “အချိန်မီ ရှာဖွေတွေ့ရှိသွားတာကြောင့် ခရမ်းရောင်ဘုရင်က ဘာမှမလုပ်နိုင်ခင်မှာပဲ ကျွမ်းကျင်သူလေးယောက်ရဲ့ စည်းခတ်ခြင်းကို ခံခဲ့ရတယ်၊ အဲတော့ သားရဲတွေအကုန်လုံးက ၎င်းတို့ရဲ့ ခေါင်းဆောင် ပျောက်သွားပြီးတော့ နေရာ အနှံ့ဆီ ပြန့်ကျဲသွားကုန်ကြတယ်”
“...” ကျွင်းချောင်ရှောင်း၏နှုတ်ခမ်းများသည် တုန်ယင်သွား၏။
သိုင်းနယ်မြေ ကျင့်ကြံသူလေးယောက်ကိုပင် စုစည်း ရောက်ရှိလာစေသူဖြစ်ပြီး သားရဲပေါင်းတစ်သန်းကျော်ကို စစ်တပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သော ခရမ်းရောင် ဘုရင်သည် ဘာတစ်ခုမှ မလုပ်ရသေးသည့်အချိန်မှာပဲ ရှုံးနိမ့်ကာ ဖမ်းဆီးခံခဲ့ရသည်။ အလွန်တရာ ဆိုးရွားပြီး ကံဆိုးလွန်းလှသော ဗီလိန်တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
“စည်းခတ်ခံရတာ ဟုတ်လား၊ ဆိုလိုတာက သူအသက်ရှိသေးတာပေါ့”
ဖန်းဖေးရှသည် အနီးသို့ ကပ်လာကာ တီးတိုးပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ် ဒီကိုလာလည်တာ အဲတာကြောင့်ပဲ”
“ဘာကိုဆိုလိုတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ကျုပ်သိသလောက်ဆိုရင် အဲဒီမိစ္ဆာကို ဖမ်းဆီးထားတဲ့စည်းက ပျက်ဆီးသွားပြီလေ” ထိုအချိန်မှာတော့ ဖန်းဖေးရှ၏ အသံသည် ပို၍ တိုးလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဟန်ပန်ဖြင့် ပြောလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဲလိုကိစ္စမျိုးက ရှိလား”
သူ့အနေနှင့် အများကြီး ဂရုမစိုက်လှချေ။ အဘယ်ကြောင့်ဆိုသော် ဘာတစ်ခုမှပင် မပြုလုပ်လိုက်ရဘဲ ရှုံးနိမ့်ခဲ့သော လူတစ်ယောက်သည် ထွက်လာမည်ဆိုလျှင်လည်း ဘာလုပ်နိုင်မည်နည်း။
ဖန်းဖေးရှက ပြောလိုက်၏။ “ဒီသတင်းကို အလယ်ပိုင်းဒေသမှာရှိတဲ့ လူတွေက ဖုံးအုပ်ထားကြတာလေ၊ ဒါကြောင့် လျှို့ဝှက်ထားရမယ်၊ ကျုပ်က ခင်ဗျားကိုလာပြီး သတိပေးတယ်ဆိုတာ ခင်ဗျားရဲ့တပည့်တွေ တောင်ပေါ်ကိုတက်ပြီး လေ့ကျင့်တဲ့ အချိန်မှာ ပြဿနာဖြစ်မှာဆိုးလို့ပဲ”
“ဟုတ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဖန်းဖေးရှက ပြောလိုက်၏။ “ခရမ်းရောင်ဘုရင်က သားရဲတွေနဲ့ ဆက်သွယ်နိုင်တယ်လေ၊ ပြီးတော့ သူတို့ရဲ့ အသိဉာဏ်တွေကို နိုးထစေပြီးတော့ စိတ်ဝိညာဉ်သားရဲတွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတယ်၊ သူနဲ့ တွေ့ဆုံမယ်ဆိုရင် ကံမကောင်းနိုင်ဘူး၊ ခင်ဗျားရဲ့ တပည့်တွေ ဒီကိုပြန်လာနိုင်မှာ မဟုတ်ဘူး”
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ကဲ သောက်ကြစို့”
“နေအုံး”
ဖန်းဖေးရှသည် သူ၏တူကို မြှောက်ကိုင်ပြီး သွားဖြီးကာ ပြောလိုက်၏။ “နည်းနည်းလောက် စားပါရစေအုံး”
“ခင်ဗျားကြိုက်သလောက်စားလေ၊ ယဉ်ကျေးနေစရာ မလိုပါဘူး”
“ဟမ် …. စားလို့မကုန်တာတွေကို ထုတ်သွားလို့မရဘူးလား” ဖန်းဖေးရှသည် အစားအသောက်များကို စားသုံးပြီးသည့်နောက်မှာတော့ ကျန်နေသည့်အရာများကို တကယ်ပင် ထုတ်ယူသွားခဲ့၏။
လက်ရှိ အချိန်မှာတော့ ဖန်းဖေးရှ သည် ကျွင်းချောင်ရှောင်း လက်နက်များကို ဖန်တီးနိုင်ရန်အတွက် ကျောက်ရိုင်းများကို ယူဆောင်လာခဲ့ကြသည်။ ထို့ကြောင့် သူ့တပည့်များ၏ အားအင်အဆင့်သည် တိုးတက်လာ ပေတော့မည်။
ခရမ်းရောင်ဘုရင်အတွက်တော့ သူအလုံးစုံ ဂရုမစိုက်ချေ။ ထို့ပြင် ဤမိစ္ဆာသတ္တဝါသည် ပြဿနာ ရှာမည်ဆိုလျှင်တောင်မှာ သူ့အပေါ် သက်ရောက်လိမ့်မည် မဟုတ်ချေ။ လမ်းမှန်ဂိုဏ်းများနှင့် ကျွမ်းကျင်သူများ သည်သာ ထိုအရာကို ဖြေရှင်းပေလိမ့်မည်။
………...
သေမင်းတောင်ကြားထဲရှိ အလွန်တရာ လူသူကင်းရှင်းလှသည့် တားမြစ်တည်နေရာကြီးတစ်ခုမှာတော့ သားရဲ များနှင့် ပြည့်နှက်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် တပည့်များကို ဤနေရာသို့ ခေါ်ဆောင်ကာ လေ့ကျင့် ခဲ့ပြီးသည့်နောက်မှာတော့ စွမ်းအားမြင့် သားရဲများသည် မရှိသလောက် ဖြစ်သွားသည်မို့ အန္တရာယ်ပေးနိုင်သည့် သားရဲများ မရှိတော့ချေ။
ဘုတ်
ဟွာယန်နိုင်ငံတွင်ရှိသော မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် မီးနဂါးသားရဲကြီး တည်ရှိခဲ့သည့်နေရာတွင် လဲကျ သွား၏။ သူ၏မျက်လုံးများသည် ကြောက်ရွံထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“အမှိုက်”
ကိုယ်လုံးတီးမိစ္ဆာကျင့်ကြံသူတစ်ယောက်သည် သူ၏ရှေ့တွင် မတ်တပ်ရပ်လျက်ရှိပြီး တင်းမာသည့်မျက်နှာဖြင့် မေးလိုက်၏။ “ငါ့ရဲ့ဥ ဘယ်မှာလဲ”
ဥ ဟုတ်လား၊ ဥက ခင်ဗျား ပေါင်ကြားထဲမှာ ရှိတာ မဟုတ်လား။
“ကျုပ်၊ ကျုပ်မသိဘူး၊ ကျုပ်က ဒီနေ့မှ ဒီကိုလာခဲ့တာပါ” မိစ္ဆာကျင့်ကြံသူသည် ကြောက်လန့်စွာဖြင့် ပြောလိုက်မိသည်။
ဘန်း …..။
မိစ္ဆာလူသည် ၎င်း၏ခြေထောက်ကို မြှောက်ကာဖြင့် မိစ္ဆာကျင့်ကြံသူ၏ ဦးခေါင်းကို ဖြတ်နင်းလိုက်တော့သည်။ သွေးများ၊ ဦးနှောက်အပိုင်းအစများအားလုံးသည် နေရာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။ ပြီးနောက် သူသည် အသာလှည့်ပြီးသည့်နောက် သေမင်းတောင်ကြားထဲမှာနေထိုင်သော အဆင့်နိမ့်သားရဲတစ်ကောင်အား လှမ်းဆွဲကာ မေးလိုက်တော့သည်။ “ငါ့ရဲ့ ဥ ဘယ်မှာလဲ”
စကားမပြောနိုင်သော သားရဲသည် ရုတ်တရက် အသိဉာဏ်ရရှိသွား၏။ ပြီးနောက် ရုတ်တရက် စကားပြောဆို နိုင်စွမ်း ရရှိသွားခဲ့တော့သည်။ သူသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ “ဒီဥကို လူသားတစ်ယောက်က ယူဆောင်သွားတယ်”
“ဘယ်သူလဲ”
“ကျုပ် …. ကျုပ်မသိဘူး”
ဘန်း …။
မိစ္ဆာလူသည် ထိုသတ္တဝါကို အဝေးဆီသို့ ကန်ထုတ်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အမှိုက်”
“ဘုရင်”
လူသားတစ်ပိုင်း၊ စိတ်ဝိညာဉ်တစ်ပိုင်း သားရဲတစ်ကောင်သည် ရောက်ရှိလာပြီး “မီးနဂါးသားရဲတွေက ဥကို စောင့်ရှောက်တာလေ၊ သူတို့ကို ဘယ်သူသတ်ခဲ့တယ်ဆိုတာ သိရင် ဒီဥကို ဘယ်သူယူသွားလဲဆိုတာ ရှာဖွေလို့ ရပြီ”
“မင်းတော်တယ်”
မိစ္ဆာလူသည် ၎င်း၏ ပခုံးကို အသာပွတ်ကာ ပြောလိုက်၏။ “မင်းက ငါ့ရဲ့ တကယ့်ကို ဘယ်လက်ရုံးတစ်ယောက်ပဲ … ချီးတဲ့မှ .. မင်းရဲ့ ဘယ်လက်က ဘယ်ရောက်သွားတာလဲ။ ဘာလို့ ညာတစ်ဖက်ပဲ ရှိတာလဲ။”