← Chapters

အခန်း (၇၃၄)

Vol. 49 Ch. 734

အခန်း (၇၃၄)

Vol. 49 Ch. 734

မြေကမ္ဘာစိတ်ဝိညာဉ်ဓာတ်လုံးသည် ပူပြင်းလှသည့် အပူဒဏ်ကို ထုတ်ဖော်ပြသလျက်ရှိသည်။ ဤအရာမှာ များပြားလှသော သားရဲရိုင်းများ ဝရုန်းသုန်းကား ဖြစ်နေသည်ကို ဆိုလိုခြင်းပင်ဖြစ်တော့သည်။

စောင့်ကြည့်မှု မျှော်စင်ကို တာဝန်ယူထားသူသည် ဤသို့သောအရာအား ခရမ်းရောင်ဘုရင်သာ ပြုလုပ်နိုင်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်မိနေ၏။ ၎င်းသည် တိုက်ခိုက်ရဲသည်ဆိုမှတော့ စည်းထဲမှ ပြန်လည်ထွက်ခွာလာပြီးသည့်နောက် အလုံးစုံ ပြန်လည် ကောင်းမွန်နေသည်ကို ဆိုလိုရပေမည်။ ထိုသို့ဆိုလျှင် အခြေအနေသည် ပိုမို၍ လေးနက်သွားပေမည်။

ခရမ်းရောင်ဘုရင် ပြန်လည်ပေါ်ပေါက်လာသည့်သတင်းအား အမြို့မြို့အနယ်နယ်ဆီသို့ ပျံ့နှံသွားပြီး သည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အလွန်တရာ ကြောက်လန့်သွားကြ၏။ သားရဲရိုင်းများသာ သောင်းကျန်းနေမည်ဆိုပါက ၎င်းတို့သည် စိတ်လက်ပူပင်မိမည် မဟုတ်ချေ။ အဓိကအားဖြင့် နတ်ဆိုးလို မွန်းစတား သတ္တဝါသည် အလွန်ပင် အားကောင်းလွန်းလှ၏။ များပြားလှသည့် သိုင်းနယ်မြေအားလုံးသည် ၎င်းတို့နှင့် တိုက်ခိုက်ခဲ့သည်ဆိုလျှင်တောင်မှ သတ်ဖြတ်ပစ်ရန်တော့ မတတ်နိုင်ခဲ့ချေ။

ထိုသူ ပြန်လည်ထွက်ပေါ်လာခြင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်နိုင် ပေ၏။ ထို့ကြောင့် စောင့်ကြည့်မှု မျှော်စင်ဆီမှ သတင်းကိုရရှိပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းနှင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အားလုံးသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံး ၏ ကျဆုံးမှုနှင့် မြင့်တက်မှုတွင် တာဝန်ယူထားရသူများဖြစ်သည်။

သို့ပေမဲ့ တစ်လောကလုံးက စိုးရိမ်ပူပန်ပြီး လှုပ်ရှားနေချိန်မှာတော့ သားရဲအုပ်ကြီး၏ ရှေ့တည့်တည့်တွင်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ဇိမ်ကျကျနှင့် ထမင်းကြော်ကို စားလျက်ရှိသည်။ သူ့အားလည်း အပြစ်တင်၍ မရပေ။ စွမ်းအားမြင့် ကျင့်ကြံသူများ လာရောက်ကူညီနေသည်ကို သူကောင်းကောင်းမသိချေ။ ဆာလောင်နေသည်ကို သူ သိ၏။

ဘန်း

ရုတ်တရက်ဆိုသလို တောင်၏ထိပ်တွင်ရှိသော အမြောက်ကြီးသည် ပစ်လွှတ်လိုက်တော့၏။ တောက်ပနေသော အလင်းတန်းများနှင့်အတူ အမြှောက်ဆန်ကြီးတစ်ခုသည် အရှေ့သို့ အပြင်းတက်ကြသော သားရဲရိုင်းများ၏ အလယ်တည့်တည့်ဆီသို့ ကျဆင်းသွားသည်။

ဘုန်း

ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပေါက်ကွဲသံကြီးတစ်ခုလုံးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွား၍ ဖုန်တွေ အလိပ်လိပ် တက်လာ၏။

ဝုန်း

ဖူး

ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲမှာ ထမင်းကြော်များသည် ပြန်လည်ထွက်လာ၏။ သူသည် မျက်လုံးတွေ ချာချာ လည်ပြီး ထိုင်ခုံပေါ်တွင် ပက်လက်လန်သွား၏။ သူ၏ နားထဲတွင်တော့ တဝီဝီဆိုသည့် အသံများ ကြားနေရတော့ သည်။ လောကအဆောင်၏ ဘေးထွက်ဆိုးကျိုးသည် ရှိနေတုန်းပင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် သူသည် မည်သည့်ကျင့်ကြံခြင်းမှ ရှိသောသူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် အမြှောက်၏အသံကို မခံစားနိုင်သည်မှာ သာမန်ပင် ဖြစ်တော့သည်။

ဟူး ဟူး

ဖုန်များပြန်လည်လွင့်ပါးသွားပြီးနောက်မှာတော့ ပေါက်ကွဲသံကြီး ဖြစ်ပေါ်ရာနေရာတွင် နက်ရှိုင်းလှသည့် တွင်းကြီး တစ်ခုဖြစ်ပေါ်နေသည်။ သားရဲတစ်သောင်းကျော်တို့သည် ဤနေရာတွင် ဆိုးဆိုးရွားရွား သေဆုံးလျက်ရှိနေ၏။

သေခြင်းရှင်ခြင်းစင်မြင့်တွင် ကြိုးချည်ခြင်းခံထားရသော ခရမ်းရောင်ဘုရင်မှာတော့ ရုတ်တရက် မျက်လုံးများ ပြူးသွားမိ၏။ ဤအရာသည် မည်သည့်အရာ ဖြစ်သနည်း။ ကြောက်မက်ဖွယ်ရာ စွမ်းအင်များနှင့် ပေါက်ကွဲနိုင်စွမ်း ရှိနေသည်။

ဘန်း

ရှောင်ကျီသည် ထပ်မံ၍ ပစ်လွှတ်လိုက်၏။ အမြှောက်ဆံကြီးသည် လေထဲတွင် ပျံသန်းသွားပြီးနောက်မှာတော့ သားရဲအုပ်များ၏ အလယ်တည့်တည့်သို့ ထပ်မံကာ ကျပြန်သည်။

ဘုန်း

ဒုတိယမြောက် အမြှောက်ဆံ ြဖြစ်ပေါ် လာတော့သည်။ အမြှောက်ဆံ နှစ်ခု ပစ်ခတ်ပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားသော သားရဲရိုင်းများ အားလုံးသည် သတ်ဖြတ်ခံလိုက်ရတော့သည်။ ခြေပြတ်လက်ပြတ်များနှင့် သလင်းအမြူတေများသည် တည်နေရာ အနှံ့တွင် ပျံ့နှံ့လျက်ရှိနေသည်။ လေထုထဲတွင်လည်း သွေးညှီနှံ့များနှင့် ပြည့်နှက်နေသည်။

“သတ်ကြ”

ကျုံးရီသည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီးသည့်နောက် သူ၏လူများကို ဦးဆောင်ကာ ရှေ့သို့ လှမ်းတက်လိုက် တော့သည်။

ဝှစ် ဝှစ်

သံချပ်ကာဝံပုလွေတပ်သားများသည် သားရဲအုပ်ကြီးဆီသို့ လှမ်းဝင်သွားကြသည်။ ၎င်းတို့ ကိုင်ဆောင်ထားသော ချွန်ထက်လှသည့် လှံရှည်များသည် တစ်ဖက်သားရဲရိုင်းများအား အညှာအတာ ကင်းမဲ့စွာဖြင့် ထိုးနှက် သတ်ဖြတ် နေတော့သည်။ ခရမ်းရောင်ဘုရင်ကို လာရောက်ကယ်တင်ကြသော သားရဲများထဲတွင် ညာလက်တစ်ဖက်သာ ရှိသော စိတ်ဝိညာဉ်သားရဲမှလွဲ၍ ကျန်သည့် သတ္တဝါအားလုံးသည် ထူးချွန်လှသည့်သူများ မဟုတ်ကြပေ။

သို့ပေမဲ့ ၎င်းတို့၏ အလုံးစုံသော အားအင်သည် ကျားဖြူစစ်တပ်ကြီးထက် ပို၍ အားကောင်းနေသည်။ သို့ပေမဲ့ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြိုင်စံရှားဂိုဏ်း၏ သံချပ်ကာဝံပုလွေတပ်အစွမ်းသည် တမဟုတ်ချင်း တိုးတက် နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ကြမ်းတမ်းခက်ထန်လွန်းလှပါသည်ဆိုသော သားရဲရိုင်းများကို ရင်ဆိုင် သတ်ဖြတ်ရန်တွင်တော့ အခက်အခဲ မရှိချေ။

ဇွိ ဇွိ …..

ကျုံးရီသည် သူ၏ တပ်သားများကို ဦးဆောင်၍ သားရဲရိုင်းများဆီသို့ ပြေးဝင်သွားကာ မြင်မြင်သမျှကို သတ်ဖြတ်လျက် ရှိနေတော့သည်။

ဘုန်း ဘုန်း

တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေတော့သည်။ စွမ်းအားမြင့် စိတ်ဝိညာဉ်လှိုင်းများသည် တဟုန်းဟုန်းနှင့် တည်နေရာထဲတွင် ဖြစ်တည်နေ၏။

သိုင်းအုပ်စိုးသူအဆင့် စိတ်ဝိညာဉ် သားရဲများသည် ကောင်းကင်ယံထက်မှာတော့ မိစ္ဆာသူတော်စင် ဝူကျူးနှင့် စတင်၍ တိုက်ခိုက်နေပြီဖြစ်သည်။

အရေအတွက်အရဆိုလျှင် ၎င်းတို့သည် တစ်ပန်းသာနေသည်ဆိုရသော်လည်း ၎င်းတို့၏ ပြိုင်ဘက်သည် သိုင်းနယ်မြေ အဆင့်မှာ ကျဆင်းလာသော သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် အနိုင်မယူနိုင်ကြပေ။

သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲများမှာတော့ ပြိုင်စံရှားဂိုဏ်း ၏ F4 က တားဆီးထားကြတော့၏။ ၎င်းတို့သည် ကြမ်းတမ်းလှသော တိုက်ပွဲ၏ အပြင်ဘက်ဆီသို့ ဆွဲခေါ်ခံရပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း ဂိုဏ်းသားများအားလုံး၏ အားအင်အဆင့်သည် ပြေးဝင်လာကြသော သားရဲရိုင်းများ ထက်ပို၍ အားကောင်းနေသည်ဆိုသည်မှာ သံသယရှိစရာပင် မရှိတော့ချေ။ ထို့အပြင် မတိုက်ခိုက်ရသေးသည့် နဂါးလေးနှင့် ရှောင်မိုရှန်တို့လည်း ရှိနေသေး၏။ အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည်လည်း အပြင်ဘက် ခြံဝန်းထဲတွင် တံမြက်စည်းလှည်းလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် နားကို အသာအုပ်ကာဖြင့် ပြောလိုက်၏။ “အရေအတွက်ကသာ သာရင်သာမယ်၊ အားအင်အဆင့်ကတော့ ငါတို့က အားမနည်းဘူး၊ ဒီတော့ အေးအေး ဆေးဆေး အနိုင်ယူနိုင်တယ်”

သူသည် စိတ်သက်တောင့်သက်သာ ဖြစ်နေ၏။ ထိုကဲ့သို့ သူမောက်မာနိုင်သည်ဆိုသည်မှာလည်း ခရမ်းရောင်ဘုရင် ၏ အပြစ်ကြောင့်ဟု ဆိုရမည်။ အဆင့်ငါးဂိုဏ်းတစ်ခုသည် အလွန်တရာ အားနည်းလွန်းလှသည်ဟု ထင်မှတ်ခဲ့ သောကြောင့် တစ်ယောက်တည်း ရောက်ရှိလာခဲ့၏။ ထို့ကြောင့်ပင် သူသည် အကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရ၏။

သူသည်သာ သေမင်းတောင်ကြားထဲတွင် အားအင်များ ပြန်လည်ကောင်းမွန်လာသည့်အချိန်အထိ စောင့်စားနေပြီး စွမ်းအားမြင့်သားရဲများကို ခေါ်ယူကာ လာရောက်တိုက်ခိုက်မည်ဆိုပါက အခြေအနေသည် ပြောင်းပြန်ဖြစ်သွား နိုင်ပေသည်။ တစ်ချက်မှားသည်နှင့် အလုံးစုံ ပြောင်းလဲသွားခဲ့တော့သည်။

“ချီးတဲ့မှ”

သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် ချည်နှောင်ခြင်းခံထားရသော သားရဲဘုရင်သည် သူ၏သားရဲများ တစ်ကောင်ပြီး တစ်ကောင် ကျရှုံးသေဆုံးနေသည်ကို မြင်၍ မျက်လုံးများသည် နီနီရဲလျက်ရှိသည်။

ဝေါင်း ဝေါင်း

သားရဲများသည် ၎င်းတို့၏ အသက်ကို လျစ်လျှူရှုပြီး ရှေ့သို့ လှမ်းတက်နေကြ၏။ ၎င်းတို့သည် အသိဉာဏ် မရှိကြပေ။ သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာရှိ၏။ ထိုအရာသည် သူတို့၏ဘုရင်ကို ကယ်တင်ရန်ပင် ဖြစ်တော့သည်။

ဘုန်း ဘုန်း

ဝုန်း

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ ကာကွယ်မှုစည်းတည်နေရာဆီသို့ နီးကပ်လာချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားပြီး မိုးကြိုးဓာတ်သဘာဝများ ထွက်ပေါ်လာကာ အဆုံးမဲ့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။

ကျန်းတယ်ကျွင်းသည် မျက်နှာအား လက်တစ်ဖက်ဖြင့်အုပ်ကာ ပခုံးများလှုပ်ခါသည့်အထိ အားရပါးရ ရယ်မော လျက် ပြောလိုက်သည်။ “ပေါက်ကွဲမှုကြားမှာမှ အနုပညာဆိုတာ ဖြစ်တည်လာတာ”

၎င်း၏သားရဲ တစ်သောင်းကျော် သေဆုံးသွားသည်ကို မြင်တော့ ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲတွက်လာတော့သည်။ နှလုံးသားထဲတွင်ရှိသော ဒေါသတရားများသည် အဆုံးစွန်အထိ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် မည်သည့်အရာကိုမှ မပြုလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီ၏ လောင်ချာ ဆက်တိုက်ပစ်ခတ်မှုအောက်တွင် သူ၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်သည်။

“အရှုံးပေးတော့”

၎င်းအား စောင့်ကြပ်ပြီး ဘေးတစ်ဖက်တွင်ရှိသော စုရှောင်မိုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ စတေးမှုတွေပဲ ဖြစ်တည်လာ”

ဤအရာသည် သတိပေးခြင်းပင်ဖြစ်တော့သည်။ ပြိုင်စံရှားဂိုဏ်းသည် သိုင်းဘုရင်အဆင့် တပည့်များ အများအပြား ရှိနေ၏။ ၎င်းတို့ တော်တော်များများသည် မလှုပ်ရှား၊ မတိုက်ခိုက်ရသေးချေ။ အကယ်၍သာ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက သားရဲရိုင်းများသည် တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြမှာ သေချာသည်။

ဝေါင်း

မိုးကြိုးအစီအရင်ကို ဖြတ်သန်းနေကြသော သားရဲများအားလုံးသည် ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ကာ မြေပေါ်သို့ လဲကျနေကြတော့၏။

ဆွစ် ဆွစ်

သားရဲများ အကာအကွယ်စည်းနားသို့ တိုးကပ်လာချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ၎င်းတို့၏ AK-47 လက်နက်များကို မြှောက်ကိုင်လိုက်ကြတော့၏။ ဤအရာသည် လစဉ်လတိုင်း ဝယ်ယူရန် အကန့်အသတ်ရှိသည့် လက်နက်မျိုးဖြစ်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ထိုအရာ၏ အချိန်အကန့်အသတ် ကုန်ဆုံးသွားပြီ ဆိုသည်နှင့် မိုးဆွေဟောခန်းမှ တပည့်များကို ပေးစွမ်းရန်အတွက် တစ်ခါတည်း ဝယ်ယူလေ့ရှိ၏။ ထို့ကြောင့် AK-47 လက်နက်၏ အရေအတွက်သည် တစ်ရာနီးပါးသို့ ကပ်လျက်ရှိနေတော့သည်။

သေခြင်းရှင်ခြင်းစင်မြင့်၏ အနီးဆုံးတည်နေရာနားတွင် မတ်မတ်ရပ်လျက် ရှိသော တပည့်တစ်ရာကျော်တို့သည် AK-47 လက်နက်များကို မြှောက်ကိုင်ကာ ပစ်လွှတ်လိုက်ကြတော့သည်။

ဒက် ဒက် ဒက် ဒက် ဒက်

အရှေ့သို့တိုးလာကြသော သားရဲများအားလုံးသည် မြေပေါ်သို့ လဲကျကုန်ကျ၏။

ဒက် ဒက် ဒက် ဒက် ဒက်

အဆုံးမဲ့သော ကျည်ဆန်များသည် ရှေ့ဆီသို့ ပြေးထွက်သွားပြီးသည့်နောက် သားရဲများ၏ ခန္ဓာကိုယ်၊ ဦးခေါင်းနှင့် ဝမ်းဗိုက်များဆီသို့ ထွင်းဖောက်သွားကြသည်။ မြင်ကွင်းသည် အလွန်တရာ ဆိုးရွားလွန်းနေ၏။

ဘုတ် ဘုတ်

သားရဲရိုင်းများသည် တစ်ကောင်ပြီးတစ်ကောင်း မြေပေါ်သို့ ပြုတ်ကျသွားကြသည်။ သို့ပေမဲ့ နောက်တွင်ရှိနေသော သားရဲရိုင်းများမှာတော့ မရပ်တန့်ကြချေ။ ၎င်းတို့၏ဘုရင်ကို ကယ်တင်ရန် အဆုံးစွန်အထိ ကြိုးစားလျက်ရှိနေကြသည်။

လီချင်းယန်နှင့် တခြားသောသူများသည် အကာအကွယ်စည်း၏ အနောက်တွင် မတ်မတ်ရပ်ပြီး မလှုပ်ရှား ကြသေးချေ။ လက်ရှိအချိန်မှာတော့ သားရဲများသည် သေဆုံးရမှာကို မကြောက်ဘဲ ရှေ့သို့တိုးလာကြသည်ဆို သော်လည်း သေနတ်များ၏ ဖိနှိပ်မှုအောက်တွင် အရှေ့ဆီသို့ တိုးမလာနိုင်ခဲ့ကြချေ။

ဘုန်း ဘုန်း

လေထုထဲမှာတော့ မိစ္ဆာသူတော်စင် ဝူကျူးသည် ၎င်း၏ကျင့်ကြံခြင်းကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်၏။ လက်ထဲတွင်ရှိသော မိစ္ဆာချီများသည် ပြည့်နှက်သွားပြီးသည့်နောက် သိုင်းအုပ်စိုးသူအဆင့် သားရဲများနှင့် လက်ရည်ညီစွာဖြင့် တိုက်ခိုက်နိုင်တော့သည်။

အခြားတစ်ဖက်မှာတော့ ကျန့်ရာနှင့် တခြားအကြီးအကဲသုံးယောက် တို့သည် သိုင်းဘုရင်အဆင့် သားရဲနှစ်ဆယ်ကျော်တို့အား အောင်အောင်မြင်မြင်နှင့် ထိန်းသိမ်းထားနိုင်ကြ၏။

ဝှစ် ဝှစ်

အကာအကွယ်စည်း၏ အနောက်မျှော်စင်ထဲမှာတော့ မိုးဆွေဟောခန်းမှ တပည့်များသည် AWM စနိုက်ပါ ရိုင်ဖယ်များအား ကိုင်ကာ ရှေ့သို့တိုးလာနေကြသော သားရဲများ၏ ဦးခေါင်းအား တစ်ကောင်ချင်းစီ တိတိကျကျ နှင့် ပစ်သတ်နေ၏။ အချိန်တိုအတွင်းမှာပဲ သားရဲများ၏ သေဆုံးမှုများသည် ကြောက်မက်ဖွယ်ကောင်းလွန်း လှသည့် အရေအတွက်သို့ ရောက်ရှိလာခဲ့သည်။ လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် သားရဲများမှာ မီးပုံထဲသို့ တိုးဝင် လာခဲ့သော ပိုးဖလံများကဲ့သို့ပင် ဖြစ်သည်။

“ကိုယ့်ရဲ့နောက်လိုက်တွေ ဒီလိုမျိုးသေဆုံးနေတာကို ရပ်ကြည့်နေတာ ရက်စက်လွန်းတယ်လို့ မထင်ဘူးလား”

ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်၏ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် လျှိုဝမ်ရှစ် ပြုလုပ်ပေး ထားသော ဖက်ထုပ်တစ်ခုကို ပါးစပ်ထဲ ပစ်ထည့်ကာ ပြောလိုက်၏။ “ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဒီအတိုင်း ဆက်ပြီး လွတ်ထားမှာ မဟုတ်ဘူး”

“...” ခရမ်းရောင်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ ရင်ထဲတွင် ဖြစ်ပေါ်နေသော ဒေါသ တရားများသည် ဖော်ပြ၍မရအောင် အားကောင်းလွန်းသည်။ သို့ပေမဲ့ သူ၏နောက်လိုက်များ တစ်ကောင်ပြီး တစ်ကောင် သေဆုံးနေသည်ကို မြင်ရချိန်မှာတော့ သူသည် မတတ်သာပဲ အော်ဟစ်လိုက်ရတော့သည်။

“ရပ်ကြတော့”

All Chapters