အခန်း (၇၅၄)
Vol. 51 Ch. 754
အမြှောက်ကြီး ပစ်ခတ်လိုက်ပြီးသည့်နောက် များပြားလှသည့် ဂိုဏ်းများမှ လူများသည် ကိုယ်စီအတွေးအခေါ် များနှင့်အတူ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြသည်။ ရောက်ရှိလာသည့် သူများမှာ အထူးသဖြင့် သိုင်းအုပ်စိုးသူများ ဖြစ်ကြ၏။ သို့ပေမဲ့ လက်ရှိ ပစ်ခတ်လိုက်သော လက်နက်၏ စွမ်းအင်သည် အလွန်တရာ ကြီးမားလွန်းလှ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိကြပေ။
မည်သို့သော အနှောက်အယှက်မှ မရှိသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်း၏တပည့်များကို ထပ်မံကာ မိုင်းတွင်း တူးခိုင်းလိုက်၏။ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများသည် အပြင်ဘက်သို့ ရောက်ရှိလာပြီးသည့်နောက်မှာ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိလာ၏။
အဆင့်နိမ့်ဂိုဏ်းများနှင့် အခြားသောဂိုဏ်းများမှ လူများသည် ရပ်လျက် ကြည့်နေရုံသာ တတ်နိုင်ကြသည်။
ပထမအဆင့် ဂိုဏ်းများပင်လျှင် ရှုံးနိမ့်ခဲ့ရ၏။ သူတို့သည် ဘာလုပ်၍ ရနိုင်မည်နည်း။ ၎င်းတို့အနေနှင့် သေးငယ်သော တစ်စုံတစ်ရာကို ထပ်မံရရှိရန် တွေးတောနေသေးသည်။ သို့ပေမဲ့ သေမင်းတောင်ကြားထဲသို့ သွားရောက်ခဲ့စဉ်က ကျွင်းချောင်ရှောင်းသည် လွတ်လပ်သော ကျင့်ကြံသူများဆီမှ ပိုက်ဆံပင် ပြန်လည် တောင်းရမ်းခဲ့သော လူတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးဆီမှ အကြွင်းအကျန်ပစ္စည်းများ ရနိုင်မည်လား စောင့်နေသည်မှာ မဖြစ်နိုင်သည့်ကိစ္စကြီးကို စောင့်မျှော်နေခြင်ပင် ဖြစ်တော့၏။
အချက်အလက်အားဖြင့် ၎င်းတို့သည် ကျန်ရှိနေသော ပစ္စည်းအနည်းငယ်ကို ရရှိရန် စောင့်စားနေကြခြင်း မဟုတ်ပေ။ ၎င်းတို့အနေနှင့် ကြီးမားသော ဂိုဏ်းကြီးများသည် နောက်တစ်လှမ်း ထပ်၍လှမ်းမည်ကို စောင့်မျှော် ကြည့်ရှုနေကြခြင်း ဖြစ်သည်။
အဓိကအားဖြင့် တောက်ပအလင်းနတ်ဂိုဏ်းပင်ဖြစ်သည်။ ၎င်းတို့၏ အကြီးအကဲသည် တစ်ဖက်လူများဆီမှ တိုက်ခိုက်မှုကြောင့် သတိလစ် မေ့မျောလျက်ရှိသည်။ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းပါထည့်၍ တွက်မည်ဆိုလျှင် ၎င်းတို့၏ ဒေါသတရားများကို ဖိနှိပ်ထားရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။
ထို့အပြင် လောကပုန်ကန်နတ်ဂိုဏ်းဖြစ်သော ဒုတိယအဆင့် ဂိုဏ်းတစ်ခုကလည်း ရှိနေသေးသည်။ ၎င်းတို့သည် အဆင့်ငါးဂိုဏ်းတစ်ခုက စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး တစ်ခုကို လုယူ သွားသည်ကို ဤအတိုင်း ထိုင်၍ ကြည့်ရှုနေမည်လား။
ပိုမိုကောင်းမွန်သည့် ပွဲကြီးကြီးကို ကြည့်ရှုရမှာ သေချာသည်။
မကြာခင်တွင် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ ရောက်ရှိလာနိုင်၏။ ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အညံ့ခံမလား၊ ထိပ်တိုက်ရင်ဆိုင်ရမည်လား စဉ်းစား ရပေလိမ့်မည်။
လက်ရှိတွင် ဂိုဏ်းကြီးအနည်းငယ်ကို ထိန်းချုပ်ထားနိုင်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်း သိ၏။ ထို့ကြောင့် သူ၏ တပည့်များကို မြန်မြန်တူးထုတ်ရန် အမိန့်ပေးလိုက်သည်။
သူသည် သေသေချာချာ စဉ်းစားပြီးသည့်နောက် ရှောင်မိုရှန်းအား လင်းယုန်ငှက်ကြီးအသွင် ပြန်ပြောင်းစေ၍ ပြိုင်စံရှားဂိုဏ်းဆီသို့ သွားကာ တောဝက်ရိုင်းလေးကို ခေါ်ဆောင်ခိုင်းခဲ့၏။
“မြန်မြန် သွားတူးစမ်း”
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို လက်ထဲတွင် ကိုင်ဆောင်၍ တောဝက်ရိုင်းလေးအား ခိုင်းစေလိုက်သည်။
ဟူး ဟူး
တောဝက်ရိုင်းလေးသည် အမြန်ဆုံးနှုန်းထားဖြင့် မြေတွင်းများကို တူးနေတော့သည်။ ဤအရာသည် ၎င်း၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်မို့ မြေတွင်းတူးရာတွင် ပိုမို မြန်ဆန်လွန်းလှ၏။
ပြောရမည်ဆိုလျှင် သူတစ်ယောက်ထဲ တူးနေသည်ဟု ဆိုရမည်။ ကျန်သည့်သူများအားလုံးသည် ကြည့်ရှုလျက် ရှိနေကြ၏။ ထိုကောင်လေးသည် မြေဓာတ်သဘာဝ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ မြန်မြန်ဆန်ဆန်ပဲ မြေဆီလွှာ များကို တူးလျက်ရှိ၏။ စိတ်ဝိညာဉ်ကျောက်တုံးများသည်လည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“ကောင်းကင်ဘုံ”
လီဖေးသည် မျက်လုံးပြူးသွားမိ၏။ “ဒီကောင်တူးတာက တော်တော်မြန်တာပဲ”
ဆိုရလျှင် မြန်ဆန်သည်ထက်ပင် ပို၍ မြန်သေး၏။ တစ်နာရီအတွင်းမှာပဲ တပည့်တစ်ထောင်ကျော်တို့ တူးထုတ်ခဲ့သည့်ပမာဏကို တောဝက်လေးသည် တူးထုတ်ခဲ့ပြီးဖြစ်၏။
ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီး မြေဓာတ်သဘာဝကို နားလည်လျက်ရှိသော တပည့်များအားလုံးသည် တောဝက်ရိုင်းလေး မြေတွင်း တူးနေသည်ကို မြင်ရချိန်မှာတော့ အလွန်တရာ ရှက်ရွံ့နေမိကြ၏။ လူသားတို့ ဖွဲ့စည်းနိုင်သော ဓာတ်သဘာဝသည် ဤပုံရိပ်ယောင်သားရဲ ဖွဲ့စည်းနိုင်သော ဓာတ်သဘာဝများနှင့် အလွန်တရာ ကွာခြားလွန်းနေသည်။
ကျွင်းချောင်ရှောင်း ၏ ပဋိညာဉ်သားရဲ ဖြစ်လာပြီးသည့်နောက် တောဝက်ရိုင်းလေး၏ ဓာတ်သဘာဝသည် ပိုမို၍ အားကောင်းလာခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် မိုင်းတွင်းကိုပင် တူးနေနိုင်ပြီဖြစ်၏။
ရွှီး … ရွှီး
နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို တူးထုတ်ပြီးဖြစ်သည်။ ထိုနှုန်းအတိုင်းဆိုလျှင် တစ်ရက်နှင့်တစ်ညလောက် တူးထုတ်လိုက်မည် ဆိုပါက သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းနှင့်ချီ၍ ရရှိနိုင်မည်။
“အံ့အားသင့်စရာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်လျက်ရှိသည်။ ဤကဲ့သို့သော အရင်းအမြစ်များနှင့်ဆိုလျှင် သူ၏တပည့်များ၏ အားအင်အဆင့်သည် ပိုမိုမြန်ဆန်စွာ တိုးတက်လာပေလိမ့်မည်။ ထို့ကြောင့် သန်းအနည်းငယ် လောက်ကိုမဆိုနှင့် သန်းရာနှင့်ချီ ရရှိမည်ဆိုလျှင်ပင် သူသည် နည်းပါးသည်ဟု ထင်မှတ်နေပေတော့မည်။
အမ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အဝေးတစ်နေရာဆီသို့ ကြည့်ရှုလိုက်သည်။ အလင်းတန်း သုံးခုသည် မြန်မြန်ဆန်ဆန်ပဲ သူတို့ဆီသို့ ချဉ်းကပ်လာ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသော ကြမ်းတမ်းလှသည့် အော်ရာများကြောင့် တည်နေရာတစ်ခုလုံးသည် လှုပ်ခါလျက်ရှိ၏။
“သိုင်းနယ်မြေတစ်ပိုင်း” မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။
အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီး၏ မျက်နှာသည် လေးနက် သွား၏။ ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် သူ့ထက် ကျိန်းသေပေါက် ပို၍ အားကောင်းနေသည်။ အချက်အလက်အားဖြင့် အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဖြစ်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်မှာ သူ၏ အလုပ် ကြိုးစားမှုနှင့် ပင်ကိုယ်ပါရမီတို့ကြောင့် ဖြစ်သည်။ အဓိကအားဖြင့် အခြေခံခဲ့သည်မှာ ကံတရားကြောင့်ဟု ပြောရပေမည်။ ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်သည် ကုန်းမြေတိုက်ကြီးတွင် ရောက်ရှိနိုင်သော အလွန်နည်းပါး သည့်ပမာဏပင် ဖြစ်၏။ သူသည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဆင့်ချိုးဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း သူ၏ အားအင်အဆင့်များသည် ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
“ထင်ထားတဲ့ အတိုင်းပဲကိုး၊ သူတို့က လုံးဝအရှုံးမပေးသေးဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ သုံးယောက် တို့သည် တောက်ပအလင်းနတ်ဂိုဏ်းနှင့် လောကပုန်ကန်နတ်ဂိုဏ်းတို့မှ ဖြစ်ကြောင်း သူကောင်းကောင်း ခန့်မှန်းမိ နေသည်။
“ဒါက နည်းနည်းတော့ ပြဿနာများတယ်” ကျန်းတယ်ကျွင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ၏ လက်ရှိ မိုးကြိုး အစီအရင် အရဆိုလျှင် သိုင်းအုပ်စိုးသူ အဆင့်ကိုသာလျှင် ဖောက်ခွဲဖျက်ဆီးနိုင်၏။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဆိုလျှင် တစ်ဖက်လူသည် တည်နေရာထဲသို့ ဝင်ရောက်လာမှာ သေချာ၏။
“သတိထား စောင့်ကြပ်ထား” ကျွင်းချောင်ရှောင်း အေးစက်စက်နှင့် ပြောလိုက်၏။ ကျောက်တုံးပေါ်တွင် လှဲလျက်ရှိသော နဂါးလေးသည် မတ်တပ်ရပ်လာ၏။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာသည်။ သူ၏ ချောမွတ်နေသော အသားအရေသည် နီလာပြီးသည့်နောက်မှာတော့ ၎င်း၏လည်ပင်းတွင် အကြေးခွံများ ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရှောင်မိုရှန်းသည် သူမ၏ သခင်ရှေ့တွင် မတ်တပ်ရပ်ကာ လက်ကို ယမ်းခါလိုက်၏။ စိတ်ဝိညာဉ်ကြောင်လေးသည် ဘောလုံးတစ်လုံးကဲ့သို့ပင် လွှင့်စင်သွားပြီးသည့်နောက် မြေပေါ်သို့ ခေါင်းနဲ့ ပြုတ်ကျတော့သည်။ သို့ပေမဲ့ ကြောင်လေးသည် နာကျင်လှသည်ဆိုသော်လည်း ပျော်ရွှင်လျက် ရှိနေ၏။
ဂိုဏ်းချုပ်ကျွင်း၏ စိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် တိုက်ခိုက်ရန် အခြေအနေဆီသို့ အဆင့်သင့် ရောက်ရှိနေသည်။
တောင်၏ထိပ်တွင် မတ်မတ်ရပ်နေသော ရှောင်ကျီ မှာတော့ ခြေတစ်ဖက်အား အမြှောက်ကြီးပေါ်တင်၍ လောင်ချာကို သူ၏ ပခုံးပေါ်သို့ ထမ်းတင်လိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထူးအကျိုးသက်ရောက်မှုကို ဖွင့်လိုက်”
“ကောင်းပါပြီ”
ရှောင်ကျီသည် စိတ်ဝိညာဉ်စွမ်းအင်များကိုသုံး၍ လောင်ချာ၏ အထူးအကျိုးသက်ရောက်မှုကို ဖွင့်လှစ်ထားသည်။
ရွှီး ရွှီး
အလင်းတန်းသုံးခုသည် ချက်ချင်းပဲ သူတို့၏ မြင်ကွင်းရှေ့တွင် ပေါ်ပေါက်လာ၏။ တည်နေရာတစ်ခုလုံးသည် လှုပ်ခါသွားခဲ့သည်။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူဆိုသည်မှာ တည်နေရာစွမ်းအင်ကို ကောင်းကောင်း အသုံးပြုနိုင်နေပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ရွေ့လျားသွားလာမှုသည် အလွန်အားကောင်းလွန်းသည်။ လောင်ချာသည် ဤအတိုင်းပစ်လွှတ်လိုက်မည်ဆိုပါက ထိမှန်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အထူးအကျိုးသက်ရောက်မှုကို ဖွင့်လှစ်ကာ ပစ်ခတ်မှသာလျှင် ပစ်မှတ်ကို ထိမှန်နိုင်ပေလိမ့်မည်။
………
ဝှစ် ဝှစ်
တောင်ကြားအနီးတဝိုက်မှာတော့ အလွန်တရာ အားကောင်းလှသည့် ဖိအားများ ဖြစ်တည်လာပြီး အဆင့်နိမ့် ဂိုဏ်းနှင့် သိုင်းကျင့်ကြံသူများအားလုံး၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။
ရွှီး ရွှီး
ရုတ်တရက်ဆိုသလိုပဲ မိုးကြိုးအစီအရင်၏ အပြင်ဘက် တည်နေရာကြီးသည် လှုပ်ခါလာသည်။ အဘိုးအို သုံးယောက်တို့သည် ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများကို ထုတ်ဖော်ကာ လေထုထဲတွင် ပေါ်လာ၏။ ၎င်းတို့ထဲမှ နှစ်ယောက်သည် တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ယောက်မှာတော့ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“သူတို့ ရောက်လာကြပြီ”
အဝတ်အစားကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် နားလည် သွားကြ၏။ ဤကျွမ်းကျင်သူများသည် တောက်ပအလင်းနတ်ဂိုဏ်းနှင့် လောကပုန်ကန်နတ်ဂိုဏ်းဆီမှ အကြီးအကဲ များဖြစ်ကြောင်း သိရှိလိုက်ရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ အော်ရာ များကို ကြည့်ရှုမည်ဆိုလျှင် သိုင်းအုပ်စိုးသူ အဆင့်ထက် ပိုမို၍သာလွန်သည်ကို သိရှိနိုင်သည်။ ၎င်းတို့သည် အမှန်ပင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ ဖြစ်နေ၏။
“ကောင်းကင်ဘုံ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးဆိုသော အဆင့်ရှိသည့် ကျွမ်းကျင်သူများသည် ဤနေရာသို့ ရောက်ရှိလာခဲ့၏။ ထို့အပြင် သုံးယောက်လုံး ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
“သူတို့ရောက်လာပြီ”
မာယုံနင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဝမ်တုံလင်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းဆီမှာ သူရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်တဲ့ အထူးစွမ်းရည်မျိုး ရှိတယ်ဆိုပေမဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေရဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖို့ဆိုတာက သိပ်မလွယ်ဘူး”
ကျန်းစွန်းဖန်းဟွာသည် သူမ၏ ခေါင်းကို ယမ်းခါကာ ပြောလိုက်၏။ “လောကပုန်ကန်နတ်ဂိုဏ်းရဲ့ အကြီးအကဲ ပြောသလိုမျိုး ဝေစုနည်းနည်းပေးလိုက်ရင် ပြီးသွားတာကို ဘာလို့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်တောင်မှ ဒီနေရာကို ရောက်လာစေရတာလဲ”
“ကျွင်းချောင်ရှောင်း”
ထိုအချိန်မှာတော့ တောက်ပအလင်းနတ်ဂိုဏ်းဆီမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် လေးလေး နက်နက်ပြောလိုက်၏။ “ငါတို့ဂိုဏ်းရဲ့ အကြီးအကဲကို ထိခိုက်ဒဏ်ရာရအောင် လုပ်တယ်ဆိုတော့ မင်းက တော်တော့်ကို ရဲတင်းတာပဲ”
၎င်း၏စကားလုံးများဆီမှ ဖြစ်တည်လာသော ဖိအားသည် တောင်ကြားထဲတွင် ရှိနေသော မိုးကြိုးအစီအရင်ကို လှုပ်ခါသွားစေ၏။
ကျန်းတယ်ကျွင်းသည် ရုတ်တရက် မျက်မှောင်ကုတ်သွား၏။ ဂိုဏ်းကြီးများမှ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်သည် အလွန်ကို အားကောင်းလွန်းလှ၏။ ၎င်း၏စကားလုံးဆီမှ ထွက်ပေါ်လာ သောအားအင်တစ်ခုတည်းကပင် သူဖန်တီးထားသော အစီအရင်ကို လှုပ်ခါစေခဲ့သည်။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် ထိန်းချုပ်ထားရန် မလွယ်ကူလှချေ။
“လိုရင်းကို ပြောရအောင်”
ကျောက်တုံးပေါ်တွင် ရှိသော ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ပြီးနောက် လက်ခလယ်ကို ထောင်ကာ ပြောလိုက်သည်။ “ကျုပ်ဆီကို လာခဲ့လိုက်လေ”