အခန်း (၇၅၅)
Vol. 51 Ch. 755
အသစ်တွေ့ရှိထားသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ ပမာဏသည် နည်းပါးလှသည်တော့ မဟုတ်ချေ။ အထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးများ အများအပြားရှိနေသည်။ အားလုံးကို ထုတ်ယူလိုက်မည်ဆိုပါက ပြိုင်စံရှားဂိုဏ်းအတွက် ကြီးမားသည့် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်များသည်လည်း အလွန်ပင် တိုးတက်သွားပေလိမ့်မည်။
ထို့ကြောင့် တောက်ပအလင်းနတ်ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက်နှင့် လောကပုန်ကန်နတ် ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်တို့ကို စေလွှတ်လိုက်သည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် လက်လျော့ပေးလိမ့်မည် မဟုတ်ချေ။ အဆုံးသတ်ထိ ထိပ်တိုက်ရင်ဆိုင်ရပေလိမ့်မည်။ ဂုဏ်ကျက်သရေ ကြီးမားခြင်းဆိုသည်မှာ အန္တရာယ် ကြားထဲမှ ရှာဖွေတွေ့ရှိရခြင်း ဖြစ်ပေသည်။ သူ့အနေနှင့် မအောင်မြင်ပါက သေဆုံးရန်သာ ရှိသည်။ သူသည် လက်ခလယ်ကို ထောင်ပြကာ ပြောလိုက်သည်။ “ကျုပ်ဆီလာခဲ့”
“……..”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ နဂါးကျားတိုက်ပွဲတွင် ကျွင်းချောင်ရှောင်း၏ မျက်နှာ အရေထူပုံကို ၎င်းတို့ သိရှိပြီဖြစ်၏။ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သတ္တိလည်း အလွန်ကြီးမား ကြောင်း အားလုံးက သိရှိလိုက်ကြ၏။
ပါရမီရှင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ သုံးယောက်တို့နှင့် ရင်ဆိုင်ရသည် ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်ကျွင်း၏ ဟန်ပန်အမူအရာနှင့် လေသံများသည် တစ်ချက်ကလေးမှ မလျော့ခဲ့ပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ၎င်းကဲ့သို့သော လူမျိုးကို ထပ်မံရှာဖွေတွေ့ရှိရန် မလွယ်ကူလှချေ။
ကျွင်းချောင်ရှောင်းမှာတော့ ဤပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းမှ ကျွမ်းကျင်သူများကို လုံးဝ အထင် မသေးချေ။ သို့ပေမဲ့ ဤအခြေအနေမျိုးရောက်သည့်တိုင် သူသည် မလျှော့သော ဟိတ်ဟန်မျိုးကို ထုတ်ပြရပေမည်။ ထို့အပြင် ဤအရာသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်သာ ရှိနေသည် မဟုတ်ပါလား။
ပြိုင်စံရှား ဂိုဏ်းတွင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ထဲသာ ရှိသည်ဆိုသော်လည်း ၎င်းတွင် ပဋိညာဉ်သားရဲ နှစ်ကောင်ရှိ၏။ မိစ္ဆာသူတော်စင် ဝူကျူးလည်း ရှိနေသည်။ ပြီးတော့ လောင်ချာလည်းရှိနေ၏။ ထို့အပြင် အဆင့်ခုနှစ် ဓားနှင့်သိုင်းအုပ်စိုးသူဖြစ်သော သူကိုယ်တိုင်လည်း ရှိနေသေး၏။ ထိပ်တိုက် တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့အားလုံးကို ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်းရှိသည်ဟု သတ်မှတ်ထားသည်။
“ဒီကောင်လေးက တကယ့်ကို မောက်မာတာပဲ” လောကပုန်ကန်နတ်ဂိုဏ်းမှ ကျွမ်းကျင်သူသည် အေးစက်စက်နှင့် ပြောလိုက်၏။
ဟမ့်
တောက်ပအလင်းနတ်ဂိုဏ်းမှ ကျွင်းကျင်သူက အထင်အမြင်သေးသလို ပြောလိုက်သည်။ “အခုခေတ်လူငယ်တွေက ကျင့်ကြံခြင်းလောကမှာ နည်းနည်းလေး နာမည်ရတာနဲ့ ဘာလဲဆိုတာ နားမလည် တော့ဘူး၊ သူတို့ကို သူတို့ ကြီးမြတ်လှတဲ့ သူတွေဆိုပြီး ဂုဏ်မောက်ကြတာပဲ”
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် သူ၏ရှေ့တွင်ရှိသော မိုးကြိုးအစီအရင်ကို တစ်ချက်ကြည့် လိုက်ပြီး ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီလိုအရာလေးကို ထားပြီး အကြောက်အလန့် ကင်းမဲ့နေတာ တကယ်ထူးဆန်းတယ်”
“ကျုပ် ဒါကို ချိုးဖြတ်ပစ်လိုက်မယ်”
သူ၏ဘေးတွင်ရှိသော ကျွမ်းကျင်သူသည် ရှေ့သို့ခြေတစ်လှမ်း လှမ်းတက်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှာတော့ အားကောင်းလွန်းလှသော သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်များ ထွက်ပေါ်လာပြီး ရေလှိုင်းများကဲ့သို့ပင် ရှေ့သို့ တိုးလာခဲ့၏။
ဝမ် … ဝမ်
အားကောင်းလှသော ဖိအားများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီးသည့်နောက်မှာ တောင်ကြားထဲတွင်ရှိနေသော မိုးကြိုးအစီအရင်ကြီးသည် ရုတ်တရက် ဖိနှိပ်ခံလိုက်ရတော့သည်။ မိုးကြိုးအစီအရင်ကြီးကို တည်ငြိမ်အောင် ထိန်းသိမ်းထားရသော ကျန်းတယ်ကျွင်းမှာတော့ မည်သို့မှ မခုခံနိုင်တော့ချေ။ ၎င်း၏ နဖူးစပ်တွင် ကြီးမားလှသော ချွေးသီးများ ကျလာပြီး မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့တွလာ၏။
ဘုန်း ဘုန်း ဘုန်း
အဆုံးသတ်မှာတော့ တည်ငြိမ်အောင် ထိန်းသိမ်းထားရန် ခက်ခဲသွားခဲ့တော့သည်။ မိုးကြိုးအစီအရင်ကြီး တစ်ခုလုံး သည် ပျက်စီးသွားခဲ့ပြီးသည့်နောက်မှာတော့ မိုးကြိုးအလင်းများသည် ကောင်းကင်ပေါ်တွင် ဖြစ်တည် လာခဲ့၏။
အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြုးသွားကြ၏။ ၎င်းတို့ ရှေ့တွင် ရှိနေသည်မှာ မိုးကြိုးအစီအရင်ဖြစ်ကြောင်း ကောင်းကောင်းသိကြ၏။ သို့ပေမဲ့ တစ်ဖက်လူသည် အထဲသို့ပင် မဝင်သွားဘဲ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည်။
ဖူး
ကျန်းတယ်ကျွင်းသည် ရင်ဘတ်ကို ဖိကိုင်ကာ သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူသည် အနောက်ဘက်သို့ ခြေနှစ်လှမ်းဆုတ်ခွာသွားသည်။ သူ၏ မျက်နှာသွင်ပြင်သည် ဖြူလျော့သွားသည်။ သူ၏ မိုးကြိုးအစီအရင်သည် မည်သူကိုမှ မဖောက်ခွဲလိုက်ရဘဲ တစ်ဖက်လူကြောင့် ချက်ချင်းပဲ ပေါက်ကွဲပျက်စီးသွားသည်ကို မြင်ရချိန်မှာတော့ မည်သို့မှ မခံစားနိုင်သလို ဖြစ်မိနေသည်။
“ချီးတဲ့မှ… စောင့်နေလိုက်၊ ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ် အစီအရင်ကို သေသေချာချာ လေ့လာပြီး ဒီထက်ပိုပြီး အားကောင်းတဲ့ မိုးကြိုးအစီအရင်ကို ဖန်တီးပြမယ်၊ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတွေ ကောင်းကောင်း ဒုက္ခရောက်အောင် ဖန်တီးပြမယ်”
လေနှင့်အတူ ဖုန်များလွှင့်စင်သွားခဲ့ပြီး တောင်ကြား၏ ထိပ်တွင် အလွန်တရာ ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ ထိုတွင်းနက်ကြီးသည် မိုးကြိုးအစီအရင် ပေါက်ကွဲခြင်းကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ကြီးမားလှသည့် ကျောက်တုံးကြီးအပေါ်တွင် မတ်တပ်ရပ်လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းမှ တချို့သည်လည်း ၎င်းတို့၏ လက်နက်များကို ထုတ်ယူကာ အဝင်ဝတွင် စောင့်ကြပ်နေကြ၏။
အားလုံး၏ မျက်လုံးထဲတွင် ရောက်ရှိနေသည့်အရာမှာ ရှောင်ကျီ၏ ပခုံးထက်တွင်ရှိသော လောင်ချာကြီးပင် ဖြစ်တော့၏။ တောက်ပအလင်းနတ်ဂိုဏ်း၏ အကြီးအကဲသည် ဤလက်နက်၏ ထိမှန်မှုကြောင့် သတိလစ် မေ့မျော သွားခဲ့သည်ဖြစ်ကြောင်းကို ကျင့်ကြံသူများအားလုံးက သိရှိပြီးဖြစ်သည်။ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသော ဤလက်နက်များသည် အလွန်တရာ အားကောင်းလှ ပေလိမ့်မည်။ သူတော်စင်အဆင့် ရတနာများပင် ဖြစ်နိုင်သည်။
“ကျွင်းချောင်ရှောင်း”
မိုးကြိုးအစီအရင်ကို ဖျက်ဆီးပစ်လိုက်သော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းတို့ဂိုဏ်းကို ကြည့်ရတာ အချိန်တိုအတွင်း တိုးတက်လာတဲ့ ဂိုဏ်းတစ်ခုပဲ၊ ဒါပေမဲ့ တောက်ပအလင်းနတ်ဂိုဏ်း လိုမျိုး ကြီးမားတဲ့ဂိုဏ်းကြီးတွေနဲ့ ရန်ပတ်ဖြစ်ဖို့ မလွယ်ဘူး၊ ဒီတော့ မင်းတို့ဆီမှာရှိနေတဲ့ ဟိုရတနာနှစ်ခုကို ငါတို့ကိုပေး၊ ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကိုလည်း ပေးခဲ့၊ ပြီးရင် ထွက်သွားကြတော့”
သူသည် ရောက်လာစဉ်ကတည်းက ဤကုန်းမြေမြင့်အပေါ်တွင် တည်ရှိနေသော ထူးဆန်းသည့်လက်နက် နှစ်ခုကြောင့် အကြီးအကဲဟယ်တစ်ယောက် သတိလစ်မေ့မျောသွားခဲ့သည်ကို သိရှိခဲ့သည်။ ထို့ကြောင့် ဤလက်နက်များသည် သာမန်ထက်ပိုသော လက်နက်ဖြစ်မည်မှန်း ကောင်းကောင်းသိနေ၏။ တစ်ခါတည်း ရယူသွားရန် စဉ်းစားနေမိသည်။
ဟမ့်
ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်မိ၏။ “စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့တင် မလုံလောက်သေးဘဲ ကျုပ်ဆီက လက်နက်တွေကိုတောင် လာလုရဲသေး တာလား”
ဟား ဟား ဟား ဟား
“မင်းက လွှဲမပေးချင်ဘူးလား”
“လိုရင်းကို ပြောကြရအောင်၊ လာယူလိုက်လေ”
သူ၏လေသံအား သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် မပြောနှင့် သိုင်းဆရာအဆင့် ကျင့်ကြံသူ တစ်ယောက် ဆိုလျှင်ပင် အကြီးအကျယ် ဒေါသထွက်မိမှာ သေချာ၏။
ဝှစ်
တဖက်လူသည် ပျံသန်းလာပြီးသည့်နောက် မိုးကြိုးအစီအရင် ပေါက်ကွဲထားသည့် တည်နေရာရှေ့တွင် မတ်တပ်ရပ် လိုက်၏။ ပြီးနောက် သူသည် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ကောင်းကောင်း ပြောလို့မရမှတော့ နာဖို့သာပြင်တော့”
ဟူး ဟူး
များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏လက်ဝါးပြင်တွင် စုဝေးလာပြီး စိတ်ဝိညာဉ်စွမ်းအင် လေပွေကြီး ဖြစ်တည်လာခဲ့တော့သည်။ အနားပတ်ဝန်းကျင်တွင် ရှိနေကြသော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲတွင် စုဝေးလာပြီးသည့်နောက် အလင်းတန်းများအဖြစ် ဖြစ်တည်လာခဲ့သည်။ လက်ရှိ အခြေအနေမှာတော့ တောင်ကြားတည်နေရာကို ဗဟိုပြု၍ မိုင်ဒါဇင်အနည်းငယ်အတွင်း သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်သွားခဲ့သည်။
ကြည့်ရှုနေကြသော ကျင့်ကြံသူများပင်လျှင် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။
“တကယ့်တိုက်ခိုက်ပွဲက စပြီပဲ”
“သူက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်လေ၊ ထုတ်လွှတ်လိုက်တဲ့ အားအင်က တကယ့်ကို ကြောက်ရွံ့ဖို့ ကောင်းတယ်”
အားလုံးသည် ထိတ်လန့်ကြောက်ရွံ့ပြီး နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်ဆိုသော်လည်း ကျွမ်းကျင်သူများ တိုက်ခိုက်ကြမည့်တိုက်ပွဲကို ကြည့်ရှုချင်နေကြသေး၏။
“လက်နက်တွေကို လွှဲပေးမှာလား၊ မလွှဲပေးဘူးလား”
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ထပ်မံကာ မေးမြန်းလိုက်၏။ ထို့ပြင် ၎င်းတို့သည် အဓိကဂိုဏ်းကြီးများမှ ဖြစ်၏။
များပြားလှသော ကြည့်ရှုနေသူများကလည်း ရှိနေသေးသည်။ အဆင့်ငါးဂိုဏ်းတစ်ခုကို အနိုင်ကျင့်ခြင်း သည် သိက္ခာကျလှသည့်အရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် တစ်ဖက်လူမှ အမှားကို ဝန်ခံ၍ လက်နက်များကို ကမ်းပေးလိုက်မည်ဆိုလျှင် ၎င်းတို့သည် ဂုဏ်သိက္ခာရှိရှိနှင့် အရာအားလုံးကို ပြီးဆုံးသွားအောင် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။
“ဒင်... ဂိုဏ်းတာဝန် အသက်ဝင်”
လက်ရှိ အခြေအနေမှာတော့ ဂိုဏ်း၏ တာဝန်သည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ သူသည် စနစ်ကိုဖွင့်၍ ကြည့်ရှု လိုက်သည်နှင့် တာဝန်သည် “လက်ခံသူအနေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို ကိုယ်တိုင် ကိုယ်ကျ အနိုင်ယူရန် ဝ/၁၊ အထူးတာဝန်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ပြိုလဲတော့မလို ဖြစ်သွား၏။ သူ့အနေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၏ တိုက်ခိုက် မှုကို ခုခံရန်ပင် အနည်းငယ် ခက်ခဲသည်။ သို့ပေမဲ့ စနစ်မှ ပေးခဲ့သော တာဝန်သည် ခုခံရန် မဟုတ်ပေ၊ တိုက်ခိုက်ရ မည်ဖြစ်သည်။ ဤအခြေအနေသည် အလွန်တရာ ခြားနားနေ၏။
“ဘာကိုလွှဲပေးရမှာလဲ၊ ချီးပဲရမယ်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ သူ၏ စက်အတောင်ပံကို ဖြန့်ကျက်လိုက်သည်။ ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ဟူး ဟူး
အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သံမဏိ ချပ်ဝတ်တစ်ခု ဖြစ်တည်လာ၏။ သူသည် နတ်ဝတ်စုံတစ်ခု ဝတ်ဆင်လိုက်သကဲ့သို့ပင်။
ဟူး … ဟူး
ဘန်း …။
လေထုထဲမှာတော့ နဂါးစိမ်းလခြမ်း ဓားမော့ကြီး ပေါ်လာသည်။ စက်အတောင်ပံ၏ ပျံသန်းခြင်း၊ တိုက်ခိုက်ခြင်း၊ ခုခံခြင်း လုပ်ဆောင်ချက်များ အားလုံးသည် အသက်ဝင်သွားခဲ့သည်။ စိတ်ဝိညာဉ်ချပ်ဝတ်၏ အားဖြည့်မှုနှင့်အတူ သူသည် နတ်ဘုရားအဆင့် အဆင့်မြင့်တင်ခြင်း လက်နက်ကိုပါ ထပ်မံကိုင်ဆောင်ထားခဲ့သည်။ လက်ရှိအချိန် မှာတော့ ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသော လက်နက်များကို ထုတ်ဖော်ကာ သီးခြားတာဝန်ကို အောင်မြင် အောင် ပြုလုပ်တော့မည်ဖြစ်သည်။
ဟမ်
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် အံ့အားသင့်သွားမိ၏။ ဤပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ် ကိုင်ဆောင်ထားသော လက်နက်နှင့် ဝတ်ဆင်ထားသော ချပ်ဝတ် အရာအားလုံးသည် တစ်ချက်ကြည့်လိုက်သည်နှင့် ရိုးရှင်းလှသည် မဟုတ်မှန်းသိလိုက်မိသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရတနာများကဲ့သို့ ဖြစ်နေ၏။
ဟုတ်ပေသည်။ သူ၏ ကိုယ်ထဲတွင် စနစ်ရှိနေသည်ဆိုမှာတော့ ကျွင်းချောင်ရှောင်းသည် တကယ့်ကို ဂိမ်းကစားသမားတစ်ယောက် ဖြစ်နေတော့သည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ရှိနေကြသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများသည် အလွန် အားကောင်းလှသည်ဆိုသော်လည်း ၎င်းတို့အနေဖြင့် ရှေ့သို့အရင် တိုးဝင်မတိုက်ခိုက်ရဲကြပေ။
“ရတနာတွေကို မပေးချင်မှတော့ လူမြင်ကွင်းမှာ အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့” တိုက်ခိုက်ရန်ပြင်ဆင်နေသော ကျွမ်းကျင်သူက အေးစက်စက်ဖြင့် အော်လိုက်၏။
ဟူး
ချက်ချင်းဆိုသလိုပဲ သူ၏လက်ဝါးထဲတွင် စိတ်ဝိညာဉ်စွမ်းအင် လေပွေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် မှာတော့ အလင်းတန်းများအားလုံးသည် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းဆီသို့ တိုးဝင်သွားခဲ့ တော့သည်။ ဤတိုက်ခိုက်ကွက်သည် ကောင်းကင်နှင့် မြေကြီးထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း၍ တိုက်ခိုက်ရခြင်းဖြစ်သည်။ တည်နေရာကိုပင် ချိုးဖောက်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည်။
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ထိတ်လန့် တုန်လှုပ်နေကြ၏။
“တောင်ပြိုလက်သီး”
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြှောက်ပြီးနောက် တောင်ဖြိုလက်သီးနည်းစနစ်နှင့် တွဲဖက်ကာ တိုက်ခိုက်ခဲ့သည်။ သူ၏ညာဘက်လက်ဆီမှ ဖြစ်ပေါ်လာခဲ့သော တိုက်ခိုက်ရေးစွမ်းအင် အသက်ဝင်မှု နှင့်အတူ တလက်လက် တောက်ပနေသော အလင်းတန်းမျာသည် ကြီးမားသောဓားမော့ကြီးနှင့်ပူးပေါင်း၍ ခုတ်ပိုင်းခြင်းကို ပြုမူ၏။
ဝှစ်
ဓားမော့၏ အော်ရာများသည် ဘုံကိုးဆင့်ကို ချိုးဖြတ်နိုင်မည့် အရှိန်အဝါ ထွက်ပေါ်လျက်ရှိသည်။ အလင်းတန်း များသည် တည်နေရာတစ်ခုလုံးကိုပင် ထိုးခွဲသွား၏။ ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကို ကိုင်ဆောင်ပြီးသည့် နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးကို အဝတ်စတစ်ခုအား ပိုင်းဖြတ်သလို ပိုင်းဖြတ်တော့၏။ ပြီးနောက် စက်အတောင်ပံ၏ ထောက်ပံ့မှုနှင့်အတူ သူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၏ရှေ့သို့ ရောက်ရှိသွားသည်။
“မကောင်းတော့ဘူး”
ဒင်
ထိုအချိန်မှာပဲ လက်နက်ချင်း ထိမှန်သံ ထွက်ပေါ်လာတော့သည်။ တည်နေရာတစ်ခုလုံးတွင် အားကောင်းလှသော စိတ်ဝိညာဉ်လှိုင်းများ ဖြစ်တည်လာခဲ့၏။
ဝှစ် ဝှစ်
ကျိုးပြတ်သွားခဲ့သော ဓားတစ်ချောင်းသည် လွှင့်စင်သွားခဲ့ပြီးသည့်နောက် အဝေးတစ်နေရာတွင် ရှိနေသော ကျောက်တုံးကြီးတွင် သွား၍ စိုက်ဝင်လျက်ရှိသည်။ နေ၏အလင်းရောင်အောက်မှာတော့ ထိုလက်နက်ဆီမှ ဖန်းဟူသော စာလုံးရေးသားထားသည်ကို မြင်နိုင်၏။
“ဒါ ဒါ…. က ဆရာဖန်းလုပ်ထားတဲ့ဓားလား”
အားလုံးသည် မော့ကြည့်လိုက်သည့်နောက်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် နောက်ဘက် ပေအနည်းသို့ ဆုတ်ခွာသွားရသည်ကို မြင်လိုက်ရ၏။ ၎င်း၏လက်ထဲတွင် ဆုပ်ကိုင်ထားသောဓားမှာတော့ တစ်ပိုင်း ပြတ်လျက်ရှိနေသည်။