အခန်း (၇၄၃)
Vol. 50 Ch. 743
သားရဲများသည် ဘယ်တော့မှ ကျေးကျွန်မဖြစ်ချေ။ သို့ပေမဲ့ သူသည် တပည့်တစ်ယောက်ဖြစ်၏။ ကျေးကျွန် တစ်ယောက် မဟုတ်ချေ။
“ဆာလို့သေသွားမယ်ဆိုရင်တောင်မှ စားမှာမဟုတ်ဘူး၊ အင်ပါယာကြီးတစ်ခုကို တည်ဆောက်ချင်တဲ့ စိတ်ကြောင့် ငါက ဒီလိုမျိုး အရှက်ခွဲခံရမှုကို သည်းခံထားရမယ်၊ လုံးဝမဖြစ်ဘူး”
ဤကဲ့သို့ တွေးတောထားခဲ့သော ခရမ်းရောင်ဘုရင်သည် အစားအသောက်များ၏ အရသာရှိမှုကို မည်သို့မျှ မတောင့်ခံထားနိုင်တော့ဘဲ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့တော့သည်။
“ခင်ဗျားက အသစ်လား”
“...”
“ကျုပ်က တံခါးပိတ်ဖို့ တာဝန်ယူထားရတယ်၊ ဒီတော့ ခင်ဗျားက တံခါးဖွင့်ဖို့ တာဝန်ယူ”
“...”
တံခါး၏ ရှေ့ဝမှာတော့ ခရမ်းရောင်ဘုရင်နှင့် ဟယ်ဝူတီတို့သည် မျက်နှာချင်းဆိုင်လျက် ရှိသည်။ ၎င်းတို့ နှစ်ယောက်သည် တံခါးစောင့် နတ်ဘုရားကြီး နှစ်ပါးလိုပင်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ စိတ်ပူပင်နေမိ၏။ ခရမ်းရောင်ဘုရင်သည် လေးလေးနက်နက် ဂိုဏ်းထဲသို့ ဝင်ရောက်လာခြင်း မဟုတ်ပေ။ ၎င်း၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာမည် ဆိုပါက ပြန်လည်ထွက်ခွာသွားမည်ကို သူစိုးရွံ့နေမိ၏။ ဤကဲ့သို့ အရိုက်အနှက်ခံနိုင်ပြီး သားရဲများကို ထိန်းချုပ်နိုင်သောသူအား ဂိုဏ်းအနေနှင့် လက်လွှတ်ပေး၍ မဖြစ်ချေ။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းသည် သူမအား သတိပေးလိုက်၏။ “ဒီလူ့ကို မင်းလက်ထဲ အပ်ထားလိုက်မယ်၊ နေ့စဉ် နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေ ဖန်တီးပြီး သူ့ကို ကျွေးမွေးလိုက်”
လက်ရှိအခြေအနေတွင် သူလုပ်နိုင်သည့်အရာမှာ တစ်ခုတည်းရှိ၏။ အရသာရှိသော အစားအစာများနှင့် ဖြားယောင်း သိမ်းသွင်းထားရန်ပဲ ဖြစ်တော့သည်။
အင်း
လျှိုဝမ်ရှစ်သည် ခေါင်းညိတ်လိုက်၏။ ဤအရာနှင့်ပတ်သက်လျှင် သူမ အလွန်ယုံကြည်ချက် ရှိနေ၏။
အဓိက ဟောခန်းထဲသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်လိုက်မိသည်။ “ဟုတ်ပြီ၊ ဒီမိန်းကလေးက နေ့စဉ်နေ့တိုင်း ဂိုဏ်းအတွက် အစားအသောက်တွေ ချက်ပြုတ်ပေးတယ်လေ၊ ဒီတော့ သူမဆီမှာ ကုသိုလ်မှတ်တွေ တော်တော်များနေနိုင်တယ်၊ ဟုတ်တယ် မဟုတ်လား”
သူသည် စနစ်အား ဖွင့်၍ လင်းယွမ်ခန်းမဆောင်အား နှိပ်ကာ ကြည့်မိလိုက်သည်။ လျှိုဝမ်ရှစ်၏ နာမည်ကို ရှာဖွေကြည့်ပြီးသည့်နောက်မှာတော့ ကုသိုလ်မှတ်နေရာတွင် တစ်ရာအတိ ရှိနေသည်ကို မြင်လိုက်ရ၏။ ဘေးတစ်ဖက်တွင်လည်း အတည်ပြုမည်ဆိုသော ခလုတ်တစ်ခု ပေါ်နေသည်။
“ထင်ထားတဲ့ အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီမိန်းကလေးက ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ခဲ့တယ်၊ ဒါကြောင့် ကုသိုလ်မှတ်တွေ အများကြီး ရနေတာပဲ”
ဟုတ်ပေသည်။ သူမသည် ဂိုဏ်းထဲတွင်ရှိနေသောသူများအတွက် တစ်နေ့လျှင် အစားအစာ သုံးနပ်စာ ပြင်ဆင် ပေးရသည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။
“ဒီမိန်းကလေးက သိုင်းပညာနဲ့ပတ်သက်ရင် ထူးချွန်တာလည်း မဟုတ်ပဲနဲ့ ဂိုဏ်းအတွက် တော်တော်ကြီးကို အကျိုးဆောင်ခဲ့တာပဲ၊ ဒီတော့ နှစ်ဆယ့်လေးနေရာမှာ တစ်နေရာစာတော့ ရမှဖြစ်လိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် လုပ်ဆောင်ချက်များအား အသက်သွင်းနိုင်သူအဖြစ် အတည်ပြုမည်ဆိုသောအရာကို နှိပ်ရန်စဉ်းစားလိုက်သည့်အချိန်မှာပဲ သူ၏ စိတ်ထဲတွင် တွေးစရာများ ပေါ်ပေါက်လာခဲ့သည်။
လျှိုဝမ်ရှစ်သည် အစောကြီးကတည်းက ဂိုဏ်း၏ အစားအစာများနှင့် ပတ်သက်၍ စီမံခန့်ခွဲရာတွင် အလုပ်များနေသူဖြစ်သည်။ ထိုအရာကို တွေးတောမိသည့်နောက်မှာတော့ အတည်ပြုမည်ဆိုသော စာတမ်းကို မနှိပ်ပဲ ကျော်မည်ဆိုသော စာတမ်းကိုသာ ရွေးချယ်ကာ နှိပ်လိုက်တော့၏။
“လက်ခံသူက သနားညှာတာမှုတော့ ရှိသေးတာပဲ” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျှူရှုပြီးသည့်နောက်မှာတော့ တွေးလိုက်မိ၏။ ရှောင်ကျီသည် လိုအပ်သည့် ကုသိုလ်မှတ်များ ပြည့်ဝသွားပြီဆိုသည်နှင့် တပြိုင်နက် ပန်းပဲခန်းမဆောင်ကို အသက်သွင်းနိုင်ရန်အတွက် လုံလောက်သည့် အခွင့်အာဏာကို ရရှိပေလိမ့်မည်။ သူ့အနေနှင့် အစောကြီး ကတည်းက တပည့်များကို မည်သည့်နေရာပေးမည်ကို ကြိုတင်ကာ စဉ်းစားလိုက်တော့၏။ ထိုမှသာလျှင် သူသည် လွတ်လွတ်လပ်လပ်နှင့် သွားလာနိုင်မည် မဟုတ်ပါလား။
..........
ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ချပြီးသည့်နောက်မှာတော့ ရုတ်တရက် သူမ၏ လက်ဆီမှ ဆန်းကြယ်လှသော အော်ရာများ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်၏။ “ဒါဘာဖြစ်တာလဲ”
မိန်းကလေး၏လက်သည် အနည်းငယ် နွေးထွေးလာသလို ခံစားမိလိုက်၏။ မော့ကြည့်လိုက်သည့်နောက်မှာတော့ လက်ဆီမှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို မီးထတောက်တော့မလို ဖြစ်နေသည်။
“မီးလောင်သွားတာလား”
လျှိုဝမ်ရှစ်သည် မျက်လုံးပြူးသွားမိ၏။ ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် သူမသည် အံ့အားသင့် မိသည်ဆိုသော်လည်း ကြောက်လန့်မှုတော့ မရှိချေ။ သူမ၏လက်သည် ပူလောင်သည်ကို ခံစားမိသော်လည်း မည်သည့်နာကျင်မှုကိုမှ မခံစားရချေ။ ထို့အပြင် သက်တောင့်သက်သာ ခံစားမှုကိုပင် ထပ်မံရရှိနေသေး၏။
ဟူး ဟူး
သူမ၏လက်ဝါးများသည် တဖြည်းဖြည်း ပူလောင်လာပြီးသည့်နောက်မှာတော့ မီးတောက်များ ထွက်ပေါ်လာ သည်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် လက်ကြီးကိုမြှောက်၍ ဂိုဏ်းချုပ်ရှိရာ အဓိက ဟောခန်းဆီသို့ ပြေးသွားတော့သည်။ “ကျွန်မရဲ့ လက်တွေ မီးလောင်နေပြီ”
ဟမ်
ကျွင်းချောင်ရှောင်းသည် အလွန်တရာ အံ့အားသင့်မိသွား၏။ နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သောသူတစ်ယောက် ဖြစ်သည်မို့ ဤမိန်းကလေး၏ လက်ဆီမှ မီးတောက်များသည် ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်မှ ဖြစ်တည် လာသည့်အရာများ မဟုတ်ကြောင်း ကောင်းကောင်းခံစားမိ၏။
စနစ်က ပြောလိုက်သည်။ “ဒါက မီးဖိုနတ်ဘုရား မီးပဲ၊ ရိုးရိုးရှင်းရှင်း ပြောရရင် ဒီမီးတောက်မျိုးက အရမ်းကို ရှားပါးတယ်၊ နတ်ဘုရားအဆင့် မီးမျိုးစေ့အချို့ထက် ဘယ်လိုမှ အားမနည်းဘူး၊ ဒါပေမဲ့ တိုက်ခိုက်ရာမှာ အသုံးပြုရတာမဟုတ်ဘူး၊ ချက်ပြုတ်တဲ့ နေရာမှာ သုံးတာ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
“ဒါဆိုရင် အသုံးမဝင်ဘူးပေါ့”
စနစ်က ပြောလိုက်သည်။ “မင်းလိုမျိုး ကြက်ဥတစ်လုံးကိုတောင် ဘယ်လိုကြော်ရမှန်း မသိတဲ့လူအတွက်တော့ အသုံးမဝင်ဘူးပေါ့၊ ဒါပေမဲ့ လျှိုဝမ်ရှစ်လိုမျိုး ချက်ပြုတ်တာကို အထူးကျွမ်းကျင်တဲ့ လူတစ်ယောက်အတွက် တန်ဖိုးရှိတဲ့ ရတနာတစ်ခုပဲ”
“ဒါလည်း ဟုတ်တာပဲ”
ဝိုး
ထိုအချိန်မှာပဲ လျှိုဝမ်ရှစ်သည် အားရပါးရ အော်ဟစ်ကာ ပြေးလွှားလာ၏။
“ဂိုဏ်းချုပ် ကြည့်အုံး၊ ကျွန်မရဲ့ လက်အနောက်မှာ စာလုံးတွေ ပေါ်နေတယ်”
ကျွင်းချောင်ရှောင်းသည် လှမ်း၍ကြည့်လိုက်သည့်အချိန်မှာတော့ မီးဖိုနတ်ဘုရားမီးသည် တဖြည်းဖြည်း ပျောက်ကွက်လာခဲ့၏။ သူမ၏လက်ခုံပေါ်တွင် မီးဖိုဆိုသည့်စာလုံးတစ်ခုက ဖြစ်တည်လာသည်။ ပြီးသည့်နောက်မှာ တဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွား၏။
လင်းယွမ်ခန်းမဆောင်သို့ သွားရောက်ကြည့်ရှုလိုက်သည့် နောက်မှာတော့ လျှိုဝမ်ရှစ်၏ နာမည်ရေးသားထားသော စာရွက်၏ အောက်တွင် မီးဖိုဆိုသည့် စာလုံးတစ်ခု ဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။
သူနားလည်သွားခဲ့ပြီ ဖြစ်သည်။ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်ခွင့်ရရှိသော တပည့်သည် နာမည်တစ်ခုကို သီးသန့်ရရှိမည် ဖြစ်သည်။ ဤမိန်းကလေးသည် စားသောက်ခန်းတစ်ခုလုံးကို တာဝန်ယူထားရသူဖြစ်သောကြောင့် မီးဖိုဆိုသော စာလုံးကို ပေးအပ်ခြင်းခံရခြင်းပင် ဖြစ်ပေလိမ့်မည်။
“နေအုံး”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စာလုံး၏အောက်တွင် ရေးသားထားသော စာလုံးသေးများကို မြင်လိုက်ရချိန်မှာတော့ ထိတ်လန့်တုန်လှုပ်သွားမိ၏။ သူပြောလိုက်သည်။ “ကုသိုလ်မှတ် တစ်ထောင် ဟုတ်လား”
ကုသိုလ်မှတ်များသည် မည်သို့ များပြားသည့် အကန့်အသတ်အဖြစ်သို့ ပြောင်းလဲသွားရသနည်း၊ တစ်ရာမှသည် တစ်ထောင်ဆီသို့ တိုးမြှင့်ရောက်ရှိသွား၏။ ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ ပုံတူဆီသို့ သွားရောက်ကြည့်ရှု လိုက်သည့် အချိန်မှာတော့ ကုသိုလ်မှတ်သည် ၅၀ / ၁၀၀၀ ဖြစ်လျက်ရှိသည်ကို သတိပြုမိလိုက်၏။
စနစ်က ပြောလိုက်သည်။ “လင်းယွမ်ခန်းမဆောင်ထဲကို ဝင်သွားတဲ့ တပည့်တွေ အကုန်လုံးက အဆင့်တက်ဖို့ အခွင့်အရေး ရှိတယ်လေ”
ကျွင်းချောင်ရှောင်းက ခေါင်းကို ခါယမ်းလိုက်၏။ “ချင်းယန်နဲ့ တုတုတို့က ကုသိုလ်မှတ်ကို တစ်ထောင်အထိ ရနိုင်တဲ့ အခွင့်အရေးရှိတယ်လေ၊ ဒါပေမဲ့ ချင်းချင်းနဲ့ ရှင်းချန်တို့အတွက်ကတော့ တစ်ရာ ရဖို့တောင် မနည်း ကြိုးစားရမယ်”
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ မီးမျိုးစေ့အသစ်တစ်ခု ရသွားတာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ရှားပါးလွန်းတဲ့ မီးဖို နတ်ဘုရားမီးတောက်ပဲ၊ မင်းရဲ့ချက်ပြုတ်ခြင်းကို အရမ်းကို ကူညီပေးလိမ့်မယ်”
“အဲလိုလား”
လျှိုဝမ်ရှစ်သည် မီးဖိုချောင်နတ်ဘုရားမီးတောက်ဆိုသည့် နာမည်နှင့်ပတ်သက်၍ ဘာမှမသိဘူး ဆိုသော်လည်း သူမ၏ ချက်ပြုတ်ခြင်းနှင့်ပတ်သက်၍ အကူအညီဖြစ်စေမည်ကိုတော့ ပျော်ရွှင်မိ၏။
“ကျွန်မ စမ်းကြည့်လိုက်မယ်”
မိန်းကလေးသည် မီးဖိုချောင်ဆီသို့ လျင်လျင်မြန်မြန် ပြန်သွားပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ထဲရှိ မီးမျိုးစေ့နှင့် ဆက်သွယ်လိုက်၏။ မီးတောက်များသည် သူမ၏လက်ဝါးဆီမှ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ မီးဖိုနှင့် ပေါင်းစပ်သွားသည်။ ထိုအချိန်မှာတော့ မီးဖို၏ အပူချိန်တစ်ခုလုံးသည် သူမနှင့်တသားတည်း ဖြစ်တည်နေသလို ခံစားလိုက်ရ၏။ “ငါက မီးဖိုတစ်ခုလို ဖြစ်သွားတာပဲ”
လျှိုဝမ်ရှစ်သည် အပူမြင့်တက်လာပြီးသည့်နောက်မှာ အိုးထဲသို့ ဆီများ လောင်းထည့်လိုက်တော့၏။ ပြီးနောက် ဘယ်ဘက်လက်ဖြင့် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်၍ ညာဘက်လက်မှ ဂျင်းနှင့်လှီးဖြတ်ထားသော ပစ္စည်းများကို ပစ်ထည့်လိုက်တော့သည်။ မီးဖို နတ်ဘုရားမီးတောက်နှင့် ရင်းနှီးသွားပြီးသည့်နောက်မှာ သူမသည် အစားအသောက်များ၏ အရသာကို ပိုမိုထိန်းချုပ်နိုင်စွမ်း ရှိသွားတော့၏။
“ဒါက မှော်ဆန်လွန်းလိုက်တာ”
လျှိုဝမ်ရှစ်သည် တုန်လှုပ်သွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက်မှာ သူမချက်ထားသော ဝက်သားဟင်းသည် အဆင့်သင့် ဖြစ်သွားခဲ့သည်။ သူမသည် အလောတကြီးဖြင့် ကျွင်းချောင်ရှောင်းကို လှမ်းခေါ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... စားကြည့်ပါအုံး”
“ဒါက အနံ့တစ်ချက်ရှူလိုက်တာနဲ့ အရသာရှိမှန်း သိသာလွန်းတယ်” ကျွင်းချောင်ရှောင်းသည် တူကို ကောက်ယူ၍ အသာညှပ်ယူကာ ကိုက်စားလိုက်တော့သည်။
သူ၏ ဝိညာဉ်တစ်ခုလုံး သည် ကောင်းကင်ထက်သို့ ပျံသန်းပြေးလွှားနေသလို ခံစားလိုက်ရ၏။ ခရမ်းရောင်ဘုရင်သည် ဘေးတစ်ဖက်ဆီမှ လှမ်းလျှောက်လာ၏။ သူ၏ နှာခေါင်းသည် တရှုံ့ရှုံ့နှင့် အနံ့ခံပြီးသည့်နောက်မှာတော့ အနံ့များ ထွက်ပေါ်နေသည့် တည်နေရာဆီသို့ ရောက်ရှိလာသည်။
“ဂျူနီယာမောင်လေး... လာစားကြည့်လေ” လျှိုဝမ်ရှစ်သည် ပြုံးကာပြောလိုက်၏။
အနားသို့ရောက်ရှိလာသော ခရမ်းရောင်ဘုရင်သည် တူနှင့် အသားများကို ကောက်ယူ၍ တစ်ခါတည်း ကိုက်စားလိုက်၏။ ပြီးနောက် သူ၏ ခရမ်းရောင်ဆံပင်များအားလုံးသည် ခေါင်းပေါ်တွင် ထောင်ထသွားတော့သည်။ နောက်ဆုံးမှာတော့ စားသောက်ခန်းထဲတွင် ကျွင်းချောင်ရှောင်းနှင့် ခရမ်းရောင်ဘုရင် တို့သည် ထမင်းစားပွဲကို ဝိုင်းပတ်၍ အားရပါးရ လှည့်လည်စားသောက်လျက် ရှိနေတော့သည်။ ၎င်းတို့ နှစ်ယောက် သည် ဘီလူးသရဲစီးနေသလိုပင်။
လင်းယွမ်ခန်းမဆောင်ထဲတွင်ရှိသော လျှိုဝမ်ရှစ်သည် မီးဖိုဆိုသော စကားလုံးကို လက်ခံရရှိခဲ့၏။ သူမသည် အဆင့် မြင့်တက်ခြင်း၊ စိတ်ဝိညာဉ်အမြစ်များ တိုးတက်ခြင်း မရှိဘူးဆိုလျှင်သော်လည်း အလွန်အားကောင်းလှသော မီးဖိုချောင်နတ်ဘုရားမီးတောက်ကို ရရှိခဲ့၏။ ဤမီးတောက်သည် အစားအစာများ ချက်ပြုတ်ရာတွင် ပိုမို ကောင်းမွန်သော ရလဒ်များ ရရှိအောင် ဖန်တီး ပေးစွမ်းနိုင်၏။ ထို့ကြောင့် လျှိုဝမ်ရှစ်သည် အလွန်ပျော်ရွှင်နေ မိသည်။
အနာဂတ် စားဖိုမှူးပြိုင်ပွဲမျိုးတွင် သူမသည် ကျိန်းသေပေါက် ထပ်မံဗိုလ်ဆွဲလိမ့်မည်ဟု ယုံကြည်ချက် ရှိလို့နေ၏။ သူမအနေနှင့် အားအင်များ တိုးတက်စေရန်အတွက် အစားအစာများကို ဖန်တီးရာတွင် ပိုမို၍ သုတေသန ပြုလုပ်ရမည်ဖြစ်ပြီး ဤမီးတောက်သည် သူမအား ထိုသို့ သုတေသနပြုလုပ်ရာတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ရရှိရန် ကူညီပေးနိုင်ပေလိမ့်မည်။
ပြိုင်စံရှားဂိုဏ်းရှိ တပည့်များအားလုံးမှာတော့ အပျော်ရွှင်ဆုံး လူများပင် ဖြစ်နေကြသည်။ ၎င်းတို့အားလုံးသည် ပိုမို၍ အရသာရှိသော အစားအသောက်များကို စားသောက်နေရပြီဖြစ်၏။
သူတို့ စားသောက်သည့်အချိန်သို့ ရောက်တိုင်း ခရမ်းရောင်ဘုရင်သည် အစောဆုံးရောက်ကာ စောင့်နေသည်ကို အားလုံးက မြင်ကြရ၏။ ဤသတ္တဝါ၏ ဝမ်းဗိုက်သည် လျှိုဝမ်ရှစ်၏ လက်ထဲတွင် ကျရှုံးသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် စိုးရိမ်စရာ မလိုတော့ချေ။ လျှိုဝမ်ရှစ်တစ်ယောက် အစားအသောက်ဟောခန်း၏ ဒုတိယဟောခန်းသခင်အဖြစ် ရှိလို့နေသ၍ ခရမ်းရောင်ဘုရင်သည်လည်း ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေမှာ သေချာ၏။