အခန်း (၇၃၇)
Vol. 50 Ch. 737
သားရဲရိုင်းများသည် အစားအစာနှင့်ပတ်သက်၍ သေသေချာချာ ချက်ပြုတ်ထားခြင်းကို မစားခဲ့ရချေ။ ၎င်းတို့သည် ရိုးရိုး အသားစိမ်းများကိုသာ စားလေ့စားထရှိကြ၏။ ထို့ကြောင့် လျှိုဝမ်ရှစ် ချက်ပြုတ်ထားသော အစားအစာကို စားရချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ၎င်း၏ အသက်ရှင်ရပ်တည်ခဲ့သော ဘဝတစ်ခုလုံး အဓိပ္ပာယ်မဲ့ခဲ့သလို ခံစားလိုက်မိ၏။
သူသည် တည်နေရာတွင် ငြိမ်ငြိမ်သက်သက်ကြီး ထိုင်လျက်ရှိပြီး အသိနှင့်ခန္ဓာကိုယ် တိုက်ရိုက် ချိတ်ဆက်မိရန် မနည်းပင် ကြိုးစားနေမိသည်။ လက်ရှိအချိန်မှာတော့ သူ၏ဝိညာဉ်သည် အပြင်ဘက်သို့ ထွက်ခွာ သွားခဲ့ပြီးသည့်နောက် ကောင်းကင်၏ အထက်တွင် ပြေးလွှားနေလေသည်။
“ကောင်းပြီ၊ ရသွားပြီ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ လျှိုဝမ်ရှစ် ချက်ပြုတ်ခဲ့သော အစား အစာများနှင့်ပတ်သက်လျှင် သူ့တွင် အလွန်တရာ ယုံကြည်ချက်ရှိနေ၏။ တစ်ဖက်လူသည် ကောင်းကောင်း စားနေပြီဆိုပါက တစ်ကြိမ်စားရုံဖြင့် မလုံလောက်ပါက အကြိမ်အများကြီး ကျွေးကာ စမ်းသပ်မိပေလိမ့်မည်။ ဘယ်လောက် ကုန်နိုင်လိမ့်မည်နည်း။
“စား စား”
ခရမ်းရောင်ဘုရင်၏ ဝိညာဉ်သည် ပြေးလွှားလာရာမှ မောပန်းလာပြီးသည့်နောက်မှာတော့ အစားအသောက် ရှိရာသို့ ပြန်လည်ရောက်ရှိလာခဲ့သလိုပင်ဖြစ်သည်။ ၎င်းသည် အလွန်တရာ အားနည်းပြီး အလွန်တရာ ဆာလောင် လျက်ရှိနေသည်။ လက်ရှိအချိန်မှာတော့ စားပွဲပေါ်တွင်ရှိနေကြသော စားသောက်ဖွယ်ရာများ အားလုံးသည် ၎င်းတစ်ယောက်ထဲကြောင့်ပင် ကုန်ဆုံးသွားခဲ့တော့သည်။
ဂလု
ဝိုင်တစ်ခွက်ကို ကောက်မော့ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် ထပ်မံကာ စားချင်နေမိသေး၏။ ထို့ကြောင့် ပြောလိုက်သည်။ “ရှိသေးလား”
“ရှိတယ်၊ ဒါပေမဲ့ မနက်ဖြန်မှ ရမယ်”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်သည်။ “ရှောင်မို... သူ့ကိုဆွဲခေါ်ပြီးတော့ လောင်ချာနဲ့ပစ်တော့”
ခရမ်းရောင်ဘုရင် “...”
ချီးတဲ့မှ အခုလေးတင်မှ စားပြီးတယ်၊ နည်းနည်းလေး ထမင်းလုံးလေး ဘာလေး စီပါရစေအုံး။ ဘာလို့ ချက်ချင်း လက်ငင်းကြီး နှိပ်စက်ရတာလဲ။
ဘုန်း …….။
ကျယ်လောင်လှသော လောင်ချာပစ်သံကြီးသည် တောင်အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။ မကြာခင်မှာပဲ တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး မဲတူးလျက်ရှိနေသော ခရမ်းရောင်ဘုရင်အား အကျဉ်းထောင်ထဲသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။
ဤလူသည် ၎င်း၏ ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိလျှင် ကျိန်းသေပေါက် အားကောင်းလိမ့်မည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ပြန်လည်ကုစားခြင်း အခြေအနေကို အပတ်မလည်အောင်လို့ သူသည် တောက်လျှောက်နှိပ်စက်ကာ ဒဏ်ရာ ရရှိအောင် ပြုလုပ်ထားမှ ဖြစ်ပေလိမ့်မည်။
သူ့အနေနှင့် သက်ရှိပစ်မှတ်တစ်ခုကို လေ့ကျင့်နိုင်စွမ်း ရရှိလိမ့်မည်မဟုတ်ဟု ရှောင်ကျီသည် ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သက်ရှိပစ်မှတ်တစ်ခုကို နေ့စဉ်နေ့တိုင်း ပစ်ခတ်ကာ လေ့ကျင့်နေရတော့ သည်။ အလွန်တရာ ကောင်းမွန်သည့် ခံစားချက်ပင် ဖြစ်တော့၏။
..........
ဝှစ်
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် လှဲ၍ ပျင်းကြောဆန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စတင်ကာ စဉ်းစားနေမိသည်။ ခရမ်းရောင်ဘုရင် အစောတုန်းက ပြောခဲ့သော ဥဆိုသည့်အရာအား ဘာမှန်း သူသေချာမသိပေ။ မီးနဂါးသားရဲဆီမှ ရရှိခဲ့သော ဥဆိုလျှင် နဂါးလေးအဖြစ် သားဖောက်လိုက်သည့် ဥများ ဖြစ်နေသည်လား။
“ဖြစ်နိုင်တာက”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သလို ပြောလိုက်၏။ “ဒီဥက သူကိုယ်တိုင် အုပ်ထားတဲ့ ဥလား၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီသတ္တဝါက အထီးကြီးလေ၊ ဘယ်လိုဖြစ်ပြီး ဥကို အုပ်ထားနိုင်မှာလဲ”
စနစ်က ပြောလိုက်သည်။ “ဒီလိုလည်း လုပ်လို့ရနိုင်တာပဲ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အထီးသတ္တဝါသည် ဥကို အုပ်မိုးကာ သားဖောက်လာနိုင်သည့် အစွမ်းရှိသည် ဆိုခြင်းကိုတော့ မယုံကြည်နိုင်ချေ။ မဟုတ်လျှင် အမသတ္တဝါများမှာ မည်သည့်နေရာသွား၍သုံးစား ရတော့မည်နည်း။
“သူ့ကို မနက်ဖြန်ကျရင် မေးကြည့်ရမယ်”
ခရမ်းရောင်ဘုရင်တွင် ကျိန်းသေပေါက် နားထောင်ကောင်းလောက်မည့် ဇာတ်လမ်းတစ်ခု ရှိနေပေလိမ့်မည်။ သူ့အနေနှင့် ထိုအရာကို ဖွင့်လှစ်ကာ နားထောင်ရန် စဉ်းစားနေမိ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “နောက်ဆုံးစိုက်ပျိုးထားတဲ့ ဆေးပင်တွေ ရပါပြီ”
“တကယ်လား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပျော်ရွှင်စွာဖြင့် လင်းလက်သွား၏။ ဤဆေးပင်များသည် သိုင်းဘုရင် ဆေးလုံး ဖော်စပ်ရန်အတွက် အသုံးပြုသည့် ဆေးပင်များဖြစ်သည်။ ဆေးပင်များအား သူ၏သိုလှောင်လက်စွပ် ထဲသို့ ထည့်ထည့်ပြီးချင်းမှာပဲ နှောင့်နှေးမှုတစ်ခုမှမရှိဘဲ စတင်ကာ သန့်စင်လိုက်တော့၏။
“ဒုက္ခများလိုက်တာ”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုး ကို ကုတ်ကာဖြင့် ပြောလိုက်သည်။ “ငါ့ဘာသာငါ ဆေးဖော်နေရတာ ဆိုးတာပဲ”
စနစ်သည် ဆွံ့အသွားမိ၏။ “မင်းက တာဝန်တွေ၊ အတွေ့အကြုံအဆောင်တွေကို အသုံးပြုပြီးတော့ တစ်ချိန်လုံး ကိုယ်ရဲ့အဆင့်ကို တိုးတက် အောင် ပြုလုပ်ခဲ့တယ်၊ ဒါကို အလုပ်လေးနည်းနည်းလုပ်တာနဲ့ သေမလောက်ပင်ပန်းတယ်လို့ ပြောနေရတာ ဘာအဓိပ္ပာယ်လဲ”
“သီးခြားတာဝန်တွေက ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေ တော်တော်ပေးတယ်လေ၊ ဒီတော့ ဒီဂိုဏ်းစုဆောင်းမှတ် တွေကို အသုံးပြု၊ ပစ္စည်းတွေ ဝယ်ပြီးတော့ ဂိုဏ်းတာဝန်တွေအတွက် ဆုလာဘ်တွေ လုပ်ဖို့ စဉ်းစားထားရမယ်။ ဒါမှလည်း ဂိုဏ်းတာဝန်တွေကို ပြုလုပ်ဖို့ စိတ်အားထက်သန်ကြမှာ”
ကျွင်းချောင်ရှောင်းသည် စဉ်းစားနေမိတော့၏။ ဂိုဏ်း၏ အဆောက်အအုံ တိုးတက်လာသည်နှင့်အမျှ လက်ခံနိုင် သော ဂိုဏ်းသားအရေအတွက် အကန့်အသတ်သည် ပိုမို၍ တိုးပွားလာခဲ့သည်။ ထို့ကြောင့် သိုင်းအရင်းအမြစ် များနှင့်ပတ်သက်၍ ဖြည့်ဆည်းရမည့်အရာများကလည်း ကျိန်းသေပေါက် တိုးပွားလာပေလိမ့်မည်။ ဂိုဏ်းစုဆောင်း မှတ်များ မရှိသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် စတိုးထဲသို့ သွား၍ သူ၏ကံကို စမ်းသပ်ရန် အခွင့်အလမ်း မရှိပေ။
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းတပည့်များ တိုးပွားလာသည်နှင့်အမျှ သူသည် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိ နေပေလိမ့်မည်။ တပည့်တစ်ယောက်တိုးတိုင်း သူသည် ဂိုဏ်းစုဆောင်းမှတ်တစ်ခုရသည်။
သူ၏ စနစ်သည် ဂိုဏ်းတစ်ခု၏ စနစ်ဖြစ်သည်။ ထို့ကြောင့် အရာအားလုံးသည် ဂိုဏ်းအပေါ်တွင် အခြေပြု မှီခိုနေသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
.............
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးမြို့ တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက် စစ်ဆေးခဲ့၏။ ပြီးနောက် အကျဉ်းထောင်ဆီသို့ သွားခဲ့သည်။
ခရမ်းရောင်ဘုရင် စားသုံးရန်အတွက် အစားအစာနှင့် ဝိုင်များကိုလည်း ထုံးစံအတိုင်း ပြင်ဆင်ပေးတော့သည်။ ဤအရာသည် ကျိုးဒူဒူ အား အမှန်ပင် သွားရည်ကျစေသည်။ သို့ပေမဲ့ သူသည် ဘေးတစ်ဖက်တွင် အသာရပ်ကြည့်လျက်ရှိသည်။ မည်သည့်စကားကိုမှ မဆိုရဲချေ။
အစားအစာ စားနေတုန်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ဥနှင့်ပတ်သက်၍ မေးမြန်းခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် စားသုံးနေသည်ဆိုသော်လည်း သူ၏မေးခွန်းများကိုတော့ တစ်လုံးတစ်လေမှ ပြန်မဖြေခဲ့ချေ။
“ကောင်းပြီ သူ့ကို ပစ်ရမှာပဲ”
ခရမ်းရောင်ဘုရင်သည် လျှိုဝမ်ရှစ်ချက်ပြုတ်ထားသော အစားအစာများကို နေ့စဉ်နေ့တိုင်း စားသုံးရ၏။ သို့ပေမဲ့ နေ့စဉ်နေ့တိုင်း လောင်ချာနှင့် ပစ်ခံရတော့သည်။ သူ၏ဘဝသည် အပူတစ်လှည့်၊ အအေးတစ်လှည့်နှင့် အလွန်ပင် ဒုက္ခများလှသည်။
ပြိုင်စံရှားဂိုဏ်းမှာလည်း ပုံမှန်အတိုင်း လုပ်ငန်းစဉ်များဖြင့် လည်ပတ်လျက်ရှိနေကြသည်။ တပည့်များ အားလုံးသည် ကျင့်ကြံခြင်းကို ပြုလုပ်ကြသလို တာဝန်များကိုလည်း သွားရောက် ပြုလုပ်ကြတော့သည်။ ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်း၏တာဝန်များအားလုံးသည် ပြည့်စုံသွားကြ၏။ လက်ခံနိုင် သော လူအရေအတွက်နှင့် အောင်မြင်မှု အမှတ်များသည်လည်း သတ်မှတ်သည့်အရာဆီသို့ ရောက်ရှိသွားသည်။ ဂိုဏ်း၏အဆောက်အအုံ ဘေးတွင် အဆင့်မြှင့်တင်နိုင်သည့် ခလုတ်တစ်ခု ပေါ်လာတော့၏။
“အဆင့်မြှင့်တင်မယ်”
“ဒင်... ဂိုဏ်း၏အဆောက်အဦသည် အဆင့်ရှစ်ဆီသို့ တိုးတက်ရောက်ရှိသွားတော့သည်”
“ဒင်... ဂိုဏ်းသားအရေအတွက်၊ ဂိုဏ်းစုဆောင်းမှတ်အရေအတွက်၊ ဂိုဏ်းအောင်မြင်မှု အရေအတွက် အကန့် အသတ်တို့သည် တိုးမြှင့်သွားခဲ့ပြီဖြစ်သည်”
“ဒင်... လင်းယွမ်ခန်းမဆောင် (ဆင့်ခေါ်ခြင်း) အသက်ဝင်သွားခဲ့ပြီဖြစ်သည်”
အသိပေးသံများ ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။
“ဂိုဏ်းအမည် - ပြိုင်စံရှားဂိုဏ်း”
“ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း”
“ဂိုဏ်းအဆင့် - အဆင့်ငါး”
“ဂိုဏ်း၏ အဆောက်အအုံ - အဆင့်ရှစ်”
“ဂိုဏ်း၏ လုပ်ဆောင်နိုင်စွမ်း - ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင်၊ ... ၊ လင်းယွမ်ခန်းမဆောင်….”
“ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် - ရီကျင်ကျင်း၊ မြေကွဲလက်သီး ...”
“ဂိုဏ်း၏အဖွဲ့ဝင် - ၂၀၀၀၀ / ၅၀၀၀၀”
“ဂိုဏ်းစုဆောင်းမှတ် - ၂၀၀၀၀ / ၅၀၀၀၀”
“ဂိုဏ်းအောင်မြင်မှုအမှတ် - ၂၂၀၀၀ / ၅၀၀၀၀”
“ဂိုဏ်း၏တာဝန် - လက်ရှိတွင် မရှိ”
“ဂိုဏ်း၏အဓိကတာဝန် - နှစ်တစ်ရာအတွင်း...”
များပြားလှသည့် အကန့်အသတ်အမှတ်များသည် နှစ်သောင်းမှ ငါးသောင်းအထိ တိုးတက်သွားသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် ထ၍ ကမိတော့မတတ်ပင် ဝမ်းသာသွားမိ၏။ သူသည်သာ အဆင့်ကိုးဆီသို့ တိုးတက် အောင် ရောက်ရှိသွားမည်ဆိုလျှင် လက်ခံထားနိုင်သော အကန့်အသတ် အရေအတွက်သည် တစ်သိန်းအထိပင် ရောက်ရှိသွားနိုင်၏။
“စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၊ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား”
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုကာ ပြောလိုက်၏။ “အခုက လမ်းတစ်ဝက်မှာပဲ ရှိသေးတယ်၊ ဒီလောက် အစောကြီး စိတ်လှုပ်ရှားစရာ မလိုဘူး”
ထိုသို့ပြောလိုက်သည် ဆိုသော်လည်း သူသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျက်နှာကို လက်ဖြင့်အုပ်၍ တစ်ခိခိနှင့် ရယ်လျက်ရှိသည်။ စနစ်၏ အဆောက်အအုံ အဆင့် မြင့်တက်သွားခြင်းသည် ရရှိနိုင်သော အမှတ်များကို ပိုမို တိုးပွားကာ လက်ခံလာနိုင်သလို လုပ်ဆောင်မှုအသစ်များလည်း ဖြစ်တည်လာနိုင်၏။
“ဒါက ဘာလဲ၊ ဆင့်ခေါ်ခြင်းခန်းမဆောင်ဆိုတော့ ထန်ခေတ်မှာရှိတဲ့ သူရဲကောင်းတွေကို ဆင့်ခေါ်နိုင်တဲ့ အရာလား”
ကျွင်းချောင်ရှောင်းသည် ထန်ခေတ်တွင်ရှိသော နာမည်ကြီး စစ်သူကြီးများအားလုံးကို ဆင့်ခေါ်နိုင်သည့်အရာ ဖြစ်စေရန် မျှော်လင့်နေမိသည်။
စနစ်က ပြောလိုက်သည်။ “အချိန်ဖြုန်းပြီး စဉ်းစားနေမယ့်အစား မြန်မြန်ဖွင့်ကြည့်လိုက်လေ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်အား ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ သေးငယ်လှသည့် အကွက်လေးတစ်ခု ပေါ်လာတော့သည်။ ဤလုပ်ဆောင်ချက်သည် သုံးဖက်မြင် တည်နေရာတစ်ခုကို ဖြစ်ပေါ် လာစေပြီး ထိုတည်နေရာထဲတွင်တော့ ပန်းချီရေးဆွဲနိုင်သော စာရွက် နှစ်ဆယ့်လေးရွက်မှလွဲ၍ တခြားမရှိချေ။
“စာရွက်လွတ်ကြီးတွေလား၊ ဒီထဲမှာရှိတဲ့ပုံတွေက ဘယ်မှာလဲ” ကျွင်းချောင်ရှောင်းသည် ကြောင်အစွာဖြင့် ပြောလိုက်မိ၏။
အမ်
ထိုအချိန်မှာတော့ သူသည် အောက်ခြေတွင် စာတမ်းအနည်းငယ် ရေးသားထားသည်ကို မြင်လိုက်ရ၏။ ရေးသား ထားသည့် အကြောင်းအရာမှာ
“လင်းယွမ်ခန်းမဆောင်သည် ထန်ခေတ်၏ အုပ်ချုပ်ရေးအဖွဲ့အား ပမာပြုကာ ဖန်တီးထားသော အရာဖြစ်သည်၊ လက်ခံသူအနေဖြင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်နှစ်ဆယ့်လေးယောက်ကိုရွေးချယ်၍ တည်နေရာတွင် ဂိုဏ်း၏ သူရဲကောင်းနှစ်ဆယ့်လေးယောက်အဖြစ် ထားရှိနိုင်သည်၊ အခြေအနေများ ပြည့်စုံသွားမည်ဆိုပါက တပည့်များ သည် ရက်ရောလွန်းသော ဆုလာဘ် များကို ရရှိမှာ သေချာသည်”
အောက်ကို ဆက်ပြီး နှိပ်ကြည့်လိုက်သည့်နောက်မှာတော့ များပြားလှသည့် ရွေးချယ်စရာ လူစာရင်းများ ထွက်ပေါ် လာခဲ့သည်။ ပထမဦးဆုံး ထွက်ပေါ်လာသည့် နာမည်မှာ လုချင်းချင်းဖြစ်၏။ ဒုတိယတပည့်သည် လီချင်းယန် ဖြစ်ပြီး တတိယနာမည်မှာမူ စုရှောင်မို ဤသို့နှင့်ပဲ ဂိုဏ်း၏တပည့်များအားလုံးသည် အောက်မှာ အစီအရီရှိနေသည်။ ကြည့်ရသည်မှာ ၎င်းတို့အရာများသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာသည့် အခြေအနေအတိုင်း စီထားပုံ ပေါ်၏။
“ငါနှစ်ဆယ့်လေးခု ရွေးလိုက်ရုံပဲလား”
ကျွင်းချောင်ရှောင်းသည် လုချင်းချင်း၏ နာမည်အား နှိပ်လိုက်သည်။
ဝှစ်
လင်းယွမ်ခန်းမဆောင်၏ စာရွက်ဗြောင်ကြီးပေါ်တွင် စာတမ်းတချို့ ပေါ်လာတော့သည်။ တစ်စုံတစ်ခုနှင့် ရေးဆွဲ လိုက်သလိုပင် ဖြစ်သည်။ အားလုံးပြီးဆုံးသွားပြီးသည့်နောက်မှာတော့ လုချင်းချင်းဆိုသည့် စာတမ်းတစ်ခု ပေါ်လာတော့သည်။
“...” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ ဤအရာသည် တပည့်များ၏ မျက်နှာအား ပန်းချီဆွဲခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ နာမည်ကို ရေးသားထားခြင်းသာဖြစ်၏။
အမ်
ပန်းချီ၏အောက်တွင် ရေးသားထားသည့် အကြောင်းအရာများလည်း ရှိသေးသည်။
“ကုသိုလ်မှတ် - ၁၀ / ၁၀၀ ၊ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့်ရရန် အရည်အချင်း မပြည့်ပေ”
“ချီးတဲ့မှ... ဘာလို့ ကုသိုလ်မှတ်ဆိုတာ ထပ်လိုသေးတာလဲ” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ ရွေးချယ်လိုက်ဖို့ပဲ လိုတယ်လေ၊ တပည့်တွေအနေနဲ့ လင်းယွမ်ခန်းမဆောင်ထဲကို ဝင်ခွင့် ရ၊ မရ ဆိုတာ သူတို့အပေါ်မှာပဲ မူတည်တာ”
“ငါသိပြီ”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ နာမည်အား ထပ်မံနှိပ်လိုက်၏။ ဒုတိယမြောက် စာမျက်နှာတွင် လီချင်းယန်၏ နာမည်သည် ပေါ်လာ၏။ အောက်တွင်တော့
“ ကုသိုလ်မှတ် - ၉၈/ ၁၀၀၊ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့် မရသေးပေ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။ “ငါ့ရဲ့ ဒုတိယတပည့် ကုသိုလ်မှတ်က ပိုတောင်များနေပါ့လား”
“ပေါက်ကရ”
စနစ်က ပြောလိုက်သည်။ “သူက ဂိုဏ်းတစ်ခုလုံးရဲ့ အတွင်းကိစ္စတွေကို တာဝန်ယူပြီး လုပ်ကိုင်ပေးနေရတာ၊ ပြီးတော့ ဂိုဏ်းတူ ညီအစ်ကို တွေ အားလုံးကိုလည်း လမ်းညွှန်ပြသမှု ပြုရသေးတယ်၊ ဂိုဏ်းကိုလည်း ပြန်လည် အဆင့်မြှင့်တင်ပေးရသေးတယ်၊ အရာအားလုံးကို ပြုလုပ်ပေးရတဲ့လူတစ်ယောက်အနေနဲ့ ကုသိုလ်မှတ် ဒီလောက်များတယ်ဆိုတာ သာမန်ပဲ မဟုတ်လား”
“အဲတာကြောင့်လည်း ငါချင်းယန်ကို နှစ်သက်တာပေါ့”
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီနှင့် စုရှောင်မိုတို့၏ နာမည်များကို အသီးသီးနှိပ်လိုက်၏။ ၎င်းတို့၏ နာမည် များသည် စာရွက်ပေါ်တွင် ပေါ်လာပြီးသည့်နောက်မှာတော့ ကုသိုလ်မှတ်သည် ၃၄ /၁၀၀၊ ၃၁ / ၁၀၀ အသီးသီး ဖြစ်လို့နေ၏။
စနစ်သည် ဆွံ့အသွား၏။ “လင်းယွမ် ခန်းမဆောင်မှာ နှစ်ဆယ့်လေးယောက်ပဲ ရှိတယ်၊ နာမည်တွေကို ကြုံသလို လျှောက်နှိပ်နေပြီး ကဗြက်ကချော်လုပ်သလို မဖြစ်ဘူးလား”
“ဒီလူတွေအားလုံးက ပြိုင်စံရှားဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေပဲလေ၊ ဘယ်လိုလုပ် ကဗြက်ကချော် ဖြစ်မှာလဲ။ ပြီးတော့ ငါ့ဆီမှာ သူတို့တွေပဲ ရှိတာကို”
ကျွင်းချောင်ရှောင်းသည် ပြောလည်းပြောရင်း ရီရှင်းချန်ဆိုသည့်နာမည်အား နှိပ်ကြည့်လိုက်၏။ တစ်ဖက်လူ၏ ကုသိုလ်မှတ်သည် ခြောက်မှတ်သာ ရှိသေး၏။ လုချင်းချင်းထက်ပင် ပို၍နိမ့်ပါးသေးသည်။
“ကုသိုလ်မှတ်ကို ဘယ်လို တွက်ချက်တာလဲ”
“ဘယ်လိုလုပ်သိမှာလဲ”
“မင်းသိရမှာ မဟုတ်ဘူးလား၊ မင်းက ပြိုင်ဘက်ကင်း တည်ရှိသူဆို”
“ခဏ ခဏ ရင်နာအောင် ပြောဆိုခံရတဲ့ ပြိုင်ဘက်ကင်း စနစ်ဆိုတာကော မင်းကြားဖူးလား”
“မကြားဖူးဘူး”