အခန်း (၇၃၈)
Vol. 50 Ch. 738
ကျွင်းချောင်ရှောင်းသည် တပည့်အနည်းငယ်ကို ထပ်မံကာ ထည့်သွင်းလိုက်၏။ လီဖေး၊ ထျန်းချီနှင့် တခြားတပည့် အနည်းငယ်တို့ပင်ဖြစ်၏။ ၎င်းတို့၏ ကုသိုလ်မှတ်များအားလုံးသည် ဆယ်မှတ်နှင့် သုံးဆယ်မှတ်ကြားတွင်ရှိသည်။ အမှတ်ပြည့်ရရှိရန်အတွက် အဝေးကြီး လိုအပ်နေသေး၏။
“ကြည့်ရတာ အသုံးဝင်တဲ့ပုံလည်း မပေါ်ပါဘူး”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိလိုက်သည်။ အတိတ်တုန်းကဆိုလျှင် အဆောက်အအုံ ၏ လုပ်ဆောင်ချက် များသည် ဆေးလုံး၊ ပန်းပဲနှင့် အဆောင်များကို သန့်စင်သည့်လုပ်ငန်းပင်ဖြစ်သည်။ ယခုလုပ်ဆောင်မှုပုံစံမှာတော့ တပည့်နှစ်ဆယ့်လေးယောက်ကို ရွေးချယ်ပြီး သူ့အတွက် အကူအညီလည်း ဖြစ်ထွန်းမည့်ပုံမပေါ်ချေ။
စနစ်က ပြောလိုက်သည်။ “လိုအပ်ချက်တဲ့ကိုက်ညီတဲ့တပည့်တွေက လင်းယွမ်ခန်းမဆောင်ထဲမှာ နေထိုင်ပြီး ရက်ရောလှတဲ့ ဆုလာဘ်တွေ ရမယ်လို့ ပြောခဲ့တယ်မဟုတ်လား”
“ဒါပေမဲ့ ကုသိုလ်မှတ်တွေကို ဘယ်လိုရမှာတုန်း”
“ဖြည်းဖြည်းချင်း အဖြေရှာရမှာပေါ့”
“...” ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ ပြောဆိုမနေတော့ချေ။ သူ၏တပည့်စာရင်းဆီသို့နှိပ်၍ ရှန်ကွမ်းရှင်းရောင်၏ နာမည်အား နှိပ်ကြည့်လိုက်တော့သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီကောင်မလေးဆီမှာ ကုသိုလ်မှတ်တွေ ဘယ်လောက်ရမလဲ၊ ကြည့်ကြည့်ရအောင်”
သူမသည် များပြားလှသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ဖန်တီးခဲ့သည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း သည် သူမအား စဉ်းစားမိခြင်းပင်ဖြစ်တော့၏။
“ချီးတဲ့မှ”
ကုသိုလ်တန်ဖိုးများ ပေါ်လာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း တကယ့်ကို အံ့အားသင့်မိသွားသည်။ “သူမက တကယ့်ကို ကုသိုလ်မှတ် ခြောက်ဆယ်တောင် ရနေတာပဲ”
စနစ်က ပြောလိုက်သည်။ “ဒီမိန်းကလေးက တစ်ဝက်တစ်ပျက် မပြည့်စုံသေးတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဖန်တီးခဲ့သေးတယ်၊ ဒီတော့ လက်ခံသူအနေနဲ့ သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေကို ဝယ်ယူနိုင်ဖို့ အခွင့်အရေး အများကြီးပေးခဲ့တယ်၊ ဒီတော့ ကုသိုလ်မှတ်တွေ များများ စားစား ရနေတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ဘူး”
“ဒီလိုဆိုရင် ဂိုဏ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုမိုပြီး ကောင်းမွန်အောင် ပြုလုပ်နိုင်တဲ့လူတွေက ကုသိုလ်မှတ်တွေ ပိုပိုပြီး တိုးလာမှာပေါ့” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“အင်း”
စနစ်က ပြောလိုက်သည်။ “ဖြစ်နိုင်တယ်”
“ဒီလိုစဉ်းစားကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ အသာမှီ၍ စဉ်းစားလိုက်၏။ သူ၏ သုံးသပ်ချက်အရဆိုလျှင် ဤကုသိုလ်မှတ် များ တိုးတက်လာခြင်းသည် အလွန်တရာ ရှုပ်ထွေးနေပြီး တပည့်များအနေနှင့် ထိုအရာကို ရရှိချင်သည်ဆိုလျှင် ဂိုဏ်းအတွက် အဓိပ္ပာယ်ရှိသည့်အရာများကို ပြုလုပ်ရန် လိုအပ်နေ၏။
လီချင်းယန်သည် ကုသိုလ်မှတ်များကို ရရှိ ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူသည်ဂိုဏ်းအတွက် ပင်ပင်ပန်းပန်းဖြင့် ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှန်ကွမ်းရှင်းရောင်၏ ကုသိုလ်မှတ်များ တိုးတက်နေခြင်းမှာလည်း ဂိုဏ်းအတွက် အသုံးပြု၍ ရရှိနိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်များကို ရှာဖွေဖော်ထုတ် ဖန်တီးခဲ့သောကြောင့်ပင်ဖြစ်သည်။ သို့ပေမဲ့ ရီရှင်းချန် မှာတော့ ဂိုဏ်း၏သိုင်းပြိုင်ပွဲအတွက် အနိုင်ရရှိအောင် ပြုလုပ်ခဲ့ပြီး ဂိုဏ်းအတွက် လက်ရွေးစင် စာရင်းထဲတွင် ပါဝင်အောင် ဖန်တီးခဲ့သေးသည်။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ၎င်း၏ ကုသိုလ်မှတ်သည် များပြားနေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် လုချင်းချင်းထက်ပင် နည်းပါးနေရသနည်း။
စနစ်က ပြောလိုက်၏။ “ဂိုဏ်းရဲ့ သိုင်းပြိုင်ပွဲတွေကို အနိုင်ယူတယ်ဆိုတာ ဂိုဏ်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို တိုးတက်စေတာလေ၊ ဒါပေမဲ့ ဂိုဏ်းနဲ့ တပည့်တွေအတွက် အကူအညီ ကြီးကြီးမားမား မဖြစ်ဘူး”
“ဒါလည်း ဖြစ်နိုင်တယ်” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။
အကောင်းဆုံး ဥပမာမှာ ရှောင်ကျီနှင့် စုရှောင်မိုတို့ပင်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် ကြီးမားလှသည့် သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဗိုလ်ဆွဲခဲ့သေး၏။ သို့ပေမဲ့ လုချင်းချင်းနှင့် ရီရှင်းချန်တို့ထက် သိပ်ပြီး များများ စားစား မသာခဲ့ချေ။ ကြည့်ရသည်မှာ ဂိုဏ်း၏ ညီအစ်ကို ရောင်းရင်းများအပေါ် ပိုမို ကူညီရန်နှင့် ၎င်း၏ သိုင်းပညာ အတွေ့အကြုံများကို ပြန်လည်မျှဝေရန် လိုအပ်နေပုံ ပေါ်၏။
“ဟယ်ဝူတီကို ကြည့်ကြည့်ရအောင်” ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ၏ နာမည်အား စာရွက်ဖြူပေါ်တွင် ရေးချလိုက်၏။ ၎င်း၏ ကုသိုလ်မှတ်သည် ငါးဆယ်မှတ် ရှိနေသည်။
“သူက ဂိုဏ်းအတွက် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကို ပေးခဲ့တယ်လေ၊ ဒီတော့ ဂိုဏ်းရဲ့တပည့် တွေက လုံလုံလောက်လောက် ကျင့်ကြံနိုင်ခဲ့ကြတယ်၊ ဒါကြောင့် အမှတ်မြင့်မားနေတာ ဖြစ်ရမယ်၊ ပြီးတော့ တစ်ခု ရှိသေးတယ်၊ သူက ကျင့်ကြံဖို့အတွက် နည်းစနစ်တွေကို ပေးတာတင်မဟုတ်ဘဲနဲ့ ဂိုဏ်းအတွက် တံခါးလည်း ပိတ်ပေးသေးတယ်လေ” စနစ်က ထပ်ပြောလိုက်သည်။
“ဒါလည်း ဖြစ်နိုင်တယ်”
အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကုသိုလ်မှတ်များ တိုးပွားလာခြင်းသည် ဂိုဏ်းနှင့် ဂိုဏ်း၏ကောင်းကျိုးများကို ပိုမိုတိုးပွားအောင် ဆောင်ရွက်ပေးရသည့် အချက်များကြောင့် ဖြစ်မည်ဟု ပိုမို၍ နားလည်လာမိသည်။
လီချင်းယန်ဆိုလျှင် ပြောနေစရာပင်မလိုချေ။ ၎င်းသည် ဂိုဏ်းအတွက် အများဆုံး အလုပ်လုပ်ပေးခဲ့သူဖြစ်သည်။ သူလုပ်ပေးခဲ့သည့် ခုနှစ်ငါးရာခိုင်နှုန်းသောအလုပ်သည် ဂိုဏ်းအတွက်ပင်ဖြစ်၏။
လုချင်းချင်းနှင့် ရီရှင်းချန်တို့မှာမူ စကားနည်းသောလူများဖြစ်သည်။ ၎င်းတို့သည် တပည့်များအား ထိတွေ့မှု နည်းလှပြီး အကူအညီလည်း သိပ်မပေးကြချေ။ ထို့ကြောင့် ၎င်းတို့၏ ကုသိုလ်မှတ်များသည် နည်းပါးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
“တစ်ယောက်က ဆယ်မှတ်၊ တစ်ယောက်က ခြောက်မှတ်၊ ဒီတော့ ကြီးမားလှတဲ့ ဂိုဏ်းပြိုင်ပွဲကြီးမှာ အောင်မြင်မှု မရခဲ့ဘူးဆိုရင် သူတို့က တကယ့်ကို သုညပဲဖြစ်နေလိမ့်မယ်ထင်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဒွင်
ရုတ်တရက်ဆိုသလိုပဲ ရီရှင်းချန်၏ စာရွက်ပေါ်မှ ကုသိုလ်မှတ်သည် ခြောက်မှတ်မှ ခုနှစ်မှတ်ဆီသို့ တိုးတက် သွား၏။
“တိုးသွားတာလား”
ကျွင်းချောင်ရှောင်း ကြောင်သွားမိသည်။
.........
အဓိကဟောခန်းထဲမှာတော့ ရီရှင်းချန်သည် လျှောက်ဝင်လာခဲ့သည်။
ကျွင်းချောင်ရှောင်း မေးလိုက်၏။ “ရှင်းချန်… မင်းခုနတုန်းက ဘာလုပ်နေတာလဲ”
“တာဝန်တစ်ခုကို လုပ်ခဲ့တာလေ” ရီရှင်းချန်က ပြောလိုက်၏။
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်မိသည်။ ကြည့်ရတာ တစ်စုံတစ်ယောက်ရဲ့ ကုသိုလ်မှတ်တွေ တိုးလာဖို့ဆိုရင် ဒီလိုနည်းလမ်းလည်း ရှိသေးတယ်နဲ့ တူတယ်။
“တာဝန်ခွဲဝေခြင်းခန်းမဆောင်ထဲမှာ ရှိတဲ့ တာဝန်တွေက ခက်ခက်လာတယ်၊ အတွင်းစည်းတပည့် တစ်ယောက်အနေနဲ့ မင်း အားတဲ့အချိန်ရောက်ရင် ပိုပြီးတော့ အလုပ်လုပ်ဖို့ လိုလိမ့်မယ်”
“ကောင်းပါပြီ”
ရီရှင်းချန်သည် ထိုသို့ပြောလိုက်သည်ဆိုသော်လည်း စိတ်ထဲမှာတော့ တွေးတောနေမိသည်။ တာဝန်တွေလုပ်ပြီး ဘာလို့ အချိန်တွေ ဖြုန်းရမှာလဲ။
ထိုသို့ဆိုလျှင်တောင်မှ သူသည် ယခု အဘယ့်ကြောင့် တာဝန်များကို ပြုလုပ်၍ အချိန်ဖြုန်းနေရသနည်း။ အဘယ်ကြောင့်ဆိုသော် မနေ့ည တုန်းက လီချင်းယန်သည် သူ့ကို ခေါ်ဆိုကာ သီးသန့် ပြောဆိုခဲ့၏။
“ဂျူနီယာညီလေးရီ... တစ်နေ့လုံး ကျင့်ကြံမနေနဲ့၊ တာဝန်ခွဲဝေခြင်း ခန်းမဆောင်ကို သွားပြီးတော့ မင်းရဲ့ ဂျူနီယာ တွေနဲ့အတူ တာဝန်လေး ဘာလေး ပြီးအောင်လုပ်ပေးအုံး၊ ဒါမှ ဂိုဏ်းက ဂျူနီယာညီလေးတွေနဲ့ ဆက်ဆံရေး ပိုပြီး ကောင်းမွန်လာလိမ့်မယ်”
ဒုတိယ စီနီယာအစ်ကိုသည် ဂိုဏ်းအတွက် အလုပ်ကို ကြိုးစားလုပ်ဆောင်ရုံတင်မကဘဲ ဂိုဏ်းအတွင်း ညီအစ်ကို များအကြား ပိုမို၍ ချစ်ကြည်ရင်းနှီးလာစေရန်လည်း ဂရုစိုက်နေသေး၏။ ၎င်းသည် တကယ့်ကို ကိုးဆယ့်ရှစ်မှတ် ထက်ပို၍ ရသင့်သောသူတစ်ယောက်ဖြစ်သည်။
သေသေချာချာ စဉ်းစားတွေးတောပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် တာဝန်များကို ပြုလုပ်ပေးရန် စဉ်းစားလိုက်မိတော့၏။ ထို့ကြောင့် သူသည် ကြယ်ငါးပွင့် တာဝန် တစ်ခုကို ရွေးချယ်ပြီး တစ်ယောက်တည်း ထွက်ခွာသွားခဲ့၏။
ဟုတ်ပေသည်။ သူသည် မည်သည့်အသင်းအဖွဲ့ကိုမှ ခေါ်မသွားဘဲ တစ်ယောက်တည်း ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ခေါ်သွားစရာလည်း မလိုပေ။
“ကြယ်ငါးပွင့်အဆင့် တာဝန်တစ်ခုကို ပြည့်စုံအောင်ပြုလုပ်တယ်ဆိုတာ ကုသိုလ်မှတ် တစ်မှတ်တည်း ရတာလား”
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ “တာဝန်တွေ ပိုပြီး လုပ်ရင် မကြာခင်မှာ ပြည့်သွားနိုင်မှာပဲ မဟုတ်လား၊ ဘာပဲဖြစ်ဖြစ်လေ”
“ရှောင်ကျီ”
သူသည် သူ၏ခန့်မှန်းချက်ကို ပြည့်စုံစေရန်အတွက် ညွှန်ကြားလိုက်တော့သည်။ “ဒီနှစ်ရက်အတွင်း ကျင့်ကြံတာတွေချည်းပဲ လုပ်မနေနဲ့၊ အပြင်ကို ထွက်ပြီးတော့ ကြယ်ငါးပွင့်အဆင့် တာဝန်တွေ သွားလုပ်”
“ကောင်းပါပြီ”
ရှောင်ကျီသည် တာဝန်ခွဲဝေခြင်း ခန်းမဆောင်သို့ သွားပြီးသည့်နောက်မှာ ကြယ်ငါးပွင့်အဆင့် တာဝန်များကို လက်ခံလိုက်သည်။ ထိုအရာကို ပြည့်စုံပြီးသည့်နောက်မှာတော့ သူ၏ ကုသိုလ်မှတ်သည် တစ်မှတ် တိုးပွားခဲ့သည်။
“နားလည်ပြီ၊ နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ အလောတကြီးဖြင့် လီချင်းယန်အား လှမ်းခေါ်လိုက်သည်။ ပြီးနောက် ညွှန်ကြားတော့သည်။ “အခု ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို မသွားဘဲနဲ့ ကြယ်ငါးပွင့်အဆင့် တာဝန်နှစ်ခုကို ယူခဲ့”
“ကောင်းပါပြီ”
ဒုတိယတပည့်သည် ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ပျက်သွားမိ၏။ ကြယ်ငါးပွင့် အဆင့် တာဝန်တွေကို ပြုလုပ်ပြီးသည့်နောက် လီချင်းယန်၏ ကုသိုလ်မှတ်သည် ကိုးဆယ့်ရှစ်မှတ်သာ ရှိနေသေး၏။ တိုးတက်မလာခဲ့ချေ။
“ဘာလို့ တိုးတက်မလာတာလဲ” ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျမိသွားသည်။
စနစ်က ပြောလိုက်၏ “ကြယ်ငါးပွင့်အဆင့် တာဝန်တွေဆိုတာက သတ်မှတ်ထားတဲ့ ပမာဏ ရှိတာပဲ၊ လီချင်းယန်က အဲအကန့်အသတ်ကို ပြည့်သွားလို့ ထပ်ပြီးမရတော့တာ ဖြစ်မယ်”
“ဒီလိုလည်း ဖြစ်နိုင်တာပဲ”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်ကို ခေါ်ယူပြီး တာဝန်ခွဲဝေခြင်းခန်းမဆောင်ထဲမှ တာဝန်များ ထွက်ပေါ်လာ ပြီး ကတည်းက ကြယ်ငါးပွင့်အဆင့် တာဝန်များကို မည်မျှများများစားစား ပြည့်စုံအောင် ပြုလုပ်ခဲ့သည်ကို ရှာဖွေ မေးမြန်းလိုက်၏။ ၎င်းသည် တော်တော်များများတွင် ဂိုဏ်း၏ ဂျူနီယာညီလေးများနှင့်အတူ လိုက်ပါ၍ တာဝန် ပြည့်စုံအောင် ကူညီပေးခဲ့သည်။ ဂျူနီယာညီလေးများ တာဝန်မြန်မြန်ပြည့်စုံအောင်နှင့် ပိုမို၍ လုံခြုံမှုရှိရန် သူကူညီ ပေး၏။ ဤအရာသည် အကျိုးမဲ့သော အကူအညီမျိုး မဟုတ်ပေ။ တာဝန်အတောအတွင်းတွင် သူသည် အတွေ့အကြုံများကို ပိုမို ရရှိခဲ့ပြီး အန္တရာယ်များတွင် မည်သို့ရင်ဆိုင်ရမည်။ မည်သို့ညွှန်ကြားရမည်ဆိုသည်ကို ပိုမို နားလည်လာစေမိ၏။
“မင်းကို ခက်ခဲစေခဲ့ပြီ”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ ပခုံးကို အသာပုတ်လိုက်သည်။ ဤကဲ့သို့ တပည့်တစ်ယောက်မျိုးရှိသည်ကို သူ့အနေနှင့် အဘယ့်ကြောင့် မနှစ်သက်ပဲ နေမည်နည်း။
လုချင်းချင်းနှင့် ရီရှင်းချန်တို့သည်သာ လီချင်းယန်ကဲ့သို့ အလုပ်လုပ်မည်ဆိုပါက ပြိုင်စံရှားဂိုဏ်းအတွက် သူသည် မည်သည့်အရာကိုမှ စိုးရိမ်ပူပန်နေစရာ လိုတော့မည် မဟုတ်ချေ။
.............
လက်ရှိမှာတော့ ဂိုဏ်း၏အဆောက်အအုံ ဖွင့်လှစ်ခဲ့ပြီးနောက် ရရှိခဲ့သော လင်းယွမ်ခန်းမဆောင်သည် ကျွင်းချောင်ရှောင်းအား အကူအညီ မဖြစ်စေဘဲ သူ၏ တပည့်များကိုသာ အကူအညီ ဖြစ်စေခဲ့၏။ သို့ပေမဲ့ ကိစ္စ မရှိပေ။ တပည့်များ ပိုမိုအားကောင်းလာမည်ဆိုပါက ဂိုဏ်းသည်လည်း ပိုမိုအားကောင်းလာပေလိမ့်မည်။
“အားလုံးပဲ မှတ်ထားကြ”
ပုံမှန်အတိုင်း မနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျယ်လောင် စွာဖြင့် ပြောလိုက်သည်။
“မင်းတို့အနေနဲ့ အခုဘဝမှာ ဆုံတွေ့ခဲ့ရတယ်ဆိုပေမယ့် အရင်ဘဝမှာလည်း သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်ခဲ့ နိုင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေရင်းတွေ ဖြစ်နေနိုင်သလို၊ လမ်းမှာ မျက်နှာချင်းဆိုင် တွေ့ဖူးကြတဲ့ လူတွေလည်း ဖြစ်နိုင်တယ်၊ တပည့်တွေ အများကြီးရှိကြတယ်ဆိုပေမဲ့ ဒါက ကံကြမ္မာကြောင့် လာပြီး ဆုံတွေ့ကြတဲ့ လူတွေပဲလေ။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုပြီး ချစ်ခင်ရမယ်။”
“ဟုတ်ကဲ့ပါ”
တပည့်များအားလုံးသည် သံပြိုင် အော်ဟစ်လိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် ဂိုဏ်းချုပ် ဘာကို ဆိုလိုမှန်း သေချာ မသိကြချေ။ ထို့ပြင် ဂိုဏ်းတွင် တပည့်ပေါင်းမြောက်များစွာရှိ၏။ အရင်ဘဝတုန်းက တွေ့မိကြသည်ဆိုလျှင် တည့်တည့်တွေ့ဖူးသည်လား၊ ဘေးတစောင်း တွေ့ဖူးကြသည်လား၊ နောက်စေ့ကိုပဲ လှမ်းမြင်ခဲ့သည်လား သေသေချာချာ မသိကြချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်က ပြောဆိုနေသည်ဆိုမှတော့ သေသေချာချာ နားထောင်မှ ဖြစ်ပေလိမ့်မည်။
“အထူးသဖြင့် အတွင်းစည်း တပည့်တွေအနေနဲ့ ကျင့်ကြံခြင်းမရှိတဲ့အချိန်မှာ မင်းတို့ရဲ့ ဂျူနီယာ ညီလေး တွေကို ကူညီကြဖို့ လိုအပ်လိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လောလောဆယ် လင်းယွမ်ခန်းမဆောင်ထဲထားရန် တည်နေရာ နှစ်ဆယ့် လေးခုသာရှိသေးသည်ဆိုသော်လည်း သူသည် တပည့်များကို ပိုမို၍ အကူအညီဖြစ်ထွန်းစေချင်သည်။ ထို့ကြောင့် အားလုံးကို မျှဝေကူညီရန် ခိုင်းစေလိုက်ခြင်းပင် ဖြစ်တော့၏။
“ကောင်းပါပြီ”
လီချင်းယန်နှင့် တခြားသူများသည် အော်ဟစ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ပုံပန်း သွင်ပြင်သည် ပြောင်းလဲသွားခဲ့ကြသည်။ အတွင်းစည်းတပည့် တော်တော်များများသည် သူတို့၏ ဂျူနီယာ ညီလေးများအား တာဝန်ပြီးပြည့်စုံစေရန် လိုက်ပါ၍ ကူညီပေးကြတော့၏။ ထို့ပြင် သိုင်းပညာအတွေ့အကြုံများ ပိုမို တိုးပွားစေရန်လည်း ကူညီပေးကြသေးသည်။ ဂိုဏ်းတစ်ခုလုံးသည် ချစ်ခင်ရင်းနှီးမှုကို ပိုမို၍ ဦးစားပေးသည့် အရာတစ်ခု ဖြစ်လို့လာခဲ့သည်။
............
တစ်လလောက်ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသား တပည့်များ၏ အားထုတ်မှု၊ တောဝက်ရိုင်းလေး ၏ အားထုတ်မှုတို့နှင့်အတူ သံမဏိအရိုးမြို့ကြီးတစ်ခုလုံး၏ တည်ဆောက်မှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အဓိက လမ်းကျယ်ကြီးထဲတွင် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အဆောက်အဦများ စီတန်းလျက် တည်ဆောက် ထားသည်ကို ကြည့်ကာ ပြုံးလိုက်၏။
“ကြည့်လို့ကောင်းတယ်”
လီချင်းယန်သည် မြို့၏အဝင်ဝတွင် မတ်မတ်ရပ်လိုက်ပြီးသည့်နောက် သူ၏ဂျူနီယာညီလေးများအား သံမဏိ အရိုးမြို့ဆိုသော စာတမ်းကြီးကို ချိတ်ဆွဲရန် ညွှန်ကြားလျက်ရှိသည်။
“ဒီဘက်ကို နည်းနည်းတိုး၊ ဟိုဘက် ဟိုဘက်၊ ဘယ်ဘက်ကို နည်းနည်းတိုး၊ မဟုတ်ဘူး မဟုတ်ဘူး၊ ညာဘက်ကို နည်းနည်း ထပ်တိုး”
ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းအောက်တွင် ရှိသော မြို့တစ်မြို့သည် တရားဝင် တည်ဆောက်ပြီးခဲ့ပြီဖြစ်သည်။
အရာ အားလုံး ပြီးစီးပြီးသည့်နောက်မှာတော့ လီချင်းယန်၏ ကုသိုလ်မှတ်များသည် ကိုးဆယ့်ရှစ်မှတ်မှသည် တစ်ရာမှတ် ဆီသို့ တိုးတက်ရောက်ရှိသွားသည်။ သူ့အနေနှင့် လင်းယွမ်ခန်းမဆောင်ဆီသို့ ဝင်ရောက်ရန် လိုအပ်ချက်နှင့် ပြည့်စုံ သွားခဲ့လေ၏။