အခန်း (၇၃၅)
Vol. 49 Ch. 735
“ရပ်ကြတော့”
ခရမ်းရောင်ဘုရင်၏ အားပျော့နေသော အသံသည် ကျယ်လောင်လှသည့် စပီကာမှတဆင့် သံမဏိအရိုးတောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ လက်ရှိအခြေအနေမှာတော့ အရှေ့သို့ တိုးဝင်နေကြသော သားရဲရိုင်းများ အားလုံးသည် ရပ်တန့်သွားကြသည်။
မိစ္ဆာသူတော်စင် ဝူကျူးနှင့် တိုက်ခိုက်နေကြသော အဆင့်မြင့်စိတ်ဝိညာဉ် သားရဲများ အားလုံးသည် ၎င်းတို့၏ ဘုရင်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
ခရမ်းရောင် ဘုရင်သည် ခေါင်းကိုငုံ့လိုက်သည်။ ကျွင်းချောင်ရှောင်းသည် မိုက်အား သူ၏ပါးစပ်နားဆီသို့ အသာတိုးပေးလိုက်၏။ ခဏလောက်အကြာမှာတော့ ဒေါသကြီးမှု၊ မမျှော်လင့်ထားမှု၊ မယုံကြည်နိုင်မှု၊ မလိုချင်မှု စသည့် အရိပ်အယောင် များ ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“မင်းတို့အားလုံး ထွက်သွားတော့”
သားရဲများသည် ဘယ်တော့မှ ကျေးကျွန်မဖြစ်နိုင်ပေ။ သို့ပေမဲ့ မလိုအပ်သည့် စတေးမှုများကိုတော့ သူမပြုလုပ် ချင်ပေ။ ဤသေးငယ်လှသော အဆင့်ငါးဂိုဏ်းတစ်ခုသည် ကြီးမားလှသော စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေ၏။ ထို့ကြောင့် ခရမ်းရောင်ဘုရင်သည် အရှုံးပေးလိုက်ရတော့၏။
“ဘုရင်”
သူ၏ညာဘက်လက်တစ်ဖက်ထဲသာရှိသော စိတ်ဝိညာဉ်သားရဲက အော်လိုက်၏။ သူနှင့် သူတို့၏ သားရဲများ အားလုံးသည် သေဆုံးရမည်ကို ဂရုမစိုက်ချေ။ ၎င်း၏ဘုရင်ကိုယ်သာ ကယ်တင်နိုင်မည်ဆိုပါက နောက်ဆုံး သွေးတစ်စက်ကျန်သည်အထိ သူတို့ ကြိုးစားသွားမှာ ဖြစ်သည်။
“သွားကြတော့”
ခရမ်းရောင်ဘုရင်၏ အသံသည် အားနည်းနေသည်။ သို့ပေမဲ့ ဆုံးဖြတ်ချက် ခိုင်မာသော အသံမျိုးပါနေသည်။ ဤဘုရင်၏ အမိန့်သည် ကြီးမားလှသော အမိန့်စကားပင်ဖြစ်တော့သည်။ ၎င်းတို့သည် မည်သို့ပင်ဆိုစေကာမူ လိုက်နာရတော့ပေလိမ့်မည်။ ညာဘက်လက်တစ်ဖက်တည်းသာရှိသော စိတ်ဝိညာဉ်သားရဲသည် အံကို တင်းတင်း ကြိတ်ကာ ပြောလိုက်၏။
“နောက်ဆုတ်မယ်”
ဝေါင်း … ဝေါင်း
လက်ကျန်သားရဲ တစ်သိန်းနီးပါးတို့သည် ၎င်းတို့၏ သွေးသံတရဲရဲဖြစ်နေသော ခန္ဓာကိုယ်များနှင့်အတူ အနောက်သို့ ပြန်လည် ဆုတ်ခွာသွားကြတော့သည်။
ဂိုဏ်းချုပ်သည် ၎င်းတို့အား အမိန့်မပေးချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များမှာတော့ အခွင့်အရေးယူပြီး လိုက်လံတိုက်ခိုက်မှုများ မပြုလုပ်ကြတော့ပေ။
အချိန်တိုအတွင်းမှာပဲ တိုက်ပွဲ ဖြစ်ပွားရာ တည်နေရာကြီးတစ်ခုလုံးမှာတော့ သားရဲအလောင်းများသာ ကျန်ရှိလျက် ရှိနေတော့သည်။ ထို့ပြင် သလင်းအမြူတေများကလည်း ပြန့်ကျဲလျက်ရှိနေ၏။ လူသားနှင့် သားရဲတို့ကြားမှ တိုက်ပွဲသည် အလွန်တရာ မြန်ဆန်စွာ ဖြစ်တည်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ပြီးဆုံးသွားခဲ့၏။ ထိုအရာမှာ ကြီးမားသည့် အားအင် ကွာခြားချက်ကြောင့်ပင် ဖြစ်တော့သည်။
“ဒင်... သီးခြားတာဝန် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား ရရှိ၏”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၉၉၆၀ / ၂၀၀၀၀”
“ဒင်... လက်ခံသူသည် သီးခြားတာဝန်အား ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ ဖုံးကွယ်ထားသည့် ဆုလာဘ် ဖြစ်သော အဆင့်မြင့် သားကောင်ဖမ်းဘောလုံး တစ်ခု၊ အတွေ့အကြုံအဆောင် နှစ်ခုကို ရရှိသည်”
ဆုလာဘ်များ အကြောင်း ကြားသိရချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူ့အနေဖြင့် ခရမ်းရောင်ဘုရင်ကို အညံ့ခံစေရန်အတွက် စိတ်လက်ပူပင်မိ၏။ သို့ပေမဲ့ သီးခြားတာဝန် ပြည့်စုံပြီး သည့်နောက်မှာတော့ အဆင့်မြင့် သားကောင်ဖမ်းဘောလုံးကို ရရှိခဲ့၏။ ဤအရာသည် စနစ်မှ အချိန်ကိုက် ကူညီ ပေးခြင်းပင် ဖြစ်ပေလိမ့်မည်။
“သူ့ကို ဂိုဏ်းဆီပြန်ခေါ်ခဲ့”
ကျွင်းချောင်ရှောင်းက အော်လိုက်၏။
“ကောင်းပါပြီ” စုရှောင်မိုနှင့် လီဖေးတို့သည် ခရမ်းရောင်ဘုရင်အား တရွတ်တိုက်ကာ ပြန်လည်ဆွဲခေါ်လာတော့သည်။
ခရမ်းရောင် ဘုရင်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သောက်လူသားတွေ၊ ဒီဘုရင်က ဒီကိစ္စကို ကျိန်းသေပေါက် မှတ်ထားမယ်”
ကြီးမြတ်လှသော သားရဲဘုရင်တစ်ယောက်ဖြစ်သည်မို့ သူသည် ဤကဲ့သို့ ဖမ်းဆီးခံရပြီး သူ၏နောက်လိုက်များ ရှုံးနိမ့်သွားခဲ့သွားသည် ဆိုလျှင်တောင်မှ မာန်ကို မလျော့နိုင်ပေ။ အားမတန်လျှင်တောင် မာန်မလျော့ဆိုသော သဘောထားမျိုးသည် သူ့တွင်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်တော့သည်။ “ခင်ဗျားကို ကျုပ်ထမင်းကြော်ကျွေးမယ်”
“ဂိုဏ်းချုပ်”
လီချင်းယန်သည် လှမ်းလျှောက်လာကာ ပြောလိုက်သည်။ “ကြေမွနေတဲ့ သလင်းအမြူတေတွေ အများကြီးပဲရှိတယ်၊ ပြီးတော့ သလင်းအမြူတေ နှစ်သောင်း၊ သုံးသောင်း လောက်ကတော့ ကောင်းအုံးမယ်နဲ့တူတယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင်ရှိသော အလောင်းများကို လှမ်းကြည့်ကာ ပြောလိုက်၏။ “အရိုးတွေ၊ အရေခွံတွေ ဘာပဲဖြစ်ဖြစ် ရတာယူ”
“ကောင်းပါပြီ”
လီချင်းယန်သည် သူ၏ရောင်းရင်းများအား ပြုမူဆောင်ရွက်ရန် အမိန့်ပေးလိုက်မည့် အချိန်မှာတော့ မြို့တော်ဝန်ရှဲ့ နှင့် တခြားသော သိုင်းကျင့်ကြံသူများအားလုံးသည် အပြေးအလွှားရောက်ရှိလာကြသည်ကို မြင်လိုက်ရသည်။
၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် အနီးဆုံးတွင်ရှိသောကြောင့် အရင်ဆုံးရောက်ရှိလာကြသည်ဆိုသည်မှာ သဘာဝ ပင်ဖြစ်၏။ သို့ပေမဲ့ မြေပေါ်တွင် လဲလျောင်းလျက်ရှိသော သားရဲအလောင်းများကို မြင်လိုက်ရသည့်အချိန်မှာတော့ သူတို့အားလုံးသည် ဆွံ့အနေကြ၏။
“ကျေးဇူးပါ မြို့တော်ဝန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါနဲ့ ဒီကိုဘာလို့ ရောက်လာကြတာလဲ”
မြို့တော်ဝန်ရှဲ့သည် သတိပြန်ဝင်သွား၏။ ပြီးနောက် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း... သားရဲလှိုင်းကြီးက ပြိုင်စံရှားဂိုဏ်းကို လာရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းကို ကြားခဲ့တယ်၊ ဒါကြောင့် စစ်တပ်ကြီးကိုခေါ်ပြီး လာကူညီတာ”
“ခင်ဗျားနောက်ကျသွားပြီ၊ သူတို့အားလုံးက ရှုံးသွားပြီလေ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သို့ပေမဲ့ သူသည် ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားနေမိ၏။ အဘယ်ကြောင့်ဆိုသော် လိုအပ်သည့်အချိန်တွင် ရောက်ရှိလာသည်ဆိုသည်မှာ မိတ်ဆွေကောင်းပင်ဖြစ်၏။
“...” မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူသတင်းရရှိခဲ့သည့်အချိန်နှင့် စစ်သည်များ စုဆောင်းသည့် အချိန်သည် အနည်းဆုံးတစ်နာရီအောက်သာ ကြာမြင့်ခဲ့၏။ သို့ပေမဲ့ သားရဲပေါင်း တစ်သိန်းနီးပါးတို့သည် သေဆုံး သွားခဲ့ကြပြီဖြစ်သည်။ အလွန်ပင် မြန်ဆန်လွန်းလှသည်။
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ မူချန်းဟုန်၊ ရီထျန်းချန်နှင့် စစ်တုဟောင်ယွင်တို့သည် သေခြင်းရှင်ခြင်းတည်နေရာဆီသို့ ရောက်ရှိ လာကြသည်။ ၎င်းတို့သည် မြေပေါ်တွင် လဲလျောင်းနေကြသော သားရဲရိုင်းများကို လှမ်းကြည့်ပြီး တွေဝေနေမိ ကြ၏။ သူတို့သည် မြို့တော်ဝန်ရှဲ့ထက် ခန့်မှန်းခြင်းအရာတွင် ပိုမိုကာ သာလွန်ကြ၏။ အသက်ရှင်နေကြသော သားရဲရိုင်းများကို မမြင်ချိန်မှာတော့ သူတို့အားလုံးသည် ပြိုင်တူမေးလိုက်ကြ၏။ “သားရဲအုပ်ကြီးဆိုတာ ဘယ်မှာလဲ”
“ဒီကိစ္စကို ရှင်းပြီးသွားပါပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
မြို့တော်ဝန်ရှဲ့နှင့် သူနှင့်အနီးအနားတွင်ရှိသော တခြားသော မြို့တော်ဝန် များအားလုံးသည် သားရဲရိုင်း၏ တိုက်ခိုက်မှုကို သိရှိသည်ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမဲ့ ကောင်းကင်ဘုံ မြို့တွင်ရှိသော ကျင့်ကြံသူများသည် ဤကိစ္စကို အဘယ်ကြောင့် သိရှိရသနည်း။
ဝှစ် ဝှစ်
တည်နေရာတစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် မြို့တော်ဝန်ဟန်သည် လေထုထဲတွင် ပေါ်ပေါက်လာ၏။ သူ၏ အော်ရာများသည် ပေါက်ကွဲထွက်သွားပြီး တိုက်ခိုက်ရန်အဆင်သင့် ပြင်ဆင်လိုက်သည်မှာ ထင်ရှား၏။
သို့ပေမဲ့ သံမဏိအရိုးတောင်တစ်လွှားတွင် လဲလျောင်းလျက်ရှိနေသော သားရဲရိုင်းများ၏ အလောင်းများကို မြင်ရချိန်မှာ တော့ သူသည် တန့်ခနဲ ဖြစ်သွားမိ၏။ မြေပေါ်တွင်တော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် သားရဲများ၏ အရိုး၊ အရေများကို ခွာလျက်ရှိနေသည်။ သူ၏ အမူအရာသည် အေးခဲသွား၏။
“မြို့တော်ဝန်ဟန်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘာလို့ ဒီကိုရောက်လာတာလဲ”
မြို့တော်ဝန်ဟန်သည် သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ပြောလိုက်သည်။ “သားရဲလှိုင်းကြီးက လူသားတွေကို ထိခိုက်စေလိမ့်မယ်လေ၊ ဒါကြောင့် ဒီနေရာကိုလာပြီး အကူအညီလာပေးတာ”
ကျွင်းချောင်ရှောင်း “...”
ဤအရာသည် သားရဲလေးများသာဖြစ်၏။ သို့ပေမဲ့ သိုင်းနယ်မြေ ကျင့်ကြံသူများကိုပင် အထိတ်တလန့် ဖြစ်စေခဲ့ သည်။ နှံပြည်စုတ်ကို အမြှောက်နှင့်ပစ်ရန် ကြံနေကြသည်လား မသိပေ။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်က ပြောလိုက်၏။ “နတ်ဆိုးမွန်းစတားကော”
ပြောပြီးသည့်နောက်မှာ သူသည် သူ၏အော်ရာများကို ထုတ်ကာ ကြည့်ရှုလိုက်သည်။ ဤလောကကြီးတွင် သိုင်းအင်ပါယာများအားလုံးသည် လောကကြီးနှင့်ပတ်သက်၍ တစ်ချက်ကလေးမျှ ဂရုမစိုက်ကြတော့ချေ။ ထို့ကြောင့် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်ဖြစ်သောသူသည် ဤအရေးကိစ္စနှင့်ပတ်သက်လျှင် တာဝန်ရှိသူဟု သတ်မှတ်ထားသည်။
“နတ်ဆိုး မွန်းစတားလား”
ထိုသူရည်ညွှန်းနေသည်မှာ ခရမ်းရောင်ဘုရင်ပင် ဖြစ်ပေလိမ့်မည်။
မကြာခင်မှာပဲ တောင်ပြာဂိုဏ်းမှာ မာယွင်တန် တို့သည်လည်း ရောက်ရှိလာကြသည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းနှင့်အတူ သေအတူ ရှင်အတူ တိုက်ခိုက်ကြမည်ဟု ဆုံးဖြတ်ကာ ရောက်ရှိလာကြခြင်းဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သည် အသက်ရှင်လျက် ရှိသော သားရဲရိုင်းများကို မတွေ့ဘဲ သေဆုံးလျက်ရှိသော အလောင်းကောင်များကိုသာ မြင်ရသောကြောင့် တည်နေရာမှာတင် ကြက်သေသေလျက် ရှိနေကြသည်။
ဤမျှ များပြားလှသော လူများ လာရောက်ထောက်ပံ့ကူညီသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် သူသည် မူချန်းဟုန်ဆီသို့ အသာသွား၍ တီးတိုး မေးလိုက်၏။
အလယ်ပိုင်းဒေသတွင်ရှိသော အလွန်တရာအားကောင်းလှသည့် စောင့်ကြည့်ရေးမျှော်စင်တွင်ရှိသော အကြီးအကဲကြီးများအားလုံးသည် သားရဲရိုင်းများ ဝင်ရောက်တိုက်ခိုက်နေသည်ကို သိရှိသောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ အဓိကဂိုဏ်းများအားလုံးကို အသင့်အနေအထားဖြင့် သွားရောက် တိုက်ခိုက်ကူညီပေးရန် စေလွှတ် လိုက်သည် ဆိုသည့်အကြောင်းကို သူသိရှိ နားလည်လိုက်ရတော့သည်။
“ဪ... သားရဲရိုင်းတွေကို အနိုင်ရဖို့ ဒီလောက်တောင် လူတွေသုံးဖို့ လိုအပ်လို့လား”
ခရမ်းရောင်ဘုရင်သည် ထိပ်ဆုံးအခြေအနေတစ်ခုတွင် မည်မျှအားကောင်းသည်ကို သူမသိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အခြေအနေကို နားမလည်ခြင်းသာဖြစ်၏။
ဝှစ် ဝှစ်
မကြာခင်မှာပဲ အရှေ့မြောက်ဒေသနှင့် တောင်ပိုင်းသဲကန္တာရ နယ်မြေမှ ကျွမ်းကျင်သူများသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ မြေပေါ်တွင်လဲနေသော သားရဲများကို မြင်ရချိန်မှာတော့ သူတို့သည် အလုံးစုံ ဆွံ့အနေကြ၏။ သူတို့သည် သတင်းရရချင်း အလျင်အမြန်ပင် ရောက်ရှိလာကြခြင်းဖြစ်သည်။ သို့ပေမဲ့ ရောက်သည်နှင့်တပြိုင်နက် ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ မည်သို့စဉ်းစားရမှန်းပင် မသိကြတော့ချေ။
..........
နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ များပြားလှသည့် ကျွမ်းကျင်သူများသည် သံမဏိအရိုးတောင်ခြေ တွင် စုဝေးလျက်ရှိနေသည်။ ဤအရာသည် သူရဲကောင်းများ စုဝေးရာနေ့ဟုပင် ခေါ်ဆိုသတ်မှတ်ရမည် ဖြစ်သည်။ တကယ့် ဒိတ်ဒိတ်ကြဲ ကျင့်ကြံသူများသည် သံမဏိအရိုးတောင်၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သားရဲများ အားလုံး သတ်ဖြတ်ခံလိုက်ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့သည် စိတ်ရှုပ်ထွေးစွာဖြင့် တည်နေရာ တွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။
စောင့်ကြည့်ရေးမျှော်စင်သည်လည်း စိတ်ဓာတ်ကျလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သားရဲလှိုင်းများသည် ပြန်လည်ဆုတ်ခွာသွားပြီးသည့်နောက်မှာတော့ မြေဓာတ်စိတ်ဝိညာဉ်ဓာတ်လုံးသည် ရုတ်တရက်ဆိုသလိုပဲ တုန်ခါရာမှာ ရပ်တန့်သွားခဲ့၏။
“ဘာလို့ ရပ်သွားတာလဲ”
များပြားလှသော အကြီးအကဲများသည် ဆွံ့အသွားမိ၏။ ထိုအချိန်မှာတော့ ခေါင်းဆောင်သည် မြို့တော်ဝန်ဟန် ဆီမှ သတင်းကို လက်ခံရရှိခဲ့၏။ သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့သည်။ “ငါတို့မှားသွားပြီပဲ၊ ဒီဟာကြီးကို ခရမ်းရောင်ဘုရင်က ဦးဆောင်လာခဲ့တာ မဟုတ်ဘူး၊ သားရဲရိုင်းအုပ်လေးတစ်ခုက ပြိုင်စံရှားဂိုဏ်းကို လာပြီ တိုက်ခိုက်ကြတာတဲ့”
“မဟုတ်သေးပါဘူး”
အားလုံသည် မယုံကြည်နိုင်သလို ဖြစ်နေကြ၏။
“ဒါက တစ်ခုခုတော့ တစ်ခုခုပဲ”
အကြီးအကဲတစ်ယောက်သည် သုံးသပ်လိုက်မိ၏။ “အမိန့်ကို ထပ်ပေးထားလိုက်၊ သတိအနေအထားကို အဆင့်တစ်အဖြစ် ထပ်တိုးထားလိုက်၊ ခရမ်းရောင်ဘုရင် ပြန်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး အားလုံးကို သတင်းမပြန့်သွားစေဖို့ ထိန်းချုပ်ထားလိုက်၊ မဟုတ်ရင် အကုန်လုံး ထိတ်လန့်ကြောက်ရွံ့နေလိမ့်မယ်”
ခေါင်းဆောင်က ပြောလိုက်သည်။ “ကောင်းပါပြီ”
သံမဏိအရိုးတောင်၏ သေခြင်းရှင်ခြင်း စင်မြင့်နားမှာတော့ ကောင်းကင်ပေါ်တွင် ပျံသန်းထွက်ခွာသွားခဲ့ကြသော ကျွမ်းကျင်သူများကို ကြည့်ရင်း ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်း ဒုက္ခရောက်နေတဲ့အချိန်မှာ လာပြီးကူညီကြတဲ့အတွက် ကျုပ်က တကယ့်ကို ကျေးဇူးတင်ပါတယ်”
“.....” ကျွမ်းကျင်သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားကြ၏။
ချီးတဲ့မှ... မင်းကို ဘယ်သူက လာကယ်လို့တုန်း၊ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကူညီဖို့အတွက် ရောက်လာတာ ကွ။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “လာပြီးတိုက်ခိုက်ကြတာက သားရဲအုပ်လေး သေးသေးလေးပါ၊ သူတို့က အားနည်းလွန်းတာကြောင့် ပြိုင်စံရှား ဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီလေ၊ ဒီတော့ မစိုးရိမ်ကြပါနဲ့”
သူသည် ခရမ်းရောင်ဘုရင်အကြောင်းနှင့်ပတ်သက်၍ မည်သူ့ကိုမှ မပြောချေ။ ထို့ပြင် သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် အညံ့ခံစေရန်ရှိနေသေးသောကြောင့် ပြဿနာများကို အသေးဆုံးဖြစ်ရန် ပြုလုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ”
အနောက်မြောက်ပိုင်းတွင်ရှိသော မြို့တော်ဝန်က ပြောလိုက်သည်။ “လာခဲ့တာ အလကားဖြစ်သွားပြီပေါ့၊ သွားစို့ သွားစို့”
ခရမ်းရောင်ဘုရင် မရှိသောကြောင့် သူတို့သည် ဤနေရာတွင် ကြာကြာ မနေကြချေ။ ချက်ချင်းပင် ထွက်ခွာသွား ကြ၏။
“ဟောခန်းသခင်ရီ”
ရီထျန်းချန်သည် ထွက်ခွာသွားရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။ “နဂါးကျားတိုက်ပွဲက ပြီးသွားပြီ၊ ဒါနဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေကကော”