← Chapters

အခန်း (၇၄၄)

Vol. 50 Ch. 744

အခန်း (၇၄၄)

Vol. 50 Ch. 744

မီးဖိုနတ်ဘုရားမီးတောက်၏ အကူအညီကြောင့် လျှိုဝမ်ရှစ်၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် ပိုမိုကာ တိုးတက် လာခဲ့၏။ ထိုအထဲတွင် အကျိုးကျေးဇူး အများဆုံး ရရှိသည့် သူများမှာ ပြိုင်စံရှားဂိုဏ်းမှ တပည့်များပင် ဖြစ်ကြသည်။ ၎င်းတို့သည် အရသာရှိသည့် အစားအစာများကို နေ့စဉ်စားသုံးနေရသည်သာမက သူတို့၏ ကျင့်ကြံခြင်းမှာလည်း ပိုမို၍ အားကောင်းလာခဲ့သည်။

ဥပမာအားဖြင့် ခရမ်းရောင်ဘုရင်ပင် ဖြစ်တော့သည်။ အချိန် ကြာမြင့်စွာ လောင်ချာဖြင့် ပစ်ခံရပြီးသည့်နောက်မှာ သူသည် အနည်းငယ် အားအင်ပြတ်လပ်လျက်ရှိသည်။ သို့ပေမဲ့ လျှိုဝမ်ရှစ်၏ အစားအစာများကို နေ့စဉ်နေ့တိုင်း စားသုံးပြီးသည့်နောက်မှာတော့ ပိုမို၍ တက်ကြွလန်းဆန်းလာခဲ့သည်။ အသစ်ပြန်လည် မွေးဖွားလိုက်သလိုပင် ခံစားနေမိ၏။

“မိန်းကလေး”

တစ်ရက်မှာတော့ ခရမ်းရောင်ဘုရင်သည် မီးဖိုချောင်တံခါးဆီသို့ ရောက်ရှိလာပြီး တံခါးကိုဖွင့်ကာ ပြောလိုက်၏။ “ဒီဘုရင်ကို အရမ်းကောင်းတဲ့ အစားအစာတစ်ခုခု လုပ်ပေးနိုင်မလား”

“ဂျူနီယာမောင်လေး”

လျှိုဝမ်ရှစ်သည် ဟင်းခတ်ဇွန်းကြီးကိုကိုင်၍ လေးလေးနက်နက် ပြောလိုက်၏။ “အကြိမ်ပေါင်းများစွာ ပြောပြီးသွားပြီလေ၊ ဘုရင်လို့ ကိုယ့်ကိုယ်ကိုယ် မပြောရဘူး၊ ကျုပ်လို့ ပြောရမယ်”

“ကောင်းပါပြီ၊ ကောင်းပါပြီ ကျုပ် ကျုပ်”

ခရမ်းရောင်ဘုရင်သည် ရှုံ့တွနေသော မျက်နှာဖြင့် ပြောလိုက်၏။

အင်း

ကြမ်းတမ်းလှပါသည်ဆိုသော သားရဲများအား စကားတစ်ခွန်းတည်း နှင့် သေလိုရာသေ၊ ရှင်လိုရာရှင် ပြုလုပ်နိုင်စွမ်း ရှိသောသူသည် နောက်ဆုံးမှာတော့ လျှိုဝမ်ရှစ်၏ အစားအသောက်အောက်တွင် ကျရှုံးခဲ့ရ၏။ ထို့ကြောင့်ပင် လျှိုဝမ်ရှစ်၏ စကားများကို နားထောင်နေရတော့သည်။

“ဘာစားချင်လဲ”

“မင်းလုပ်တာ ဘာပဲဖြစ်ဖြစ်စားမယ်”

“ကောင်းပြီ၊ ဒါဆိုရင် စားသောက်ခန်းထဲကို သွားပြီးစောင့်နေ”

“ကောင်းပါပြီ”

ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် စားသောက်ခန်းထဲသို့ ဝင်၍ ထိုင်နေလိုက်သည်။ အရသာရှိသော အစား အသောက်များကို ထပ်၍ စားသောက်ရမည်ဆိုသောကြောင့် သူသည် တံတွေးများပင် ယိုလျက်ရှိနေ၏။

“ဟင်းပွဲတွေရပြီ”

ခဏလောက် ကြာပြီးသည့်နောက် လျှိုဝမ်ရှစ်သည် ဟင်းပွဲများကို ယူဆောင်လာခဲ့သည်။ တစ်ခုသည် အာလူး များကို လှီးထားခြင်းဖြစ်ပြီး နောက်တစ်ခုမှတော့ ပဲပင်ပေါက်ကို ကြော်ထားခြင်းဖြစ်သည်။ ခရမ်းရောင်ဘုရင်သည် စိတ်ဓာတ်ကျသွားသည် “ဒါတွေက အသီးအရွက်တွေပါလား”

“ဒါဆိုရင် မစားဘူးလား”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “ပြန်ယူသွားလိုက်တော့မယ်”

“မလုပ်နဲ့၊ မလုပ်နဲ့”

ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် တားဆီးလိုက်၏။ ပြီးသည့်နောက်မှာတော့ တူကို ကောက်ကိုင်ကာ ပြုံး၍ ပြောလိုက်၏။ “စားမယ်၊ စားမယ်”

သူသည် သားရဲရိုင်းတစ်ကောင်ဖြစ်ပြီး အသားများကိုသာ စားသုံးလေ့ရှိသည်ဆိုသော်လည်း လျှိုဝမ်ရှစ်၏ အစား အသောက်များကို စားသုံးပြီးသည့်နောက်မှာတော့ ဟင်းသီး ဟင်းရွက်များကိုပင် စိတ်လိုလက်ရဖြင့် စားသောက်လျက်ရှိနေသည်။

“အရသာရှိလွန်းတယ်”

..........

ဘုန်း

လေ့ကျင့်ရေးခန်းမထဲမှာတော့ ရှောင်ကျီသည် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလွှတ်လိုက်၏။ သူ၏ အားအင်များ တိုးတက်လာသည်ကို မြင်တော့ ပြောလိုက်သည်။

“ဂျူနီယာညီမလေး၊ ဂျူနီယာညီမလေးဆီက ထမင်းကြော်ကို တစ်လုတ်လောက် စားလိုက်ရုံနဲ့တင် အရင်တုန်းက တစ်ပွဲလောက် စားလိုက်တဲ့ အားအင်မျိုးကို ရနေတယ်”

“ဟုတ်လား၊ အရမ်းကောင်းတာပဲ” လျှိုဝမ်ရှစ်သည် ပျော်ရွှင်စွာဖြင့် ထခုန်လိုက်မိ၏။

မီးဖိုနတ်ဘုရားမီးတောက်ကို ရရှိပြီးသည့်နောက်မှာတော့ ဤမိန်းကလေးသည် အစားအစာများကို ပိုမိုအားကောင်းအောင် ပြုလုပ်ခဲ့တော့သည်။ ပထမဦးဆုံး သူမသည် ထမင်းကြော်အား အားအင်တိုးတက်စေရန် စတင်၍ ကြိုးပမ်းခဲ့၏။ အရင်တုန်းကဆိုလျှင် ထမင်းကြော် တစ်ပန်းကန်စားမှ ရရှိမည့် အားအင်များအား လက်ရှိအခြေအနေမှာတော့ တစ်လုတ်စားရုံဖြင့် ရရှိနေခဲ့သည်။

“မဆိုးဘူး၊ မဆိုးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီထက်ပိုပြီး ကြိုးစားထား၊ နည်းနည်းလောက်စားရုံနဲ့ အားအင်တွေ တိုးလာမယ်ဆိုရင် ဂိုဏ်းထဲက လူတွေ အတွက် ကြီးမားတဲ့ ရလဒ်ပဲ”

“ကောင်းပါပြီ”

ဂိုဏ်းချုပ်ဆီက ချီးကျူးမှုကို ရရှိပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်သည် အသစ်အသစ်သော အရာများကို စမ်းသပ်ရန် ပိုမို၍ အာရုံစိုက်လာတော့သည်။ နောက်တစ်ကြိမ် သုတေသနပြုလုပ်မည့်အရာမှာ အမြန်နှုန်းနှင့် အကာအကွယ်ကို ပိုမိုအားကောင်းစေနိုင်သော ထမင်းကြော်ပင် ဖြစ်တော့သည်။

.........

တည်နေရာနှင့်အချိန် လျှို့ဝှက်နယ်မြေ အချိန်ကာလ သတ်မှတ်မှုသည် ပြီးဆုံးသွားသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုအထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လိုက်တော့သည်။ ပြန်ထွက်လာချိန်မှာတော့ သူ၏ ကျင့်ကြံခြင်းများသည် ပြန်လည် ကောင်းမွန်လာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အရင်ကထက် ပိုမို၍ အားကောင်းလာခဲ့သည်။

“ငါ နောက်ဆုံးတော့ အတွေ့အကြုံအဆောင်တွေကို ချိုးချေနိုင်ပြီပဲ”

နဂါးကျားပြိုင်ပွဲတွင် အသွင်ပြောင်းနတ်ဂိုဏ်းမှ လူများကို အနိုင်ယူပြီးသည့်နောက်မှာတော့ သူသည် အတွေ့ အကြုံအဆောင် နှစ်ခုကို ရရှိခဲ့၏။ ထို့ကြောင့် သူသည် သိုင်းအုပ်စိုးသူ အဆင့်ငါးဆီသို့ ရောက်ရှိခဲ့၏။ လက်ရှိ အခြေအနေမှာတော့ သူ့တွင် နောက်ထပ် အတွေ့အကြုံအဆောင် လေးခု ရှိနေသည်။ ထိုအရာများကို ချိုးဖြတ် ပြီးသည့်နောက်မှာတော့ သူသည် အဆင့်ခုနှစ် သိုင်းအုပ်စိုးသူတစ်ယောက်အဖြစ်သို့ အောင်အောင်မြင်မြင်နှင့် ရောက်ရှိသွားသည်။

တခြားသူများသည် ထိုသို့ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် အလွန်တရာ ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ သူ့မှာတော့ အတွေ့အကြုံအဆောင်များကို ချိုးချေရုံဖြင့် လွယ်လွယ်ကူကူ အဆင့်တက်လျက်ရှိသည်။ ဤကိစ္စအား တခြားသော သိုင်းအုပ်စိုးသူများ သိရှိသွားမည်ဆိုပါက ကျိန်းသေပေါက် မနာလို ဖြစ်ပေလိမ့်မည်။

ဘုန်း

လေ့ကျင့်ရေးခန်းမထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏အားအင်များကို စုစည်းကာဖြင့် အားအင်စမ်းသပ်ခြင်း စက်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။ ပေါ်လာသော ဂဏန်းများသည် ဘာတွေမှန်းမသိ ဖြစ်နေသည်။ သူသည် ကြောင်အအဖြင့် ပြောလိုက်သည်။ “ဒါက ဘာဖြစ်တာလဲ”

စနစ်က ပြောလိုက်သည်။ “အားအင်စမ်းသပ်ခြင်းစက်ဆိုတာက နောက်ဆုံးအကန့်အသတ် ရှိတယ်လေ၊ သူ သတ်မှတ်ထား ထက်ကျော်သွားရင် မှန်ကန်အောင် ပြနိုင်စွမ်း မရှိတော့ဘူး”

“ငါသိပြီ”

“ပြီးတော့ လက်ခံသူက အရမ်းအားကောင်းတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်တာကလွဲရင် ကိုယ့်ရဲ့ အားအင်အဆင့်က ဘယ်လောက်ရှိတယ်ဆိုတာကို သိရှိနိုင်တော့မှာ မဟုတ်ဘူး၊ တကယ့်တိုက်ပွဲတွေကြားမှာပဲ ကိုယ်ဘယ်လောက် အားအင်ရှိတယ်ဆိုတာ သိရှိနိုင်လိမ့်မယ်”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သိုင်းအုပ်စိုးသူအဆင့် အထက်ပိုင်းဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ ကောင်းကင်နှင့် မြေကြီးရှိ စွမ်းအင်များကို အသုံးပြုမှုနှင့် ချီဖိနှိပ်မှုတို့သည် တခြားသူများနှင့် တန်းတူမဟုတ်ဘဲ ပိုမို အားကောင်းနေခဲ့၏။

“ငါက ဒီထက်ပိုပြီးတော့ အတွေ့အကြုံအဆောင်တွေ ရရှိမယ်ဆိုရင် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်ကို ရောက်ရှိ ပြီးတော့ အထူးတာဝန်တွေ ပေါ်လာမှာပဲ၊ ဒါဆိုရင် သိုင်းနယ်မြေအဆင့်ဆီကို တစ်ခါတည်း တန်းပြီး ရောက်သွား လိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ်က သတိပေးလိုက်သည်။ “လက်ခံသူရဲ့ အခု ဓားတာအိုအပေါ် နားလည်မှုက သိုင်းအုပ်စိုးသူအဆင့်မှာပဲ အကန့်အသတ်ရှိနေတယ်လေ၊ အဆင့်မြင့် နားလည်မှုကိုမရမချင်း အဆင့်တက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်”

“ပြဿနာမရှိဘူး၊ ငါကျိန်းသေပေါက်ရှာဖွေရမယ်”

စတိုးထဲတွင် ဓားတာအိုနှင့်ပတ်သက်သည့် ဆေးရည်တစ်ခုခု ကျိန်းသေပေါက် ရှိနေမှာဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရှာဖွေတွေ့ရှိမည်ဆိုပါက သောက်သုံးလိုက်ရုံဖြင့် ထိုအရာကို ရရှိနိုင်၏။

“ကံကောင်းပါစေ” စနစ်က ပြောလိုက်သည်။

…....

လွန်ခဲ့သည့်နှစ်လအတွင်း သံမဏိအရိုးမြို့သည် အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် တိုးတက်လာခဲ့သည်။ နေထိုင်သူများသည် များပြားလာပြီးသည့်နောက်မှာတော့ ဆိုင်ခန်းသစ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာ၏။ အအေး၊ အစားအသောက်နှင့် အရုပ်၊ ဗာဟီရပစ္စည်းများ ရောင်းချသည့် ဆိုင်များသည် အသီးသီး ပေါ်လာခဲ့သည်။

အဒေါ်ဝမ်သည်လည်း ယွမ်လဲ့စားသောက်ဆိုင်ကို တည်ထောင်ထားနိုင်ခဲ့၏။ ချင်းယန်နိုင်ငံရှိ တခြားသော ရွာသား များအားလုံးသည်လည်း စီးပွားရေးလုပ်ငန်းများကို စတင်ပြုလုပ်ကြသည်။ အသားရောင်းချသည့်ဆိုင်၊ ပေါက်ဆီ ရောင်းချသည့်ဆိုင် စသည်ဖြင့် ဖြစ်သည်။ လိုအပ်သည့် အကူအညီများအားလုံးကို ကျွင်းချောင်ရှောင်းက ပေးအပ် ထားခဲ့၏။

ဂိုဏ်း၏ဝင်ခွင့်ကို အောင်မြင်ကြပြီး ဂိုဏ်းသားများအဖြစ် လက်မခံရသေးသော တပည့်များအားလုံးသည်လည်း ထိုမြို့တွင်ပင် စုဝေးရောက်ရှိနေကြ၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်လာစေရန် စောင့်စားနေကြသည်။

အိုက်မိသားစု၏ ဆေးဆိုင်နှင့် လေလံခန်းမသည်လည်း ဤနေရာတွင် ဖွင့်လှစ်ထားခဲ့၏။ ပထမဦးဆုံး လေလံပွဲကို ဤနေရာတွင် ကျင်းပပြီးခဲ့သည့်နောက် များပြားလှသော ကျင့်ကြံသူများအား ဆွဲဆောင် နိုင်ခဲ့တော့၏။

အဒေါ်ဝမ်၏ စားသောက်ဆိုင်သည်လည်း လူများ ပြည့်နှက်လျက်ရှိနေ၏။ သူကိုယ်တိုင် မနိုင်တော့သောကြောင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် လာရောက်၍ ကူညီနေရသည်။

ဟုတ်ပေသည်။ ထိုသို့ ကူညီရသည်မှာလည်း ဂိုဏ်း၏ တာဝန်ထဲတွင် ပါနေ၏။ သံမဏိအရိုးမြို့ကြီး တစ်မြို့လုံးသည် ပိုမို၍ အသက်ဝင်လာခဲ့ပြီး ဧည့်သည်များသည်လည်း ဝင်ထွက်သွားလာကာ စည်ကားလျက် ရှိနေသည်။ တစ်ခါတစ်ရံတွင် ပြိုင်စံရှားဂိုဏ်း တပည့်များအား မြင်လိုက်ရချိန်မှာတော့ ၎င်းတို့အားလုံးသည် လေးလေးစားစားဖြင့် လမ်းဖယ်ပေးခြင်းကို ပြုလုပ်ကြ၏။

အိမ်တော်၏ အမိုးပေါ်တွင် လဲလျောင်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် လမ်းပေါ်တွင် ရွေ့လျားသွားလာ နေကြသူများကို ကြည့်ကာ ပြုံးလိုက်မိ၏။ မြို့ကြီးတစ်မြို့ တည်ဆောက်လိုက်ခြင်းသည် သူ၏ဂိုဏ်းအား ဖွံ့ဖြိုး တိုးတက်လာစေရန် ပြုလုပ်လိုက်ခြင်းနှင့် ဆင်တူနေမည်ဟု သူလုံးဝ မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ ဤအရာသည် တကယ်တမ်း ဖြစ်လို့လာခဲ့သည်။

“ဂိုဏ်းချုပ်”

လီလိုရှုသည် အသံပို့လွှတ်လိုက်၏။ “ဒုတိယသခင်လေးထန် လာလည်တယ်”

...........

“ဒီသံမဏိအရိုးမြို့က ပြိုင်စံရှားဂိုဏ်းရဲ့ တောင်ခြေမှာ ရှိတာဆိုတော့ ဖွံ့ဖြိုးတိုးတက်လာဖို့က တကယ့်ကို အလား အလာကောင်းတွေရှိတယ်၊ အိုက်မိသားစုရဲ့ လေလံအိမ်ကလည်း မြို့ထဲမှာ ရှိတယ်ဆိုတော့ လစဉ်လတိုင်း ဒီနေရာက စည်ကားနေမှာပေါ့၊ ငါ့အနေနဲ့ ဒီနေရာမှာ ဆိုင်တစ်ခု လာဖွင့်ပြီး မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်မှ ဖြစ်လိမ့်မယ်” သခင်လေးထန်သည် တီးတိုးရေရွတ်ကာ ဆုံးသဖြတ်ချက် ချလိုက်သည်။

အရှေ့တောင်ရန်ကျူးတွင်ရှိသော မိသားစုများအားလုံးသည် ဤနေရာသို့ ရောက်ရှိလာကြပြီး စီးပွားရေးလုပ်ရန် မျှော်မှန်းနေကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လူကိုရွေးချယ်ပြီးမှ လက်ခံတတ်ကြ၏။ တပည့်များ၏ အမျိုး အဆွေများနှင့် သူရင်းနှီးသော လုပ်ငန်းရှင်များမှလွဲ၍ တခြား ပြင်ပမှ လူများ မြို့ထဲသို့ ဝင်ရောက်ကာ စီးပွားရေး လုပ်ကိုင်ခွင့် မရှိပေ။ နောက်ပိုင်းမှာတော့ သံမဏိအရိုးမြို့ထဲတွင် အခြေချနိုင်ခြင်းက အလွန်တရာ ဂုဏ်ယူဖို့ ကောင်းသော ကိစ္စပင် ဖြစ်လာခဲ့တော့၏။

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စရာ သတင်းတစ်ခုသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့သွား၏။ ထန်မိသားစု ဒုတိယသခင်လေးသည် သံမဏိအရိုးမြို့တွင် ထန်မိသားစု ဆေးဆိုင်ကို ဖွင့်လှစ်မည်ဆိုသည့် သတင်းကို ကြေညာခဲ့သောကြောင့်ပင်ဖြစ်သည်။

“ချမ်းသာလှတဲ့ ထန်မိသားစုက တကယ့်ကို သံမဏိအရိုးမြို့မှာ ဆေးဆိုင်ကို ဖွင့်မှာလား”

“ထန်မိသားစုဆေးဆိုင်က လက်ရှိအချိန်မှာ ကျော်ကြားနေတာလေ၊ တကယ့် မြို့ကြီးပြကြီးတွေမှာတောင်မှ ဆိုင်ခွဲတွေ မဖွင့်ရသေးဘူး၊ ဒီလိုမြို့သေးသေးမှာ လာပြီးဖွင့်တယ်ဆိုတာ မထင်မှတ်ထားစရာ ကိစ္စပဲ”

မကြာခင်မှာပဲ ထိုသတင်းတစ်ခုလုံးသည် ပျံ့နှံ့သွားခဲ့၏။ ထန်မိသားစု၏ ဒုတိယသခင်လေးသည် ပြိုင်စံရှားဂိုဏ်းနှင့် ဆွေးနွေးပြီး အလုပ်များပြုလုပ်နေသည်ဖြစ်ကြောင်းကို တချို့သောစီးပွားရေးမိသားစုများက နားလည်လိုက်ကြ၏။ မဟုတ်ပါက အရှေ့တောင်ရန်ကျူး၏ သံမဏိအရိုးမြို့တွင် ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ထန်မိသားစုက ရောင်းတဲ့ ဆေးတွေက အကုန်လုံးဆီကို ကျော်ကြားနေတယ်လေ၊ အရှေ့တောင်ရန်ကျူးရဲ့ သံမဏိအရိုးမြို့မှာ ဌာနခွဲတစ်ခုပဲရှိမယ်ဆိုရင် အဲမြို့နေရာက ပိုပြီးတော့ လူတွေစည်ကားလာတော့မှာပဲ၊ စီးပွားရေး လုပ်လို့ တကယ်ကောင်းတဲ့ မြို့တစ်ခု ဖြစ်လာလိမ့်မယ်”

အသစ်ဖွင့်လှစ်တည်ဆောက်ထားသော မြို့သည် တကယ်ပင် လူများ၏ စိတ်အာရုံကို ဆွဲဆောင်လျက် ရှိနေတော့၏။ ၎င်း၏ဂုဏ်ကျက်သရေသည် တဖြည်းဖြည်းနှင့် သမိုင်းမှတ်တမ်းများရှိသော ချင်းယန်မြို့နှင့် နှိုင်းယှဉ်၍ ရနိုင်အောင် တိုးတက်ရောက်ရှိလာခဲ့တော့သည်။

All Chapters