← Chapters

အခန်း (၇၄၆)

Vol. 50 Ch. 746

အခန်း (၇၄၆)

Vol. 50 Ch. 746

ဂိုဏ်းချုပ်၏ စာကြည့် ခန်းရှေ့တွင် မတ်တပ်ရပ်ရင်း ခရမ်းရောင် ဘုရင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယက်ရှိသည်။ သူသည် မြွေလိုလို ကင်းလိပ်လျှောလိုလို ရှိနေသည့် နဂါးအား ကြည့်ရှုလိုက်၏။

"ဒါက လက်သည်းငါးခု နဂါးကနေပြီးတော့ သားဖောက်ခဲ့တဲ့ကောင်လား"

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်၏။

နဂါးဘုရင်သည် သူ၏ ခြေထောက်များကို ဖြန့်ကားရင်း နဂါးလေးကို ကြည့်လိုက်၏။ သူသည် မယုံကြည်နိုင်သည့် ဟန်ဖြင့် မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့မဲ့လျက်ရှိသည်။

"ဘယ်သူ့ကို လာနောက်နေတာလဲ။ဒါက ကင်းလိပ်လျှောကြီးကို သေချာတယ်။"

သူသည် အထက်နယ်မြေတွင်ရှိသော နဂါးတစ်ကောင်၏ ပုံစံကို မြင်ဖူးပြီး ဖြစ်၏။

ထို့ကြောင့် နဂါးကလန်ဆီမှ သားဖောက်လာသည့် အရာသည် ဤကဲ့သို့သော သတ္တဝါမျိုး ဖြစ်လာခြင်း ကို မည်သို့မှ မယုံပေ။

သူ ခိုးလာသည်မှာ နဂါးဥ မဟုတ်ဘဲကင်းလိပ်လျောဥ ဖြစ်နေနိုင်၏။ သို့ပေမဲ့ ဤကဲ့သို့ ဖြစ်လာစရာ အကြောင်း မရှိပေ။

"ခင်ဗျား ခိုးလာတဲ့ ဥကနေ ဖောက်လာတဲ့ သားကောင်ပဲ။သံသယရှိစရာ မလိုဘူး" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူသည်သာ နဂါးလေး၏ လက်ငါးချောင်းပုံစံ နဂါးလေးကို မြင်ဖူးထားခြင်း မရှိပါက ခရမ်းရောင် ဘုရင် ခိုးလာသည်မှာ ကင်းလိပ်လျောဖြစ်မည်ဟု ကျိန်းသေပေါက် သတ်မှတ်မိပေလိမ့်မည်။

"ဒီလိုဖြစ်နိုင်တယ်"

ကျွင်းချောင်ရှောင်းသည် ခဏရပ်ကာ ပြောလိုက်သည်။ "သားဖောက်တဲ့ လုပ်ငန်းစဉ်မှာ တစ်စုံတစ်ခု မှားယွင်းသွားတာပဲ ဖြစ်ရမယ်။"

ခရမ်းရောင် ဘုရင် က မေးလိုက်သည်။ "ဘယ်လို မှားသွားတာလဲ"

ကျွင်းချောင်ရှောင်း မရှင်းပြတတ်ချေ။

သို့ပေမဲ့ နဂါးလေး၏ လက်ရှိ ခန္ဓာကိုယ်မှာ နဂါး‌တစ်ကောင်၏ လက်ရှိ ခန္ဓာကိုယ်ပင်ဖြစ်ရမည်။ ကြည့်ရသည်မှာ သားဖောက်သည့် စက်ကို အသုံးပြု၍ သားဖောက်သည့် အချိန်တွင် သန္ဓေပြောင်းလဲသွားခြင်းပင် ဖြစ်ပေလိမ့်မည်။

တကယ်ဆိုရင် နဂါးလေးရဲ့ အစစ်အမှန် တည်ရှိမှုသည် လက်ငါးချောင်း နဂါးပင် ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သန္ဓေပြောင်း နဂါး လက်ငါးချောင်းဟု ခေါ်ဆိုရမည်ပင် ဖြစ်သည်။

နဂါးကလန်သည် မူလအားဖြင့် ခန့်ညာပြီး ထည်ဝါလှသည်။ ထို့အပြင် ထိုကလန်ထဲတွင် ရှိသော နဂါးများသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ နဂါးများသည်တောင်မှ အလွန်အားကောင်းသည် ဆိုလျှင် သန္ဓေပြောင်းနဂါး၏ စွမ်းအင်သည်လည်း ကြောက်ခမန်းလိလိ ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။

သူသည် ဤသို့သော သတ္တဝါ၏ သခင်ဖြစ်သောကြောင့် ကောင်းကင်တစ်ခုလုံး၏ အမြင့်ဆုံးဆီသို့ တက်လှမ်းနိုင်မည့်လူ ဖြစ်လာပေလိမ့်မည်လား။

စနစ်က ပြောလိုက်သည်။ "စိတ်ကူးယဉ်တာတော့အရမ်းကောင်းတာပဲ။”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး"

ခရမ်းရောင် ဘုရင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါက ကျိန်းသေပေါက် ကျုပ်ခိုးခဲ့တဲ့ဥမဟုတ်ဘူး။ ခင်ဗျား လိမ်နေတာပဲ ဖြစ်ရမယ်။"

သူသည် အသက်ကို စွန့်စား၍ အထက်နယ်မြေရှိ နဂါးဥကို ခိုးလာခြင်း ဖြစ်သည်။ သို့ပေမဲ့ သားဖောက်ပြီးသည့်နောက်မှာတော့ ဤအကောင်သည် နဂါးဖြစ်မလာဘဲ ကင်းလိပ်လျောလိုမျိုး အကောင်ဖြစ်လာသည်။ ဤကိစ္စကို သူ မည်သို့မှ မယုံကြည်နိုင်ပေ။

အကယ်၍ လက်ငါးချောင်း နဂါး တစ်ကောင်သည်သာ သားပေါက်လာခဲ့သည်ဆိုပါက နဂါးကလန်တစ်ခုလုံး အချိန်အတော်ကြာ အမဲလိုက် သတ်ဖြတ်ခဲ့သောကြောင့် ထွက်ပြေးခဲ့သည့် နုပျိုလှသည့် ငယ်ရွယ်မှု တစ်ခုလုံးကို ပေးလိုက်ရခြင်းအား လက်သင့် ခံနိုင်သေး၏။

သို့ပေမဲ့ ကင်းလိပ်လျောဥကြောင့် လိုက်လံ သတ်ဖြတ်ခံရသည်ဆိုသည်မှာ ဆိုးရွားလွန်းလှသည်။

"သခင်"

နဂါးလေးသည် ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ဒီ ကိုယ်လုံးတီးနဲ့ကောင်က ဘယ်သူလဲ"

ဘာမှန်းမသိသောကြောင့် ကျွင်းချောင်ရှောင်းသည် ခရမ်းရောင် ဘုရင်အား မပြန်ခိုင်းသေးပေ။

"သတ္တဝါတစ်ကောင်ပဲ"

"သတ္တဝါတစ်ကောင် ဟုတ်လား"

နဂါးလေးသည် မျက်လုံးများ ကို မှေးစင်းကာ ပြောလိုက်၏။ "သူ့မျက်လုံးတွေထဲမှာ မောက်မာမှုတွေကို မြင်နေရတယ်။"

အကယ်၍ လက်ငါးချောင်း နဂါးသာ ဆိုပါက ခရမ်းရောင် ဘုရင်သည် အနည်းငယ်တော့ ကြောက်ရွံ့ပေလိမ့်မည်။ သို့ပေမဲ့ ကင်းလိပ်‌လျောကိုတော့ ကြောက်ရွံ့ရန်မရှိချေ။

"ကောင်လေး"

သူသည် ဂုဏ်ယူစွာ ပြောလိုက်သည်။ "ကျုပ်ကို ဘုရင်လို့ ခေါ်စမ်း"

"ဘုရင် ဟုတ်လား"

နဂါးလေး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ သူ၏ အသားအရေသည် အရင်ကထက် ပို၍ နီရဲလာ၏။

"ဘာလဲ"

ခရမ်းရောင် ဘုရင်သည် ကျောကို ဆန့်လိုက်၏။ ပြီးနောက် ဝင့်ကြွားစွာ ပြောလိုက်သည်။ "မင်းက မကျေနပ်ဘူးလား"

"သခင်"

နဂါးလေးက မေးလိုက်၏။ "သူ့ကို တစ်ချက်လောက် တီးလို့ရလား"

"ငါနဲ့လာပြီး ရှုပ်ချင်တာလား"

ခရမ်းရောင် ဘုရင်သည် ပြုံးလိုက်သည်။ တစ်ဖက် သတ္တဝါ သည် လက်ငါးချောင်းဘုရင် နဂါးတစ်ကောင် ဖြစ်သည် ဆိုလျှင်တောင် သူသည် ကျိန်းသေပေါက် ပြန်လည် တိုက်ခိုက်မိမှာ ဖြစ်သည်။

သူ၏ အမြင့်ဆုံးသော အခြေအနေတစ်ခုကို ပြန်လည် ရောက်ရှိသည် ဆိုပါက လက်တစ်ဖက်တည်း နှင့် နင်းချေ၍ ဖနှောင့်နှင့် ထပေါက်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်ရဲ့ ပဋိညာဉ် သားရဲက ခင်ဗျားနဲ့ တိုက်ခိုက်ချင်လို့တဲ့"

ခရမ်းရောင် ဘုရင်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရှောင်ကျီရဲ့ လက်နက်ကလွဲရင် ကျုပ်ကို ထိခိုက်အောင် လုပ်နိုင်တဲ့ အရာ ဒီဂိုဏ်းထဲမှာ ရှိမယ် မထင်ဘူး။ဘယ်သူကမှ ကျုပ်နဲ့ တိုက်ခိုက်ဖို့အတွက် အရည်အချင်း မပြည့်ဘူး"

ဝုန်း။

ပြောလို မဆုံးသေးခင်မှာပဲ သူ၏ မျက်နှာတစ်ခုလုံးသည် စောင်းရွဲ့သွား၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပြတင်းပေါက်မှတဆင့် အပြင်ဘက်ဆီသို့ လွင့်စင် ထွက်သွားတော့သည်။

လေ့ကျင့်ရေး ကွင်းပြင်၏ ကျောက်အခင်းများပေါ်တွင် သူသည် ဆယ်ပေကျော်အတိထိ လွင့်စင်သွား၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ကျုပ် လုပ်နိုင်တယ်။"

လေ့ကျင့်ရေးကွင်းပြင်ထဲတွင် မတ်တပ်ရပ်လာသည့် ခရမ်းရောင် ဘုရင်သည် သူ၏ နာကျင်နေသော မျက်နှာအား အသာအုပ်ကိုင်ထားမိ၏။ သူ၏ မျက်နှာသည် မယုံကြည်နိုင်ဖွယ်ရာများနှင့် ပြည့်နက်နေသည်။

ဤလူသားသည် သိုင်းကျင့်ကြံခြင်း အော်ရာများ လုံးဝ မရှိချေ။ အဘယ့်ကြောင့် ရုတ်တရက်ကြီး အားကောင်းလာရသနည်း။

ထို့အပြင် ထိုးနှက်လိုက်သည့် လက်သီးချက်၏ အားအင်သည် ကျိန်းသေပေါက် သိုင်းအုပ်စိုးသူ ထိပ်ဆုံးတစ်ယောက်များနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် တိုက်ခိုက်ချက်မျိုး ဖြစ်နေ၏။

ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း အဆင့်များ ပျောက်ကွယ်သည့် အချိန်တွင် ငြိမ်ငြိမ်သက်သက် နေရင်း မည်သူ့ကိုမှ ပြသနာမရှာခဲ့ပေ။ ထို့အပြင် ကျင့်ကြံခြင်းအဆင့်များ ပြန်လည်ကောင်းမွန်သည့်နောက်မှာတော့ အဆင့်နှစ်ခုအထိ တိုးတက် ရောက်ရှိခဲ့သေး၏။ ထို့ကြောင့် ခရမ်းရောင်ဘုရင်အား ကောင်းကောင်း အနိုင်ယူနိုင်စွမ်း ရှိနေသည်။

"အပြင်ဘက် လေ့ကျင့်ရေး ခြံဝန်းဆီကို သွားကြတာပေါ့။” ကျွင်းချောင်ရှောင်းသည် လျှောက်ထွက်သွားလိုက်၏။

ခရမ်းရောင် ဘုရင်သည် ခေါင်းကို ယမ်းကာဖြင့် မထူးခြားသလို ပြောလိုက်သည်။ "ကျုပ်က အားနည်းတဲ့ပုံများ ပေါက်နေလို့ လွယ်လွယ်ကူကူ အနိုင်ကျင့်ရဲနေကြတာလား"

တွေးနေတုန်းမှာပဲ သူသည် အပြင်ဘက် ခြံဝန်းဆီသို့ လမ်းလျှောက်နေပြီးသား ဖြစ်နေ၏။

ကျွင်းချောင်ရှောင်းဆီမှ လိုက်ပါလာသော သေးငယ်လှသည့် ကင်းလိပ်လျောလို အကောင်လေးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အထင်သေးရိပ်များ ပိုမို၍ ကြီးထွားလာခဲ့သည်။

"မဟုတ်သေးဘူး ဒီဂိုဏ်းထဲမှာ ငါ့ရဲ့ အားအင်အဆင့်ကို သေချာပြသရမယ်။ ငါ က ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ အားလုံးကို သိစေမှ ဖြစ်မယ်။"

သားရဲမျိုးနွယ်တစ်ခုလုံး၏ ဘုရင်တစ်ယောက် ဖြစ်သည်နှင့် အညီ သူသည် အရသာရှိလှသော အစားအစာများ၏ ထိန်းချုပ်မှူကို ခံထားရသည် ဆိုလျှင်တောင်မှ ဂုဏ်သိက္ခာတရားသည် ကြီးမြတ်လှသည် ဖြစ်ကြောင်း အားလုံးကို သိစေရမည်။

"အသုံးမကျတဲ့ လူသားတွေ … ဒီဘုရင်ရဲ့ အားအင်အ‌ဆင့်ကို မင်းတို့ မော်ကြည့်ရုံပဲ တတ်နိုင်တယ်။"

ဟူး ဟူး ဟူး …….။

သူသည် အပြင်ဘက်ခြံဝန်းဆီသို့ လှမ်းလျှောက်ထွက်သွားသည့်အခိုက်မှာပဲ သူသည် အလွန်တရာ အားကောင်းလှသည့် အော်ရာများကို ချက်ချင်းထုတ်ဖော်လိုက်၏။

သားရဲမျိုးနွယ်တစ်ခုလုံး၏ ဘုရင်တစ်ယောက်တွင် ရှိနေသည့် အရှိန်အဝါများအားလုံးသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တစ်ခြားသူများကို ထိတ်လန့် ကြောက်ရွံ့စေလိမ့်မည်။

"သခင်"

နဂါးလေးသည် အနောက်ကို လှည့်ကြည့်ကာ အသံပို့လွှတ်လိုက်၏။ "နည်းနည်းတော့ မောက်မာသလိုပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါသူ့ကို နောက်မှ သင်ခန်းစာ ကောင်းကောင်းပေးလိုက်မယ်။"

ခရမ်းရောင် ဘုရင်သည် ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာသည် ဆိုသော်လည်း ဂိုဏ်း၏ အစစ်အမှန် တပည့်အဖြစ် မိမိကိုယ်ကို မခံယူထားသေးချေ။ ထို့ကြောင့် ဂိုဏ်းနှင့် သူ၏ကြား ဆက်ဆံရေး တိုးတက်စေရန် သင်ခန်းစာကောင်းကောင်းပေးရန် လိုအပ်နေသည်။

အနီရောင် အတွင်းခံကို ဝတ်ဆင်ထားသော ခရမ်းရောင် ဘုရင်သည် လေ့ကျင့်ရေးကွင်း၏ အပြင်ဘက်နေရာတွင် မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ မျက်နှာပေါ်တွင်တော့ ဘုရင်တစ်ယောက်၏ မောက်မာမှုမျိုးနှင့် ပြည့်နက်နေ၏။

နဂါးလေးသည်လည်း လျှောက်လှမ်းတက်လာသည်။

အနားမှ ဖြတ်လျှောက်သွားသော စုရှောင်မိုသည် ရုတ်တရက် ဆိုသလိုပဲ လှည့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် သူတို့ တိုက်ခိုက်မလို့လား"

"ဟုတ်တယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စုရှောင်မို၏ မျက်လုံးများသည် လင်းလက်သွား၏။ ထို့နောက် သူသည် အားလုံးကို အသံပို့လွတ်လိုက်၏။

မကြာခင်မှာပဲ သူ၏ များပြားလှသော တပည့်များအားလုံးသည် အပြင်ဘက် ခြံဝန်းတွင် စုဝေးလျက်ရှိနေသည်။ ၎င်းတို့သည် တီးတိုး ဆွေးနွေးနေကြသည်။

တိုက်ခိုက်ပွဲတွင် များပြားလှသည့် ဂိုဏ်းသားများ လာကြည့်နေသည်ကို မြင်တော့ ခရမ်းရောင် ဘုရင်၏ မျက်နှာသည် ပိုမို၍ မောက်မာလာသည်။ သူသည် တွေးလိုက်မိ၏။ ဒီအချိန်မှာ ငါရဲ့ အရှိန်အဝါကို ထုတ်ဖော် ပြသရမယ့် အချိန်အခါပဲ။

"နဂါးလေး ဖြည်းဖြည်းသက်သာ လုပ်နော်" စုရှောင်မိုက ပြောလိုက်သည်။

"ဟုတ်တယ်”

လီဖေးက ပြောလိုက်သည် "သူက အခုမှ ဂိုဏ်းထဲကို ဝင်လာတာ။ပြီးတော့ လူတွေ အများကြီးပဲ ကြည့်နေတယ်။သူ့ကို ရုပ်ပျက်ဆင်းပျက်ကြီး အရှက်ရအောင် မလုပ်လိုက်နဲ့နော်။"

ခရမ်းရောင် ဘုရင်သည် ထိုအရာကို ကြားသည့် အချိန်မှာတော့ မျက်နှာတစ်ခုလုံးတွင် ဒေါသ အရိပ်အယောင်များ ပြည့်နက်သွားသည်။

ဟူး ဟူး ဟူး။

ထိုအချိန်မှာပဲ တစ်လက်လက်တောက်ပသော မီးတောက်များအားလုံးသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာ၏။

ပြီးနောက် လူသား ခေါင်းနှင့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ် ဖြစ်နေသော သားရဲလေးသည် မီးတောက်များထဲမှ လျှောက်ထွက်လာပြီး ပြောလိုက်သည်။ “နာဖို့သာ ပြင်တော့”

သူ၏ သခင်သည် သင်ခန်းစာ ပေးချင်သည်ဟု ပြောဆိုကတည်းက သူသည် အားအကောင်းဆုံးသော တိုက်ခိုက်ခြင်းကို ပြုလုပ်ရပေလိမ့်မည်။

နဂါးလေးသည် လူသားလိုမဟုတ် သားရဲလို မဟုတ် ပုံစံမျိုး ပြောင်းလဲသွားကြောင်း မြင်ရသည့် အချိန်မှာတော့ ခရမ်းရောင် ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ "ဒါက ကျိန်းသေပေါက် လက်ငါးချောင်းနဂါး မဟုတ်ဘူး"

ဝှစ်

သူ၏ ရှေ့တွင် မီးတောက်များ ရုတ်တရက် ဖြစ်တည်လာ၏။ ကင်းလိပ်လျောကဲ့သို့ အကောင်သည် သူ၏ ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသည်။

"ဒီ အမြန်နှုန်းက"

ဝုန်း

လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး တုန်ခါသွား၏။

ကျယ်လောင်လှသော အသံကြီးသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံးရှိ နေရာတစ်ခုလုံးရှိ အပူချိန်သည်လည်း မြင့်တက်လာခဲ့သည်။

မီးတောက်များ၏ အောက်မှာတော့ စူရှောင်မိုနှင့် တစ်ခြားသူများအားလုံးသည် ထိုးနှက်သည့် အသံနှင့် ကျောက်များ ကွဲကျေသည့်အသံကို ကြားနေရတော့၏။

ထိုအချိန်မှာတော့ ခရမ်းရောင် ဘုရင်သည် ကောင်းကင်ပေါ်သို့ လွင့်စင်သွား၏။ ထိုအရာသည် ခရမ်းရောင်ဘုရင် ထ၍ ပျံသန်းခြင်း မဟုတ်ဘဲ နဂါးလေးတစ်ကောင် အပေါ်သို့ ပစ်တင်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း ပြိုင်စံရှား ဂိုဏ်းမှ လူများ အားလုံးက သိရှိကြသည်။

နဂါးလေးသည် မီးတောက်များထဲမှ ခုန်ထွက်လိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ ခြေထောက်၌ မီးတောက်များ ဖြစ်တည်ကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် ကောင်းကင်ပေါ်သို့ လွင့်စင်သွားသော ခရမ်းရောင် ဘုရင်အား ဖမ်းဆီးလိုက်၏။ ပြီးနောက် ပုခုံးကို လက်နှစ်ဖက်နှင့် ကိုင်၍ ဒူးနှင့် တိုက်ခိုက်လိုက်သည်။

ပြီးသည့်နောက်မှာတော့ ခရမ်းရောင် ဘုရင်သည် အလွန်ပြင်းထန်လှသည့် အရှိန်အဟုန်နှင့် အတူ မြေပြင်ပေါ်သို့ ကျဆင်းလာတော့၏။

ထိုအချင်းအရာကို မြင်တော့ စုရှောင်မိုနှင့် တစ်ခြားသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ၎င်းတို့၏ မျက်လုံးထဲတွင် သနားသည့် အရိပ်အ‌ယောင်များ ဖြစ်တည်လာသည်။ ဂိုဏ်းသားသစ်၏ အခြေအနေသည် အလွန်ပင် သနားစရာ ကောင်းလွန်းလှသည်။

ဝုန်း

ခရမ်းရောင်ဘုရင်သည် လေ့ကျင့်ရေး ကွင်းပြင်သို့ ကျဆင်းလာ၏။ တည်နေရာတစ်ခုလုံးသည် ချိုင့်ဝင်သွား၏။

နဂါးလေးသည် လေထဲတွင် လွင့်မျောလျက်ရှိပြီး ၎င်း၏ လက်သီးကို မြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ မီးလုံးကဲ့သို့သော အလုံးများ အားလုံးသည် ကောင်းကင်မှ ကျဆင်းလာပြီး ခရမ်းရောင် ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်။

ပြင်းထန်လွန်းသော ပေါက်ကွဲမှုများကြောင့် လေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးသည် ပျက်စီး သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်သွားသည်။ "ဒီကောင်လေးက ဆောင်းခိုတဲ့ ပုံစံမျိုး မဟုတ်ပေမယ့် အရင်ကထက် ပိုပြီး အားကောင်းလာတာပဲ။"

"တစ်ခု … နှစ်ခု "

ဘေးတစ်ဖက်တွင် ရပ်ကာ ကြည့်နေသော လီချင်းယန်မှာတော့ ကွဲကျေခဲ့သော ကျောက်ပြားများ၏ အရေအတွက်ကို လိုက်လံ ရေတွက်နေခဲ့၏။ “ဒါကို ပြန်ပြင်ဖို့ တော်တော်ကုန်အုံးမှာပဲ”

All Chapters