← Chapters

အခန်း (၇၅၀)

Vol. 50 Ch. 750

အခန်း (၇၅၀)

Vol. 50 Ch. 750

ကျွင်းချောင်ရှောင်းသည် ရမ်ရှန်တစ်ယောက် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့်နေရာကို တွေ့ရှိသွားသည်ကို သိရှိပြီးသည့်နောက်တွင် ချက်ချင်းဆိုသလိုပဲ ပျံသန်းရောက်ရှိလာခဲ့သည်။ သူသည် အလွန် လျင်မြန်စွာဖြင့် ပြေးလာခဲ့ခြင်းပင်ဖြစ်၏။

ဟုတ်ပေသည်။ သံမဏိအရိုးတောင်၏ မိုင်းတွင်းသည် ကုန်ခမ်းမသွားသေးသော်လည်း တပည့်များ၏ အရေအတွက်သည် များပြားလာခဲ့သောကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရာတွင် အနည်းငယ် ကျပ်တည်းလာခဲ့သည်။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်နှင့် ဆန်းကြယ်လှသည့် နယ်မြေများသည် တပည့်များ ပိုမိုအားကောင်းစေရန်အတွက် အထောက်အကူပြုသည့် အရာလည်းဖြစ်သည်။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံး များကို အသုံးပြုရခြင်းမှာတော့ ပျောက်ကွယ်မသွားခဲ့ချေ။ ၎င်းအရာသာ မရှိပါက ယခုကဲ့သို့ တရှိန်ထိုး တိုးတက်လာဖို့ အကြောင်းမရှိချေ။

ရမ်ရှန် ရှာဖွေတွေ့ရှိခဲ့သည့် မိုင်းတွင်းသည် မည်မျှ သေးငယ်သည်ဆိုဆို ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို အလေးထားရပေမည်။ အဘယ်ကြောင့်ဆိုသော် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဤကဲ့သို့သော အရင်းအမြစ် များကို ရှာဖွေတွေ့ရှိရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။ ဤအရာမှာ တခြားသော အဓိကဂိုဏ်းကြီး များ အတွက်လည်း တူတူပင် ဖြစ်တော့သည်။

အချိန်အတော်ကြာမြင့်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ဆိုသည်မှာ ၎င်းတို့အနေနှင့်ပင် လူအင်အားအပြင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကဲ့သို့သော အရင်းအမြစ်များကို လိုအပ်နေ၏။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့်နေရာဖြစ်သော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို ရရှိဖို့ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး၌ ရန်သူအဖြစ် အဖြစ်ခံကာ တိုက်ခိုက်ခြင်းကိုပင် ပြုလုပ်ကြ၏။

“ဘယ်သူပစ်လွှတ်လိုက်တာလဲ”

ကျွင်းချောင်ရှောင်းသည် ပျံသန်းလာရင်းနှင့် ရမ်ရှန်ကို လှမ်းဖမ်းလိုက်သည်။ သူ၏မျက်နှာတစ်ခုလုံးသည် တင်းမာ ခက်ထန်လျက်ရှိသည်။

ကြည့်ရှုနေရသော ကျင့်ကြံသူများအားလုံးသည် တစ်ကိုယ်လုံးတုန်ယင်သွားကြ၏။

“သူ …. ပြိုင်စံရှားဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်းသည် နဂါးကျားတိုက်ပွဲ၏ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ရံဖန်ရံခါဆိုသလို သူ၏မျက်နှာအား ပြသခဲ့၏။ ထို့ကြောင့် လူတော်တော်များများသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိနေကြပြီဖြစ်သည်။

ပုံရိပ်ယောင်အစီအစဉ် မြင်ကွင်းထဲမှာတော့ ဤလူသည် နောက်တောက်တောက်နှင့် ရိုက်နှက်ချင်စရာ မြင်ကွင်းမျိုး ဖြစ်သည်ဆိုသော်လည်း အပြင်ဘက်တွင်၌ ၎င်း၏အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် အေးအေးသက်သာ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး တခြားသူများကို ပြဿနာရှာတတ်သူ မဟုတ်ခဲ့ပေ။

ယခု ရမ်ရှန်သည် ပစ်လွှတ်ခြင်းကို ခံခဲ့ရ၏။ သူသာ ဖမ်းဆီးခြင်းကို မပြုလုပ်နိုင်ပါက သေမလောက် အခြေအနေမျိုးထိ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် သူသည် အလွန်စိတ်ဆိုးနေခြင်းပင်ဖြစ်၏။ ပြိုင်စံရှား ဂိုဏ်းသားများဖြစ်သည်မို့ အတွင်းတပည့်ဖြစ်ဖြစ်၊ အပြင်စည်းတပည့်ဖြစ်ဖြစ် သူသည် တူညီစွာဆက်ဆံ၏။ ၎င်းတို့ အားလုံးသည် သူ၏ရတနာများဖြစ်သည်။ ထို့ကြောင့် အပြင်လူများမှ အနိုင်ကျင့်ခြင်းကို သူမည်တော့မှ ခွင့်လွှတ်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်”

ရမ်ရှန်သည် စိတ်ကို တည်ငြိမ်စွာထား၍ တောင်ကြားထဲသို့ လက်ညှိုးညွှန်ပြလိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့နေရာက အဲနေရာပဲ”

သူသည် ချက်ချင်းပင် စောဒကတက်ချင်၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းရှိရာ နေရာကို အရင်ဆုံး ပြောရန်သာ စဉ်းစားလိုက်မိသည်။ ပြိုင်စံရှားဂိုဏ်းကို သူသည် ရွေးချယ်ခွင့်မရှိဘဲ ဝင်ရောက်ခဲ့ရ၏။ သို့ပေမဲ့ နေထိုင်ရင်း စိတ်တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့တော့သည်။ သူသည် ပြိုင်စံရှားဂိုဏ်းအား နှစ်နှစ်ကာကာဖြင့် ချစ်မြတ်နိုးနေပြီဖြစ်၏။ သူသည် ပြိုင်စံရှားဂိုဏ်းသားတစ်ယောက် ဖြစ်ရသည်ကို အလွန်တရာ ဂုဏ်ယူမိနေသည်။

ကျွင်းချောင်ရှောင်း၏ ဂိုဏ်းသည် လူတစ်ယောက်ကို ဤကဲ့သို့ ပြောင်းလဲနိုင်သည့် မှော်စွမ်းအင်မျိုး ရှိနေသည်လား မသိပေ။ ဂိုဏ်းထဲသို့ ဝင်ရောက်လာသူများသည် ပြိုင်စံရှားဂိုဏ်းကို နှစ်နှစ်ကာကာဖြင့် ချစ်မြတ်နိုးသွားကြပြီး ထိုကဲ့သို့သော ဂိုဏ်းသားတစ်ယောက် ဖြစ်ရသည်ကို ဝံ့ကြွားလျက်ရှိနေကြ၏။

ဤအရာသည် နာမည်အရသာ ဂိုဏ်းဟုခေါ်ဆိုနေကြခြင်းဖြစ်ပြီး တကယ်တမ်းမှာတော့ ဂိုဏ်းတစ်ခုမဟုတ်ပေ။ နွေးထွေးလှသော အိမ်တစ်လုံးပင် ဖြစ်တော့သည်။ ဂိုဏ်းထဲတွင်ရှိသော လူများအားလုံးသည် ညီအစ်ကို မောင်နှမများပင်ဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက်ကြားတွင်ရှိသော ချစ်ခင်ရင်းနှီးမှုမှာလည်း ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလှအောင် လေးနက်လွန်းနေသည်။

ကျွင်းချောင်ရှောင်းသည် ရမ်ရှန်အား အောက်သို့ခဏချ၍ တောင်ကြားအစပ်နားတွင်ရှိသော သက်လတ်ပိုင်းလူအား ကြည့်လိုက်၏။

သက်လတ်ပိုင်းလူကလည်း သူ့ကို ပြန်လည်ကြည့်ရှုကာ ပြုံး၍ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက တော်တော်မြန်တာပဲ”

သူသည် ထိုသို့ပြောလိုက်သည်ဆိုသော်လည်း အလွန်တရာတော့ အံ့အားသင့်မိ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ငယ်ရွယ်လွန်း၏။ သို့ပေမဲ့ သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိနေသည်။ အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးကိုပင် အနိုင်ယူနိုင်ခဲ့သည်ဆိုသော သတင်းများမှာ အမှန်ပင် ဖြစ်နိုင်၏။

ဒီလိုမျိုး ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန်နဲ့ တိုးတက်အောင် ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုးကို အသုံးပြု ထားပါလိမ့်။ သက်လတ်ပိုင်းလူသည် တွေးလိုက်မိသည်။

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ခုနတုန်းက ကျုပ်တပည့်ကို အားနဲ့ ပစ်လွှတ်လိုက်တဲ့လူက ခင်ဗျားလား”

“ခင်ဗျားရဲ့တပည့်က ဒီတောင်ကြားအဝင်ဝမှာ မတ်မတ်ရပ်နေတာလေ၊ သူတစ်ခုခု အန္တရာယ်ဖြစ်မှာကို ကျုပ် စိုးရိမ်လို့ သူ့ကို ဖယ်ပေးပါလို့ ပြောခဲ့တယ်” သက်လတ်ပိုင်းလူက ပြုံးလိုက်သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏အနောက်ဘက်တွင်ရှိသော စက်အတောင်ပံကို အသက်သွင်းလိုက်၏။ ချက်ချင်း ဆိုသလိုပဲ ရှေ့သို့ လှမ်းတက်လာသည်။ သူသည် ပျံသန်းနိုင်သော စွမ်းရည်ရှိ၏။ သို့ပေမဲ့ စက်အတောင်ပံ၏ အကူအညီနှင့်ဆိုလျှင် သူ၏အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မြန်ဆန်သွားခဲ့၏။

ဖျောက် ဖျောက် ဖျောက် ဖျောက်

တစ်ချိန်တည်းမှာပဲ သူသည် တိုက်ပွဲဝင်ပုံစံအား အသက်သွင်းလိုက်၏။ ညာဘက်လက်တစ်ခုလုံးသည် စတီး ကဲ့သို့သော အရာများနှင့် ဖုံးလွှမ်းသွားခဲ့ပြီးသည့်နောက် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် လွှမ်းခြုံ သွားခဲ့သည်။

သက်လတ်ပိုင်းနှင့်လူသည် သူ၏တပည့်လုံခြုံရေးအတွက် စိတ်ပူကာ ပြုလုပ်ခဲ့သည်ဆိုသည့်အကြောင်းကို ကျွင်းချောင်ရှောင်း ဂရုမစိုက်ချေ။ ဤကဲ့သို့ ပစ်လွှတ်လိုက်သည်ဆိုကတည်းက သူ၏ စိတ်ထဲတွင် တစ်ခုတည်းသာ ရှိတော့သည်။ တစ်ဖက်လူအား ထိုးနှက်ရန်ပင်ဖြစ်၏။

မများလှပေ။ တစ်ချက်တည်းသာ ထိုးနှက်မည်ဖြစ်သည်။

“မြန်လိုက်တာ”

သက်လတ်ပိုင်းလူ၏ အမူအရာသည် ကြီးကြီးကျယ်ကျယ်ပဲ ပြောင်းလဲသွားခဲ့၏။ သူဘာမှ မလုပ်ရသေးခင်မှာပဲ ကျွင်းချောင်ရှောင်း၏ လက်သီးသည် လေဟာနယ်ကို ထိုးခွဲကာ သူ့ဆီသို့ ရောက်ရှိလာ၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးပင် ကြမ်းတမ်းလှသည့် အားအင်အဆင့်ကြောင့် စုတ်ပြတ်သွားခဲ့၏။

ဘန်း …..။

ခပ်လှမ်းလှမ်းတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ကျယ်လောင်လှသော အသံကြီးကို ကြားလိုက် ရ၏။ ထိတ်လန့်တကြားဖြင့် သေချာကြည့်ရှုလိုက်သည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် ရေလှိုင်း ကဲ့သို့ပင် ဝုန်းကနဲ သူတို့ဆီသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။

သူတို့သည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက် သွားအောင် ကြောက်လန့်သွားကြသည်။

ဝှစ် ဝှစ်

လက်ကျန်စွမ်းအင်များအားလုံးသည် ငြိမ်သက်သွားပြီးသည့်နောက်မှာတော့ သစ်ပင်များ၊ ကျောက်တုံးများ အပိုင်းပိုင်းဖြစ်သွားသည်ကို သူတို့မြင်လိုက်ရ၏။ တစ်ဖက် သက်လတ်ပိုင်းလူမှာတော့ အလွန်တရာ ဆိုးရွားလွန်းသော ပုံပန်းသွင်ပြင်ဖြင့် မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။

အင်မော်တယ်များ၏ တိုက်ခိုက်မှုတွင် သေးငယ်အားနည်းသည့်လူများမှာ ထိခိုက်မှုကို ခံစားရသည်ဆိုသော ဆိုရိုးစကားလည်း ရှိနေသည်။ ဤအရာမှာ အမှန်ပင်ဖြစ်တော့သည်။ ၎င်းတို့အားလုံးသည် တောင်ကြား၏ အဝင်ဝ ခပ်လှမ်းလှမ်း တည်နေရာတွင် ရှိနေတာ တော်သေး၏။ အနီးကပ်တွင်သာ ရှိနေသည်ဆိုပါက ၎င်းတို့၏ မရီဒန်များသည် ပျက်စီးစုတ်ပြတ်သွားမည်မှာ သေချာ၏။ အခန့်မသင့်လျှင် သေတောင် သေဆုံးသွားနိုင်သည်။

“စီ .. စီနီယာအစ်ကို”

သိုင်းကျင့်ကြံသူ တစ်ယောက်သည် မတ်တပ်ရပ်၍ သစ်ပင်ကြီးတွင် မှီလျက်ရှိသည်။ သူ၏မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိသည်။

စီနီယာအစ်ကိုဟု ခေါ်လိုက်သော သိုင်းကျင့်ကြံသူသည် ဆိုးရွားသည့် အခြေအနေတွင် တည်ရှိနေပြီး အသံထွက်ပေါ်ရာနေရာသို့ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ မျက်လုံးများပင် ပြူးထွက်သွားမိ၏။

တောင်ဝအဝင်ဝနားတွင်တော့ ကျွင်းချောင်ရှောင်းသည် ညာဘက်လက်သီးကို မြှောက်ကာ ဝံ့ကြွားစွာရပ်လျက် ရှိသည်။ သူ၏အရှေ့နားမှာတော့ အချင်းဝက် ဆယ်မီတာခန့်ရှိသော နက်နဲလှသည့် တွင်းကြီးတစ်ခု ဖြစ်တည်နေသည်။ ပတ်ပတ်လည်တွင် ရှိနေသော သစ်ပင်နှင့် ကျောက်တုံးကျောက်ခဲများသည် အပိုင်းပိုင်း ပျက်ဆီးကုန်၏။ မြင်ကွင်းတစ်ခုလုံးသည် ဖော်ပြ၍ မရနိုင်အောင်ပင် ရှုပ်ထွေးလွန်းလှ၏။ သက်လတ်ပိုင်းလူသည် ဘယ်ရောက်သွားသနည်း။

“စီ စီနီယာအစ်ကို... သိုင်းအုပ်စိုးသူက ဘယ်ရောက်သွားတာလဲ” ထိုကျင့်ကြံသူသည် မေးလိုက်၏။

စီနီယာအစ်ကို၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေသည်။ “ငါဘယ်လိုလုပ် သိမှာလဲ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ညာဘက်လက်တွင်ရှိနေသော သံမဏိအကာများအား ပြန်လည်ကာ သိမ်းဆည်း လိုက်သည်။ စက်အတောင်ပံသည်လည်း ပျောက်ကွယ်သွား၏။ ချက်ချင်းဆိုသလိုပဲ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးနောက် ကြီးမားလှသည့် လက်ကြီးတစ်ခုအဖြစ် ဖန်တီးကာ တွင်းနက်ထဲသို့ နှိုက်လိုက်တော့သည်။

များပြားလှသော ကျင့်ကြံသူများသည် ပျောက်ဆုံးနေသော သက်လတ်ပိုင်းလူတစ်ယောက် အပေါ်သို့ ပြန်လည် ရောက်ရှိလာသည်ကို မြင်လိုက်ရတော့၏။ ထိုသူ၏ ဘယ်ဘက်မျက်နှာတစ်ခုလုံးသည် ရှုံ့တွလျက်ရှိပြီး သွားတွေ အကုန်လုံး ကျွတ်ထွက်သွားပုံပေါ်သည်။ ခေါင်းကြီးတစ်ခုလုံးသည်လည်း ရွှဲ့စောင်းနေ၏။ ကြည့်ရသည်မှာ သေမလို အခြေအနေအထိ ရောက်ရှိသွားပုံပေါက်၏။

စောနက ဖြစ်တည်ခဲ့သော ပေါက်ကွဲမှုကြီးနှင့် နှိုင်းယှဉ်ချိန်ထိုး ကြည့်ရမည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသော တွင်းကြီးတစ်ခုလုံးသည် ထိုလူ ကျွံ့ကျသွားခြင်းသာ ဖြစ်ရမည်။ ဤကဲ့သို့ ဆိုးဆိုးရွားရွား ဖြစ်အောင် တိုက်ခိုက်ခဲ့သူမှာ ပြိုင်စံရှားဂိုဏ်းချုပ်ပင် ကျိန်းသေဖြစ်ရမည်။

ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော လက်ကြီးကို ထိန်းချုပ်၍ သက်လတ်ပိုင်းလူအား လေထဲသို့ မြှောက်ကိုင်လိုက်၏။ ပြီးနောက် သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီနေရာမှာ အန္တရာယ်များတယ်၊ ခင်ဗျားကို ပို့ပေးလိုက်မယ်”

“ချီး ….. ချီးတဲ့မှ”

သတိလစ်မေ့မျောခြင်း မရှိသေးသော ထိုလူသည် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွား၏။ “ငါဘယ်သူလဲ မင်းသိလား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်သူလဲ”

သက်လတ်ပိုင်းလူသည် ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ငါက တောက်ပအလင်းနတ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ”

“တောက်ပအလင်းနတ်ဂိုဏ်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုဂိုဏ်းအား အရင်တုန်းက ကြားခဲ့ဖူး၏။ နဂါးကျားတိုက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်ခဲ့ဘူးဆိုသော်လည်း ၎င်းဂိုဏ်းသည် အခြေခံတွင် အလွန်ခိုင်မာလှသည့် ပထမအဆင့်ဂိုဏ်းတစ်ခု ဖြစ်သည်။ ၎င်း၏တပည့်ကို ဤကဲ့သို့ တိုက်ခိုက်ရဲသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။ အလွန်တရာ ကောင်းမွန်လှသော နောက်ခံကို ပိုင်ဆိုင်နေသောကြောင့် ဖြစ်သည်။

သတ်လတ်ပိုင်းလူသည် မည်သူ ဖြစ်သည်ကို ကြားသိပြီးသည့်နောက်မှာတော့ များပြားလှသည့် ကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွား ကြ၏။

ပထမအဆင့်ဂိုဏ်းတစ်ခု၏ အကြီးအကဲ - ထိုအရာသည် ၎င်းတို့၏ ဂိုဏ်းများအနေဖြင့် ကျိန်းသေပေါက် သွား၍ ပြဿနာရှာနိုင်သည့် တည်ရှိမှုမျိုးမဟုတ်ပေ။

“ဒါက နည်းနည်းတော့ ပြဿနာများတယ်” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် တည်နေရာကို သံမဏိအရိုးဂိုဏ်းသည် ပထမဦးဆုံး ရှာဖွေ တွေ့ရှိခဲ့သည်။ သို့ပေမဲ့ ပထမအဆင့်ဂိုဏ်းတစ်ခုသည် သူတို့ဆီမှ လုယူ အပိုင်သိမ်းရန် ကြိုးစားခဲ့သည်။

သို့ပေမဲ့ တောက်ပအလင်းနတ်ဂိုဏ်းဆီမှ တခြားမည်သူမှ ရောက်ရှိမလာဘူး ဆိုလျှင်တောင်မှ ဤကဲ့သို့သော ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်တည်ပြီးသည့်နောက်မှာ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းအား လျှို့လျှို့ဝှက်ဝှက်နှင့် ယူဆောင်ရန်ဆိုသည်မှာ ခက်ခဲလွန်းသွားခဲ့ပြီဖြစ်သည်။ အချိန်ရောက်လာပြီဆိုရင် တခြားသောဂိုဏ်းများအသီးသီး၏ အာရုံကို ဆွဲဆောင်မိပြီးသား ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွားသည်ကို မြင်တော့ သက်လတ်ပိုင်းလူသည် နှာခေါင်းကိုရှုံ့ကာ ခက်ခက် ခဲခဲဖြင့် ပြောလိုက်၏ “ငါ့ … ငါ့ကို ဒဏ်ရာရရှိအောင် လုပ်တယ်ဆိုတာ တောက်ပအလင်းနတ်ဂိုဏ်းတစ်ခုလုံးနဲ့ ရန်ငြှိုးဖွဲ့တာနဲ့ အတူတူပဲ”

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “အဲဒီတော့ ဘာဖြစ်လဲ၊ ကျုပ်တပည့်ကို အနိုင်ကျင့်တဲ့အတွက် ခင်ဗျားအနေနဲ့ ပေးဆပ်ရမှာပဲ၊ ပထမအဆင့် ဂိုဏ်းတစ်ခုအနေနဲ့ မပြောနဲ့ အထက်နယ်မြေက လူဆိုရင်တောင်မှ ခြွင်းချက်မရှိဘူး”

ပြောပြောပြီးခြင်းမှာပဲ သူသည် ကြီးမားလှသည့် လက်ကြီးကို ထိန်းချုပ်ပြီးနောက် သက်လတ်ပိုင်းလူအား မြေပေါ်သို့ ရိုက်ချလိုက်တော့သည်။

များပြားလှသော ကျင့်ကြံသူများသည် ဆွံ့အသွားကြ၏။ တစ်ဖက်လူသည် ၎င်း မည်သူဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်စက်ကလေးမှ မျက်နှာမထောက်ခဲ့ချေ။ ကြည့်ရသည်မှာ တောက်ပအလင်းနတ်ဂိုဏ်းကို ဂိုဏ်းချုပ်ကျွင်းသည် ဂရုစိုက်သည့်ပုံ မပေါ်ပေ။

အာ ဝူး အာ ဝူး

ထိုအချိန်မှာတော့ ဝံပုလွေအော်သံများသည် တောနက်ထဲမှ ထွက်ပေါ်လာ၏။ လီချင်းယန် ဦးဆောင်သော ပြိုင်စံရှားဂိုဏ်းသားများသည် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ ရောက်ရှိလာကြသည်။ လက်ရှိအခြေအနေ မှာတော့ တောင်ကြား၏ အဝင်ဝတွင် လူပေါင်းထောင်ကျော်တို့ စုဝေးရောက်ရှိနေကြပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းတပည့်များ ဖြစ်ကြပြီး ကျန့်ရာကဲ့သို့သော အကြီးအကဲများလည်း ပါဝင်၏။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်တဲ့ အော်ရာတွေက အရမ်းအားကောင်းနေတယ်။ ဒါက တခြားဂိုဏ်းတွေ အကုန်လုံး ရောက်လာကြမယ့် ပုံမှာရှိတယ်”

“တောင်ကြားအနီးတစ်ဝိုက်မှာ မိုးကြိုးအစီအရင်တွေ အကုန်လုံးစီရင်ထားလိုက်” ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ”

ကျန်းတယ်ကျွင်းသည် အလျင်အမြန်ဆိုသလိုပဲ စတင် အလုပ်လုပ်တော့သည်။ သူ၏အကြည့်များသည် ပိုမို၍ စူးရှလာသည်။ သူသည် ပေါက်ကွဲမှု အတတ်ပညာအား အစွမ်းကုန် ထုတ်ဖော်ပြသရန် ကြံစည်တော့၏။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းသည် အမြင့်တည်နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အဲနေရာမှာ အမြှောက်သွားထားလိုက်”

“ကောင်းပါပြီ” ရှောင်ကျီသည် ပြေးလွှားသွားပြီးသည့်နောက်မှာတော့ အမြှောက်ကြီးအား တည်နေရာတွင် ချထားလိုက်တော့ သည်။

“အားလုံးပဲ သတိအပြည့်နဲ့ နေမယ်”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီတောင်ကြားကို ကျုပ်တို့ သိမ်းလိုက်ပြီ။ ဘယ်သူမှ ဝင်လို့မရဘူး၊ ခြေတစ်လှမ်း လှမ်းပြီဆိုတာနဲ့ မိုးကြိုး အစီအရင်ထဲမှာ ဖောက်ခွဲပစ်မယ်”

All Chapters