အခန်း (၇၅၁)
Vol. 51 Ch. 751
ကျွင်းချောင်ရှောင်းသည် သိုင်းအုပ်စိုးသူတစ်ယောက်အား သူ၏စိတ်ထဲတွင် အမှန်ပင် မထည့်ချေ။ သို့ပေမဲ့ တောင်ကြားထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင် မိုင်းတွင်းတစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ဆိုသည်မှာ မလွယ်ကူ လှချေ။ သူ့အနေနှင့် အစွမ်းကုန် ရယူရန် ကြိုးစားရမည်။ ထိုမှသာလျှင် ဂိုဏ်း၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ပိုမို၍ အားကောင်းလာပေလိမ့်မည်။
တောင်ကြား၏ တည်နေရာတစ်ခုလုံးတွင်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် အရိပ်အာဝါသများ လင်းထိန်လျက်ရှိပြီး အပြင်ဘက်ရှိ ကျင့်ကြံသူများအားလုံး သိရှိကုန်ကြပြီး ဖြစ်သည်။ သံမဏိ အရိုးတောင်မှာကဲ့သို့ ဖုံးကွယ်မထားနိုင်ခဲ့တော့ချေ။ သူတို့လုပ်စရာရှိသည့် တစ်ခုတည်းသော ကိစ္စရပ်မှာ တိုက်ခိုက်ရန် ပြင်ဆင်ခြင်းပင် ဖြစ်တော့သည်။
တောက်ပအလင်းနတ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ပြောခဲ့သည့်အတိုင်းပင် ဒီနေရာကို မည်သူက အရင် စတွေ့ခဲ့သည်ဆိုဆို ဤနေရာကို ပိုင်ဆိုင်ခွင့်ရရန် စွမ်းရည်ရှိသူသာလျှင် ရရှိပိုင်ဆိုင်မှာဖြစ်၏။
ယနေ့တွင် ကျွင်းချောင်ရှောင်းသည် လောကကြီးတစ်ခုလုံးကို ပြောပြချင်နေမိသည်။ သူ၏ဂိုဏ်းသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအား အရင်ဆုံး ရှာဖွေတွေ့ရှိသည်သာမက ထိုအရာကိုရယူပိုင်ဆိုင်ရန်အတွက် စွမ်းရည်ကိုပါ ပိုင်ဆိုင်ကြောင်းပင်။ ဤအရာကို ထိရဲသူမှန်သမျှ အားလုံးသည် နာကျင်ဖွယ်ရာ အဖြစ်ဆိုးကို ပိုင်ဆိုင်ကြရပေမည်။
ရွှီး ရွှီး
တောင်ကြားတစ်ဖက်မှာတော့ အလံတိုင်များ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ မိုးကြိုးအစီအရင်များ သည် အလွှာ အလွှာလိုက် ဖြစ်တည်လာပြီးသည့်နောက်မှာ ကျန်းတယ်ကျွင်း၏ အပြုံးများသည် ပိုမို၍ တောက်ပ လာခဲ့တော့သည်။ သူ၏အကြီးမားဆုံးသော သာယာမှုသည် လျှိုဝမ်ရှစ်၏ အစားအစာများကို စားသုံးရခြင်းနှင့် အစီအရင်များကို ဖန်တီးရခြင်းပင်ဖြစ်တော့သည်။
ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ကို နားလည်အောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျန်းတယ်ကျွင်း၏ အစီအရင်အပေါ် နားလည်မှုသည့် အဆင့်အတန်းတစ်ခုဆီသို့ ရောက်ရှိသွား၏။ ထို့ကြောင့် သူဖန်တီးခဲ့သော မိုးကြိုးအစီအရင်သည် ပိုမိုကာ အားကောင်းလာခဲ့၏။ ပေါက်ကွဲသွားမည်ဆိုပါက တစ်စုံတစ်ယောက်သည် မီးဖိုပေါ်တွင် အကင်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
“လာ … လာခဲ့”
ကျန်းတယ်ကျွင်းသည် သူ၏မျက်နှာကို အုပ်ကာကာ ထူးဆန်းစွာ ရယ်လိုက်၏။ “မြန်မြန် လာခဲ့ကြတော့”
တောင်ကြား၏ အမြင့် တစ်နေရာမှာတော့ ရှောင်ကျီသည် အမြှောက်ကြီးကို ပြင်ဆင်ထားခဲ့၏။ အမြှောက်၏ ပြောင်းဝကြီးသည် တောက်ပြောင်လျက်ရှိသည်။ သူသည် ဓားကျင့်ကြံခြင်း၊ ဓားမော့ကျင့်ကြံခြင်းကို မလိုက်စားပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ လမ်းညွှန်ပြသမှုအောက်တွင် သူသည် အလွန်တရာ အားကောင်းသည့် လက်နက်များကို ပစ်လွှတ်တိုက်ခိုက်ရခြင်း၌ နစ်မြောသာယာနေခဲ့ပြီ ဖြစ်၏။
လီချင်းယန်နှင့် ရီရှင်းချန်တို့သည် အားကောင်းလာခဲ့သည်ဆိုသော်လည်း ၎င်းတို့သည် သိုင်းကျင့်ကြံခြင်း ကမ္ဘာတွင် သာမန်ပင် ဖြစ်ကြ၏။ သို့ပေမဲ့ ရှောင်ကျီမှာတော့ ကျိန်းသေပေါက် ကမ္ဘာမြေမှ နိုင်ငံသားတစ်ယောက်နှင့် ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူတစ်ယောက်တို့ ပေါင်းစပ်ထားသည့် ဟန်ပန်မျိုးဖြစ်နေသည်။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေရင်း ကောင်းကင်ပေါ်သို့ တစ်လက်လက်ဖြစ်တည်နေသည့် အလင်းတန်းကို ကြည့်ရှုလိုက်၏။ “ရှောင်ကျီ... အမြှောက်ဆံ ကို သလင်းအမြူတေ အမြင့်ဆုံးအဆင့်နဲ့ လဲထား”
အချိန်ရောက်လာပြီးဆိုပါက ဂိုဏ်းတော်တော်များများသည် မကြာခင် ရောက်ရှိလာတော့မှာဖြစ်၏။ ထို့ကြောင့် တစ်ချက်ပစ်လိုက်သည်နှင့် အားလုံးသောသူများ ထိတ်လန့်သွားရမည့် အဖြစ်မျိုးကို သူပိုမို လိုချင်နေမိ၏။ ထိုမှသာလျှင် အရှေ့သို့တိုးလာမည့်လူများသည် နောက်ပြန်ဆုတ်သွားပေလိမ့်မည်။
“ကောင်းပါပြီ”
ရှောင်ကျီသည် အားအကောင်းဆုံးသော သလင်းအမြူတေကို ပြောင်းလဲကာ တပ်ဆင်လိုက်၏။ လက်ရှိ သလင်း အမြူတေများအားလုံးသည် သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရသော သလင်းအမြူတေများ ဖြစ်ကြ၏။
“ပြီးတော့ လောင်ချာကိုလည်း ထုတ်ယူထား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီမိုးကြိုးအစီအရင်ထဲကို ခုန်ပြီးဝင်လာတဲ့လူရှိရင် သူ့ကို တည့်တည့်ထိအောင် ပစ်တော့”
ရွှီး …။
လက်တစ်ချက်ကို ဝှေ့ယမ်းပြီးနောက် ရှောင်ကျီသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော RPG လောင်ချာကြီးကို ထုတ်ယူလိုက်တော့သည်။ ပြီးနောက် သလင်းအမြူတေများဖြင့် ကြည့်ဖြည့်သွင်းထားပြီး တောင်ကြားတစ်ခုလုံးတွင်တော့ မိုးကြိုးအစီအရင်များနှင့် ပြည့်နှက်လျက်ရှိသည်။ အမြင့်ဆုံးတည်နေရာမှာတော့ အမြှောက်နှင့် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော လောင်ချာလည်း ရှိနေသည်။ ဤကဲ့သို့ အကာအကွယ် မျိုးသည် အလွန်ပင် ခိုင်ခံ့နေပြီဖြစ်၏။
ခရမ်းရောင်ဘုရင်ကို ကယ်တင်ရန်အတွက် ရောက်ရှိလာခဲ့သော သားရဲလှိုင်း အများအပြားပင်လျှင် ထိုခုခံ ကာကွယ်မှုကို မကျော်ဖြတ်နိုင်ချေ။ ထိုအချိန်တုန်းက သူတို့သည် သားရဲပေါင်း မြောက်များစွာကို ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသည်။ လက်ရှိအခြေအနေမှာတော့ ရှိရှိသမျှသောဂိုဏ်းနှင့် အဖွဲ့အစည်းများကို ယှဉ်ပြိုင်ရတော့မည် ဖြစ်၏။ ယခု စိတ်ဝိညာဉ်မိုင်းတွင်းကြီးကို ရရှိရန်အတွက် ကျွင်းချောင်ရှောင်းသည် တစ်ကမ္ဘာလုံးနှင့် ရန်သူပြုလုပ်ရမည် ဆိုလျှင်တောင် ထိတ်လန့် ကြောက်ရွံ့နေမည် မဟုတ်ချေ။
ဟုတ်ပေသည်။ လက်ရှိအခြေအနေတွင် လူအများအပြား ရှိနေသည် မဟုတ်ချေ။ ထို့အပြင် ရှိနေကြသော လူများ မှာလည်း အားကောင်းလှသည့် ဂိုဏ်းများမှ မဟုတ်၊ သို့ပေမဲ့ သူ့ဂိုဏ်း၏ လက်ရှိအားအင်အရဆိုလျှင် တစ်လောက လုံးနှင့် ရန်ဘက်ပြုလုပ်ရန် မဖြစ်နိုင်ကြောင်းကို သူကောင်းကောင်း နားလည်မိ၏။
ရွှီး ရွှီး
နင်ညီအစ်ကို၊ မိစ္ဆာသူတော်စင် ဝူကျူးနှင့် အအေးနန်းတော်မှ ဘိုးဘေးကြီးတို့သည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ စိတ်ဝိညာဉ်မိုင်းတွင်းကို ရရှိရန်အတွက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေး စွမ်းအင်ရှိသူများကို ထုတ်ဖော်အသုံးပြုနေရပြီဖြစ်၏။
“ကျုပ်ပြောပြမယ်”
ကျောက်တုံးပေါ်မှာ လဲလျောင်းရင်းမှ နဂါးလေးသည် မိုရှန်းကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “တိုက်ခိုက်တဲ့အချိန်ကြရင် ဝင်မရှုပ်နဲ့”
“နင်”
ရှောင်မိုရှန်းသည် ဒေါသတကြီးဖြင့် လက်ထဲတွင်ရှိသော စိတ်ဝိညာဉ်ကြောင်အား မြေပေါ်သို့ ကောက်ပေါက် လိုက်၏။
ချက်ချင်းဆိုသလိုပဲ ကြောင်အော်သံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ “ဒီကို ခေါ်လာတာ ဒေါသဖြေဖျောက်ဖို့ကိုး”
သို့ပေမဲ့ ဤကဲ့သို့ ရိုက်နှက်ခံရခြင်းမှာ အနည်းငယ် နေသာထိုင်သာသလို ခံစားနေရ၏။
“ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေက ပိုကောင်းလာတယ်၊ လူသားတွေရဲ့ သဘာဝအရဆိုရင် ဒီကို အားလုံးက အလျင်အမြန်နဲ့ ပြေးလာကြမှာပဲ”
ခရမ်းရောင်ဘုရင်သည် မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်မိ၏။ “ဒီလောက်များပြားတဲ့ တပည့်တွေကို စောင့်ကြပ်ခိုင်းထားတယ်ဆိုတော့ အဓိကဂိုဏ်းကြီးတွေ အကုန်လုံးနဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေတာလား”
ခရမ်းရောင်ဘုရင်သည် ထုံးစံအတိုင်း အတွင်းခံအနီရောင်ကိုသာ ဝတ်ဆင်ထား၏။ ကျန်သည့်တစ်ကိုယ်လုံး မှာတော့ ဗလာကျင်းနှင့် ဖြစ်နေသည်။ အရပ်ရှည်ရှည် ခရမ်းရောင်ဆံပင်များနှင့် ၎င်းသည် လူအများကြားထဲတွင် လင်းတကြီး တစ်ကောင်ကဲ့သို့ပင် ဖြစ်၏။
“ဂျူနီယာညီလေး”
လီဖေးသည် တီးတိုးပြောလိုက်၏။ “တစ်နေကုန် ကိုယ်လုံးတီးနဲ့နေရတာ အဆင်မပြေ မဖြစ်ဘူးလား၊ သိုလှောင်လက်စွပ်ထဲမှာ ဂိုဏ်းဝတ်စုံရှိတယ်၊ ဝတ်မလား”
ခရမ်းရောင်ဘုရင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မလိုဘူး၊ ဒီတိုင်းနေရတာ လွတ်လွတ်လပ်လပ် ရှိတယ်”
“...”
လီဖေး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
မင်းကတော့ နေသာထိုင်သာရှိတာပေါ့၊ ဒါပေမဲ့ ဂိုဏ်းထဲမှာ ဂျူနီယာညီမလေးတွေ ရှိတယ်လေ၊ ကိုယ်ပုံကိုယ်လည်း ပြန်ကြည့်ပါအုံး။
ဟူး ……..။
အေးစက်သည့်အော်ရာများသည် လေထဲတွင် ပြည့်နှက်သွား၏။ ခရမ်းရောင်ဘုရင်သည် မည်သို့မှ မနေနိုင်ဘဲ ကြက်သီးများပင် ထသွား၏။ အလျင်အမြန်ပဲ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ လုချင်းချင်း၏ မျက်လုံးများနှင့် ဆုံမိသွားသည်။
“အင်္ကျီဝတ်လိုက်”
စကားလုံးသည် ရိုးရှင်းလှ၏။ သို့ပေမဲ့ လေထုထဲတွင် ဖြစ်ပေါ်လာသော အော်ရာများသည် အလွန်တရာ အေးစက်လှ၏။
ခရမ်းရောင်ဘုရင်သည် အေးစက်မှုကြောင့် တုန်ယင်သွား၏။ မဖြစ်သေးဘူး၊ ဒီအတိုင်းနေရင် ငါတိုက်ဖွိုက်တောင် ဖြစ်သွားနိုင်တယ်။
ခရမ်းရောင်ဘုရင်သည် လီဖေးအား လှမ်းကြည့်ကာ ပြောလိုက်၏။ “ဂိုဏ်းဝတ်စုံပေး”
“ရော့ ရော့”
ဂိုဏ်းဝတ်စုံကို ထုတ်ယူပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် အအေးဓာတ်အော်ရာများကို ပြန်လည် သိမ်းလိုက်တော့သည်။
ခရမ်းရောင်ဘုရင်သည် နွေးထွေးမှုကို ပြန်လည်ခံစားလာရ၏။ ဒီမိန်းကလေးက မရိုးရှင်းဘူး။
သူသည် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်ဆိုသည်မှာ အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်၏။ တပည့်များ၏ အဆင့်သည် မြင့်မားလှသည် မဟုတ်သော်လည်း သူမ၏ အော်ရာများမှာတော့ အလွန်တရာ အားကောင်းနေ၏။ ထို့အပြင် ခန္ဓာကိုယ်တည်ဆောက်ခြင်းနှင့်ပတ်သက်၍လည်း ကြောက်မက်ဖွယ်ရာကောင်းသည်။ ဂိုဏ်းထဲရှိ အားလုံးသောသူများသည် သားရဲများနှင့် နှိုင်းယှဉ်၍ ရလောက်အောင် ခန္ဓာကိုယ်အားကောင်းသူများ ဖြစ်နေ၏။ ဤအရာမှာ အလွန်ပင် ထူးဆန်းချေ၏။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းသား အနေနှင့် နေထိုင်ရင်း ဂိုဏ်း၏ အခြေအနေတစ်ခုလုံးကို စုံစမ်းစစ်ဆေးကြည့်မိသည်။
“အသုံးမကျတဲ့ လူသားတွေ မှတ်ထား၊ ငါက အစားအစာအတွက် ဒီမှာနေတာ”
……………
ဟူး … ဟူး ……။
တောက်ပသည့် အလင်းတန်းများသည် တောင်ကြားတစ်ခုလုံးတွင် ဖြစ်တည်လျက်ရှိနေပြီး ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားစေ၏။ အဝေးတစ်နေရာတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအရာကို ရှင်းရှင်း လင်းလင်း မြင်နေရ၏။
“စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာပဲ၊ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း ပေါ်လာ တော့မှာပေါ့”
“သွားကြစို့၊ သွားကြစို့”
ချက်ချင်းပဲ များပြားလှသော စီရင်စုနှင့် နိုင်ငံအသီးသီးမှ အင်အားစုများအားလုံးသည် သဘာဝပတ်ဝန်းကျင်များ ပြောင်းလဲရာ နေရာဆီသို့ အလျင်အမြန် လှမ်းလာခဲ့ကြသည်။ ၎င်းတို့ထဲတွင် တတိယအဆင့်၊ စတုတ္ထအဆင့် ဂိုဏ်းများသည်သာမက အဆင့်ခုနှစ်၊ အဆင့်ရှစ် ဂိုဏ်းများလည်း ပါဝင်နေကြသည်။
ဟုတ်ပေသည်။ အဆင့်ခုနှစ် နှင့် အဆင့်ရှစ်ဂိုဏ်းများမှာ ပွဲကြည့်ရုံသက်သက် ရောက်လာခြင်းသာဖြစ်သည်။ ကံကောင်းသည်ဆိုပါက ဝေစု အနည်းအကျဉ်းလောက်ကို ရရှိမည်ဆိုသော မျှော်လင့်ချက်သာရှိ၏။
ရွှီး ရွှီး
တောက်ပအလင်းနတ်ဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံးသည် အလွန်လျင်မြန်စွာ ရောက်ရှိလာကြသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်ရာ တည်နေရာဆီသို့ လှမ်းလာကြသည်။
ကျွင်းချောင်ရှောင်းကြောင့် မြေပေါ်တွင်လဲလျက်ရှိသော သိုင်းအုပ်စိုးသူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ သူ၏ ဂိုဏ်းဆီသို့ သတင်းပို့ ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းမှလူများအားလုံးသည် မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
…….
တောင်ပြာဂိုဏ်း
မာယုံနင်၊ ဝမ်တုံလင်နှင့် တခြားသူများအားလုံးသည်လည်း ထွက်ခွာလာကြသည်။
မြောင်ဟွာခန်းမ
ကျန်းစွန်းဖန်းဟွာ၊ လန့်ရှင်းရွှဲ့နှင့် တခြားသော အကြီးအကဲများ အားလုံးသည်လည်း တောင်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက်ဆင်းသက်လာကြ၏။
တခြားစီရင်စုထဲတွင် ရှိနေသော ဂိုဏ်းများအားလုံးသည်လည်း သိုင်းကျင့်ကြံသူ များကို ဖြစ်နိုင်သမျှ အမြန်ဆုံး စေလွှတ်နေကြ၏။ ကောင်းကင်ပေါ်တွင် ရှိနေသော တလက်လက်တောက်ပနေ သည့်အလင်းတန်းသည် ဆန်းကြယ်လွန်းလှသည်။ ကြီးမားလှသည့် စိတ်ဝိညာဉ်မိုင်းတွင်းဖြစ်မည်ဟု အားလုံးက ထင်မှတ်နေကြသည်။ ထို့ကြောင့် တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ အလျင်အမြန်နှင့် လှမ်းလာခဲ့ကြခြင်း ဖြစ်သည်။
“မီးတွေ ….. ဒီမီးတွေ…..”
တလက်လက်တောက်ပနေသော ကောင်းကင်ပေါ်ရှိ အလင်းတန်းကို ကြည့်၍ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမီးတွေရဲ့ ဆွဲဆောင်မှုအောက်မှာ ပိုးဖလံတွေကတော့ လာတိုးတော့မှာပဲ”
ရှိရှိသမျှသော ဂိုဏ်းများအားလုံးနှင့် ရင်ဆိုင်ရမည်ကို နားလည်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးသည် အမှန်ပင် စိတ်အားတက်ကြွလျက်ရှိ၏။ ၎င်းတို့သည် စိတ်လှုပ်ရှားနေကြသည်။
နှစ်နာရီခန့် ကြာပြီးသည့်နောက်မှာတော့ တောက်ပအလင်းနတ်ဂိုဏ်းဆီမှ သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် ရောက်ရှိလာခဲ့ကြသည်။ သို့ပေမဲ့ ၎င်းတို့သည် တောင်ကြားနားသို့ ရောက်ရှိချိန်မှာတော့ ရပ်တန့်လိုက်ကြရ၏။
အဘယ်ကြောင့်ဆိုသော် တောင်ကြား၏ ထိပ်နားတွင် မိုးကြိုးအစီအရင်များ တလက်လက် ဖြစ်တည်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။ ဤကဲ့သို့သော တည်နေရာကြီးတစ်ခုထဲတွင် အစီအရင်ကြီး တစ်ခုကို တည်ဆောက်ထားသည် ဆိုခြင်းမှာ အလွန်တရာ မောက်မာလွန်းလှသည်။
ထိပ်ဆုံးမှ ဦးဆောင်နေသော သိုင်းအုပ်စိုးသူသည် လေးလေးနက်နက် ပြောလိုက်၏။ “မိုးကြိုးအစီအရင်လား”
တခြားသောသူများ၏ အမူအရာသည်လည်း ပြောင်းလဲသွားကြသည်။ ထိုအစီအရင်ဆီမှ ကြီးမားလှသော အန္တရာယ် အငွေ့အသက်ကို ရရှိနေကြသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်မှာ ထိုင်ပြီးနောက် ကျယ်လောင်လှသည့် စပီကာကြီးကို ထုတ်ယူကာ မိုက်ခရိုဖုန်းနှင့် ပြောဆိုနေ၏။ “ဒီနေရာကို ပြိုင်စံရှားဂိုဏ်းက အပိုင်သိမ်းလိုက်ပြီ၊ ဘယ်သူမှ ဝင်ရောက်ခွင့် မရှိတော့ဘူး၊ မဟုတ်ဘဲ ဝင်လာမယ် ဆိုရင်တော့ ကြီးမားတဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်”
“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ခေါင်းဆောင်သည် မျက်မှောင်ကုတ်မိသွား၏။ ထိုအချိန်မှာပဲ သက်လတ်ပိုင်းလူ၏ အားနည်းလှသည့်အသံသည် သူ၏နားထဲသို့ တိုးဝင်လာသည်။ ထိုအသံကို ကြားသိပြီးသည့်နောက် ကျွမ်းကျင်သူ သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။
“ကျွင်းချောင်ရှောင်း… ငါတို့တောက်ပအလင်းနတ်ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို ဒဏ်ရာ ရရှိအောင် လုပ်တဲ့ အတွက် ဖြေရှင်းချက်ပေးစမ်း”
“ဖြေရှင်းချက် ပေးရမယ်ဆိုရင် ……..”
ကျွင်းချောင်ရှောင်းသည် စပီကာဖြင့် ကျယ်လောင်စွာ လှမ်းပြောလိုက်၏။ “သူ့ကို ကြည့်လို့ မရလို့ပါ၊ ကျေနပ်ပြီလား”