အခန်း (၇၂၈)
Vol. 49 Ch. 728
ကျွင်းချောင်ရှောင်းသည် ဖန်းဖေးရှ သူ့အားပေးခဲ့သည့် သိုလှောင်လက်စွပ်ထဲတွင်ရှိသော ကျောက်ရိုင်းများ အားလုံးကို အသုံးပြု၍ စတင်ကာ သန့်စင်တော့သည်။ များပြားလှသည့် ကျောက်ရိုင်းတုံးများရှိသည်မို့ ၎င်းတို့ အားလုံးအား သန့်စင်ရန်အတွက် ရက်အနည်းငယ် ကြာမြှင့်နိုင်သည်။
ဝှား
မီးနဂါးလေးသည် စာကြည့်ခန်းထဲတွင်ရှိသော သူ၏အသိုက်ထဲ၌ သန်းဝေလျက်ရှိသည်။ ဤအတောအတွင်း နဂါးလေးသည် ဆောင်းခိုခြင်းကို မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်အရွယ်အစားသည်လည်း ပြောင်းလဲ မသွားခဲ့ချေ။ ကြည့်ရသည်မှာ အရင်ကအတိုင်းပင် တူညီစွာရှိလို့နေသည်။
ကျွင်းချောင်ရှောင်းက တီးတိုးပြော လိုက်သည်။ “နဂါးလေးက ဘာသတ္တဝါလဲ။ တကယ်က ဘာကြီးလဲ”
အအေးနန်းတော်မှ ဘိုးဘေးကြီးရောက်ရှိလာချိန်တွင် နဂါးလေးသည် လက်သည်းငါးခု နဂါးကြီးအဖြစ်သို့ အသွင် ပြောင်းလဲခဲ့သည်။ ထိုအရာသည် သူ့အား အလွန်ပင် တုန်လှုပ်မိစေ၏။ ၎င်းသည် သားရဲတစ်ကောင်၏ စွမ်းရည် လား၊ အစစ်အမှန်ခန္ဓာကိုယ်လားဆိုသည်ကို သူစဉ်းစားနေမိ၏။
“မီးနဂါးလေးက ဒိုင်နိုဆောလို အကောင်မျိုးပဲလေ၊ ဘယ်လိုဖြစ်ပြီး တကယ့်နဂါးလို ဖြစ်လာနိုင်မှာလဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သန္ဓေပြောင်းလဲရင်တော့ ဖြစ်နိုင်သေးတာပဲ”
သူရင်းနှီးမြှုပ်နှံခဲ့သည့် သလင်းအမြူတေ အရေအတွက်များကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ နဂါးလေး ကို သားဖောက်ရန်အတွက် သူသည် မွဲတေလုမတတ်ပင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထိုကဲ့သို့သော စွမ်းရည်မျိုးကို ထုတ်ဖော်နိုင်သည်ကို မြင်ရချိန်မှာတော့ ထိုက်တန်သည်ဟု ခံစားမိနေသည်။
“အခု ငါ့ဆီမှာ ပိုက်ဆံတော်တော်များများရှိတယ်။ ဒီတော့ သားရဲဥတွေကို ရှာပြီးတော့ သားဖောက်ဖို့ စဉ်းစားရမယ်။ ဒါဆိုရင် ဂေါ်ဇီလာလို၊ ဖီးနစ်လို၊ ရှူးပျံသားရဲတွေကို ရရင် ရနိုင်လိမ့်မယ်” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။
စနစ်က ပြောလိုက်၏။ “အိမ်မက်ထဲမှာပဲ ရမယ်”
ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျှုရှုထား၏။ ပြီးသည့်နောက်မှာတော့ ဆေးဟောခန်းမဆီသို့ သွားရောက်ကာ အကြီးအကဲဝေအား သိုင်းဘုရင်ဆေးလုံးများ ထုတ်လုပ်ရန် လိုအပ်သည့်ဆေးပင်များ စိုက်ပျိုးမှု နှင့်ပတ်သက်၍ သေသေချာချာ မေးမြန်းခဲ့၏။
ပြီးသည့်နောက်မှာတော့ သူသည် သိုင်းတာအို ဆွေးနွေးပွဲဆီသို့ သွားရောက်ခဲ့တော့သည်။ လက်ရှိ အချိန်မှာတော့ နင်တုရှင်းသည် တပည့်သစ်များ၏ သိုင်းပညာနှင့်ပတ်သက်သည့် ခက်ခဲမှုများ အားလုံးကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလျက်ရှိသည်။
သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကို ပေးစွမ်းထားသည်ဆိုသောကြောင့် တပည့်များအားလုံးသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာခဲ့ကြသည်ဆိုသော်လည်း သိုင်းပညာဗဟုသုတများကို အထူးလေ့လာလိုက်စား ဖို့လည်း လိုအပ်နေသေး၏။ သို့မဟုတ်ပါက လူကသာ တိုးတက်လာပေလိမ့်မည်။ ကြီးမားသည့် စဉ်းစားနိုင်မှုသည် ပျောက်ဆုံးကုန်မှာ သေချာ၏။
“အကြီးအကဲနင်”
ရှန်းကွမ်းရှင်းရောင်သည် သူမ၏လက်ကို မြှောက်ကာ ပြောလိုက်၏။ “တပည့်ဆီမှာ မေးစရာရှိပါတယ်”
“အတန်းသိမ်းပြီ”
နင်တုရှင်းသည် တစ်ချက်ကလေးမှ နောက်သို့လှည့်မကြည့်ဘဲ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့တော့၏။ ဖြည်းဖြည်းလျှောက်မိပါက ဤမိန်းကလေးသည် နောက်မှလိုက်၍ မေးခွန်းများမေးမည်ကိုပင် စိုးရိမ်လျက်ရှိသည်။ တပည့်များအားလုံးသည်လည်း ထိုအပြုအမူနှင့်ပတ်သက်၍ ကောင်းကောင်းနားလည်မိသည်။ အကြီးအကဲနင် သည်မက သူတို့ပင်လျှင် မေးခွန်းများနှင့်ပတ်သက်၍ ပြိုလဲလုမတတ်ပင် ခံစားမိကြသည်။
ပြိုင်စံရှားဂိုဏ်းအတွင်း မှာတော့ ရှန်ကွမ်းရှင်းရောင်သည် ကြောက်စရာကောင်းသည့် တည်ရှိမှုမျိုးအဖြစ် တည်ရှိလျက် ရှိနေတော့၏။
အကြီးအကဲကျန့်ရာကဲ့သို့ လူများပင်လျှင် သူမကိုတွေ့ပါက ကြောင်ကိုတွေ့သည့် ကြွက်တစ်ကောင်ကဲ့သို့ပင် ဝေးဝေးမှ ရှောင်ရှား၍ သွားလာနေကြရသည်။
ဤကြောက်မက်ဖွယ်ရာကောင်းသည့် အမျိုးသမီးနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းမှာတော့ ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်အတွင်း ပစ္စည်းများလဲလှယ်ရန်အတွက် အသုံးပြု၍ ရရှိနိုင်ပေသေး၏။
“ဂိုဏ်းချုပ်”
သံချပ်ကာဝံပုလွေဟောခန်းသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုနေစဉ်မှာပဲ လီချင်းယန်သည် လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာကာ ပြောလိုက်တော့သည်။ “တောင်ခြေမှာ လူတွေအများကြီးပဲ ရောက်နေတယ်၊ ဂိုဏ်းအတွက် လာပြီးတော့ စာရင်းပေးသွင်းကြတာတဲ့”
၎င်းတို့သည့် အလွန်ပင် များပြားလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အနည်းဆုံး ဆယ်ကျော်သက် သုံးထောင်မှ လေးထောင်နီးပါးတို့သည် တောင်၏ ခြေရင်းတွင် စုစည်းလျက် ရှိနေတော့သည်။ အားလုံးသည် အသက် ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်များ ဖြစ်ကြပြီး ၎င်းတို့ ဝတ်စားဆင်ယင်မှုကို ကြည့်မည်ဆိုပါက မတူညီသည့်နိုင်ငံနှင့် ပြည်နယ်အသီးသီးမှ ရောက်ရှိ လာကြသူများဖြစ်ကြောင်း သိသာလှ၏။ ၎င်းတို့အားလုံးသည် သိုင်းကျင့်ကြံသူများ၏ အော်ရာများရှိနေကြသော ကြောင့် အစောကတည်းက သိုင်းပညာကို လေ့ကျင့်ကြပြီး ဖြစ်ပုံပေါ်သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် တောင်၏ ဂိတ်တံခါးဆီသို့ လှမ်းလျှောက်သွားပြီးသည့်နောက်မှာတော့ နေကာမျက်မှန်ကို ကောက်ဝတ်လိုက်၏။ ပြီးနောက် ငုံကြည့်လိုက်ချိန်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်တွေ အများကြီးပါလား”
အများကြီးပဲဖြစ်သည်။ အနည်းဆုံး တစ်ရာကျော်ခန့်ပင် ရှိနေတော့သည်။ နေကာမျက်မှန်၏ အောက်မှာတော့ တချို့သောလူငယ်များ၏ ဓာတ်သဘာဝသည် ? ( ကော်ရှင်မက်) အမှတ်အသားဖြင့် တည်ရှိလို့နေတော့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သိုင်းကျင့်ကြံသူများမဟုတ်ဘဲ၊ ဓားကျင့်ကြံသူ၊ ဓားမော့ကျင့်ကြံသူ စသည်ဖြင့် ဖြစ်နိုင်နေသည်။
“ဂိုဏ်းချုပ်”
နင်တုရှင်းသည် ရောက်ရှိလာ၏။ “ဂိုဏ်းသားသစ်ခေါ်ယူမယ့်နေ့က ရောက်ဖို့အနည်းငယ်လိုသေးတယ်။”
“သူတို့ကို အပြင်ဘက်မှာ စောင့်ခိုင်းထားလိုက်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မပြောင်းလဲခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ လူအရေအတွက် များပြားသောကြောင့် သူ့အနေနှင့် ဂိုဏ်းသားသစ်ခေါ်ယူမည့် ရက်ကို ရှေ့သို့ရွှေ့ဆိုင်းလိုက်ရန် မဖြစ်နိုင်ပေ။ သတ်မှတ်သည့်ရက်တွင် သေသေချာချာ ဂိုဏ်းသားသစ်ခေါ်ဆောင် မှုမျိုးကို ထားရှိမှသာလျှင် စည်းကမ်းရှိသောဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဂိုဏ်းချုပ်”
နင်တုရှင်းသည် အကြံပြုလိုက်၏။ “လူတွေက နေ့စဉ်နေ့တိုင်းကို ရောက်လာပြီးတော့ ဂိုဏ်းသားသစ်ခေါ်ဆောင်မယ့်နေ့ကို စောင့်နေကြတာလေ၊ တော်တော်များများက ချင်းယန်ရွာထဲသို့ သွားပြီးနေကြတာ တော်တော်ဝေးတယ်လေ၊ ဒီတော့ တောင်ရဲ့ခြေရင်း မှာ ရွာတစ်ရွာ တည်ဆောက်လိုက်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေတာပေါ့၊ ပြီးတော့ ဒီရွာကို ဂိုဏ်းကနေပြီးတော့ စီမံအုပ်ချုပ်မယ်လေ၊ သူတို့ကို နေဖို့ထောက်ပံ့ပေးထားတာကလွဲပြီးတော့ များပြားလှတဲ့ စားသောက်ခန်းတွေ ဖွင့်ပြီးတော့ အကျိုးအမြတ်တွေရအောင် ပြုလုပ်လို့လည်း ရတယ်”
“ဒါကအဓိပ္ပာယ်ရှိတယ်” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
သံမဏိအရိုးတောင်သည် ချင်းယန်နိုင်ငံမှ ပိုင်ဆိုင် သည်ဆိုသော်လည်း ၎င်းတို့နှစ်ခုကြားသည် အလွန်တရာ ဝေးကွာလွန်းလှ၏။ ထို့ကြောင့် တောင်ခြေရင်းတွင် မြို့ရွာလေးတစ်ခု တည်ဆောက်ဖို့ဆိုသည်မှာ ဆိုးရွားသည့်အကြံတော့ မဟုတ်ပေ။ ဤကဲ့သို့ တောင်၏ ခြေရင်း တွင် မြို့ရွာလေးတစ်ခု တည်ဆောက်လိုက်ခြင်းအားဖြင့် များပြားလှသော လာရောက်လည်ပတ်သူများသည် လည်း ရံဖန်ရံခါဆိုသလို ရောက်ရှိ၍ လည်ပတ်လာနိုင်ပေသည်။
ထို့အပြင် ကျွင်းချောင်ရှောင်း၏ ရည်မှန်းချက် တစ်ခုသည် ပြိုင်စံရှားဂိုဏ်းအား သိုင်းကျင့်ကြံသူများ၏ နတ်ဘုံနတ်နန်းအဖြစ် ဖန်တီးရန်ပင်ဖြစ်သည်။ ထိုကဲ့သို့သော နေ့မျိုးကို ရောက်ရှိလာပါက တစ်လောကလုံးရှိ လူများသည် ဤနေရာသို့ ရောက်ရှိလာပြီး နားခိုကာ ၎င်းတို့အား လာရောက်ဂါရဝ ပြုပေလိမ့်မည်။
“အကြီးအကဲနင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားနဲ့ ချင်းယန်ဆီကို လက်လွှဲ ထားလိုက်မယ်”
“ကောင်းပါပြီ” နင်တုရှင်းက ပြောလိုက်၏။
ဂိုဏ်းချုပ်သည် တောင်၏ခြေရင်းတွင် မြို့ရွာတစ်ခုကို ဖန်တီးချင်သည်ဆိုသည် ကို ကြားသိရချိန်မှာတော့ လီချင်းယန်၏ မျက်လုံးများသည် လင်းလက်သွား၏။ ဂိုဏ်းအားချဲ့ထွင်ခြင်းနှင့် အသွင်ပြောင်းခြင်းသည် သူ့အား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်ချေ။ ထို့ကြောင့် မြို့ရွာတစ်ခုကို တည်ဆောက်ရန်ဆိုသည်မှာ သူ့အတွက် ကျိန်းသေပေါက် စိန်ခေါ်မှုပင် ဖြစ်တော့သည်။
တစ်နေ့တည်းမှာပဲ လီချင်းယန်သည် အပြင်းအထန် တွေးတောတော့သည်။ တစ်ညလုံးကြိုးစားပြီးသည့်နောက်မှာတော့ သူသည် မြို့ရွာလေးတစ်ခု၏ ပုံကြမ်းအစီအစဉ်ကို အောင်မြင်စွာဖြင့် ရေးဆွဲပြီးဖြစ်နေတော့၏။
“ဂိုဏ်းချုပ်”
အဓိကဟောခန်းထဲမှာတော့ လီချင်းယန်သည် သူရေးဆွဲထားသော ပုံသဏ္ဍာန်များအား ယူဆောင်လာကာ လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက ကျွန်တော့်ရဲ့ အဓိက အကြံအစည်ပဲလေ၊ ဒီမြို့က ချင်းယန်မြို့နဲ့ သိပ်ပြီးတော့ ကွာမှာ မဟုတ်ဘူး၊ အဓိက လမ်းမကြီးနှစ်ခု ရှိပြီးတော့ လမ်းသွယ်လေးဆယ်နှစ်ခုရှိမယ်၊ ပြီးတော့ …”
“ဆက်ပြောစရာ မလိုတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလောက်ဆိုရင် ရပြီ၊ မင်းပိုက်ဆံ ဘယ်လောက်လိုလဲ”
“ဒါက”
လီချင်းယန်သည် သူ၏ခေါင်းကို ကုတ်ကာ ပြောလိုက်၏။ “ဒါကတော့ မတွက်ရသေးဘူး”
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်အနည်းငယ်ကို လှမ်း၍ ပစ်ပေးကာ ပြောလိုက်သည်။ “စိတ်ရှိသလောက် ပိုက်ဆံတွေသုံးလိုက်၊ အကောင်းဆုံး ဆောက်လုပ်ရေးပစ္စည်းတွေကို သုံးသင့်တယ်”
“ကောင်းပါပြီ”
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒါဆိုရင် ဂိုဏ်းချုပ်ရဲ့ တောဝက်ရိုင်းလေးကိုကော ငှားလို့ရလား”
ဤကောင်လေးသည် ဆေးဥယျာဉ်ထဲတွင်ရှိသော မြေများကို နေ့စဉ်နေ့တိုင်း ပိုမိုကောင်းမွန်အောင် ပြုလုပ်လျက် ရှိသည်။ ထို့အပြင် မြေတူးခြင်း လုပ်ငန်းတွင်လည်း အလွန်ထူးချွန်သော သတ္တဝါဖြစ်သည်။
“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လုံလောက်သည့် ပိုက်ဆံများရှိသည်ဖြစ်သောကြောင့် လီချင်းယန်နှင့် နင်တုရှင်းတို့သည် စိတ်ရှိသမျှ ပြုလုပ်နိုင်ခဲ့တော့သည်။ ပထမဦးဆုံး ၎င်းတို့သည် တောင်၏ခြေရင်း တည်နေရာ တစ်ခုအား ရွေးချယ်လိုက်၏။ ထိုနေရာသည် ကျယ်ဝန်းလှသည် ဖြစ်သည်။ အဓိကအချက်အနေနှင့် ၎င်းတို့သည် မြို့ရွာတစ်ခုကို တည်ဆောက်ရန် ဖုန်းရွှေနည်းပညာများကိုလည်း လျစ်လျှူမရှုကြပေ။
တည်နေရာတွင် မြို့ရွာတစ်ခုကို တည်ဆောက်ရန်ဆိုသည်မှာ ၎င်းတို့သည် မြို့ကို သတင်းပို့ရန် လိုအပ်နေသည်။ မြို့တော်ဝန်ဆီမှ အတည်ပြုချက်ကိုလည်း ရရှိရန် လိုအပ်နေသေး၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် နိုင်ငံ၏ ဒုတိယမြောက် အုပ်ချုပ်သူဖြစ်သောကြောင့် သီးသန့်သွားရောက်၍ သတင်းပို့စရာ မလိုတော့ချေ။ တည်ဆောက်ရေး မြေနေရာအား အတည်ပြုရွေးချယ်ခဲ့တော့သည်။
လီချင်းယန်သည် အစအဆုံး သေသေချာချာ ပြင်ဆင်ခဲ့ပြီဖြစ်သည်။ ပြီးသည့်နောက်မှာတော့ ရွေးချယ်ထားသော တည်နေရာတွင် မတ်မတ်ရပ်ကာ အဝေးတစ်နေရာတွင်ရှိသော ရှောင်ကျီဆီသို့ ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် နားများကို အုပ်ကာ ပြောလိုက်တော့သည်။ “ဒီတည်နေရာကို စပြီးတော့ တူးဆွရမယ်”
ဘုန်း
ကျယ်လောင်လှသည့် အသံကြီးတစ်ခုသည် သံမဏိအရိုးတောင်ထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ အမြှောက်ပစ်သံ သည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာပြီးသည့်နောက် မြို့၏ တည်ဆောက်ရေးလုပ်ငန်းများသည် စတင်တော့သည်။ ၎င်းတို့သည် မြေတူးခြင်း လုပ်ငန်းအား လုပ်ရိုးလုပ်စဉ် အတိုင်း စတင်ကာ မတူးကြပေ။ အမြှောက်နှင့် ပစ်ကာ မြေပြင်များ ထိုးဆွခဲ့၏။
သို့ပေမဲ့ အမြှောက်သံကြောင့် တောဝက်ရိုင်းလေးသည် မျက်လုံးများချာချာလည်ပြီး ခြေလေးဘက် ဆန့်ဆန့်ကြီးဖြစ်ကာ မြေပေါ်လဲလျက်ရှိသည်။
ချလွမ်
နဂါးစိမ်းလခြမ်းဓားမော့သည် သူနှင့်ရှေ့မြေနေရာသို့ စိုက်ဝင်သွားတော့သည်။ ကျွင်းချောင်ရှောင်းသည် မှုန်ကုတ်ကုတ်ဖြင့်ပြောလိုက်သည်။ “သေချင်ယောင် ဆောင်မနေနဲ့၊ ထ အလုပ်လုပ်တော့”
တောဝက်ရိုင်းလေးသည် ဝှစ်ကနဲ မတ်တပ်ထရပ်ကာ ပြေးသွားတော့သည်။ သူ၏ မျက်လုံးထဲတွင်တော့ မျက်ရည်များ ဝိုင်းလျက်ရှိသည်။ ပြီးသည့်နောက် မြေဓာတ်သဘာဝ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ အလုပ်ရှုပ်နေတော့၏။ ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်မှာတော့ သနားစရာ သတ္တဝါလေးသည် မြေတည်နေရာတစ်ခုလုံးကို ပတ်ကာ ပြေးလျက်ရှိနေ၏။
..........
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဒီမြို့ကို နာမည်ပေးဖို့ စဉ်းစားပြီးပြီလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို သံမဏိအရိုးမြို့လို့ ခေါ်ရအောင်”
“ဘာလို့ ဝမ်တုမြို့လို့ မခေါ်တာလဲ” လီချင်းယန်သည် ဇဝေဇဝါနှင့် ဖြစ်သွားသည်။
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ လေးလေးနက်နက်နှင့်ပြောလိုက်သည်။ “ဂိုဏ်းခေါင်းဆောင်ဝမ်ရဲ့ ဝိညာဉ်က ကောင်းကင်ကြီးမှာ အနားယူနေလောက်ပြီ”
ဂိုဏ်းခေါင်းဆောင်ဝမ်သည် သံမဏိအရိုးဂိုဏ်းအား စတင်တည်ထောင်ခဲ့သူဖြစ်သည်ဆိုသော်လည်း လက်ရှိအချိန် တွင် ပြိုင်စံရှားဂိုဏ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် လက်ရှိ သူတို့တည်ရှိနေရာတောင်သည် ကလည်း သံမဏိအရိုးတောင်ပင်ဖြစ်သည်။ ထို့ကြောင့် တောင်ခြေရင်းတွင်ရှိနေသောမြို့သည် သံမဏိအရိုးမြို့ပင် ဖြစ်ရပေမည်။
အဓိကဟောခန်းတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်မှာလည်း သံမဏိအရိုးဂိုဏ်းဟူသည့် စာတမ်း တည်ရှိလို့နေသေး၏။ ထို့အတွက် သံမဏိအရိုး၊ သံမဏိတောင်၊ သံမဏိစိတ်ဓာတ်ဆိုသည့် အရာများအားလုံးသည် ပြိုင်စံရှားဂိုဏ်းသားများ၏ သံမဏိကဲ့သို့ စိတ်ဓာတ်ကို ညွှန်ပြနေတော့သည်။