← Chapters

အခန်း (၇၅၇)

Vol. 51 Ch. 757

အခန်း (၇၅၇)

Vol. 51 Ch. 757

စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းထဲတွင်ရှိသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းချီသည် တောဝက်ရိုင်းလေး ၏ တူးထုတ်ခြင်းကို အချိန်တိုအတွင်းမှာပဲ ခံလိုက်ရ၏။ ၎င်း၏ အစွမ်းသက်ရောက်မှုသည် အလွန်တရာ မြန်ဆန် လွန်းလှသည်။

အပြန်လမ်းတွင်တော့ ကျွင်းချောင်ရှောင်းသည် မတွေးဘဲ မနေနိုင်တော့ချေ။ “ဒီကောင်လေးကို စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှာ လေ့ကျင့်ပေးလိုက်မယ်ဆိုရင် ပြည့်စုံသွားနိုင်တယ်”

တောဝက်ရိုင်းလေး၏ မြေဓာတ်သဘာဝသည် အလွန်ပင် ရှားပါးလွန်းပြီး သဘာဝရတနာများကို ရှာဖွေရန်နှင့် မိုင်းတွင်းတူးရန် အလွန်အသုံးဝင်နေ\။

စနစ်က ပြောလိုက်သည်။ “ဟုတ်တာပေါ့”

“ငါသတိရပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟုတ်တယ်၊ ဆုလာဘ်အဖြစ်ဝယ်ယူခွင့် ရထားတဲ့အရာတွေကို ဝယ်ရမယ်”

စနစ်က ပြောလိုက်သည်။ “မဝယ်လို့ အလကား ပေးရမှာလား”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်လိုက်သည်။ “မင်း အလကားပေးချင်တယ်ဆိုရင်လည်း စိတ်မရှိပါဘူး”

“အိမ်မက်သာ မက်နေစမ်းပါ” စနစ်က ပြန်ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျှူရှုပြီးသည့်နောက်မှာတော့ ဝယ်ယူနိုင်သည့် ပစ္စည်းစာရင်းကို ဖွင့်လှစ်လိုက်သည်။ ပြီးနောက် တာဝန်မှ ဆုလာဘ်အဖြစ် ရရှိထားသော ကောင်းကင်ဘုံရတနာ မျိုးစေ့ဘဏ်အား နှိပ်ကြည့်လိုက်တော့၏။

မိတ်ဆက်အရဆိုလျှင် ဤအရာသည် ကောင်းကင်နှင့် မြေကြီး၏ ရတနာအပင်များအားလုံးကို မြန်မြန်ဆန်ဆန် ပေါက်ရောက်နိုင်ရန်အတွက် ပြုလုပ်ပေးနိုင်သော မျိုးစေ့ကန် တစ်ခုဖြစ်သည်။

ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော ဆေးပင်များအားလုံးသည် သာမန် သို့မဟုတ် အဆင့်မြင့် ဆေးပင်များသာဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး ရတနာဟု သတ်မှတ်၍ မရနိုင်ချေ။ ထို့ကြောင့် ၎င်းတို့အား အသုံးပြု၍ မဖြစ်နိုင်ချေ။

ကျွင်းချောင်ရှောင်းမှာတော့ အနည်းငယ်စိတ်ပျက်သလို ခံစားမိလိုက်၏။ ဆေးပင်မျိုးစေ့အားလုံးအား ပိုမိုကောင်းမွန်သည့် မျိုးစေ့ကန်ထဲတွင် ထည့်နိုင်မည်ဆိုလျှင် ဆေးခန်းမဆောင်၏ ဆေးပင်စိုက်ပျိုးမှုသည် ပိုမို၍ မြန်ဆန်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သိုင်းဘုရင်ဆေးလုံးများနှင့် တခြားဆေးလုံးများ၏ အားအင်သည် ပိုမို၍ ကောင်းမွန်လာမှာ သေချာ၏။

“ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဆက်လက်ဖတ်ရှုလိုက်သည့် အချိန်မှာတော့ မျက်လုံးပင် ပြူးသွားမိ၏။ ဤအရာသည် တစ်စုံတစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအင်ကို တိုးတက်နိုင်မည်ဆိုလျှင် သူသည် မြင့်မားလှသော ဈေးနှုန်းပေး၍ ဝယ်ယူနိုင်ပေသည်။ သို့ပေမဲ့ ဤအရာသည် ကောင်းကင်နှင့်မြေကြီး၏ အတွင်းမှာရှိနေသော ရတနာပင်များအား ပိုမို၍ အစွမ်းထက်စေနိုင်သည့် မျိုးစေ့ကန်လေးတစ်ခုသာဖြစ်၏။ ပေးဆပ်ရသည့် တန်ဖိုးမှာ ကြီးမားလွန်းနေသည်။

စနစ်က ပြောလိုက်၏။ “ဒီလို ရတနာမျိုးဆိုတာ တွေ့ရခဲတယ်လေ၊ အပင်တွေရဲ့ မြန်ဆန်စွာ ပေါက်ရောက်မှုနှုန်းကလည်း ကြီးမားတယ်၊ ငါဆိုရင်တော့ တစ်သောင်းမပြောနဲ့ တစ်သိန်းဆိုရင်တောင် ဝယ်မှာပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ ဤအရာသည် အမှန်ပင် ကောင်းမွန်သည့်အရာ တစ်ခုဖြစ်မှန်း သူအစောကြီးကတည်းက သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ် မသုံးဘဲ မနေစေရန် သွေးဆောင်လျက်ရှိနေ၏။ ဤဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းပြီးသည့်နောက်တွင် ၎င်းသည် ကော်မရှင်ပင် ရနေသလား မသိပေ။

“ပြီးတော့ လက်ခံသူဆီမှာ သူတော်စင်နှလုံးသားကြာပန်း ရှိနေသေးတယ်လေ၊ ဒီအရာက ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာလို့ သတ်မှတ်နိုင်တယ်၊ မျိုးစေ့ကန်ထဲကို ထည့်ပြီးတော့ စိုက်ပျိုးမယ်ဆိုရင် လိုနေတဲ့ ပွင့်ဖတ်နှစ်ခု မြန်မြန် ဆန်ဆန်နဲ့ ကြီးထွားလာနိုင်တယ်” စနစ်က သတိပေးလိုက်သည်။

“ဒါအမှန်ပဲဟ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ မျက်နှာတစ်ရာ ဆေးသူတော်စင်၏ သင်္ချိုင်းထဲတွင် ရှာဖွေတွေ့ရှိခဲ့သော ကောင်းကင်ဘုံရတနာဖြစ်သော သူတော်စင်နှလုံးသားကြာပန်းသည် သူ့တွင် ရှိနေ၏။ စနစ်သာ သတိမပေးပါက သူ့အနေနှင့် ထိုအရာကို မေ့လျော့၍ပင် နေပြီဖြစ်၏။ သူတော်စင်နှလုံးသားကြာပန်း၏ ပွင့်ဖတ်များအားလုံး စားသုံးရမည်ဟု မိစ္ဆာသူတော်စင်ဝူကျူးက ပြောဆိုခဲ့သည်။ ထိုမှသာလျှင် ၎င်း၏ ကျင့်ကြံခြင်း အဆင့်များသည် အလုံးစုံ ပြန်လည်ရရှိမှာဖြစ်၏။

လက်ရှိအခြေအနေတွင် စိတ်ဝိညာဉ်မိုင်းတွင်း တစ်ခုလုံးကို ရရှိရန်အတွက် အဆင့်တစ်နှင့် အဆင့်နှစ်ဂိုဏ်းများ အားလုံးကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့နှင့် ရန်ငြှိုး ဖွဲ့တည်ခဲ့ပြီးပြီဟု ဆိုနိုင်သည်။ အနာဂတ်မှာ ၎င်းတို့အားလုံး ရောက်ချလာပြီး ပြဿနာရှာမှာ သေချာ၏။ သူ၏ အစေခံသည် သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကိုသာ ပြန်လည်ရရှိမည်ဆိုလျှင် သူ့အနေနှင့် အရာအားလုံးကို ရင်ဆိုင်ရန်အတွက် လုံလောက်သည့် ယုံကြည်ချက်များ ရှိလာနိုင်သည်။

“ဝယ်မယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ ကောင်းကင်ဘုံရတနာ မျိုးစေ့ကန်အား ဝယ်ယူခဲ့၏၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

ဤအရာသည် တစ်စုံတစ်ခုကို ထည့်သွင်း၍ အသုံးပြုသောအရာပင်ဖြစ်သည်။ ဥပမာအားဖြင့် မျိုးစေ့ကန်၏ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေချင်သည်ဆိုလျှင် ၎င်း၏ ကြီးထွားနိုင်စွမ်း ပိုမိုမြင့်မားလာစေရန်အတွက် စွမ်းအင် တစ်မျိုးမျိုးကို ထည့်သွင်းရ၏။ ဆေးပင်များ၊ ကျောက်ရိုင်းများ၊ သလင်းအမြူတေများ၊ ထို့အပြင် စိတ်ဝိညာဉ် ကျောက်တုံးများကိုပင် အသုံးပြုနိုင်စွမ်းရှိပေသည်။

ဟုတ်ပေသည်။ အကျိုးသက်ရောက်မှု ရရှိရန်အတွက် ပိုမို ကောင်းမွန်သည့် သလင်းအမြူတေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်ပါက ပိုမိုကောင်းမွန်မှာ သေချာ၏။ ဆေးပင်နှင့် ကျောက်ရိုင်းတုံးများမှာတော့ အကျိုးရလဒ် နည်းပါးပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် ပစ္စည်း၏ အသေးစိတ် အချက်အလက်များအား မြင်သည့်အချိန်မှာတော့ ဆွံ့အသွားမိ၏။ “ဒါက ပိုက်ဆံတော်တော် ထပ်ကုန်အုံးမယ့်ပစ္စည်းပဲ”

ဟုတ်ပေသည်။ သူ့အနေနှင့် ကောင်းကင်ဘုံရတနာများကို ဆယ်ဆပို၍ မြန်ဆန်စွာကြီးထွားချင်သည်လား၊ တစ်ရာဆ ပိုမိုမြန်ဆန်စွာ ကြီးထွားချင်သည်လား၊ တစ်ထောင်ဆ ပိုမိုမြန်ဆန်စွာ ကြီးထွားချင်သည်လား၊ လွယ်လွယ်လေးပင်ဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်နှင့် ဈေးကြီးသော အရာတစ်ခုခုကို ထည့်လိုက်ရုံသာရှိသည်။

ပိုက်ဆံများ သုံးမည်လား၊ ပိုက်ဆံမရှိဘဲနှင့် မည်သည့်အရာကိုမှ ပြုလုပ်၍ မရနိုင်ချေ။ ဤပစ္စည်းသည် ပိုက်ဆံချမ်းသာသောသူများ အတွက်သာ ဖြစ်ပေလိမ့်မည်။ ပိုက်ဆံကို မသုံးချင်ပါက ကြီးထွားနိုင်မည့်နှုန်းသည် တစ်ဒဿမငါးဆသာရှိ၏။ တစ်ဒဿမငါးဆဆိုသည်မှာ ဆိုးရွားသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ ကောင်းကင်ဘုံ ရတနာများ၏ ကြီးထွားနိုင်မှုသည် နှစ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိ၏။ ထို့ကြောင့် တစ်ဒဿမငါးဆဆိုသော အချိန်ကာလမှာ အသုံးမဝင်သလောက် နီးနီးပင်။

အင်း

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ပိုက်ဆံတွေ သုံးတာပဲ ပိုပြီး အဆင်ပြေပါလိမ့်မယ်”

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီကို ရရှိခဲ့ပြီးပြီဖြစ်သည်။ ပြီးသည့်နောက်မှာတော့ ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော သူတော်စင်နှလုံးသားကြာပန်းပွင့်ဆီသို့ သွားလိုက်၏။

ဝှစ်

အားကောင်းလှသော စွမ်းအင်များသည် လေထုထဲတွင် ဖြစ်တည်လျက်ရှိပြီး သူတော်စင်နှလုံးသားကြာပန်းအား ရစ်သိုင်းလျက်ရှိ၏။

“ဒင်”

ရုတ်တရက်ဆိုသလိုပဲ သူ၏မျိုးစေ့ကန်အောက်ခြေတွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ ဤအရာကို ကြီးထွား သန့်စင်ရန်အတွက် လိုအပ်သည့်အချိန်ကာလသည် နှစ်တစ်ထောင်ဖြစ်၏။ တစ်ဒဿမငါးဆ အရှိန်ပိုမိုတိုးတက် လာမည်ဆိုလျှင် ကြန့်ကြာနိုင်မည့် အချိန်ကာလသည် ၆၆၆.၆၆၆ နှစ်ဖြစ်၏။

“...” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ မူလအချိန်ကာလနှင့် ပြန်လည်မြင့်တက်လာသော အချိန်ကာလသည် အတူတူ နီးပါးပင်ဖြစ်၏။ သူ့အနေနှင့် ပိုမိုမြန်ဆန်စွာ ကြီးထွားစေချင်သည်ဆိုလျှင် သလင်း အမြူတေများကို ထည့်သွင်းမှ ဖြစ်မည်။

“ဒါက ၆၆၆နှစ်ပဲ ကြာမှာလေ”

စနစ်သည် မိန်းကလေးကဲ့သို့ အသံမျိုးနှင့် ပြောဆိုလိုက်၏။ “လာခဲ့ပါ၊ ပျော်ပျော်ကြီး ဒီအတိုင်းပဲထားလိုက်ကြတာပေါ့”

“တော်စမ်း” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ၆၆၆ နှစ်မပြောနှင့် ခြောက်နှစ်ကိုပင် သူမစောင့်နိုင်ချေ။ ဆေးပင်များ မြန်မြန်ဆန်ဆန်ကြီးထွားလာစေရန်အတွက် သူသည် ကြီးထွားသည့်နှုန်းကို အဆတစ်ရာဆနှင့် မလုံလောက်လျှင် အဆတစ်ထောင်ဆဖြင့် ကြီးထွားစေချင်မိ၏။

ဟူး ….။

ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ၏ စိတ်ဓာတ်များသည် ကျဆင်းလျက်ရှိသည်။

“ဒါက ပွင့်ဖတ်လေးနှစ်ခုပဲလေ၊ ဒါလေးပြန်လည်ဖြစ်တည်ဖို့ကို ဘာလို့ နှစ်တစ်ထောင်တောင် စောင့်ရတာလဲ၊ အကျိုးမရှိမှန်းသိရင် ရှစ်ကျန်းရွမ်နဲ့ အကြီးအကဲဝေတို့ကို ဒါကြီး မကျွေးခဲ့ပါဘူး”

“ဒီတော့ အခုဝယ်ယူထားတဲ့ ပစ္စည်းက မင်းရဲ့ အတိတ်က အမှားတွေ၊ နောင်တ တရားတွေကို ပြန်လည်ပြင်ဆင် နိုင်တဲ့အရာပဲ” စနစ်က ပြောလိုက်သည်။

“...” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ ပြီးနောက် သလင်းအမြူတေတစ်ခုကို ထုတ်ယူကာ စက်ထဲသို့ ထည့်လိုက်၏။

“ဒင်”

အသံတစ်ခုသည် ပေါ်ပေါက်လာ၏။ ပြီးသည့်နောက်မှာတော့ ကြန့်ကြာနိုင်သည့် အချိန်ကာလသည် လျော့ကျ သွား၏။ မည်မျှလျော့ကျသွားသနည်းဆိုသော် ခြောက်ဆယ်စက္ကန့်ဖြစ်သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ထခုန်လုမတတ်ဖြစ်သွား၏။ ပြီးနောက် သူ၏ခေါင်းပေါ်ရှိ ဆံပင်များကို ဆုပ်ကိုင်ကာ မချင့်မရဲနှင့် ပြောလိုက်၏။ “သလင်းအမြူတေတစ်ခုက တစ်မိနစ်ပဲ ပိုပြီးတော့ မြန်လာတာလား”

စနစ်က ပြောလိုက်သည်။ “သလင်းအမြူတေရဲ့အဆင့်က အရမ်းကို နိမ့်တာကိုး၊ ဒီလိုသလင်းအမြူတေတွေကို သုံးမယ်ဆိုရင် တစ်နှစ်အတွက် ငါးသိန်းနှစ်သောင်းသုံးထောင်ခြောက်ရာ ကုန်ဆုံးလိမ့်မယ်၊ ၆၆၆ နှစ်အတွက်ဆိုရင် သန်းပေါင်းသုံးရာကျော် ကုန်လိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွား၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတောင် သားရဲပေါင်း သန်းသုံးရာကျော် ရှိရဲ့လားမသိဘူး”

“အဲတော့ ဒီကိစ္စကို ဆက်ပြောမနေနဲ့တော့၊ ဒီတော့ လက်ခံသူအနေနဲ့ ပိုပြီး အဆင့်မြင့်မားတဲ့ သလင်းအမြူတေကို ထည့်သင့်တယ်” စနစ်က ဆော်သြလိုက်သည်။

“ဒီတစ်နည်းပဲ ရှိတော့တာပေါ့” ကျွင်းချောင်ရှောင်းသည် သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သလင်းအမြူတေကို ထုတ်ယူကာ ထည့်လိုက်၏။ ထိုအချိန်မှာတော့ အချိန်ကာလသည် နှစ်မိနစ် လျော့ကျသွား၏။

“မဆိုးဘူးပဲ”

စနစ်က ပြောလိုက်သည်။ “ဒီအရာကို အသုံးပြုမယ်ဆိုရင် သလင်းအမြူတေပေါင်း သန်းတစ်ရာ့ခုနှစ်ဆယ်ပဲ လိုတော့တယ်”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သလင်းအမြူတေများကို ထုတ်ယူကာ ထည့်လိုက်၏။ ထိုအချိန်မှာတော့ အချိန်ကာလသည် လေးမိနစ် ပိုမို မြန်ဆန်သွားခဲ့၏။

“...” ကျွင်းချောင်ရှောင်းသည် ၎င်း၏ ဆံပင်များကိုပင် ဆွဲနှုတ်မိနေ၏။ အဆုံးသတ်မှာတော့ သူသည် သူ၏စိတ်ကို ပြင်ဆင်ပြီးသည့်နောက်မှာတော့ သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သလင်းအမြူတေကို ထိုးထည့်လိုက် တော့သည်။ ထိုအချိန်မှာမှ ကုန်ဆုံးနိုင်သောမိနစ်သည် ခြောက်ဆယ်မိနစ်ဆီသို့ ကျသွားခဲ့သည်။

စနစ်က ပြောလိုက်သည်။ “ဒီအရာကို အသုံးပြုမယ်ဆိုရင် လက်ခံသူအနေနှင် သလင်းအမြူတေပေါင်း ငါးသန်းပဲ ကုန်တော့မယ်”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ လျှောကျမလိုပင် ဖြစ်သွားမိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် သိုင်းဘုရင်အဆင့် သလင်းအမြူတေ ငါးသန်းရှိရဲ့လားပင် သေချာမသိနိုင်ပေ။

“ငါမတတ်နိုင်ဘူးပဲ”

သိုင်းဘုရင်အဆင့် သလင်းအမြူတေများ ဆိုလျှင်ပင် အချိန်ကာလကို တစ်နာရီသာ ပိုမိုလျော့ပါးစေနိုင်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်စိတ်ပျက်မိနေသည်။

စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ စမ်းသပ်ကြည့်လို့ ရတယ်လေ”

ကျွင်းချောင်ရှောင်း ငြိမ်သက်သွား၏။ သူ့ဆီမှာရှိသော အဆင့်အမြင့်ဆုံး သလင်းအမြူတေသည် သိုင်းဘုရင်အဆင့် ဖြစ်၏။ ပိုမို မြန်ဆန်သည့် အချိန်ကာလကို ရရှိချင်သည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စမ်းသပ်ကြည့်မှ ဖြစ်ပေလိမ့်မည်။ ဆေးပင်နှင့် ကျောက်ရိုင်းတုံးများအတွက် သူသည် ထည့်တောင် မစဉ်းစားချေ။ သူတောင်မှ ထိုအရာများကိုရရှိရန် မနည်းရှာဖွေနေရသည် မဟုတ်ပါလား။

“ကောင်းပြီ စမ်းကြည့်ရတာပေါ့”

ကျွင်းချောင်ရှောင်းသည် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ စက်ထဲသို့ ထည့်လိုက်၏။ ထိုအချိန်မှာတော့ ကုန်ဆုံးနိုင်သည့် ပမာဏသည် ခြောက်ဆယ်မိနစ်သို့ ထပ်မံလျော့ကျသွားသည်။ ဤအရာသည် သိုင်းဘုရင်အဆင့် သလင်းအမြူတေ တစ်ခု၏ အမြန်နှုန်းနှင့် ဆင်တူနေသည်။ ထိုသို့ဆိုလျှင် ကုန်ကျမှုမှာလည်း အတူတူ ဖြစ်ပေလိမ့်မည်။ လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခု၏ ကျသင့်ငွေသည် ငွေတေးလ်တစ်သောင်း ဖြစ်သည်။ ငါးဒဿမရှစ်သန်းသော စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းရမည်ဆိုလျှင် လိုအပ်သည့် ပိုက်ဆံသည် ....

ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး သူ၏မျက်နှာကို လက်ဖြင့်အုပ်ကာ တဆတ်ဆတ် တုန်လျက်ရှိ၏။ သူသည် ရယ်ရတော့မလား၊ ငိုရတော့မလားပင် မသိနိုင်ချေ။

“မငိုနဲ့တော့”

စနစ်က ပြောလိုက်သည်။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ စမ်းကြည့်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ငါ့ဆီမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်လေ”

ပြောပြီးသည့်နောက် သူသည် တောဝက်ရိုင်းလေး တူးဆွထားပြီး ပူပူနွေးနွေး ရရှိထားသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို စက်ထဲသို့ ထည့်သွင်းလိုက်၏။

“ဒင်”

သတိပေးသံသည် သူ၏ ရှေ့တွင် ပေါ်လာ၏။ ဤတစ်ကြိမ်တွင် ဆယ်နာရီစာ လျော့ကျသွားကြောင်း တွေ့ရှိလိုက် သည်။

“ဆယ်နာရီ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကြည့်ကာ မျက်လုံးတွေ ချာချာလည်သွား၏။ “မြန်မြန် ငါ့အတွက် တွက်ပေးစမ်းပါအုံး … ဘယ်လောက်လောက် လိုနိုင်လဲ”

စနစ်က ပြောလိုက်၏။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်း ရှစ်သောင်းပေါ့”

ဤအရေအတွက်သည် မသေးငယ်လှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီကို တူးထုတ်ထားခဲ့၏။ ထို့ကြောင့် ကြာပန်းကို ကြီးထွားလာစေရန်အတွက် ထိုအရာကို သုံးစွဲနိုင်စွမ်းရှိသည်။ သူသည် လက်များကို ဖြန့်ကားကာဖြင့် ပြောလိုက်တော့သည်။ “လာစမ်း၊ သုံးလိုက်ကြတာပေါ့”

All Chapters