အခန်း (၇၄၂)
Vol. 50 Ch. 742
“စီနီယာအစ်မလုက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတာပဲ”
“စီနီယာအစ်မလု... ဂျူနီယာညီမလေးက ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ဘာမှသိပ်မသိဘူး၊ သင်ပေးနိုင်မလား”
“စီနီယာအစ်မလု… ဒီလောက်မြန်အောင် လေ့ကျင့်နိုင်တယ်ဆိုတော အနာဂတ်မှာ ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်”
“စီနီယာအစ်မလု”
...........
အနောက်ဘက်တောင်၏ ထိပ်ဆုံးမှာတော့ လုချင်းချင်းသည် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ တစ်ချိန်လုံး သူမ၏နားတွင် တတွတ်တွတ်နှင့် လိုက်လံ မြှောက်ပင့်ပြောဆိုနေသော ဤဂျူနီယာညီမလေး၏ အသံသည် သူမ၏နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။
ရှောင်မိုရှန်း လိုက်ပါပို့ဆောင်ခဲ့သော ဤမိန်းကလေးသည် သူမအား တစ်ချိန်တုံးက သိုင်းပညာနှင့်ပတ်သက်၍ အကြိမ်ကြိမ်အခါခါ မေးမြန်းတောင်းဆိုခဲ့ဖူးသောသူဖြစ်၏။
ကံဆိုးစွာဖြင့် သူမ သည် ဂိုဏ်း၏စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့မိ၏။ ထို့ကြောင့် ဂိုဏ်းမှ ထုတ်ပယ်ခံခဲ့ ရတော့သည်။ သူမ အား တစ်ချိန်လုံး မြှောက်ပင့်ပြောဆိုနေသော ဂိုဏ်းမှ ဂျူနီယာများသည် ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်နှင့် အမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။
ဟူး
လုချင်းချင်းသည် သက်မရှည်ကြီး ချလိုက်မိသည်။ သူမသည် အင်္ကျီလက်ကို ယမ်းခါကာ ထွက်ခွာရန် ပြင်လိုက်ချိန် မှာတော့ သူမ၏ဘေးတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းကို မြင်လိုက်ရတော့၏။
ဂျွတ် ….။
ကျွင်းချောင်ရှောင်းသည် ပန်းသီးတစ်လုံးကို ကိုက်စားရင်း ပြောလိုက်၏။ “ပြဿနာ တစ်ခုခုရှိလာရင် မင်းအနေနဲ့ တစ်စုံတစ်ခုခုကို ဖွင့်ပြောရမယ်လေ၊ ဒါက အကောင်းဆုံးသော ဖြေရှင်းနည်းပဲ”
“ဒီတပည့်မှာ ဘာပြဿနာမှ မရှိပါဘူး”
လုချင်းချင်းသည် လှည့်ကာ ထွက်ခွာသွား၏။ သူမ ထွက်ခွာသွားချိန်မှာပဲ ကျွင်းချောင်ရှောင်းဆီမှ အသံထွက်ပေါ် လာတော့သည်။ “ဘာလို့ ဂိုဏ်းကနေပြီးတော့ ထုတ်ပယ်ခံလိုက်ရတာလဲ”
“ကျွန်မ အမှားတစ်ခု လုပ်မိလို့”
“ဘယ်လို အမှားမျိုးကို လုပ်ခဲ့တာလဲ”
“မလုပ်သင့်တဲ့ အမှားတစ်ခုကို လုပ်ခဲ့တာပေါ့”
“...”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ငါက မင်းရဲ့ အတိတ်အကြောင်းကို မေးခဲ့ဖူးတယ်၊ ဒါပေမဲ့ မလိုအပ်တဲ့အရာတွေကိုသိရင် ပြဿနာတွေ ဖြစ်နိုင်လိမ့်မယ်လို့ ဖြေခဲ့တယ်လေ”
လုချင်းချင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုကဲ့သို့ ပြောဆိုခဲ့ဖူး၏။ ကျွင်းချောင်ရှောင်းသည် ပန်းသီးအား နောက်တစ်ကိုက် ကိုက်၍ ပြောလိုက်မိသည်။ “ကြည့်ရတာလည်း ကြောက်ဖို့ မကောင်းလှပါဘူး”
“ဂိုဏ်းချုပ်... နဂါးကျားပြိုင်ပွဲမှာ အနိုင်ယူခဲ့တယ်ဆိုပေမယ့် ပထမအဆင့်ဂိုဏ်းတွေရဲ့ အားအင်ကို သံသယ ရှိနေလို့ မဖြစ်ဘူး” လုချင်းချင်းက ပြောလိုက်သည်။
“အလုံးစုံသော အားအင်အရဆိုရင် ငါတို့ပြိုင်စံရှားဂိုဏ်းက ထိပ်ဆုံးဂိုဏ်းတွေကို လိုက်မီဖို့ လိုအပ်သေးတယ်၊ ဒါပေမဲ့ တပည့်တွေရဲ့ အရည်အချင်းအရဆိုရင် သူတို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးတော့ မင်းက အဲဂိုဏ်းကနေ အထုတ်ခံခဲ့လိုက်ရပြီ၊ ဒီတော့ ထိုက်ရွှမ်အအေးဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ သူတို့က ဒီကို သက်သက်လာပြီးတော့ ပြဿနာရှာလို့ရတယ် ထင်နေကြတာလား”
လုချင်းချင်းက ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ကျွန်မကို မုန်းနေတယ်ဆိုရင် မုန်းပါစေတော့”
“မင်းဆိုလိုတာက စီနီယာအစ်မဖန် ဆိုတာကို ပြောချင်တာလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လုချင်းချင်းသည် ပြန်လည်၍ မဖြေပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စောနက ထိုက်ရွမ်အအေးဂိုဏ်းရဲ့ တပည့်နှစ်ယောက်က စိတ်တိုချင်စရာပဲ၊ ဒါကြောင့် ရှောင်မိုနဲ့ တခြားလူတွေကို စေလွှတ်ပြီးတော့ အခွင့်အရေးရရင် သူတို့ကို ရိုက်နှက်ဖို့ ငါအမိန့်ပေးခဲ့ပြီးပြီ”
လုချင်းချင်းသည် အံ့အားမသင့်သွားချေ။ ဂိုဏ်းချုပ်၏ အမူအကျင့်အရ ဆိုလျှင် ဤသို့ ပြုလုပ်သည်မှာ အံ့အားသင့်စရာမရှိပေ။
“ကျွန်မ အရင်သွားနှင့်တော့မယ်”
သူမ ထွက်ခွာခါနီးမှာပဲ ကျွင်းချောင်ရှောင်းဆီမှ အသံကို ကြားလိုက်ရ၏။ “ရှင်းချန်လို မဖြစ်စေနဲ့၊ ဂိုဏ်းကနေ ထွက်ခွာသွားရင် အရာအားလုံး ဖြေရှင်းနိုင်မယ်လို့ ခေါင်းထဲမှာ တစ်ချက်ကလေးတောင် မစဉ်းစားနဲ့၊ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာမယ်ဆိုရင်တောင် ၁.၈၇ မီတာရှိတဲ့ မင်းတို့ရဲ့ဂိုဏ်းချုပ်က အပေါ်ကနေ ကာစီးပေးထားမယ်”
“ခုနှစ်စင်တီမီတာလောက်ပဲ မြင့်တာမဟုတ်ဘူးလား” စနစ်က စောဒကတက်လိုက်၏။
“တော်စမ်း”
“ကျွန်မ နားလည်ပါပြီ” လုချင်းချင်းသည် ထွက်ခွာသွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ခဏလောက် ထိုင်ခဲ့ပြီးသည့်နောက်မှာတော့ အူတိုင်သာ ကျန်တော့သည့် ပန်းသီးအား လွှင့်ပစ်လိုက်တော့သည်။ ပြီးနောက် မိုးဆွေဟောခန်းဆီသို့ လှမ်းလာ လိုက်၏။
အထဲသို့ ဝင်ဝင်ချင်း သူဘာမှ မပြောရသေးခင် လီလိုရှုက ပြောလိုက်သည်။ “မိုးဆွေဟောခန်းက တပည့်တွေအကုန်လုံးကို ထိုက်ရွမ်အအေးဂိုဏ်းနဲ့ ပတ်သက်တဲ့သတင်းတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာဖွေဖို့ အမိန့်ပေးပြီးသွားပြီ၊ ပြီးတော့ စီနီယာအစ်မကြီးဖန် ဆိုတာကိုလည်း အဓိကထားပြီးတော့ ရှာဖွေခိုင်းထားတယ်”
“ခင်ဗျား ကျုပ်ကို နားလည်တာပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီလိုရှုက ပြောလိုက်၏။ “အကြီးဆုံးအစ်မကြီးနဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းချုပ်ရဲ့ ပူပန်မှုက တခြားတပည့်တွေထက် ပိုပြီးတော့ ကြီးမားတယ် ဆိုတာကို ကျွန်မ နားလည်ပါတယ်”
“ဟုတ်လို့လား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ကုတ်ကာ ပြောလိုက်၏။ “ကျုပ်က အမြဲတမ်း မျှမျှတတနဲ့ တပည့်တွေကို ဆက်ဆံတတ်ပါတယ်၊ ဘယ်သူ့ကိုမှ မျက်နှာသာ မပေးပါဘူး”
………...
ကျွီ
အကျဉ်းထောင်တံခါး ပွင့်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လှမ်းလျှောက်လာ၏။ “ခင်ဗျား စဉ်းစားပြီးသွားပြီလား”
မြေပေါ်တွင် လဲလျက်ရှိသော ခရမ်းရောင်ဘုရင်သည် အံကို ကြိတ်ကာဖြင့် ပြောလိုက်၏။ “အသုံးမကျတဲ့လူသားတွေ နားထောင်၊ သားရဲတွေဆိုတာ ….”
“သိပြီ၊ သိပြီ” ကျွင်းချောင်ရှောင်းသည် သူ့ကိုတားမြစ်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။
ရိဟိုင်နှင့် အားဟိုင်တို့သည် အရသာရှိသော အစားအစာများကို ယူဆောင်လာပြီး စားပွဲပေါ်သို့ တင်လိုက်တော့သည်။
အလွန်တရာ အားနည်းနေပုံပေါ်သော ခရမ်းရောင်ဘုရင်သည် မွှေးပျံ့လှသော အစားအသောက်များ၏ ရနံ့ကို ရရှိချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ စိတ်ဓာတ် တက်ကြွလာ၏။ ပြီးနောက် ခက်ခက်ခဲခဲနှင့် ထ၍ထိုင်လိုက်၏။
ဤအတောအတွင်း သူသည် နေ့စဉ် နေ့တိုင်း လောင်ချာနှင့် ပစ်ခတ်ခံခဲ့ရသည်ဆိုသော်လည်း လျှိုဝမ်ရှစ်၏ လက်ရာများကြောင့် ဝ၍ပင်လာသေးသည်။
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို လောင်းထည့်ရင်း ပြောလိုက်သည်။ “တကယ်တော့ ကျုပ်က ခင်ဗျားကို ဖမ်းဆီးထားတယ်ဆိုပေမယ့် ဆိုးဆိုးရွားရွားတော့ မဆက်ဆံပါဘူး၊ အနည်းဆုံးတော့ အစားအစာနဲ့ နေဖို့ထိုင်ဖို့ ပေးထားသေးတယ်လေ”
ခရမ်းရောင်ဘုရင်သည် သူ့အား လျစ်လျှူရှုကာဖြင့် ဆက်လက်ကာ စားသောက်လျက်ရှိသည်။ အရသာရှိသည့် အစားအသောက်များကို စားသောက်ပြီးသည့်နောက်မှာတော့ ဝိုင်တစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်၏။ “လာစမ်း ပစ်တော့”
“သူ့ကို ခေါ်သွားတော့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဘုန်း
တောင်၏ အနောက်ဘက်ဆီမှ ကျယ်လောင်လှသော အမြှောက်သံကြီး ထွက်ပေါ်လာသည်။ မကြာခင်မှာပဲ ခရမ်းရောင်ဘုရင်သည် အကျဉ်းထောင်ထဲသို့ ဆွဲကာခေါ်လာခြင်းကို ခံရတော့သည်။
ကျွင်းချောင်ရှောင်းသည် အလျင်မလိုချေ။ သူ၏ အထင်အမြင်အရဆိုလျှင် တစ်ဖက်လူသည် အရသာရှိသော အစားအသောက်များကြောင့် ထိန်းချုပ်ခြင်း ခံနေရပြီဖြစ်၏။
..........
“ဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်လာပြီ”
နောက်တစ်ရက်မှာတော့ စုရှောင်မို၊ လီဖေးနှင့် တခြားသူများ အားလုံးသည် တပြုံးပြုံးနှင့် ပြန်လာကြတော့သည်။ သူတို့သည် ထိုက်ရွှမ်အအေးဂိုဏ်းမှ ကောင်လေးနှင့် ကောင်မလေးတို့ နောက်သို့ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်ရန်ကျူးမှ ထွက်ခွာသွားပြီး တောတစ်ခုထဲသို့ ဝင်ရောက်ချိန်တွင် သူတို့သည် သားရဲရိုင်းများ အားလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် သွားရောက် မျှားခေါ်ခဲ့သည်။ သူတို့၏ လှုပ်ရှားမှုသည် နည်းလမ်းဟောင်းကြီး ဖြစ်သည်ဆိုပေမယ့် အကျိုးသက်ရောက်မှုမှာတော့ မဆိုးလှချေ။
ထိုက်ရွှမ်အအေးဂိုဏ်း၏ တပည့်နှစ်ယောက်တို့သည် အားကောင်းလှသည်ဆိုသော်လည်း များပြားလှသည့် သားရဲရိုင်းများနှင့် ရင်ဆိုင်ရသည့် အခြေအနေမှာတော့ ကြီးမားလှသည့် ပေးဆပ်မှုကို ပေးဆပ်လိုက်ရတော့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့သည် စီနီယာအစ်မကြီးဖန်အတွက် ပြိုင်စံရှားဂိုဏ်းသို့ အမှတ်မထင် ရောက်ရှိလာပြီး လုချင်းချင်းကို လာရောက် လှောင်ပြောင်ခဲ့၏။ နောက်ဆုံးမှာတော့ ၎င်းတို့အားလုံးသည် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဗရပွဖြင့် ပြန်သွားခဲ့ရတော့သည်။
..........
ဟောခန်းသခင်လီသည်လည်း အလွန်ပင် အစွမ်းထက်လှသူဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပဲ ထိုက်ရွှမ် အအေးဂိုဏ်း၏ သတင်းများကို စုဆောင်းရရှိခဲ့တော့သည်။
“ဂိုဏ်းချုပ်”
သူမက သတင်းပို့လိုက်သည်။ “ဟိုမိန်းကလေး ပြောတဲ့ စီနီယာအစ်မဖန်ဆိုတာ ဖန်လင်းယု လို့ခေါ်တယ်၊ သူက ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာတော့ အထူးချွန်ဆုံးသော တပည့်တစ်ယောက်ပဲ”
“သူနဲ့ လုချင်းချင်းကြားမှာ ပြဿနာရှိတာလား၊ ရန်ငြှိုးတစ်ခုခုရှိတာလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လီလိုရှုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အဲတာကိုတော့ အခုထိ မသိသေးဘူး”
မိုးဆွေဟောခန်းသည် ဂိုဏ်းတစ်ခု၏ သတင်းအချက်အလက်များကို စုဆောင်းရရှိနိုင်သည်ဆိုသော်လည်း အကန့်အသတ်တစ်ခုနှင့်သာ ရှိနေ၏။ ဂိုဏ်းအတွင်း တပည့်များ၏ ကိစ္စရပ်များအား အပြင်ဘက်သို့ ထုတ်ဖော် ပြောဆိုမည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ ထို့ကြောင့် ဤအရာမျိုးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်မှာ အလွန်ပင် ခက်ခဲလှ၏။
“ဒီအမျိုးသမီးကို ပိုပြီးတော့ အာရုံစိုက်ထား” ကျွင်းချောင်ရှောင်း မှာကြားလိုက်သည်။
“ကောင်းပါပြီ”
........
ဟူး ဟူး
အတွင်းခြံဝန်း၏ ထောင့်အခန်းထဲမှာတော့ အော်ရာများ များပြားစွာ ထွက်ပေါ်လာခဲ့တော့သည်။ သိုင်းဘုရင် ဆေးလုံး၏ အကူအညီဖြင့် သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားသော တပည့်တစ်ရာနီးပါခန့်တို့သည် ထိုအခန်းထဲတွင် အဆင့်တက်လျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းထဲတွင် သိုင်းဘုရင်များ ပိုမိုများပြားလာခဲ့တော့သည်။ သို့ပေမဲ့ သိုင်းအုပ်စိုးသူ အရေအတွက်မှာတော့ နည်းပါးနေသေး၏။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “သူတို့ကို အားကုန်ထုတ်ပြီးတော့ သိုင်းအုပ်စိုးသူအဆင့်ထိရောက်အောင် ကြိုးစားကြပါလို့ ငါမပြောခဲ့ဘူးလား”
“ဂိုဏ်းချုပ်... ကျုပ်တို့အားလုံး အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ”
ကျန့်ရာသည် ဆွံ့အလျက်ရှိ၏။ “ဒါပေမဲ့ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ဆိုတာ အရမ်းကို ခက်တယ်၊ နက်နဲလှတဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ နားလည်မှုတွေကို ပိုမိုရရှိဖို့ လိုသေးတယ်”
သူနှင့် နင်ညီအစ်ကိုတို့သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည်မှာ အချိန်အတော် ကြာမြင့်နေပြီ ဖြစ်၏။ သို့ပေမဲ့ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်နိုင်ရန်အတွက် မည်သည့်လက္ခဏာမှ ထွက်ပေါ်မလာသေးချေ။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏။ နောက်တစ်ဆင့်ကို ချိုးဖြတ်နိုင်ရန်ဆိုသည့်ကိစ္စမှာ အလျင်လို၍ ရသည့် အရာမျိုးလည်း မဟုတ်ချေ။
“ထားလိုက်ပါတော့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “အရင်ဆုံးသွားပြီးတော့ အားမွေးထားတော့”
သူသည် အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် စဉ်းစားလိုက်၏။ သို့ပေမဲ့ မသွားခင်မှာပဲ သူသည် ခရမ်းရောင်ဘုရင်အား မည်သည့်အစားအစာမှ မကျွေးမွေးရန် စုရှောင်မိုအား မှာကြားထားခဲ့၏။
ဟုတ်ပေသည်။ လောင်ချာနှင့်ပစ်ခတ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်လျက်ရှိ၏။ အကြိမ်ပေါင်းများစွာ ပစ်ခတ်ပြီး သည့်နောက်မှာတော့ ရှောင်ကျီ၏ လက်နက်ပစ်ခတ်မှု စွမ်းအင်သည် ပိုမို၍ အားကောင်းလာခဲ့သည်။ သူ့အနေနှင့် အမြန်နှုန်းဖြင့် ရွေ့လျားနေသည့် ပစ်မှတ်ကိုပင် ထိအောင် ပစ်ခတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
လောင်ချာနှင့် မည်မျှပစ်ခတ်သည်ဆိုဆို ခရမ်းရောင်ဘုရင်ကလည်း ဂရုမစိုက်ချေ။ သို့ပေမဲ့ အစားအစာများကို ဖြတ်တောက်ထားခြင်းကိုတော့ သူမည်သို့မျှ သည်းမခံနိုင်ချေ။
ဂွီ ဂွီ
ထောင်ထဲမှာတော့ ခရမ်းရောင်ဘုရင်၏ ဝမ်းဗိုက်သည် တဂွီဂွီနှင့် မြည်လျက်ရှိသည်။ သူသည် အားပျော့စွာဖြင့် ပြောလိုက်မိ၏။
“ငါ …. ငါဆာလိုက်တာ”
သူ၏ဝမ်းဗိုက်သည် လျှိုဝမ်ရှစ်၏ အစားအစာနှင့်မှ ဗိုက်ပြည့်သလို ခံစားနေမိတော့၏။ နှစ်ရက်လောက် အစားအစာများ မစားသောက်ရသည့်နောက်မှာတော့ သူသည် လောင်ချာနှင့်ပစ်ခတ်ခံရခြင်းထက် ပိုမို၍ အားပြတ်သလို ခံစားနေရသည်။ သူသည် အစားအစာများကို စားခဲ့ရသည်လား၊ ဆေးခတ်ထားသည့် အရာများကို စားခဲ့ရသည်လား မသဲကွဲလှချေ။
စတုတ္ထနေ့ကို ရောက်ချိန်မှာတော့ ပြတင်းပေါက်ဆီမှ အလွန်တရာ မွှေးပျံ့သော ဟင်းအနံ့များ ထွက်ပေါ်လာခဲ့တော့သည်။ ခရမ်းရောင်ဘုရင်သည် အတင်းရုန်းကန်ထကာ မတ်တပ်ရပ်လိုက်၏။ သူ၏လက်များမှာတော့ အားပြတ်စွာဖြင့် အကျဉ်းထောင်တံခါး၏ သံတိုင်ဆီသို့ လှမ်းကိုင်လိုက်မိသည်။
“ဒီဘုရင်က စားချင်တယ်၊ ဒီဘုရင်က စားချင်တယ်”
“စားချင်တာက ကောင်းပါတယ်”
ကျွင်းချောင်ရှောင်း၏ အသံထွက်ပေါ်လာသည်။ “ကျုပ်ကို အညံ့ခံလိုက်”
“မင်း”
ခရမ်းရောင်ဘုရင်သည် ချက်ချင်းဆိုသလိုပဲ နားလည်သွားမိ၏။ ဤအစားအစာများကို အသုံးပြုကာ သူ့အား အညံ့ခံအောင် တမင်ကြိုးစားနေသည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။ “ဒီဘုရင်က လူသားတွေကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး၊ ဆာပြီး သေသွားမယ်ဆိုရင်တောင်ပေါ့”
“ဒါဆိုရင် ဆက်ပြီး အဆာခံလိုက်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် နောက်ထပ် သုံးရက်တိတိ ထပ်မံကာ အဆာခံခဲ့ရတော့သည်။ ကံမကောင်းဆုံးသောသူမှာ ကျိုးဒူဒူ ပင် ဖြစ်တော့သည်။ အဘယ်ကြောင့် ဆိုသော် သူသည်လည်း ဆာလောင်နေသောကြောင့်ပင်ဖြစ်သည်။ ဤအတောအတွင်း သူသည် ရေသောက်၍သာ ဗိုက်မှောက်၍ နေခဲ့ရ၏။
အစ်ကိုကြီး... ခင်ဗျားတို့ ဒီစိတ်ဝိညာဉ်သားရဲကို နှိပ်စက်ချင်ရင်လည်း ဘာလို့ ကျုပ်ကိုပါ ဆွဲထည့်နေရတာလဲ။
ကျွီ
နောက်တစ်ရက်မှာတော့ တံခါးပွင့်လာခဲ့တော့သည်။ သူတို့အားလုံး စောင့်မျှော်နေသော နေအလင်းရောင်သည် အကျဉ်းထောင်ထဲသို့ ကျဆင်းလာ၏။ စုရှောင်မိုသည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ စားပွဲပေါ်သို့ ထမင်းပန်းကန်ကို တင်လိုက်သည်။ ပြီးနောက် ကျိုးဒူဒူ ကို လက်ယပ်ကာ ခေါ်လိုက်၏။ “လာ စားတော့”
ရွှီး
မူလအားဖြင့် ဆာလောင်လျက်ရှိသော ကျိုးဒူဒူ သည် စားဆိုသော စကားသံကို ကြားရချိန်မှာတော့ ချက်ချင်း ဆိုသလိုပဲ မတ်တပ်ရပ်၍ စားပွဲဆီသို့ ပြေးလာခဲ့တော့သည်။ ပြီးနောက်မှာတော့ သူသည် တူကိုတောင် မယူတော့ဘဲ ထမင်းများကို လက်ဖြင့်နယ်၍ အားရပါးရ စားသောက်တော့သည်။
ထမင်းစားရန် ရှေ့သို့ လှမ်းတက်လာသော ခရမ်းရောင်ဘုရင်ကိုတော့ စုရှောင်မိုက တားဆီးလိုက်၏။ “ခင်ဗျား မပါဘူး”
ရက်အတော်ကြာ ငတ်ပြတ်နေသော ကျိုးဒူဒူ မှာတော့ ထမင်းစားနေရင်းမှာပဲ မျက်ရည်များ ကျလျက် ရှိသည်။
ဂွီ ..
ဂလု ….
ခရမ်းရောင်ဘုရင်သည် တံတွေးကို မျိုချလိုက်မိ၏။ သူသည် ခေါင်းကို တစ်ဖက်သို့လှည့်ရန် ကြိုးစားနေမိ၏။ သို့ပေမဲ့ သူ၏ မျက်စိသူငယ်အိမ်များမှာတော့ အစားအစာ ရှိရာဘက်သို့သာ ရွေ့လျားလျက်ရှိသည်။
“အားရကျေနပ်စရာ ကောင်းလိုက်တာ”
အစားအစာများကို စားပြီးသည့်အချိန်မှာတော့ ကျိုးဒူဒူ သည် သူ၏ဝမ်းဗိုက်ကို အသာပွတ်သပ်ကာဖြင့် သစ်သားပြားပေါ်တွင် လှဲလိုက်သည်။ သူသည် လောက၏ နိဗ္ဗာန်ကိုပင် ရရှိလိုက်သလို ခံစားနေမိ၏။
“ချီး … ချီးတဲ့မှ”
စုရှောင်မိုတို့ ထွက်ခွာသွားသည်ကို စောင့်ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် ထမင်းဝိုင်းဆီသို့ ခက်ခက်ခဲခဲ ရောက်လာ၏။ ပြီးနောက် သူသည် စားပွဲပေါ်တွင်ရှိနေသော ထမင်းစေ့ တစ်စေ့အား နီရဲနေသော မျက်လုံးတစ်စုံဖြင့် ဒေါသတကြီး ကြည့်လိုက်၏။
"တောင့်ခံရမယ်၊ ဒီဘုရင်က ကျိန်းသေပေါက် တောင့်ခံရမယ်"
တစ်နေ့မှာတော့ ကျိုးတူတူသည် အစားအစာများကိုစားပြီး လှဲလျောင်းနေသည့် အချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် လှမ်းလျှောက်လာခဲ့၏။ ထမင်းပန်းကန်ထဲတွင် ကျန်ခဲ့သော ထမင်းစေ့တစ်စေ့ကို မြင်လိုက်ရချိန်မှာတော့ သူ၏မျက်လုံးများသည် လင်းလက်လျက် ရှိသည်။ သူသည် ပန်းကန်ကို အသာမကောက်ယူမိစေရန် တစ်ဖက်သို့လှည့်၍ တင်းခံနေမိ၏။ ထိုအချိန်မှာတော့ သူ၏ ဘယ်ဘက်နားဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ခရမ်းရောင်ဘုရင်လေ၊ သားရဲမျိုးနွယ်ရဲ့ ဘုရင်ပဲ၊ ဘာလို့ ထမင်းလုံးလေး တစ်လုံးအတွက်နဲ့ အောက်ကျို့ခံနေမှာလဲ၊ ငါ့စကားကို နားထောင်၊ ပန်းကန်ကို ရိုက်ခွဲပစ်လိုက်"
"ကောင်းပြီ"
ဤဘုရင်သည် သားရဲမျိုးနွယ်၏ ဘုရင်တစ်ယောက်ဖြစ်သည်။ သူ့အနေနှင့် ဇွဲကောင်းမှ ဖြစ်ပေလိမ့်မည်။ ခရမ်းရောင်ဘုရင်သည် ပန်းကန်လုံးကို မြှောက်လိုက်ချိန်မှာပဲ အသံတစ်သံသည် သူ၏ညာဘက်နားဆီသို့ တိုးဝင်လာခဲ့သည်။
"လူသားတွေက ပြောကြတယ်လေ၊ လူတစ်ယောက်အနေနဲ့ အစားအစာနဲ့ ပတ်သက်ရင် ရောင့်ရဲတင်းတိမ်မှု ရှိရမယ်၊ အစားအစာတွေကို မဖြုန်းတီးရဘူး"
"ခွဲပစ်လိုက်စမ်း"
"စားလိုက်"
အသံနှစ်သံသည် သူ၏ နားထဲသို့ တိုးဝင်လျက်ရှိသည်။
ခရမ်းရောင်ဘုရင်၏ အမူအရာသည် ရှုပ်ထွေးနေတော့သည်။ သူသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေသည်။ အဆုံးသတ်မှာတော့ သူသည် ခေါင်းကို ခါယမ်းလိုက်၏။ အသံနှစ်သံသည် လုံးဝပျောက်ကွယ်သွားတော့သည်။ ပြီးသည့်နောက်မှာတော့ လျှာကို ထုတ်ကာဖြင့် ပန်းကန်လုံး၏ ဘေးတစ်ဖက်တွင် ကပ်လျက်ရှိသော ထမင်းစေ့တစ်စေ့အား အသာလှမ်းထိလိုက်၏။ ပြီးနောက် ချက်ချင်းပဲ မြိုချလိုက်တော့သည်။ ထမင်းစေ့ တစ်စေ့တည်း ဖြစ်သည်ဆိုသော်လည်း ကောင်းမွန်သည့် အရသာများ ပါဝင်နေသောကြောင့် သူ၏ဝိညာဉ်သည် လေဟာနယ်ထဲတွင် လူးလွန့်သွားလာနေသလိုပင် ခံစားမိနေ၏။
ဘုန်း
ခရမ်းရောင်ဘုရင်သည် နေရာမှာတွင် တွေတွေကြီး ရှိလျက်နေလေ၏။ “အရသာရှိလွန်းတယ်၊ အရသာရှိလွန်းတယ်”
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိပြီး ပဲစေ့အရွယ်ခန့် မျက်ရည်များသည် ပါးပြင်ပေါ်သို့ ကျဆင်း လာခဲ့၏။
ထိုအချိန်မှာပဲ ပူနွေးလျက်ရှိသော ထမင်းပန်းကန်တစ်လုံးသည် သူ၏ မျက်လုံးရှေ့တွင် ပေါ်လာတော့၏။ ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်တွင် ရောက်ရှိနေပြီး လက်ကိုအသာတိုးပေးကာ ပြောလိုက်သည်။ “ကျုပ်စိတ်ပြောင်းသွားပြီ၊ ခင်ဗျား အညံ့မခံဘူးဆိုရင်တောင်မှ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရင်ရပြီ”
“ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရမှာ ဟုတ်လား”
ခရမ်းရောင်ဘုရင်သည် အတင်းကြိုးစားကာဖြင့် သူ၏ခေါင်းကို မော့လိုက်သည်။ မျက်လုံးထဲမှာတော့ ဒေါသတရားများနှင့် ပြည့်နှက်နေသည်။ “ဒါက အညံ့ခံတာနဲ့ ဘာကွာခြားလို့လဲ”
“ကွာခြားတာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အညံ့ခံမယ်ဆိုရင် ခင်ဗျားက အစေခံဖြစ်မယ်၊ ဂိုဏ်းထဲကို ဝင်ရင်တော့ တပည့်ဖြစ်မယ်”
“သားရဲမျိုးနွယ်တွေက ဘယ်တော့မှ အညံ့မခံဘူး၊ ကျေးကျွန်တွေ မဖြစ်နိုင်ဘူး” ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထမင်းပန်းကန်ကို ရှေ့သို့တိုးပေးကာ ပြောလိုက်၏။ “ကျုပ် စားစရာနဲ့ နေစရာကို ထောက်ပံ့ပေးမယ်”
“မင်းက သားရဲမျိုးနွယ်ဘုရင်ကို အထင်သေးနေတာပဲ” ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး ပြောလိုက်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ထမင်းပန်းကန်က ခင်ဗျားရှေ့မှာ၊ ခင်ဗျားသဘောတူရင်လည်း စားလိုက်၊ သဘောမတူဘူးဆိုရင်လည်း လွှတ်ပစ်လိုက်တော့၊ ဆုံးဖြတ်ချက်က ခင်ဗျားဆီမှာပဲ ရှိတယ်”
ခရမ်းရောင်ဘုရင်သည် ခေါင်းကိုငုံ့လိုက်၏။ ပြီးသည့်နောက်မှာတော့ ပူနွေးလျက်ရှိနေသော အစားအစာ ပန်းကန်ကို လှမ်းကြည့်လိုက်ကာ ခက်ခက်ခဲခဲ စဉ်းစားနေမိသည်။
“ဂိုဏ်းချုပ်ကျွင်း”
ကျိုးဒူဒူ သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “သူစားမှာ မဟုတ်ဘူး၊ ကျုပ်စားလို့ ရလား”
“ဒါဆိုလည်း စားလိုက်တော့”
ကျိုးဒူဒူ သည် မြန်မြန်ပဲ လှမ်းလာပြီး ခရမ်းရောင်ဘုရင်၏ လက်ထဲတွင်ရှိသော ပန်းကန်ကိုယူရန် ပြင်လိုက်သည်။ ခရမ်းရောင်ဘုရင်၏ခေါင်းသည် ရုတ်တရက် လှည့်လာပြီး စူးရှသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “သွားစမ်း”
သူသည် ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ တူကို ကောက်ကိုင်လိုက်သည်။ သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် သဘောတူပြီ၊ ကျုပ်က တပည့်ပဲ၊ ကျေးကျွန် မဟုတ်ဘူး”
“အစားအစာနဲ့ နေစရာတွေကို ထောက်ပံ့ပေးမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ခရမ်းရောင်ဘုရင်သည် မည်သို့မှ မတတ်နိုင်တော့ဘဲ ကြီးမားသည့် ပါးစပ်ကြီးကိုဟကာ အစားအစာများကို အားရပါးရ စားသောက်တော့၏။
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကို ထုတ်ယူကာ ပြောလိုက်သည်။ “ခရမ်းရောင်ဘုရင်ဆိုတဲ့ နာမည်ကို သုံးလို့မရဘူး၊ အဲတော့ ခင်ဗျားရဲ့ နာမည်ကို ကျိရှုလို့ သုံးရအောင်”
ခရမ်းရောင်ဘုရင်သည် သူ့အား လျစ်လျူရှုထားပြီး ထမင်းကိုသာ စားလျက်ရှိသည်။ “နောက်တစ်ပန်းကန် ပေးအုံး”
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား အသာဖြည့်ပြီးသည့်နောက်မှာတော့ လက်မှတ်ထိုးခိုင်းတော့သည်။ “ဒါပြီးရင် စားသောက်ခန်းထဲမှာ ပန်းကန်ကြီး အကြီးကြီး ရှိတယ်၊ ကြိုက်သလောက် သွားစားလို့ ရတယ်”
ပန်းကန်ကြီး အကြီးကြီးဆိုသည့် စကားကို ကြားရချိန်မှာတော့ ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် လင်းလက်သွားသည်။ သူသည် တစ်ချက်ကလေးမှ နှောင့်နှေးမနေတော့ဘဲ လက်မှတ်ရေးထိုးလိုက်၏။
“ဒင်... ဂိုဏ်းသား - ၂၀၀၀၁ / ၅၀၀၀၀”
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား လှမ်းယူပြီးသည့်နောက် ပြောလိုက်သည်။ “နောက်ဆုံးတော့ ဒီလူကို ရပြီပဲ၊ ရှောင်မို... မြန်မြန် သူ့ရဲ့ကိုယ်မှာ ချည်ထားတဲ့ ချိန်းကြိုးတွေကို ဖြတ်ပေးလိုက်တော့”
“ကောင်းပါပြီ”
ခရမ်းရောင်ဘုရင်၏ ခြေထောက်တွင် ချုပ်နှောင်ထားသော ကြိုးများအားလုံးကို ပြန်လည် ဖြည်ပြီးပြီဖြစ်သည်။
“သောက်လူသားတွေ၊ ငါ့အနေနဲ့ အရင်ဆုံး စားလိုက်အုံးမယ်”
ရုတ်တရက်ဆိုသလိုပဲ သူ၏မျက်နှာဆီသို့ အတွင်းခံတစ်ခု ပျံကာ ရောက်ရှိလာပြီသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအတိုင်း လျှောက်ပြီး သွားနေလို့ မရဘူး၊ ဒါကို ဝတ်ထားလိုက်”
ဤအရာသည် စတိုးဆီမှ ရရှိထားသော ဖျက်ဆီး၍မရနိုင်သည့် အတွင်းခံပင် ဖြစ်သည်။ ဤအရာသည် လျှော်ဖွပ်စရာ မလိုအပ်သလို နံလည်းမနံချေ။ သို့ပေမဲ့ အနီရောင်ဖြစ်သည်မို့ စူပါမန်းနှင့်တော့ ဆင်တူလျက် ရှိသည်။
ခရမ်းရောင်ဘုရင်သည် စားသောက်ခန်းထဲတွင် ထိုင်လျက် ထမင်းများကို အားရပါးရ စားသုံးလျက် ရှိ၏။
အားဟိုင်နှင့် ရိဟိုင်တို့သည် စားပွဲပေါ်သို့ ဟင်းပွဲ တစ်ပွဲပြီးတစ်ပွဲ တင်နေ၏။ အားလုံးပြီးစီးသည့် နောက်မှာတော့ လျှိုဝမ်ရှစ်သည် ခရမ်းရောင်ဘုရင်၏ ရှေ့တည့်တည့်တွင် သွားထိုင်၍ ပြုံးလိုက်သည်။ “စီနီယာအစ်မရဲ့ အစားအစာ လက်ရာတွေကို နှစ်သက်တယ်ပေါ့”
ခရမ်းရောင်ဘုရင်သည် ရုတ်တရက် စားသောက်နေရာမှ ရပ်တန့်ကာ မေးလိုက်သည်။ “ဒါတွေကို မင်းလုပ်တာပေါ့”
“ဟုတ်တယ်”
လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “ဂိုဏ်းရဲ့တပည့် ဖြစ်လာပြီဆိုတော့ အစားအစာနဲ့ပတ်သက်ပြီးတော့ ကျွန်မက တာဝန်ယူပေးမယ်”
ခရမ်းရောင်ဘုရင်သည် မည်သည့်စကားကိုမှ မဆိုချေ။ အရသာရှိသော အစားအစာများ မျိုးစုံကို ဆက်လက်ကာ စားသုံးလိုက်တော့၏။