← Chapters

အခန်း (၇၄၇)

Vol. 50 Ch. 747

အခန်း (၇၄၇)

Vol. 50 Ch. 747

ဘုတ်

ဒုတိယတိုက်ပွဲဝင်ပုံစံကို အသက်သွင်းထားသော နဂါးလေးသည် တိုက်ခိုက်ရေး တည်နေရာထဲမှ လျှောက်ထွက်လာသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်၏ ခြေထောက်နှစ်ချောင်းထဲမှ တစ်ချောင်းကို တရွတ်တိုက် ဆွဲခေါ်လာခဲ့၏။

ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များကြောင့် မဲတူးလျက်ရှိနေကြပြီး မျက်လုံးများမှာလည်း မျက်ဖြူဆိုက်နေကာ ပါးစပ်ထဲမှ အမြှုပ်ဖြူများပင် ထွက်လျက်ရှိသည်။

ပြိုင်စံရှားဂိုဏ်း တပည့်များသည် ၎င်းတို့၏ ဂျူနီယာညီလေး ကျိရှုတစ်ယောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမည်ကို သိရှိကြသည် ဆိုသော်လည်း ဤမျှ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သို့မှ မထင်မှတ်ခဲ့ချေ။

“အင်း … အခြေအနေ ဆိုးတာပဲ”

စုရှောင်မိုသည် ခေါင်းကို ခါယမ်းလိုက်၏။

ဘုတ်

နဂါးလေးသည် ခရမ်းရောင်ဘုရင်အား မြေပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဘယ်သူက ဘုရင်လဲ”

“…” ခရမ်းရောင်ဘုရင်သည် ခန္ဓာကိုယ်တစ်ခုလုံးဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့အနေနှင့် မည်သည့်စကားမှပင် မပြောဆိုနိုင်ချေ။ သို့ပေမဲ့ သူ၏မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်နေသည်။ စိတ်တိုလွန်းသော ကြောင့် မေ့မျောလုမတတ်ပင် ဖြစ်နေ၏။

ကျွင်းချောင်ရှောင်း၏ လက်သီးချက်နှင့် အဝေးဆီသို့ လွှင့်စင်သွားပြီး သည့်နောက်မှာ သူ၏ဂုဏ်သိက္ခာများသည် ထိခိုက်ခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် နဂါးလေး၏ ပြာနှမ်းနေအောင် ရိုက်နှက်ခြင်းကို ခံခဲ့ရပြန်၏။ ယနေ့တွင် သူသည် သူ၏ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားခဲ့ပြီဟု ယုံကြည်လိုက်မိ၏။ အနာဂတ်တွင် ဂိုဏ်းထဲ၌ သူ၏မျက်နှာအား မည်ကဲ့သို့ ဆက်လက်၍ ပြသရမည်နည်း။

အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ ဒီဘုရင်က အားအင်အဆင့်တွေ ယုတ်လျော့နေတဲ့ အခြေအနေမလို့ ခံလိုက်ရ တာပဲ။

ထိုသို့တွေးပြီးသည့်နောက် ခရမ်းရောင်ဘုရင်သည် ပိုမို၍ စိတ်သက်သာရသလို ခံစားလိုက်ရမိ၏။ အကြိမ်ပေါင်း မြောက်များစွာ ရိုက်နှက်ခံရပြီးသည့်နောက် သူသည် ခန္ဓာကိုယ်တွင်မက စိတ်နှလုံးသားများသည်လည်း ပိုမို၍ ကြံ့ခိုင်လာခဲ့သည်။

ဟုတ်ပေသည်။ နဂါးလေး၏ အားအင်အဆင့်သည် ခရမ်းရောင်ဘုရင်အား အကြီးအကျယ် တွေးတောမိစေ၏။ ဤအကောင်သည် လက်ငါးချောင်းနဂါး ဖြစ်နေသည်လား။ မဟုတ်ပေ လက်ငါးချောင်းနဂါး ဖြစ်နေသည်ဆိုလျှင် အဘယ်ကြောင့် မီးဓာတ်သဘာဝကို ကျွမ်းကျင်နေရသနည်း။ ဂိုဏ်းချုပ်ပြောသလိုဆိုလျှင် သားဖောက်သည့်လုပ်ငန်းစဉ်တွင် တစ်စုံတစ်ခု လွဲမှားသွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

………..

ကျွင်းချောင်ရှောင်း၏ လက်သီးနှင့် ထိုးနှက်ခြင်း၊ နဂါးလေး၏ နှိပ်စက်ရိုက်နှက်ခြင်း ခံရပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်၏ မောက်မာမှုများသည် ပြန်လည်ငြိမ်သက်သွားခဲ့ကြ၏။ နေ့စဉ်နေ့တိုင်း တံခါးဖွင့်သည့် တာဝန်ကို ကျေပွန်စွာ ပြုလုပ်လျက်ရှိသည်။ အချိန်တန်ပြီဆိုလျှင် စားသောက်ခန်းသို့ သွား၍ စားသောက်တတ်၏။

ပြိုင်စံရှားဂိုဏ်းမှ တပည့်အားလုံးသည် ကျင့်ကြံခြင်း အခြေအနေဆီသို့ ဝင်ရောက်လျက် ရှိကြပြီး သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ အချိန့်ကန့်သတ်ချက် ကုန်ဆုံးမည့်အချိန်ကို ငြိမ်ငြိမ်သက်သက်ဖြင့် စောင့်မျှော်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည်လည်း တောက်လျှောက် တွေးတောလျက်ရှိသည်။ နဂါးလေးသည် နဂါးမျိုးနွယ် တစ်ခုလုံး၏ အနာဂတ်အင်ပါယာတစ်ယောက်ဖြစ်သည်ဆိုလျှင် နဂါးမျိုးနွယ် တစ်ခုလုံးသည် တစ်နေ့တွင် လိုက်လံရှာဖွေနေပေလိမ့်မည်။

“ဒီကောင်က ဥကို ခိုးလာတာ တော်တော်ကြာပြီ၊ တကယ်လို့ ရှာချင်လို့ရှိရင် တွေ့တာကြာလှပေါ့” စနစ်ကပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါလည်းမှန်တာပဲ”

“ဒါပေမဲ့”

စနစ်က‌ ပြောလိုက်သည်။ “လက်ခံသူ သတိတော့ ထားရမယ်နော်၊ နဂါးလေးရဲ့ လက်ရှိ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်၊ ဒီပုံပန်းသွင်ပြင်ကို သူ့ရဲ့ နဂါးမျိုးနွယ်တွေ သိသွားလို့ကတော့ လက်ခံသူကို တစ်စစီ အပိုင်းပိုင်းချိုးဖြတ် သတ်လိမ့်မယ်။ သူတို့ရဲ့ အင်ပါယာ ဖြစ်လာမယ့်သူရဲ့ ပုံပန်းသွင်ပြင်က အခုလိုမှန်းသာ သိရင်တော့ မတွေးရဲစရာပဲ။ နဂါးကလန် တစ်ခုလုံး သွေးကြွကုန်မယ် ထင်တယ်”

“…” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။

သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော ကျင့်ကြံသူများနှင့် နပမ်းဖက်လုံးရန် ယုံကြည်ချက်ကောင်းကောင်းရှိ၏။ သို့ပေမဲ့ အထက်နယ်မြေတွင် ရှိသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ဖို့အတွက်တော့ အလွန်တရာ စိုးရွံ့နေမိ၏။

“ရှင်းချန်ရဲ့ ရန်သူက အထက်နယ်မြေကလေ၊ အခု နဂါးလေးကလည်း အထက်နယ်မြေရဲ့ နဂါးကလန်နဲ့ ပတ်သက် ဆက်နွယ်နေတယ်၊ ငါ့ဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို စိုးမိုးဖို့ ရည်မှန်းချက်ကလည်း ရှိနေ သေးတယ်၊ ဒီတော့ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတယ်ဆိုတာ သဘာဝပါပဲ”

ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေအားဖြင့် စိတ်တည်ငြိမ်လျက်ရှိသည်။

သူ၏ ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှု ကိုသာ အာရုံစိုက် ကြည့်ရှုနေကြသည်။ အနာဂတ်တွင် မည်မျှအားကောင်းလှသည့်မုန်တိုင်းမျိုးကို ရင်ဆိုင်ရသည် ဖြစ်စေ သူသည် သူ၏တပည့်များနှင့်အတူ သံမဏိကဲ့သို့ စိတ်ဓာတ်မျိုးနှင့် အတူ ရင်ဆိုင်ဖြေရှင်းသွားရ ပေလိမ့်မည်။

လုချင်းချင်းသည်လည်း ဆက်လက်ကာ ကျင့်ကြံနေတုန်းပင် ဖြစ်သည်။ သို့ပေမဲ့ ထိုက်ရွှမ်အအေးဂိုဏ်းမှ တပည့် နှစ်ယောက် ပေါ်လာပြီးသည့်နောက်တွင် သူမသည် ရံဖန်ရံခါဆိုသလို တောင်၏ ထိပ်ပိုင်းတွင် မတ်မတ်ရပ်ကာ ငေးမောတွေးတောနေတတ်သည့် အကျင့်တစ်ခု ပေါ်လာခဲ့၏။

စာကြည့်ခန်းထဲတွင်ရှိသော ကျွင်းချောင်ရှောင်း သည် ပြတင်ပေါက်မှတဆင့် အဝေးတစ်နေရာတွင် မတ်တပ်ရပ် လျက်ရှိသော ပုံရိပ်ကိုကြည့်ကာ တီးတိုး‌ရေရွတ်လိုက်၏။ “ငါ့ရဲ့ အကြီးဆုံး တပည့်ကြီးက အနည်းငယ် ကွာခြားသွားတာပဲ”

“ဂိုဏ်းချုပ်”

နောက်တစ်ရက်မှာတော့ လီလိုရှုက သတင်းပို့သည်။ “ကျန်းယန်နိုင်ငံက ထပ်ပြီးတော့ စစ်ပွဲစပြန်ပြီ”

“ဒီလူက ငြိမ်ငြိမ် မနေနိုင်ဘူးပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှုသည် သတင်းအချက်အလက်များနှင့် ပတ်သက်၍ ဆက်ကာ သတင်းပို့တော့သည်။ သူမအနေနှင့် ဖန်လင်းယုနှင့်ပတ်သက်သော သတင်းအချက်အလက်များ နည်းနည်းရှိသည် ဆိုသော်လည်း လုချင်းချင်း အနေနှင့် ဇဝေဇဝါ ဖြစ်မည်စိုးသောကြောင့် အဲအတိုင်းသာ ထားလိုက်သည်။

“သတင်းအချက်အလက် စုဆောင်းမှုနှုန်းကတော့ မဆိုးပါဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဖန်လင်းယုက ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာပဲ နေတာလေ၊ ဒီတော့ သူလျှိုတွေလွှတ်ပြီး စုံစမ်းခိုင်းတာကလွဲရင် တခြားနည်းလမ်း မရှိဘူး”

“သူလျှို ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါကလည်း ကောင်းတဲ့ အကြံအစည်တစ်ခုပဲ”

ဂိုဏ်း၏ ဂုဏ်သိက္ခာ တိုးတက်လာသည်နှင့်အမျှ များပြားလှသော ဂိုဏ်းများသည် သူတို့ဆီသို့ သူလျှိုများ လွှတ်ကာ စောင့်ကြည့်ခဲ့ကြ၏။ ကံကောင်းစွာဖြင့် စနစ်ဆီမှ ကန့်သတ်ချက် တစ်ခုရှိသောကြောင့် သူတို့ဆီမှ သတင်းအချက်အလက်များသည် အပြင်ဆီသို့ ပေါက်ကြားမသွားခဲ့ချေ။

တခြားသော ဂိုဏ်းများအနေဖြင့် သူလျှိုပြုလုပ်ရခြင်းကို နှစ်သက်သည်ဆိုလျှင် သူ့အနေဖြင့်လည်း နောက်ကောက်ကျ ကျန်ရစ်ခဲ့၍ မဖြစ်ချေ။

သို့ပေမဲ့ ပင်ကိုယ်စွမ်းရည် မြင့်မား လှသော တပည့်များကို ရှာဖွေ၍ တခြားဂိုဏ်းသို့ သူလျှိုအဖြစ် စေလွှတ်ခြင်းကသာလျှင် ကောင်းမွန်သည့် အရာ ဖြစ်ပေလိမ့်မည်။

လီလိုရှုက ပြောလိုက်သည်။ “ထိုက်ရွှမ်အအေးဂိုဏ်းက ပထမအဆင့် ဂိုဏ်းတွေထဲမှာ ထိပ်ဆုံးအဆင့်ဂိုဏ်းတစ်ခုပဲ၊ သူလျှိုတွေ လွှတ်ဖို့ဆိုတာက ကောင်းကင်ပေါ် တက်လှမ်းရတာထက် ပိုပြီးတော့ ခက်ခဲလိမ့်မယ်”

“ကောင်းကင်ပေါ် တက်လှမ်းရတာထက် ပိုပြီးတော့ ခက်ခဲမယ်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။ “ကျုပ်သာ တပည့်အဖြစ်သွားပြီး ဝင်မယ်ဆိုရင် သူတို့က ငြင်းပယ်မယ်ထင်လား”

“သူတို့ငြင်းမှာ မဟုတ်ဘူး”

လီလိုရှုသည် ဂိုဏ်းချုပ်၏ အားအင်အဆင့်နှင့် ပင်ကိုယ်စွမ်းရည်ကို နားလည်ပြီးပြီဖြစ်သည်။ ဂိုဏ်းချုပ် တစ်ယောက် မဟုတ်ဘဲ လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်မည်ဆိုပါက ထိပ်ဆုံးဂိုဏ်းများ အားလုံးသည် သူ့အတွက် တိုက်ခိုက်လုယက်ကြမှာ သေချာ၏။

လီလိုရှုသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဂိုဏ်းချုပ်က ထိုက်ရွှမ်အအေးဂိုဏ်းကို ကိုယ်တိုင်သွားပြီးတော့ သူလျှိုလုပ်မလို့လား၊ လုချင်းချင်း အတွက်လေ”

“ငါက စကားအဖြစ် ပြောတာပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် ထိုက်ရွှမ်အအေးဂိုဏ်းကိုသွား၍ ကိုယ်တိုင်ကိုယ်ကျ သူလျှို ပြုလုပ်ခြင်းသည် ကောင်းမွန်သောအရာတစ်ခုဖြစ်ပြီး အကျိုးသက်ရောက်မှုမှာလည်း မြန်ဆန်ပေလိမ့်မည်။ သို့ပေမဲ့ သူတွင် ထိုသို့ပြုလုပ်ရန် အချိန်မရှိချေ။ သူမသွားနိုင်ဘူးဆိုမှတော့ တခြားသူများကို စေလွှတ်ရပေမည်။

“ရှောင်မို”

ကျွင်းချောင်ရှောင်းသည် စုရှောင်မိုကို လှမ်းခေါ်ကာ ပြောလိုက်၏။ “မင်းရဲ့ စီနီယာအစ်မကြီးက အနိုင်ကျင့်ခံခဲ့ရတယ်၊ မင်းဒါကို သည်းခံနိုင်သလား”

ဤစကားလုံးသည် နည်းနည်း တာသွား၏။ သေချာစဉ်းစားပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် လေးလေး နက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... စီနီယာအစ်မကြီးကို မပြောနဲ့၊ တခြားဂိုဏ်းသား တစ်ယောက်ယောက်ကို ထိရင်တောင်မှ ကျွန်တော် သည်းခံမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် မင်းကို ငါ ခက်ခဲလွန်းတဲ့ တာဝန်တစ်ခုပေးမယ်”

“ခက်ခဲတာ ဟုတ်လား”

စုရှောင်မိုသည် အလျင်အမြန်ပဲ သူ့ခန္ဓာကိုယ်ကို တောင့်ခနဲ့ဖြစ်အောင် ပြုလုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ပြောပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ထိုက်ရွှမ်အအေးဂိုဏ်းက မကြာခင်မှာ တောင်ရဲ့ဂိတ်တံခါးကို ဖွင့်ပြီး တပည့်တွေ ခေါ်ယူမယ်လို့ သတင်းကြား ထားတယ်၊ မင်းက မြန်ဆန်ပြီးတော့ တော်တယ်၊ ဒီတော့ လူသစ်ယောင်ဆောင်ပြီးတော့ သူတို့ဂိုဏ်းထဲကို ဝင်ဖို့ ကြိုးစား၊ ပြီးတော့ ဂိုဏ်းထဲမှာရှိတဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ယူတော့”

အမ်

စုရှောင်မို ကြောင်အသွား၏။ ဂိုဏ်းချုပ်သည် သူ့အား သူလျှိုတစ်ယောက် ဖြစ်စေချင်သည်လား။

“မင်းဆီမှာ ယုံကြည်ချက်ရှိရဲ့လား”

“ရှိပါတယ်”

“ဒါဆိုရင် အဆင်သင့်ပြင်တော့၊ ဖြစ်နိုင်ရင် ချက်ချင်းထွက်တော့”

“ကောင်းပါပြီ”

..........

ဤနေ့မှာပင် စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွားခဲ့တော့သည်။ အရှေ့တောင်ရန်ကျူးဆီမှ လှမ်းလျှောက်ထွက်ပြီးသည့်နောက်မှာတော့ သူသည် ပါးလွှာသော မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ မျက်နှာပေါ် တင်လိုက်၏။ သူ၏ မျက်နှာသွင်ပြင်သည် ဖြူလျော်လျော်နှင့် လူငယ်တစ်ယောက် အသွင်အပြင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဤအရာသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော မျက်နှာဖုံးတစ်ခုပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်း အနေနှင့် စတိုးအား Refresh လုပ်သည့်အချိန်တွင် မဖြစ်မနေ ဝယ်ယူရသောကြောင့် ဝယ် ထားခဲ့သည့် မျက်နှာဖုံးပင် ဖြစ်တော့သည်။ ဤမျက်နှာဖုံးသည် လှပသည့် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲနိုင်သည် သာမက တခြားသော တစ်စုံတစ်ယောက် အနေနှင့် ဟန်ဆောင်ရန်လည်း အသုံးပြုနိုင်စွမ်းရှိသည်။ သူသည် စမ်းသပ်ခဲ့ပြီးသားဖြစ်သည်။ အအေးနန်းတော်မှာ ဘိုးဘေးကြီးပင်လျှင် စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်၍ ၎င်း၏ အစစ်အမှန်သွင်ပြင်ကို စုံစမ်းထောက်လှမ်း၍ မရနိုင်ချေ။ ဤအရာသည် ခရီးသွားလာရန်နှင့် လူအများကို လျှပ်တပြက် သတ်ဖြတ်ရာတွင် အသုံးပြုနိုင်သည့် အလွန်ကောင်းမွန်သည့် ပစ္စည်းများဖြစ်၏။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် စိတ်ဆုံးဖြတ်ပြီးထားသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။ “စိတ်မပျက်စေရပါဘူး”

ပူပြင်းလှသော နေရောင်အောက်မှာတော့ သူသည် သူလျှိုတစ်ယောက်ဖြစ်မည့် လမ်းစဉ်ကို တစ်လှမ်းခြင်း လှမ်းကာ လျှောက်၍ ထွက်ခွာသွားတော့သည်။

“ဂိုဏ်းချုပ်”

တောင်၏ဂိတ်တံခါးဝတွင် မတ်တပ်ရပ်နေသော လီချင်းယန်သည် မနေနိုင်ဘဲ အနည်းငယ် စိတ်ပူသလို ပြောလိုက်၏။ “ဂျူနီယာညီလေးစုက အန္တရာယ်တော့ မရှိနိုင်ပါဘူးနော်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒီကောင်လေးက ပါးနပ်တယ်လေ၊ အန္တရာယ်မရှိနိုင်လောက်ပါဘူး”

ပြိုင်စံရှားဂိုဏ်း၏ တပည့်များတွင် ပထမအဆင့်ဂိုဏ်းများသို့ ဝင်ရောက်နိုင်ရန် အရည်အချင်းနှင့် ပြည့်မီသော သူများ အများကြီးရှိသည်။ ဥပမာအားဖြင့် ရှောင်ကျီနှင့် လုံကျိရန်၊ ၎င်းတို့သည်လည်း တော်လွန်းသောသူများ ဖြစ်သည်။ သို့ပေမဲ့ သူလျှိုအဖြစ် ပြုလုပ်ရမည်ဆိုလျှင် စုရှောင်မိုသည်သာ အသင့်တော်ဆုံးဖြစ်သည်။

ဟုတ်ပေသည်။ ၎င်းမထွက်ခွာခင်မှာ ကျွင်းချောင်ရှောင်းသည် အထူးသတိပြုရန် မှာကြားခဲ့၏။ လုချင်းချင်းနှင့် ဖန်လင်းယုတို့၏ အကြောင်းကို စုံစမ်းရန်သာ တစ်ဖက်ဂိုဏ်းဆီသို့ ဝင်ခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်အနည်းငယ် တခြားဂိုဏ်းဆီသို့ သွား၍ နေထိုင်ရန် မလိုအပ်ချေ။

.............

သံမဏိအရိုးမြို့ …..။

လူသူရှုပ်လွန်းလှသော အဓိကလမ်းမကြီးအပေါ်မှာတော့ သင်္ကန်းကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်သည် လူကြားထဲတွင် လမ်းလျှောက်လာခဲ့သည်။ ဖြတ်သွားဖြတ်လာကြသော လူများသည် အံ့အား သင့်မိသွားကြ၏။ “ဒါက ဗုဒ္ဓကျင့်ကြံသူလား”

“ကျွတ် ကျွတ် ဒါက တကယ့်ကို ရှားပါးတာပဲ”

“ဗုဒ္ဓကျင့်ကြံသူက ဘာလို့ ခေါင်းကို မရိတ်ထားတာလဲ”

“ဘာလို့ ဆံပင်တွေ ရှိနေတာလဲ” ကြည့်ရှုနေသူတိုင်း အားလုံးသည် တီးတိုးပြောလိုက်ကြ၏။

ဘုန်းကြီးသည် ရုတ်တရက် ရပ်လိုက်ကာ ဖြတ်သွား ဖြတ်လာသူများကို ပြောလိုက်သည်။ “ကျုပ်က ဆံပင်နဲ့ ကျင့်ကြံတာ၊ ဘာဖြစ်လဲ”

ဝှား

သူ၏ပခုံးထက်တွင် ရှိနေသော ကြောင်လေးသည် သမ်းဝေလိုက်၏။ ပြီးနောက် ပျင်းရိစွာ ပြောဆိုလိုက်သည်။ “ဒီနေရာက ဘယ်နေရာလဲ”

“ချင်းယန်နိုင်ငံရဲ့ သံမဏိအရိုးမြို့တဲ့”

“အင်း... ဒါဆိုရင် ဟွာယန်နိုင်ငံကနေ မြန်မြန်ဆန်ဆန် ထွက်ပြေးလွတ်မြောက် လာခဲ့ပြီပေါ့”

“...” ဘုန်းကြီး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

သံသယဖြစ်စရာပင် မလိုချေ။ ဤလူသည် တောင်ပိုင်း သဲကန္တာရ နယ်မြေတွင် ပေါ်လာခဲ့သော တုနန် ဟုခေါ်သည့် ဘုန်းကြီးပင်ဖြစ်တော့သည်။ ဟွာယန်နိုင်ငံဆီသို့ စိတ်ဝိညာဉ် ကြောင်နှင့်အတူ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ခဲ့သည်။

ထို့ကြောင့် အမှောင်မှ အလင်းဆီသို့ ရောက်ရှိရန် ညွှန်ကြားပြသခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် တစ်ဦး တစ်လေကိုမှ လမ်းမှန်ဆီသို့ရောက်အောင် မတွန်းပို့နိုင်ခဲ့ပေ။ မိစ္ဆာကျင့်ကြံသူများကိုသာ စိတ်ဆိုးစေခဲ့သည်။ ထို့ကြောင့်ပင် တစ်ဖက်လူများသည် သူ့အား လိုက်လံ သတ်ဖြတ်တော့၏။

ဤသို့ကြောင့်ပင် သူသည် ချင်းယန်နိုင်ငံရှိ သံမဏိ အရိုးမြို့ဆီသို့ ရောက်ရှိလာခဲ့ရခြင်းပင်ဖြစ်တော့သည်။

All Chapters