အခန်း (၇၃၆)
Vol. 50 Ch. 736
စွမ်းအားမြင့် ကျင့်ကြံသူများသည် ရောက်ရှိလာခဲ့ကြ၏။ သို့ပေမဲ့ အခြေအနေသည် သူတို့ ထင်မှတ်ထားသကဲ့သို့ မလေးနက်သည်ကို သိရှိလိုက်ကြ၏။ ထို့ကြောင့် မည်သည့်စကားမှ မဆိုဘဲ ပြန်လည်ထွက်ခွာသွားကြသည်။
ဟုတ်ပေသည်၊ သူတို့သည် မထွက်ခွာသွားခင်မှာတော့ ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်တော့ မမေလျော့သွားခဲ့ကြပေ။ ဤဂိုဏ်းသည် အလွန်တရာ ဆန်းကြယ်သည့် အရှိန်အဝါများနှင့် ပြည့်နှက်လျက် ရှိသည်ကို သူတို့ ကောင်းကောင်းခံစားမိကြ၏။ ထို့ကြောင့် သာမန်ထက်ပို၍ သိချင်သည်ဆိုသည်မှာ သဘာဝပင် ဖြစ်တော့သည်။
ကံဆိုးစွာဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များသည် သံမဏိအရိုးတောင်ပေါ်သို့ စေလွှတ်လိုက်သည့်အချိန်မှာ တော့ အစီအရင် အတားအဆီးကြောင့် အနောက်ဘက်သို့ ပြန်၍ ကန်ထွက်လာခဲ့သည်။
အစီအရင်ဆရာ ကျန်းတယ်ကျွင်းသည် ပေါက်ကွဲမှုအတတ်ပညာအား မည်ကဲ့သို့ အသုံးပြုရမည်ကို သိသည်သာ မဟုတ်ဘဲ ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ်ဆိုသည့် ကျမ်းစာအား လေ့လာပြီးသည့်နောက်မှာတော့ သူသည် တခြားသူများ စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ကာ ဝင်ရောက်ကြည့်ရှုမည်ကို ကာကွယ်သည့်အနေဖြင့် ဂိုဏ်းကြီး တစ်ခုလုံး တွင် သီးခြားဖြစ်တည်ခြင်း အစီအရင်များကို စီစဉ်ထားခဲ့၏။
“ပြဿနာလာရှာတာက ခရမ်းရောင်ဘုရင် မဟုတ်ဘူးဆိုမှတော့ ကျုပ်တို့ အရင်ထွက်သွားကြတာပေါ့” မြို့တော်ဝန်ဟန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရီထျန်းချန်ဆီမှ စိတ်ဝိညာဉ် ကျောက်တုံး အများအပြား ပါဝင်သော သိုလှောင်လက်စွပ်များကို ယူပြီးသည့်နောက် ပြောလိုက်သည်။ “မြို့တော်ဝန်ဟန်... ဒီကိုရောက်အောင်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ၊ တစ်ခုခု စားသွားပါဦးလား”
သိုင်းနယ်မြေ ကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြသည်။ မိတ်ဖြစ်ဆွေဖြစ် စားသုံးမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ မြို့တော်ဝန်ဟန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “အင်ပါယာမြို့မှာ အရမ်းကို အလုပ်များနေတယ်လေ၊ ဒီတော့ ဂိုဏ်းချုပ်ကျွင်းနဲ့အတူ အချိန်ဖြုန်းဖို့ လောလောဆယ် အချိန်မရှိသေးလို့ပါ”
ပြီးသည့်နောက် သူသည် ပျံသန်းကာ ထွက်ခွာသွားခဲ့၏။
“မြို့တော်ဝန်မူ... ထမင်းစားမလား”
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်မူကို လှမ်းကြည့်လိုက်၏။ မြို့တော်ဝန်မူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “နောက်တစ်ရက်မှပေါ့”
ထို့ကြောင့် သံမဏိအရိုးတောင်ဆီသို့ ရောက်ရှိလာကြသော စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှိုနှင့် ပြန်လည်ထွက်ခွာသွားကြသည်။ ၎င်းတို့၏ စိတ်ထဲမှာတော့ တီးတိုး ရေရွတ်နေမိသည်။ ဤမျှ ကြမ်းတမ်းလှသော သားရဲရိုင်းကြီးများ ကျူးကျော်လာပြီးသည့်နောက်မှာတော့ ဘာတစ်ခုမှ မဖြစ်ခဲ့သလို မြန်မြန်ဆန်ဆန်နှင့် ရှင်းလင်းပစ်နိုင်ခဲ့သည်။ ဤအရာသည် အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းနေသည်။ လူအားလုံး ထွက်ခွာသွားသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
“ခရမ်းရောင်ဘုရင်က တကယ့်ကို လုပ်ရည်ကိုင်ရည် ရှိပုံပေါ်တယ်။ မဟုတ်ရင် ကုန်းမြေတိုက်ကြီးမှာရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက ဘာလို့ ဒီလောက်တောင် ကြောက်နေမှာလဲ”
သို့ပေမဲ့ လောင်ချာနှင့် တစ်ချက်ပစ်ချိန်တွင် မေ့မျောသွားခဲ့၏။ အဘယ်ကြောင့် ဤမျှအားနည်းနေရသနည်း။
ဟုတ်ပေသည်။ ခရမ်းရောင်ဘုရင်သည် အချိန်ကြာမြင့်စွာ စည်းခတ်ခြင်းကို ခံခဲ့ရသောကြောင့် ၎င်း၏အားအင်များ သည် ထိပ်ဆုံးအဆင့်သို့ ပြန်လည်မရောက်ရှိသေးပေ။ ထို့ကြောင့်ပင် ပြိုင်စံရှားဂိုဏ်းကို လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်သည်ဟု သုံးသပ်၍ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။
ခရမ်းရောင်ဘုရင်သည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ကျော်တုန်းကလည်း ကြမ်းတမ်းလှသည့် သားရဲရိုင်းများကို ဦးဆောင်၍ ကြီးကျယ်မြင့်မြတ်လှသော အစီအစဉ်များကို ချမှတ်ကာ ဘုရင်ပြုလုပ် အုပ်စိုးမည့် အစီအစဉ်ကို စတင်ခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှ မလုပ်လိုက်ရချေ။
လက်ရှိအခြေအနေမှာတော့ စည်းခတ်ထားရာမှ ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် ၎င်း၏ ကျင့်ကြံခြင်းအဆင့်များသည် ကျိန်းသေပေါက် ပြန်လည် မရရှိသေးဘဲ မိမိကိုယ်ကိုယ် အထင်ကြီးစွာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ဟန်ကျပန်ကျဖြင့် ရောက်ရှိလာခဲ့၏။ နောက်ဆုံးမှာတော့ အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရတော့သည်။ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းခံထားရသော ခရမ်းရောင် ဘုရင်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလျက်ရှိ၏။ “ဒီဘုရင်က ကြီးမြတ်တဲ့အရာတွေ ပြုလုပ်ဖို့အတွက် ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ”
ကျွီ
တံခါးထပ်မံ၍ ပွင့်လာခဲ့သည်။ စုရှောင်မိုသည် အရင်ဆုံးလျှောက်ဝင်လာခဲ့ပြီးသည့်နောက်မှာတော့ ခုံတစ်လုံးကို သေသေချာချာ ချထားလိုက်၏။ ကျွင်းချောင်ရှောင်းသည် ထိုခုံပေါ်တွင် ကြည့်ကောင်းလှစွာဖြင့်ထိုင်ပြီး ခြေနှစ်ဖက်ကို ချိတ်၊ လက်နှစ်ဖက်ကိုယှက်၍ ပြုံးကာ ပြောလိုက်၏။ “ခင်ဗျား အညံ့ခံမှာလား”
“ချီးကို အညံ့ခံပါလား”
ခရမ်းရောင်ဘုရင်သည် ဒေါသထွက်သွားသည်။ သူသည် ဖမ်းဆီးခံရခြင်းဖြစ်သည်။ သူ၏တပည့်များသည် ရှုံးနိမ့် သွားခဲ့သည်ဆိုလျှင်တောင်မှ ဒီအရာကို လက်သင့်မခံနိုင်သေးချေ။ သူ့အနေနှင့် အားအကောင်းဆုံး အခြေအနေ မဟုတ်သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ မဟုတ်ပါက ဤလူသားနှင့် ဤဂိုဏ်းကို တစ်စစီ စုတ်ပြတ်သတ် သွားအောင် ပြုလုပ်နိုင်စွမ်း သူ့တွင် ကြီးကြီးမားမား ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ “ခင်ဗျားက ကိစ္စအကြီးကြီးတွေကို လုပ်ချင်နေတဲ့ မွန်းစတားဘုရင်တစ်ယောက် မဟုတ်လား၊ ကျုပ်ကလည်း ကိစ္စ အကြီးကြီးတွေကို လုပ်ချင်တဲ့ လူတစ်ယောက်ပဲ၊ ဒီတော့ ကျုပ်တို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ကြီးမြတ်တဲ့အရာ တွေကို လုပ်နိုင်စွမ်း ရှိသွားလိမ့်မယ်”
ခရမ်းရောင်ဘုရင်သည် မုန်းတီးစွာဖြင့် ပြောလိုက်၏။ “မင်းတို့လူသားတွေက လှည့်ဖျားတက်ပြီး ရွံစရာကောင်းတယ်၊ ဒီဘုရင်ကို ရောင်းစားသွားမှာလေ၊ ဒါကို ကောင်းကောင်းသိရဲ့သားနဲ့ ကျုပ်က မင်းတို့နဲ့ဘာလို့ အလုပ် လုပ်ရမှာလဲ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားဆီမှာ အားကောင်းလွန်းတဲ့ ခန္ဓာကိုယ်ရှိတယ်၊ ကျုပ်ဆီမှာ အားအကောင်းဆုံးသော ဦးနှောက်ရှိတယ်၊ ဒီနှစ်ခုကို ပူးပေါင်းလိုက်ပြီဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိသွား လိမ့်မယ်”
သူသည် သားကောင်ဖမ်းဘောလုံးကို အသုံးပြုရန် အလျင်မလိုသေးချေ။ အဘယ်ကြောင့်ဆိုသော် စကားလုံးများ နှင့် အညံ့ခံအောင် ဆွဲဆောင်နိုင်မည်ဆိုပါက ၎င်းအနေဖြင့် သားကောင်းဖမ်းဘောလုံးတစ်ခု သက်သာရာ ရပေ လိမ့်မည်။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် တိကျခိုင်မာစွာ ပြောလိုက်၏။
“တော်လိုက်တော့”
အင်း
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဘာက ကောင်းမွန်တယ်ဆိုတာကို မသိဘူးဆိုမှတော့ ကျုပ်ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့တော့”
ဝှစ် …။
အဆင့်မြင့် သားကောင်ဖမ်းဘောလုံးသည် သူ၏လက်ထဲတွင် ပေါ်လာတော့သည်။ ပြီးနောက် သူသည် ချိန်ရွယ်ကာ ပြောလိုက်၏။ “အညံ့ခံစမ်း”
ဘန်း
သားကောင်ဖမ်းဘောလုံးသည် ခရမ်းရောင်ဘုရင်၏ ဦးခေါင်းကို တည့်တည်ထိမှန်သွား၏။ သို့ပေမဲ့ မည်သည့် အရာမှ ဖြစ်မလာခဲ့ချေ။
အမ်
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူသည် သားကောင်ဖမ်းဘောလုံးကို ထပ်မံကောက်ယူကာ ပစ်လိုက်၏။
“သွား ဖမ်းစမ်း”
ဘန်း ..။
ခရမ်းရောင်ဘုရင်၏ ဦးခေါင်းကို ထပ်၍ ထိမှန်သွားခဲ့၏။ သို့ပေမဲ့ ဘာမှထပ်၍ ဖြစ်မလာခဲ့ချေ။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွား၏။ “ဘာလို့မရတာလဲ”
ဘန်း ဘန်း ဘန်း ….။
အချိန်အတော်ကြာ ပစ်ခတ်လိုက်ပြီးသည့်နောက် နောက်ဆုံးတွင် အားပြတ်ကာ ထိုင်ခုံပေါ်တွင် ပက်လက်လှန် လျက် ရှိနေတော့သည်။ သူ၏ စိတ်ထဲမှာတော့ အားရပါးရ အော်ဟစ်လျက်ရှိသည်။ “ဘာတွေဖြစ်ကုန်တာလဲ”
စနစ်ကပြောလိုက်သည်။
“ယုတ္တိဗေဒအရဆိုရင် ခရမ်းရောင်ဘုရင်က သိုင်းအုပ်စိုးသူ အဆင့်ပဲရှိတယ်၊ ဒီတော့ တိုက်ရိုက် အညံ့ခံလာအောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။ ဒါပေမဲ့ လက်ခံသူက ထပ်တလဲလဲ ဖမ်းဆီးတာတောင်မှ အဆင့်မြင့်သားကောင်ဖမ်းဘောလုံး က အသုံးမဝင်ဘူးဖြစ်နေတယ်၊ ဒီထက်ပိုပြီး မြင့်မားတဲ့ အဆင့်တစ်ခုခု ဖြစ်နေနိုင်တယ်”
ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျသွားမိ၏။ “တာဝန်ပြည့်စုံစေလို့ ငါ့ကို သားကောင်ဖမ်း ဘောလုံးတစ်ခုတောင် ပေးခဲ့သေးတယ်လေ၊ ဒါပေမဲ့ အဲဒီအရာက ဘာမှထူးထွေပြီး သုံးလို့ရတဲ့ အရာမဟုတ်ဘူး၊ဒါဆို ဘာလို့ ပေးတာလဲ”
စနစ်က ပြောလိုက်၏။ “ဒီတော့ လက်ခံသူကိုကြည့်ပြီး ရယ်ရမှာလား”
“ဘာကိစ္စမင်းက ရယ်ချင်နေတာလဲ”
“တကယ်လို့ သားကောင်ဖမ်းဘောလုံးက ဖမ်းဆီးလို့မရနိုင်ဘူးဆိုရင် သူ့ရဲ့အဆင့်က အရမ်းမြင့်မားလိမ့်မယ်၊ ဒီလို သတ္တဝါမျိုးကို ကိုယ့်ဘက်ပါလာအောင် လုပ်ထားနိုင်မယ်ဆိုရင် ကျိန်းသေပေါက် အရမ်းကို အားကောင်းလှတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ရမှာ သေချာတယ်”
ဒီစကားလုံးသည် ကျွင်းချောင်ရှောင်း၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။ သူသည် ချက်ချင်းပဲ တောက်ပသည့် အပြုံး တစ်ခုကို ပြုံးကာ ပြောလိုက်သည်။ “ဒါက မှန်သားပဲ”
ရုတ်တရက် ထူးဆန်းစွာ ပြုံးလာသည့် ကျွင်းချောင်ရှောင်းကို ကြည့်၍ ခရမ်းရောင်ဘုရင်သည် ကြက်သီးမွေးညှင်း များပင် ထသွားသည်။ သူသည် ကြိတ်ကာ ပြောလိုက်မိ၏။ “အင်း ဒီကောင့် မျက်နှာကို ကြည့်ရတာ တစ်ခုခုပဲ”
“ခင်ဗျား ဆာနေပြီလား”
ကျွင်းချောင်ရှောင်းသည် ကြင်နာစွာဖြင့် ပြောလိုက်၏။
“ဆာနေတယ် ဟုတ်လား”
ဤဘုရင်သည် ဆာလောင်နေသည်ဆိုလျှင်တောင်မှ ဘယ်တော့မှ ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ချေ။
“ရှောင်မို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွား... တုတုကို စားလို့ကောင်းတဲ့အရာတွေ ချက်ပြီး ဝိုင်နှစ်ခွက် ယူခဲ့လို့၊ ငါက ဒီဘုရင်နဲ့အတူ ဒီနေ့မှာ သောက်စားမယ်”
“ကောင်းပါပြီ” စုရှောင်မိုသည် မြန်မြန်ထွက်ခွာသွားသည်။
မကြာခင်မှာပဲ အားဟိုင်နှင့် ရိဟိုင်တို့သည် စားပွဲဝိုင်းများ ပြင်ဆင်ပြီး သည့်နောက်မှာတော့ အရသာရှိလှသော အစားအစာများနှင့် ဝိုင်နှစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားတော့သည်။ ဟင်းပွဲများသည် အလွန်တရာ ကောင်းမွန်လှပြီး အားလုံးသည် အသားဟင်းများပင် ဖြစ်နေ၏။
“ခရမ်းရောင်ဘုရင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက သားရဲဆိုမှတော့ ဒီကျွင်းက အသားတွေ ပိုပြီး ပြင်ဆင်ထားတယ်လေ”
ဟမ့်
ခရမ်းရောင်ဘုရင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဒီဘုရင်က လူသား အသားကို စားရတာ ပိုကြိုက်တယ်”
“ခက်တာက ကျုပ်က ထန်စန်း မဟုတ်တာပဲ၊ ထန်စန်းသာဆိုရင် ကျုပ်အသားကိုလှီးပြီး ခင်ဗျားကို ကျွေးပါတယ်”
ကျွင်းချောင်ရှောင်းသည် ထိုင်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “သူ့ကို ချုပ်ထားတာတွေ ဖြည်ပေးလိုက်တော့”
ဖျောင်း ဖျောင်း ဖျောင်း
ချိန်းကြိုးများအားလုံး ဖယ်ရှားသွား၏။ ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်သည် ရှေ့သို့ အနည်းငယ် ယိုင်သွား၏။ သူသည် အမှန်ပင် အားနည်းနေပုံပေါ်သည်။ သို့ပေမဲ့ သူသည် လမ်းမလျှောက်လာခဲ့ချေ။ အေးစက်စက်ဖြင့် ပြောလိုက်၏။ “သောက်လူသား... မင်းဘာတွေ လှည့်စားဖို့ စဉ်းစားနေတာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက အကျဉ်းသားပဲလေ၊ ဒီတော့ စားစရာရှိတာကိုစား၊ ရိုက်ခံစရာရှိတာကို ရိုက်ခံပေါ့”
“ဂိုဏ်းချုပ်ကျွင်း”
ထောင့်တစ်နေရာတွင်ရှိသော ကျိုးဒူဒူ သည် အလွန်တရာ မွှေးပျံ့လှသော ဟင်းပွဲများ၏ ရနံ့ကို ခံယူပြီးသည့် နောက်မှာတော့ အားပျက်သလို ပြောလိုက်၏။ “ကျုပ်လည်း စားလို့ရလား”
“သူ့ကို ခေါ်သွားပြီး ရိုက်စမ်း”
ဟမ်
ဗိုက်ထဲတွင် တဂွီဂွီနှင့် မြည်လျက်ရှိသော ကျိုးဒူဒူ သည် အပြင်ဘက်သို့ ခေါ်ထုတ်သွားခြင်းကို ခံရတော့သည်။ အကျဉ်းထောင်ထဲတွင်တော့ ကျွင်းချောင်ရှောင်းနှင့် ခရမ်းရောင်ဘုရင်သည်သာ ကျန်ရစ်ခဲ့တော့သည်။ တစ်ယောက် မှာတော့ အလွန်တရာ အားနည့်းပြီး ကျင့်ကြံခြင်း မရှိသလို တခြားတစ်ယောက်မှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိပြီး မောပန်း ပင်ပန်းလို့နေ၏။ ၎င်းတို့ နှစ်ယောက်သည် တူညီသည့်သူများကဲ့သို့ပင် ဖြစ်၏။
အကျဉ်းထောင်တစ်ခုလုံးတွင် အစားအစာ ရနံ့များ ပျံ့နှံ့လို့နေသည်။ ထိုရနံ့များအားလုံးသည် ခရမ်းရောင်ဘုရင်၏ အရသာအာရုံများအား တိုက်ခိုက် ချိုးဖြတ်လျက်ရှိနေတော့သည်။ သူ မနေနိုင်ဘဲ သွားရည်များပါ ကျလာတော့ သည်။
“လာ... စားကြစို့” ကျွင်းချောင်ရှောင်းသည် တူကို ကောက်ကိုင်ကာဖြင့် အားရပါးရ စားသုံးလျက်ရှိသည်။
ခရမ်းရောင်ဘုရင်သည် တံတွေးကို အသာမျိုချလိုက်၏။ သူသည် ခက်ခက်ခဲခဲဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်သည် ဘာမှန်းမသိစွာဖြင့် ရှေ့သို့ တစ်လှမ်းချင်း တိုးလာမိ၏။ ပြီးသည့်နောက်မှာတော့ စားပွဲခုံတွင် ဝင်ထိုင်ပြီး ဘယ်ဘက် လက်သည် ညာဘက်လက်အား အတင်းဆုပ်ကိုင်ကာ တူကို မကိုင်မိစေရန် ထိန်းသိမ်းထား၏။ သူ၏ အမူအရာမှာ အလွန်တရာ ရှုံ့တွလျက်ရှိပြီး အတင်းကြိုးစားရုန်းကန်နေရပုံပေါ်၏။
ဘုရင်... မင်းက တောင့်ခံထားရမယ်။
သို့ပေမဲ့ ကံဆိုးစွာဖြင့် သားရဲများ၏ ထိန်းသိမ်းနိုင်စွမ်းသည် လူသားများကဲ့သို့ မကောင်းမွန်လှချေ။ အဆုံးသတ် မှာတော့ ခရမ်းရောင်ဘုရင်သည် အရှုံးပေးလိုက်ရတော့သည်။ သူသည် တူကို ကောက်ယူ၍ သေသေချာချာ ကင်ထားသော နီရဲကျွပ်နေသည် အသားဖတ်တစ်ခုကို ကောက်ယူ၍ ဒေါသတကြီး ပြောလိုက်သည်။
“သောက်လူသား... ဒီဘုရင်က စားပြီးသွားတာနဲ့ မင်းတို့ ရိုက်နှက်တာကို ခံဖို့ စောင့်နေမယ်”
ဆွစ်
သူသည် မျိုချလိုက်၏။
ဝမ်
ပါးစပ်ထဲသို့ အစားအသောက်များ ရောက်ရောက်ချင်းမှာပဲ သူသည် အလိုလို ဝါးနေမိ၏။ ခရမ်းရောင်ဘုရင်၏ အာရုံခံကြောများ အားလုံးသည် အလွန်တရာ အားကောင်းလှသည့် အရသာ၏ တိုက်ဖျက်ခြင်းကို ခံစားလိုက်ရပုံ ပေါ်သည်။ မိုးကြိုးပစ်ခံလိုက်ရသလို တည်နေရာတွင် တွေတွေကြီး ရပ်လျက်ရှိသည်။ သူ၏ဆံပင်များ အားလုံးသည်လည်း ထောင်ထသွားကြ၏။ ချက်ချင်းဆိုသလိုပဲ သူသည် ကောင်းကင်ထက်တွင် ပြေးလွှားနေရ သကဲ့သို့ ခံစားမိနေသည်။