အခန်း (၇၃၃)
Vol. 49 Ch. 733
ကျွင်းချောင်ရှောင်းသည် လောကကြီးကို ကယ်တင်ဖို့ အစီအစဉ် မရှိပေ။ ခရမ်းရောင်နတ်ဆိုးဘုရင်ကို ရှာဖွေရန် ကိစ္စသည် ကုန်းမြေတိုက်ကြီးတွင်ရှိသည့် တခြားသော အကြီးအကဲဌာနများနှင့်သာ သက်ဆိုင်ပေလိမ့်မည်။ သိုပေမဲ့ ကောင်းသည့်အရာများကို ပြုလုပ်သည်ဆိုပါက သူတို့ဂိုဏ်း၏ နာမည်သည် ပိုမို၍ ထင်ရှားကျော်ကြားလာတော့မှာ ဖြစ်သည်။ ထို့အပြင် သားရဲရိုင်းများသည် တခြားဂိုဏ်းများကို မတိုက်ခိုက်ဘဲနှင့် သူတို့၏ ပြိုင်စံရှားဂိုဏ်းကို လာရောက်ကာ ပစ်မှတ်ထား တိုက်ခိုက်နေသည်။
“လာစမ်း၊ လာစမ်း”
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှာ ထိုင်ရင်း မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာကာ ပြောလိုက် သည်။ “သီးခြားတာဝန်ကို ပြည့်စုံနိုင်မလား၊ မပြည့်စုံနိုင်ဘူးလားဆိုတာ မင်းတို့အပေါ်မှာ မူတည်နေပြီ”
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့သည် သူ၏ချပ်ဝတ်ကို ဝတ်ဆင်ရင်း လက်သီးကို ဆုပ်လိုက်သည်။ “အကာအကွယ်စည်းတစ်ခုလုံးကို ပြင်ဆင်ထားပြီးပြီ၊ သေမင်းတောင်ကြားကနေ သံမဏိအရိုးတောင်ဆီကို လာတဲ့ လမ်းက ရွာသားတွေအကုန်လုံးကို နေရာရွှေ့ပြောင်းပေးဖို့ ပြောထားတယ်”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏အကာအကွယ် အစီအရင်အား ခဏတာ ပိတ်လိုက်တော့သည်။
ထို့ကြောင့်သာလျှင် ခရမ်းရောင်ဘုရင် အချက်ပြခဲ့သော အလင်းတန်းအမှတ်အသားသည် သေမင်းတောင်ကြားထဲသို့ ရောက်ရှိ သွားခဲ့တာပဲ ဖြစ်တော့သည်။ အရာအားလုံး အဆင်သင့် ဖြစ်နေလေပြီ။ သူတို့သည် လာရောက်တိုက်ခိုက်မည်ကို စောင့်စားရန်သာ ရှိတော့၏။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
သူ၏အချက်ပြမှု အလင်းတန်းသည် ပျံသန်းထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်မှာတော့ အကျဉ်းထောင်ထဲတွင် လဲလျောင်းလျက်ရှိသော ခရမ်းရောင်ဘုရင်သည် ရုတ်တရက် ထူးဆန်းစွာဖြင့် ထရယ်လိုက်၏။ သို့ပေမဲ့ သူသည် ဒဏ်ရာများရှိနေသောကြောင့် ကောင်းကောင်းမွန်မွန် မရယ်နိုင်ချေ။ သူ၏အပြုံးသည် ရွံ့တွလျက်ရှိ၏။ “ပြိုင်စံရှားဂိုဏ်း... မင်းတို့ရဲ့အဆုံးသတ်က ရောက်လာတော့မယ်”
……....
တောင်၏ခြေရင်းတစ်ခုမှာတော့ သံချပ်ကာဝံပုလွေဟောခန်း၏ တပည့်တစ်ထောင်ကျော်တို့သည် နေရာယူထား ပြီးဖြစ်သည်။ ၎င်းတို့သည် ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး အလွန်တရာ ကောင်းမွန်သည့်လက်နက်များကို ကိုင်ဆောင်ကာ လက်နက်အပြည့်ဖြင့် ရှိနေကြ၏။
သံသယရှိစရာပင် မလိုချေ။ အချိန်အတိုင်းအတာ တစ်ခုအတွင်း ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့၏ လေ့ကျင့်ပေးမှုအောက်တွင် သံချပ်ကာဝံပုလွေတပ်သားများအားလုံးသည် အရေအတွက်အရ တိုးတက်လာသည်သာမဟုတ်ပဲ အားအင်အဆင့်ကလည်း ကြောက်မက်ဖွယ်ရာကောင်းအောင် တိုးတက်လာခဲ့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် သံချပ်ကာဝံပုလွေတပ်တစ်ခုတည်းကို အားကိုး၍ လာရောက်မည့် သားရဲတပ်ကြီး တစ်ခုလုံးကို ရင်ဆိုင်ရန် အစီအစဉ် မရှိပေ။ လက်ရှိဂိုဏ်း၏ အားအင်အဆင့်သည် ပိုမို၍ အားကောင်းလာပြီဖြစ်သောကြောင့် သူသည် အားလုံးကို ထုတ်ဖော်တိုက်ခိုက်တော့မည်ဖြစ်သည်။ တပည့် တစ်သောင်းကျော်တို့သည် ရှေ့ဆုံးတန်းတွင် စီစီရီရီနှင့် မတ်တပ်ရပ်လျက်ရှိနေကြ၏။
“စီနီယာအစ်ကို”
လုံကျိရန်သည် ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ “ဘာလို့ စစ်ပွဲကြီးတစ်ခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ကြီး ရနေတာလဲ မသိဘူး”
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အရမ်းကို အားကောင်းတဲ့ ရန်သူတွေ လာတော့မယ်လို့ ပြောတယ်”
“အရမ်းအားကောင်းတဲ့ ရန်သူ ဟုတ်လား” လုံကျိရန်၏ မျက်နှာသည် လေးနက်သွား၏။ ဂိုဏ်းတစ်ခုလုံး၏ အားအင်အဆင့်ကို ထုတ်ဖော်နေသည်ဆိုမှတော့ ဤကိစ္စသည် ရိုးရှင်းသည့် တိုက်ပွဲတစ်ခုတော့ မဟုတ်နိုင်ပေ။ သံမဏိအရိုးတောင်ပေါ်မှာတော့ ရှောင်ကျီသည် လက်နက်ကြီးကိုပြင်ဆင်၍ ပစ်၍ရသည့် တည်နေရာကို ချိန်ရွယ်ထားလျက်ရှိသည်။
ပြောရမည် ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် သေမင်းတောင်ကြားထဲမှာ ရောက်ရှိလာမည်ဖြစ်သော သားရဲစစ်တပ်ကြီးတစ်ခုလုံး ကို တိုက်ခိုက်ရန်အတွက် အဆုံးစွန်အထိ ပြင်ဆင်ထားပြီးဖြစ်လေ၏။
အရေအတွက်အရ သူတို့သည် နည်းပါးလှသည်ဆိုသော်လည်း တပ်ဆင်ထားသော လက်နက်နှင့် လူများတို့၏ စွမ်းအင်ကြောင့် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်နိုင်ပေ တော့သည်။ လက်ရှိအခြေအနေအရ ကျန်းယန်နိုင်ငံသည်သာ လာရောက်၍ တိုက်ခိုက်မည်ဆိုပါက အရိုးတခြား၊ အသားတခြားပင် ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ပြိုင်စံရှားဂိုဏ်း၏ အဓိက အားအကောင်းဆုံးအရာမှာ လက်နက်နှင့်အမြှောက်များ မဟုတ်ပေ။ သိုင်းဘုရင် အယောက်တစ်ရာကျော်သာ ဖြစ်တော့၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သီးခြားတာဝန်ရောက်ရှိ လာချိန်မှာတော့ တစ်ချက်ကလေးမှ မစိုးရိမ်ခြင်းပင်ဖြစ်၏။ သူ၏အမြင်အရဆိုလျှင် သားရဲစစ်တပ်ကြီးတစ်ခုသည် ခရမ်းရောင်ဘုရင်ကို ကယ်တင်ရန်အတွက် ပြိုင်စံရှားဂိုဏ်းကို လာရောက်တိုက်ခိုက်သည်မှာ သူ့အား အတွေ့အကြုံ အမှတ်နှင့် သလင်းအမြူတေများ လာရောက်ပေးစွမ်းခြင်းပင် ဖြစ်ပေသည်။
“...”
ဘုန်း ဘုန်း ဘုန်း
လေးနာရီလောက် ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် မြေပြင်တစ်ခုလုံး တုန်ခါနေ သည်ကို ကြားလိုက်ရ၏။ ပြီးနောက် အဝေးတစ်နေရာဆီမှ ဖုန်လုံးများ လှိမ့်တက်လာသည်ကို မြင်လိုက်ရ၏။
“လာပြီ”
လီချင်းယန်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်တော့သည်။
“ကောင်းကင်ဘုံ”
လုံကျိရန်သည် အရှေ့ကို စိုက်ကြည့်ရင်း မျက်လုံးပင် ပြူးသွားမိ၏။ “ဒီလောက်များတာလား”
ကျုံးရီသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် သူသည် တိမ်ဖောက်ဓားမော့ကို ထုတ်ယူကာ မြေပေါ်သို့ စိုက်ရင်း အော်လိုက်တော့သည်။ “တိုက်ပွဲအတွက် ပြင်ဆင်ကြ”
ရွှီး ရွှီး
သံချပ်ကာဝံပုလွေတပ်သားနှစ်ထောင်ကျော်တို့သည် ၎င်းတို့၏ တိုက်ခိုက်ရေးလက်နက်များကို ထုတ်ဖော်ကာ မြှောက်ထားလိုက်ကြ၏။ သေသေချာချာ တင်းတင်းကျပ်ကျပ် လေ့ကျင့်မှုကို ခံယူပြီးသည့်နောက်မှာတော့ သူတို့သည် မည်သည့်တိုက်ပွဲကိုမှ ကြောက်ရွံ့ခြင်း မရှိကြချေ။ ရန်သူကို သတ်ဖြတ်ရန် အတွေးတစ်ခုတည်းသာလျှင် သူတို့ဦးနှောက်ထဲ၌ ရှိနေ၏။
တောင်၏တံခါးထိပ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ခရမ်းရောင်ဘုရင်ကို အောက်ကိုဆွဲခေါ်ခဲ့”
“ကောင်းပါပြီ ဂိုဏ်းချုပ်”
စုရှောင်မိုနှင့် လီဖေးတို့သည် ခရမ်းရောင်ဘုရင်အား တောင်ပေါ်မှ ဆွဲချလာပြီးသည့်နောက် သေခြင်းရှင်ခြင်း တည်နေရာ၏ ရှေ့တည့်တည့်တွင် ကြိုးဖြင့် ချည်ထား၏။
……...
ဝေါင်း ဝေါင်း
ကြောက်မက်ဖွယ်ရာကောင်းလှသော ဖုန်လုံးကြီးများ တလိပ်လိပ်ဖြစ်တည်လာပြီးသည့်နောက် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာကာ တည်နေရာတစ်ခုလုံး တုန်ခါလျက်ရှိသည်။
ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် အားကောင်းလှသော ရန်သူ ဆိုသည်မှာ လူသားမဟုတ်ဘဲ သားရဲအုပ်ကြီးဖြစ်ကြောင်း သိရှိလိုက်ရတော့၏။
“စိတ်လှုပ်ရှားစရာပဲ”
“တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်ဟေ့”
လုံကျိရန်နှင့် တခြားသော အတွင်းစည်းတပည့်များ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲတွင် သားရဲကဲ့သို့ အရာမျိုးကို သူတို့ တိုက်ခိုက်ခဲ့ရ၏။ လက်ရှိအချိန်မှာတော့ တကယ့်လက်နက်နှင့် တကယ့်သားရဲများကို တိုက်ခိုက်ရခြင်းဖြစ်သည်။ မတူညီသည့်ခံစားချက်ကို ကျိန်းသေပေါက် ရရှိပေမည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
လူသားတစ်ပိုင်း စိတ်ဝိညာဉ်သားရဲများသည် အားလုံး၏ရှေ့မှ ဦးဆောင်၍ ချီတက်လာ၏။ ၎င်းတို့၏ အားအင် အဆင့်သည် သိုင်းဘုရင်တစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်။ ၎င်းတို့အထဲမှ တော်တော်များများဆိုလျှင် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော အားအင်ကို ပိုင်ဆိုင်သူများ ပါဝင်နေသည်။
ဟား ဟား ဟား ဟား
သေခြင်းရှင်ခြင်း တည်နေရာထဲတွင် ကြိုးချည်ခြင်းကို ခံထားရသော ခရမ်းရောင်ဘုရင်သည် သူ၏ ညာ လက်ရုံးတစ်ယောက် အရှေ့ဆီသို့ လှမ်းတက်လာသည်ကို မြင်ရချိန်မှာတော့ ထူးဆန်းစွာဖြင့် ရယ်မောလိုက်တော့ သည်။
“အသုံးမကျတဲ့ လူသားတွေ”
သူသည် နာကျင်မှုကို ဖိနှိပ်ကာ အလွန်တရာ ခက်ထန်လှသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ အပြစ်ပေးမှုကို ခံလိုက်စမ်း”
ဝေါင်း ဝေါင်း
သားရဲအုပ်ကြီးတစ်ခုလုံးသည် မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့ လှမ်းတက်လာကြသည်။ သို့ပေမဲ့ ရှေ့ဆုံးမှ ချီတက် လာသော စိတ်ဝိညာဉ်သားရဲသည် ၎င်းတို့၏ ဘုရင် ကြိုးချည်ခံထားရသည်ကိုမြင်ရချိန်မှာတော့ လမ်းမှာပဲ ရပ်တန့် လိုက်ကြ၏။ ကျန်သည့်သားရဲများလည်း ရပ်တန့်လိုက်ကြသည်။ လက်ရှိအချိန်မှာတော့ ကောင်းကင်ပေါ်မှ လှမ်းကြည့်လိုက်မည်ဆိုပါက ဒီရေကဲ့သို့ လှမ်းတက်လာကြသော သားရဲလှိုင်းကြီးများနှင့် ပေတစ်ရာလောက် အကွာမှာ ရပ်တန့်နေကြသော ပြိုင်စံရှားဂိုဏ်းသားများကို မြင်ရမည်ဖြစ်သည်။ အခြေအနေ တစ်ခုလုံးသည် တင်းမာလျက်ရှိ၏။
“ဘုရင်”
စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် အော်ဟစ်လိုက်၏။ များပြားလှသော သားရဲများသည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့သည် ဒဏ်ရာဗရပွနှင့်ဖြစ်နေသော ခရမ်းရောင်ဘုရင်ကို မြင်ရချိန်မှာတော့ အော်ဟစ်ကြွေးကြော်လျက် ရှိနေကြသည်။
“ဟယ်လို … တက်စတင်း … တစ် .. နှစ် .. သုံး …. ဟေး ဟေး”
ကျယ်လောင်လှသော အသံတစ်ခုသည် ထွက်ပေါ်လာသည်။ မိုက်ကရိုဖုန်းကို လက်တွင်ကိုင်ထားသော ကျွင်းချောင်ရှောင်းသည် အသံကို စမ်းပြီးသည့်နောက်မှာတော့ ကျယ်လောင်စွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ဘုရင်ကို ဖမ်းထားတယ်၊ မသေချင်ဘူးဆိုရင် လက်နက်ချပြီး အလျော့ပေးကြပါ၊ မင်းတို့ကို ပြည်သူ့ရဲ တွေက ဝိုင်းထားပြီးသွားပြီ”
လက်ရှိကိုင်ဆောင်ထားသော မိုက်ကရိုဖုန်းသည် သူ့အနေနှင့် အလယ်အလတ်အဆင့် စတိုး ကို refresh လုပ်ရန် မဖြစ်မနေ ဝယ်ယူရသောကြောင့် ဝယ်ထားရသော ပစ္စည်းပင် ဖြစ်တော့သည်။
တာဝန်သည် ပြိုင်စံရှားဂိုဏ်းကို လာရောက်တိုက်ခိုက်ကြသော သားရဲများကို ရှင်းလင်းရန်ဖြစ်သည်။ သူ့အနေနှင့် အညံ့ခံရန် ဆွဲဆောင်နိုင်သည်ဆိုပါက သူ၏တာဝန်ပြည့်စုံသည်ဟုလည်း သတ်မှတ်ရမည်ဖြစ်သည်။
စုရှောင်မိုနှင့် လီဖေးတို့သည် သူ၏ ကျန်းယန်ဓားကို ထုတ်ကာ ခရမ်းရောင်ဘုရင်၏ လည်ပင်းပေါ်သို့ တင်လိုက် သည်။ သူတို့၏ လှုပ်ရှားမှုမှာ အလွန်ပင် အကျိုးသက်ရောက်မှု ရှိလှ၏။ ရှေ့ဆုံးတွင်ရှိနေသော စိတ်ဝိညာဉ်သားရဲ တော်တော်များများသည် ၎င်းတို့၏ဘုရင် အန္တရာယ်အတောအတွင်း ကျဆင်းနေသည်ကို မြင်ရချိန် မှာတော့ ကြောက်လန့်သွားခဲ့ကြသည်။
ထိုအချိန်မှာပဲ ….
“ငါ့ကောင်တို့”
ခရမ်းရောင်ဘုရင်က အော်ဟစ်လိုက်သည်။ “အရင်တုန်းက သိုင်းနယ်မြေတွေတောင်မှ ဒီဘုရင်ကို ထိခိုက်နာကျင်အောင် လုပ်လို့မရဘူး၊ ဒီအမှိုက်တစ်ဖွဲ့က ဘယ်လိုလုပ် နာကျင်အောင်လုပ်လို့ ရမှာလဲ”
ဤအရာသည်မှာ အမှန်ပင်ဖြစ်တော့သည်။ ၎င်းတို့ဘုရင်၏ အားအင်အဆင့်သည် အလွန်တရာ ကောင်းမွန်လွန်း လှ၏။ အဘယ်ကြောင့် ဓားသေးသေးလေးတစ်လက်သည် ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့၏ စိတ်ဓာတ်များ ပြန်လည်တိုးတက်လာပြီးသည့်နောက်မှာတော့ သားရဲများသည် ပိုမို ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
“ငါ့ကောင်တို့”
ခရမ်းရောင်ဘုရင်သည် ဟိန်းဟောက်လိုက်၏။ “ဒီဘုရင်က ဖမ်းဆီးခံထားရတယ်ဆိုပေမယ့် သားရဲတွေက ဘယ်တော့မှ ကျေးကျွန် ဖြစ်မလာနိုင်ဘူးဆိုတာကို မှတ်ထားသင့်တယ်”
နောက်ဆုံးစကားသည် သားရဲများ၏ ရင်ထဲကို ထိမှန်သွားခဲ့တော့သည်။ ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလွန်းသည် ဆိုသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ ဤမျှ ပက်ပက်စက်စက် ရိုက်နှက် နှိပ်စက်ခံထားရသည်ဆိုလျှင်တောင်မှ သူသည် ကျယ်လောင်စွာ အော်ဟစ်နိုင်သေး၏။
“သားရဲတွေက ဘယ်တော့မှ ကျေးကျွန်မဖြစ်ဘူး”
ညာဘက်လက်တစ်ဖက်တည်းသာရှိသော စိတ်ဝိညာဉ်သားရဲသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် အလွန်တရာ ကြမ်းတမ်းခက်ထန်သော အမူအရာ ဖြင့် ပြောလိုက်သည်။ “တက်ကြ”
ဝေါင်း ဝေါင်း
သားရဲများသည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီး နီရဲသည့်မျက်လုံးများဖြင့် ရှေ့သို့လှမ်းတက်လာကြသည်။ သားရဲ ပေါင်းတစ်သိန်းကျော်တို့သည် အတူတကွ လှမ်းတက်လာပြီးသည့်နောက်မှာတော့ ဒီရေလှိုင်းများ တက်လာသောကြောင့် မြေပြင်တစ်ခုလုံးသည် တုန်ခါလာခဲ့တော့သည်။
ဝှစ်
တောက်ယွမ်သည် မြေကြီးရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်ပြီး စစ်ပွဲအလံအား ယမ်းခါလိုက်၏။
ကျုံးရီသည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာ ဓားကိုမြှောက်ကာ အော်ဟစ်လိုက်သည်။ “ရန်သူတွေကို သတ်”
ဝှစ် ဝှစ်
ဟာရီကိန်းဝံပုလွေများသည် စတင်ကာ ပြေးလွှားသွားခဲ့တော့သည်။
ဟူး
သံမဏိအရိုးတောင်တစ်ခုလုံးကို ကြည့်ရသည်မှာ ရက်စက်လှသည့် တိုက်ပွဲကွင်းပြင်ကြီးအသွင်သို့ ပြောင်းလဲသွား ခဲ့တော့သည်။
………
ချင်းယန်မြို့
မြို့တော်ဝန်ရှဲ့သည် သတင်းကို ရရှိချိန်မှာတော့ ထိုင်ခုံပေါ်မှ ထ၍ပင် ခုန်လိုက်မိသည်။ သူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
“သားရဲတွေက ပြိုင်စံရှားဂိုဏ်းကို လာပြီးတိုက်ခိုက်တာ ဟုတ်လား၊ မြန်မြန် မြန်မြန်”
သူသည် အလောတကြီးဖြင့် အမိန့်ပေးလိုက်၏။ “စစ်တပ်ကြီးကို ပို့ပြီး သူတို့ကို ကူညီရမယ်”
တစ်ချိန်တည်းမှာပဲ တခြားသောမြို့များရှိ မြို့တော်ဝန်အားလုံးသည် သားရဲတစ်သိန်းကျော် ပြိုင်စံရှားဂိုဏ်းကို လာရောက်တိုက်ခိုက်သည့်သတင်းကို ရရှိလိုက်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် မြို့ကို ကာကွယ်ရန် ထားရှိထား သော စစ်သည်များအားလုံးကို ပို့လွှတ်ကာ စစ်ကူပေးရန် ပြင်ဆင်ခြျက်ချင်းဆိုသလိုပဲ ချင်းယန်နိုင်ငံ တွင်ရှိသော မြို့ကြီးရှစ်မြို့မှ လူအားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ဤအတောအတွင်း အဝေး တစ်နေရာတွင်ရှိသော အလယ်ပိုင်းဒေသ တည်နေရာမှာတော့ သေမင်းတောင်ကြားထဲမှ သားရဲများသည် အလျင် အမြန် ပြေးလွှားထွက်ခွာလာခဲ့ကြသည်ကို သိရှိသွားခဲ့ကြ၏။
“မကောင်းတော့ဘူး”
အစောင့်အရှောက်တာဝန်ကို ရယူထားသော အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “အရှေ့တောင်ရန်ကျူးမှာ သားရဲတွေ သောင်းကျန်းနေပြီ”
မြေကမ္ဘာစိတ်ဝိညာဉ်စက်ဝိုင်းကြီးသည် အလွန်တရာ အားကောင်းလှသည့် သတိပေးချက်ကို ပြုလုပ်နေပြီး ဤအရာသည်မှာ ခရမ်းရောင်ဘုရင် ပြုလုပ်သည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းနားလည်မိနေ၏။
“သေစမ်း”
စောင့်ကြည့်ရေးမျှော်စင်ကို တာဝန်ယူထားရသောလူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒီနတ်ဆိုးသားရဲက မြောက်ပိုင်းသဲကန္တာရထဲကနေ လွတ်မြောက်ပြီးတာနဲ့ အရှေ့တောင်ရန်ကျူးဆီသို့ တိုက်ရိုက် သွားခဲ့တာလေ၊ သူက အချိန်အတိုင်းအတာတစ်ခုအတွင်း အားနည်းနေအုံးမယ်၊ အလုံးစုံ ပြန်ပြီး အားမကောင်းနိုင်သေးဘူး၊ အရှေ့တောင်ရန်ကျူးမှာရှိတဲ့ မူချန်းဟုန်ကို မြန်မြန်ဆက်သွယ်၊ စစ်ကူတွေပို့ဖို့ မြန်မြန်ပြောရမယ်”
“ကောင်းပါပြီ”
“အရှေ့မြောက်နဲ့ တောင်ပိုင်းသဲကန္တာရထဲမှာရှိတဲ့ မြို့တော်ဝန်တွေ အားလုံးကိုလည်း ဆက်သွယ်လိုက်၊ အားလုံးမှာ ရှိတဲ့ ကျွမ်းကျင်သူတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးစေလွှတ်ပေးဖို့ အမိန့်ပေးလိုက်တော့”
“ကောင်းပါပြီ”
“မြို့တော်ဝန်ဟန်ကိုလည်း ပြောလိုက်၊ အရှေ့တောင်ရန်ကျူးကို ချက်ချင်း ဦးတည်ပြီး သွားလို့”
“ကောင်းပါပြီ”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ အဆင့်ငါးနဲ့အထက် ဂိုဏ်းတွေကို သတိအပြည့်နဲ့နေဖို့ သတိပေးလိုက်၊ ပြီးတော့ တတိယအဆင့် ဂိုဏ်းတွေအနေနဲ့ အရှေ့တောင်ရန်ကျူးကို သူတို့ရဲ့ လက်ရွေးစင်တပည့်တွေ စေလွှတ်ဖို့ ပြော”
“ကောင်းပါပြီ”
စောင့်ကြည့်ရေးမျှော်စင်ကို တာဝန်ယူထားရသောသူသည် များပြားလှသော အမိန့်ကို တရစပ်တည်းပေးနေတော့ သည်။ အလွန်တရာ မြန်ဆန်လှသောကြောင့် အခြေအနေသည် အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း သိသာလှ၏။
အရှေ့တောင်ရန်ကျူး ၏ တော်ဝန်မြို့ …..
မြို့တော်ဝန်အိမ်ရာမှာတော့ လက်ဖက်ရည်သောက်လျက်ရှိသော မူချန်းဟုန်သည် ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။ သူသည် ထိုင်ခုံပေါ်မှ ခုန်ထလိုက်ပြီး ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “ခရမ်းရောင်မွန်းစတားဘုရင်က စည်းကနေ ချိုးဖြတ်ပြီးတော့ အရှေ့တောင်ရန်ကျူးမှာရှိတဲ့ မြို့တစ်ခုကို လာပြီး တိုက်ခိုက်တယ် ဟုတ်လား”
“မြို့တော်ဝန်”
ထိုအချိန်မှာပဲ အစီအရင်ဆရာတစ်ယောက်သည် အလောတကြီးဖြင့် ပြောလိုက်၏။ “စောင့်ကြည့်ရေးမျှော်စင်ရဲ့ သတင်းပို့ချက်အရဆိုရင် သားရဲတွေက ချင်းယန်နိုင်ငံမှာရှိတဲ့ သံမဏိအရိုးတောင်ကို သွားတာတဲ့”
“ဒါဆိုရင်တော့ ဒုက္ခပဲ”
မူချန်းဟုန်သည် မြန်မြန်ဆန်ဆန်ပဲ ချင်းယန်နိုင်ငံဆီသို့ ဦးတည်ထွက်လာတော့သည်။
ရီထျန်းချန်၊ စစ်တုယောင်ယွင်နှင့် တခြားသောသူများ အားလုံးသည်လည်း အလျင်အမြန် လှမ်းလာကြသည်။ ၎င်းတို့ အားလုံး သည် စောင့်ကြည့်ရေးမျှော်စင်ဆီမှ သတင်းကို လက်ခံရရှိပြီးသားဖြစ်၏။ တောင်ပိုင်းသဲကန္တာရနှင့် အရှေ့မြောက် ပိုင်းတွင်ရှိသော အင်ပါယာမြို့များရှိ သိုင်းအုပ်စိုးသူ ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာကြတော့သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
များပြားလှသော ကျင့်ကြံသူများသည် အံ့အားသင့်လျက်ရှိသည်။ များပြားလှသည့် သိုင်းအုပ်စိုးသူများသည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းနေကြတော့သည်။ တစ်စုံတစ်ခု ဖြစ်ပွားနေပုံပေါ်၏။
“ဂိုဏ်းချုပ်”
တောင်ပြာဂိုဏ်းတွင်ရှိသော မာယွင်ထန်သည် အလျင်အမြန်ရောက်ရှိလာပြီး ပြောလိုက်၏။ “ခရမ်းရောင်ဘုရင်က ချင်းယန်နိုင်ငံကို လာပြီး တိုက်ခိုက်တော့မယ်တဲ့”
“ဘာ” တောင်ပြာဂိုဏ်း ဂိုဏ်းချုပ်၏ မျက်လုံးသည် ပြူးထွက်သွားသည်။
မာယွင်ထန်၊ ဝမ်တုံလင်နှင့် တခြားသော တောင်ပြာဂိုဏ်းမှ အကြီးအကဲများ အားလုံးသည် တောင်အောက်သို့ အမြန်ဆုံးပြေးဆင်းပြီး ချင်းယန်နိုင်ငံဆီသို့ ဦးတည်တော့သည်။ အဆင့်ငါးဂိုဏ်းတစ်ခုအနေနှင့် ဝင်ရောက်ထောက်ပံ့ကူညီပေးရန် စောင့်ကြည့်ရေးမျှော်စင် ဆီမှ အမိန့်ပေးလိုက်ခြင်းမရှိသော်လည်း ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် မဟာမိတ်များ ဖြစ်ကြ၏။ ချင်းယန်နိုင်ငံ တစ်ခုလုံး ပြဿနာတက်မည့် ကိစ္စကို သူတို့ ကျိန်းသေပေါက် ကူညီရပေလိမ့်မည်။
မြောင်ဟွာခန်းမတွင်ရှိသော ရှစ်ကျန်းရွမ်သည်လည်း ထိုသတင်းကို လက်ခံရရှိခဲ့၏။
“သားရဲတွေက ချင်းယန်နိုင်ငံကို တိုက်ခိုက်ခဲ့တယ်၊ ဂိုဏ်းချုပ်ကျွင်းကိုတော့ ကျိန်းသေပေါက် သက်ရောက်မှာပဲ၊ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲ”
သူမသည် အလျင်အမြန်ပဲ အမိန့်ပေးလိုက်တော့သည်။ “သွားပြီးတော့ စစ်ကူပေးရမယ်”
“ကောင်းပါပြီ”
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် ကျွင်းချောင်ရှောင်းကို မုန်းတီးကြ၏။ သို့ပေမဲ့ သားရဲများ သောင်းကျန်း နေသည့်သတင်းအား စောင့်ကြည့်ရေးမျှော်စင်ဆီမှ သတင်းပို့လွှတ်လိုက်သည်ဖြစ်သောကြောင့် သူတို့အနေနှင့် ငြိမ်ငြိမ်ထိုင်နေ၍ မရတော့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်သည် သူမ၏ အဝတ်စကို အသာဆွဲကိုင်ရင်း စိတ်ပူပန်စွာ ပြောလိုက်၏။ “ကုန်းမြေတိုက်ကြီးတစ်ခုလုံးက အရေးတကြီးဖြစ်နေကြပြီ၊ ရှင့်အနေနဲ့ စစ်ကူတွေ ရောက်လာဖို့ တောင့်ခံထား ရမယ်”
ဝှစ် … ဝှစ်
.............
ပြိုင်စံရှားဂိုဏ်း၏အရှေ့ သံမဏိအရိုးတောင်အောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး လက်တစ်ဖက်မှ ထမင်းပန်ကန်လုံးကိုကိုင်ရင်း လက်တစ်ဖက်တွင် တူကိုကိုင်ကာ အားရပါးရ စားသောက်လျက် ရှိသည်။ သူသည် ချီးကျူးပြောဆိုလိုက်၏။ “ဒီကောင်မလေးကြော်တဲ့ ထမင်းကြော်က ကြာလေကြာလေ အရသာပိုကောင်းလာလေပဲ”