အခန်း (၇၄၁)
Vol. 50 Ch. 741
ပြိုင်စံရှားဂိုဏ်း၏ အဝင်ဝတွင်တော့ လူငယ် အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တို့သည် ရပ်တန့်လျက်ရှိနေကြ သည်။
အမျိုးသားသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သွက်သွက်လက်လက်နှင့် သာမာန်ထက် ပိုသော စွမ်းရည်ကို ပိုင်ဆိုင်ပုံပေါ်သည်။
အမျိုးသမီးမှာတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သဘာဝအတိုင်း လှပလျက်ရှိ၏။
၎င်းတို့နှစ်ယောက်လုံးသည် အသက်နှစ်ဆယ် ခန့် ရှိကြသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်ဆိုသော်လည်း အလွန်တရာ အေးစက်လွန်းလှ၏။ နှင်းများကြားတွင် ပေါက်လျက်ရှိသော ရှားပါးလှသည့် အပင်များကဲ့သို့ပင် အပြုံးများမှာ အေးစက်သော မာန်မာနများနှင့် လွှမ်းခြုံလျက်ရှိသည်။
"ခင်ဗျားတို့ နှစ်ယောက် "
လီချင်းယန်က ပြောလိုက်သည်။
"ကျေးဇူးပြုပြီး စောင့်ပါအုံး။ကျုပ်တို့ဂိုဏ်းချုပ် မကြာခင် ရောက်လာပါလိမ့်မယ်။"
ထိုနှစ်ယောက်ဆီမှ ထွက်ပေါ်လာသော အအေးဓာတ်အော်ရာများကို သူသည် အနှောက် အယှက် မဖြစ်ပေ။ သူ့အနေနှင့် ခုခံကာကွယ်ရန်လည်း မကြိုးစားချေ။ အဘယ့်ကြောင့်ဆိုသော် စီနီယာ အစ်မကြီးဆီမှ အအေးဓာတ်များသည် ၎င်းတို့ထက် ပို၍ အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူသည် အသား ကျနေပြီဖြစ်သည်။
"အပြင်မှာ စောင့်ခိုင်းစေချင်တာလား" အမျိုးသမီးက ပြုံးလိုက်၏။ သူမ၏ အပြုံးသည် ချိုသာလှသည်ဆိုသော်လည်း သဘောမတွေ့သည့် လေသံလည်း ပါဝင်လျက်ရှိသည်။
၎င်းတို့သည် ထိပ်တန်းဂိုဏ်းတစ်ခုမှ ဖြစ်ကြောင်း လီချင်းယန် ကောင်းကောင်း သိ၏။ ထို့ကြောင့် အဝင်ဝတွင် ထားရခြင်းနှင့် ပတ်သက်၍ ကျိန်းသေပေါက် စောဒက တက်ပေလိမ့်မည်။
ထို့ကြောင့်ပင် သူသည် တောင်းပန် သလို ပြောလိုက်၏။ "ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းထဲမှာ စည်းမျဉ်းတစ်ခု ရှိလို့ပါ။ထို့ကြောင့် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဂိုဏ်းချုပ်သည် အထဲသို့ ဝင်ရန် မဖိတ်ခေါ်ခဲ့ချေ။ ထို့ကြောင့် သူ့အနေနှင့် အပြင်မှာ စောင့်ခိုင်းရန်သာ တတ်နိုင်တော့သည်။ သို့ပေမဲ့ ဒုတိယမြောက် တပည့်သည် တည်ငြိမ်လွန်းလှပြီး လူသားများနှင့် ဆက်ဆံရာတွင်လည်း သိမ်မွေ့လွန်း၏။ ထို့ကြောင့် ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်။
အမျိုးသား၏ မျက်ခုံးများမှာတော့ ကုပ်လျက်ရှိပြီး သဘောမတွေ့ခဲ့သည့်ဟန်ပင်။
"နဂါးကျား တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ဂိုဏ်းမှန်း သိသာလှ၏။တကယ့်ကို မောက်မာလှတာပဲ"
လီချင်းယန်သည် ပြုံးကာ မည်သည့် စကားမှ မဆိုချေ။ သူ့အနေနှင့် ထိပ်ဆုံးဂိုဏ်းများနှင့် ပြောဆိုဆက်ဆံမှု မပြုလုပ်ဖူးချေ။ သို့ပေမဲ့ ၎င်းတို့သည် ရုတ်တရက် အဘယ့်ကြောင့်လာလည်ရသနည်း။
ထို့အပြင် ထိုနှစ်ယောက်၏ မောက်မာမှုသည် ထူးခြားလွန်းလှ၏။ ကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပုံ မပေါ်ပေ။
ထိုအချိန်မှာတော့ တောင်ခြေဆီမှာ လွင့်တက်လာခဲ့သော ကျွင်းချောင်ရှောင်းသည် ဆိုးဆိုးဝါးဝါးပုံစံဖြင့် လေထဲတွင် ရောက်ရှိနေ၏။
ဟမ်
အမျိုးသားနှင့် အမျိုးသမီးတို့သည် မော့ကာ ကြည့်လိုက်သည့် နောက်မှာတော့ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နက်သွားသည်။
တစ်ချက်ကြည့်လိုက်တာနှင့် ဤလူသည် ပြိုင်စံရှားဂိုဏ်းချုပ်မှန်း သူတို့သိသည်။ အဘယ့်ကြောင့်ဆိုသော် ပုံရိပ်ယောင် အစီအရင်ကြီးထဲတွင်ဤ မျက်နှာအား အကြိမ်ပေါင်းများစွာဖြင့် မြင်ခဲ့ရသည် မဟုတ်လား။
သို့ပေမဲ့ လက်ရှိ ကြည့်ရသည်မှာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပျံသန်းလာခဲ့ပုံမပေါ်ပေ။ တစ်စုံတစ်ယောက်က လွင့်ပစ်လိုက်သောကြောင့် လေထဲသို့ မြောက်တက်လာသည်နှင့် ဆင်တူနေ၏။
"ဒါ ဘာကြီးလဲ"
"ဂိုဏ်းချုပ်"
လီချင်းယန်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။
သို့ပေမဲ့ တောင်ခြေဆီမှာ ပျံသန်းလာသော ရှောင်မိုရှန်း သည် ကျွင်းချောင်ရှောင်း မြေပေါ်သို့ ပြုတ်မကျခင်မှာပဲ ချက်ချင်းဆိုသလိုပဲ သူမ၏ သခင်ကို လှမ်းဖမ်း၍ ယုယုယယဖြင့် မြေပေါ်ချပေးလိုက်၏။
"သခင်"
ရှောင်မိုရှန်းသည် တောက်ပစွာ ပြုံးလိုက်သည်။ "အဆင်ပြေရဲ့လား"
ကျွင်းချောင်ရှောင်းသည် မြေကြီးနှင့် ခြေထောက် ထိပြီးသည့်နောက်မှာတော့ အဆင်မပြေဟု ပြောလည်း ဘာမှ ထူးတော့မည် မဟုတ်တော့ချေ။ သို့ပေမဲ့ သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေသေး၏။
"နောက်တစ်ခါ အဲလို မလုပ်နဲ့။ ငါ အသည်းငယ်တယ်။"
အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တို့သည် သူ့အား ကြည့်ရှုနေသည်ကို သိပြီးနောက်မှာတော့ အင်္ကျီအဝတ်အစားများကို သေသေသပ်သပ် ဖြစ်အောင် ဝတ်ဆင်လိုက်သည်။ "မင်းတို့ နှစ်ယောက် အတွက် ဘာလုပ်ပေးရမလဲ"
ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လူငယ်သည် လက်သီးကို ဆုပ်ကာ မေးလိုက်သည်။ "ကျုပ်နဲ့ ဂျူနီယာညီမလေးတို့က လုချင်းချင်းကို လာတွေ့တာပါ"
"မင်းတို့က ငါ့ရဲ့ အကြီးဆုံး တပည့်ကို တွေ့ချင်တာလား" ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။
မိန်းကလေးသည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း မသိသေးဘူးနဲ့ တူတယ်။လုချင်းချင်းက အရင်တုန်းက ကျွန်မတို့နဲ့ တစ်ဂိုဏ်းတည်းပဲလေ။တစ်ရက်မှာတော့ သူမက အမှားလုပ်လို့ ဂိုဏ်းကနေ ထုတ်ပယ် ခံလိုက်ရတယ်"
လီချင်းယန်သည် မျက်လုံးပြူးသွားမိ၏။
အကြီးဆုံး စီနီယာ အစ်မကြီးသည် ထိုက်ရွှမ် အအေးဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ဤအရာသည် သတင်းကြီးပင် ဖြစ်သည်။
"တကယ်လား"
ကျွင်းချောင်ရှောင်းသည်လည်း အံ့အားသင့်သွား၏။သို့ပေမဲ့ လီချင်းယန်လောက်တော့ အံ့အား မသင့်သွားပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ အကြီးဆုံး တပည့်ကြီး၏ နောက်ခံသည် အားကောင်းလှပြီး ပြောပြ၍ မရနိုင်သော လျို့ဝှက်ချက်များ ရှိနေသည်ဆိုသည်ကို သူ ကောင်းကောင်းခန့်မှန်းမိပြီးသား ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မိန်းကလေးကို ကြည့်ကာ ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ "သူ ထုတ်ပယ်ခံရတော့ မင်း ပျော်တယ်မလား"
တစ်ဂိုဏ်းတည်းမှ ဖြစ်သည်ဟု သူ ပြောဆိုလိုက်ချိန်တွင် ရရှိခဲ့သည့် ခံစားချက်များမှာ ကောင်းမွန်သည့် ခံစားချက်များ မဟုတ်သည်ကို သူ ကောင်းကောင်းသိ၏။
ထို့ကြောင့် သူသည် ဤကဲ့သို့ စကား လှမ်းထောက်လိုက်ခြင်းပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ပြောရမည် ဆိုလျှင် ထိုကဲ့သို့သော လူမျိုးကို အလွန်တရာ မုန်းတီးလှသည်။
"ဂိုဏ်းချုပ်ကျွင်း"
ကောင်လေးက ပြောလိုက်သည်။
"ကျုပ်တို့ အထဲဝင်ပြီး စကား ပြောလို့ရလား"
"မရဘူး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းက မင်းတို့ နှစ်ယောက်ကို မကြိုဆိုဘူးလေ။ဒီတော့ လာရာလမ်းအတိုင်း လှည့်ပြီး ပြန်တော့"
ဂိုဏ်းချုပ်ကျွင်း၏ မောက်မာမှုသည် မိန်းကလေး၏ အပြုအမူပေါ်တွင် မူတည်၍ ဖြစ်တည်လာခြင်းပင် ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်း သည် ချက်ချင်း ထွက်ခွာ ခိုင်းခဲ့ခြင်း ဖြစ်၏။
ကောင်လေးသည် မျက်မှောင်ကို ကုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့သာ တစ်ခြားပထမအဆင့် ဂိုဏ်းတွေကို သွားရောက်လည်ပတ်မယ်ဆိုရင်တောင်မှ အားလုံးက ရင်းရင်းနှီး နှီးနဲ့ ကြိုဆိုကြတယ်။အခု ကျုပ်တို့က ပြိုင်စံရှား ဂိုဏ်းကိုလာတာ ဘာလို့ မယဉ်မကျေးနဲ့ အထဲကို မဝင်ခိုင်းရတာလဲ"
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး ပြုံး၍ ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက်က ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ပြီး လည်ဖို့ အတွက် အရည်အချင်း မပြည့်မှီဘူးလေ။ဒီတော့ လာရာလမ်းအတိုင်း သေသေချာချာ လှည့်ပြီး ပြန်ကြပါ။ဂရုစိုက်ကြအုံး"
ကောင်လေးနှင့် ကောင်မလေး၏ မျက်နှာများ အားလုံးသည် ပျက်ရွင်းသွားကြ၏။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြောလိုက်၏။ "ဒါက ငါ့ရဲ့ နေရာလေ။ ဒီလိုမျိုး ငြင်းပိုင်ခွင့်မရှိဘူးလို့တော့ မပြောနဲ့နော်"
ကောင်လေးသည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက မကြိုဆိုမှတော့ ထွက်ခွာသွားဖို့ပဲ ရှိတော့တာပေါ့"
"ဒါဆို လိုက်မပို့တဲ့ အတွက် ခွင့်လွှတ်ပါ"
သူသည် ဤနှစ်ယောက်အား ယဉ်ယဉ်ကျေးကျေးနှင့် ဆက်၍ မဆက်ဆံပေ။
ထို့အပြင် လုချင်းချင်းသည် ထိုက်ရွှမ် အအေးဂိုဏ်းဆီမှ ထုတ်ပယ်ခြင်းကို ခံလိုက်ရသည် ဆိုမှတော့ ၎င်းတို့သည် ကောင်းသည့် ရည်ရွယ်ချက်နှင့် လာရောက်ခြင်း ဖြစ်ပုံ မပေါ်ပေ။ သူ၏ တပည့်ကို ကာကွယ်ရန်အတွက် သူသည် ဂိုဏ်းထဲသို့ ဝင်ခွင့် မပေးခဲ့ခြင်း ဖြစ်သည်။။
"နေအုံး"
ထိုအချိန်မှာပဲ အေးစက်စက် အသံသည် တံခါးဝဆီမှ ရောက်ရှိလာသည်။
လုချင်းချင်းသည် လျှောက်ထွက်လာပြီးသည့်နောက်မှာတော့ သူမ၏ အဝတ်အစားများသည် နှင်းများကဲ့သို့ ဖြူဖွေးနေပြီး လှပလွန်းသော မျက်နှာလေးသည် အတိုင်းသား ပေါ်နေ၏။
သူမ၏ တည်ငြိမ်ရှင်းလင်းနေသော မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးသည့် အမူအရာများ ရှိလို့နေသည်။
ဤတပည့်နှစ်ယောက် ရောက်ရှိလာသည်ကို အစောကြီးကတည်းက သတိပြုမိပြီး ဖြစ်၏။ သို့ပေမဲ့ မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်၏။
"စီနီယာအစ်မလု" ကောင်လေးက နှုတ်ဆက်လိုက်သည်။
ကောင်မလေးက ပြောလိုက်သည်။ "သူမက ဂိုဏ်းထဲက ထုတ်ပယ်ခံရတာ ကြာပြီလေ။ဘယ်လိုဖြစ်ပြီး ငါတို့ရဲ့ စီနီယာအစ်မ ဖြစ်တော့မှာလဲ"
ကျွင်းချောင်ရှောင်း မျက်မှောင် ကုတ်မိလိုက်သည်။
သူ့အနေနှင့် ကျင့်ကြံခြင်းများ မရှိသေး၍သာ တော်သေးသည်။ မဟုတ်ပါက ချီဖိနှိပ်မှုကို အသုံးပြုကာ ထိုအမျိုးသမီးအား ထိတ်လန့် ခြောက်ခြားစရာကောင်းသည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကို ထုတ်ဖော် ပြသမိပေလိမ့်မည်။
သူမသခင်၏ နှလုံးသားထဲမှ ဒေါသတရားများကို ခံစားမိချိန်မှာတော့ ရှောင်မိုရှန်းသည် တီးတိုး ပြောလိုက်သည်။ "ကျွန်မ လုပ်လိုက်ရမလား သခင်"
ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းလိုက်၏။ "နေအုံး"
ကောင်ကလေးက ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တာပဲ။ သူက အခု ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီ။ငါတို့နဲ့ မသက်ဆိုင်တော့ဘူး။စီနီယာအစ်မလို ခေါ်ဖို့ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ"
လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီကို လာတာ ငါ့ကို လှောင်ပြောင်ချင်လို့ လာခဲ့တာလား။"
"မဟုတ်ပါဘူး"
မိန်းကလေးက ပြုံးကာ ပြောလိုက်သည်။ "စီနီယာအစ်မဖန်က ပြောလိုက်တယ်လေ။တကယ်လို့ ပြိုင်စံရှားဂိုဏ်းက ဖြတ်သွားတယ်ဆိုရင် သူ့အစား ဝင်ပြီး နှုတ်ဆက်ခဲ့ပေးပါ ဆိုလို့"
စီနီယာအစ်မ ဖန်းဟု ကြားရချိန်မှာတော့ လုချင်းချင်း၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွား၏။ သို့ပေမဲ့ သူမသည် မြန်မြန်ပဲ ဖုံးကွယ်လိုက်သည်။
ပြီးနောက် ပြောလိုက်၏။ "ပြန်တော့။ငါကောင်းကောင်း အဆင်ပြေနေတယ်။ငါ့အတွက် စိတ်မပူပါနဲ့လို့"
မိန်းကလေးသည် ပြုံးကာ ပြောလိုက်သည်။ "စိတ်ဝိညာဉ်စွမ်းအင်တွေ နည်းပါးတဲ့ နေရာမှာ နေထိုင်ပြီး စီနီယာအစ်မဖန်ထက် တိုးတက်လာလိမ့်မယ်လို့ မထင်မိဘူး"
"အင်း ဟုတ်ပြီ"
သူမသည် ခဏရပ်တန့်ကာ ပြောလိုက်သည်။ "စီနီယာ အစ်မဖန်က ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အကြီးအကဲ အဖြစ် သတ်မှတ် ခံလိုက်ရပြီလေ။တကယ်လို့ ရှင်သာ ဂိုဏ်းက အထုတ်မခံရဘူးဆိုရင် ဒီနေရာက ရှင့်နေရာ မဟုတ်လား"
မိန်းကလေးသည် ခပ်ရိရိ ပြောလိုက်၏။
"ငါ စိတ်မဝင်စားဘူး" လုချင်းချင်းက ပြောလိုက်သည်။
မိန်းကလေး၏ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာသည်။ "ရှင်က အရင်တုန်းက လိုပဲ အေးစက်နေတုန်း။ဒီလို အမူအကျင့်မျိုးနဲ့ ပြိုင်စံရှား ဂိုဏ်းရဲ့ တပည့်တွေကို ဘယ်လိုဆက်ဆံမလဲ မသိဘူး"
"စီနီယာအစ်မ"
ကောင်လေးက ပြောလိုက်သည်။ "စီနီယာအစ်မဖန်က ပြောခိုင်းတဲ့ အကြောင်းအရာကို ပြောပြီးပါပြီ။ဒီတော့ သွားကြရအောင်"
"ဂိုဏ်းချုပ်ကျွင်း"
သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်"
"ရှောင်မိုရှန်း"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဧည့်သည်တွေကို အသာလိုက်ပို့ပေးလိုက်"
"ကောင်းပါပြီ"
ရှောင်မိုရှန်းသည် လေထဲသို့ အသာခုန်တက်လိုက်၏။
ပြီးသည့်နောက်မှာတော့ သူမ၏ လက်ဆီမှ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်များအားလုံးသည် ထိုက်ရွှမ်အအေးဂိုဏ်း တပည့်နှစ်ယောက်ကို ချုပ်နှောင်လိုက်၏။ ပြီးသည့်နောက်မှာတော့ အမြင့်ဆုံးသော လေဟာနယ်အပေါ်ဆီသို့ ဆွဲခေါ်သွားပြီးသည့်နောက် တောင်အောက်သို့ ပစ်ချလိုက်တော့သည်။
ဟူး ဟူး
ကောင်လေးနှင့် ကောင်မလေး နှစ်ယောက်တို့သည် အမြှောက်ဆံများကဲ့သို့ပင် တောင်အောက်ဆီသို့ ဆင်းသက် ကျဆင်းသွားကြ၏။
ရွှီ … ရွှီ
သို့ပေမဲ့ မြေပေါ်သို့ ကျမည့် အချိန်မှာပဲ ရှောင်မိုရှန်းသည် ၎င်းတို့၏ နှစ်ယောက်အား သူမ၏ သေးငယ်သည့် လက်လေးများဖြင့် အသာဖမ်းဆီးလိုက်ပြီးသည့်နောက် မြေပေါ်အသာချကာ ပြုံး၍ ပြောလိုက်၏။ "အဆင်ပြေရဲ့လား"
ဝေါ့
ကောင်လေးနှင့် ကောင်မလေးတို့နှစ်ယောက်တို့သည် ၎င်းတို့ ရပ်တန့်နေရာ နေရာမှာပဲ ဝမ်းဗိုက်ထဲရှိ ရှိသမျှ အရာအားလုံး အန်ထွက်လာကြတော့သည်။ ၎င်းတို့၏ ခြေထောက်များအားလုံးတို့သည် အထိန်းအချုပ်ကင်းမဲ့စွာဖြင့် တုန်ခါလျက်ရှိသည်။ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ဘဲ မြေပေါ်သို့ ဖင်ထိုင်ချ၍ တည်ငြိမ်မှု ရရှိရန် ကြိုးစားနေရတော့သည်။