← Chapters

အခန်း (၇၅၈)

Vol. 51 Ch. 758

အခန်း (၇၅၈)

Vol. 51 Ch. 758

သဘာဝစိတ်ဝိညာဉ်ကျောက်တုံးပေါင်းတစ်သိန်းကို အသုံးပြုပြီးတော့ သူတော်စင်နှလုံးသားကြာပန်းအား ခူးဆွတ်နိုင်ဖို့ရသည်အထိ ပြုလုပ်နိုင်ဖို့ ဆိုသည်မှာ အလွန်တရာ ကြီးမားသည့်ဈေးနှုန်းပင်ဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် နည်းနည်းလေးမှ ဂရုမစိုက်ချေ။ ထို့အပြင် မိစ္ဆာသူတော်စင် ဝူကျူးသာ သိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်ဆီသို့ ပြန်လည်ရောက်ရှိနိုင်မည့်အရာ မဟုတ်လား။

ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် သိုင်းအင်ပါယာဆိုသည်မှာ ရံဖန်ရံခါမှ ထွက်ပေါ်လာတတ်သည့်အရာမျိုး ဖြစ်သည်။ ထို့ကြောင့် သိုင်းနယ်မြေ ကျင့်ကြံသူများသည် အားအကောင်းဆုံးဟု သတ်မှတ်ရမည်။ ပြိုင်စံရှားဂိုဏ်း တွင် ထိုကဲ့သို့သော အားကောင်းသည့်သူမျိုး ရှိနေပါက ပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများကို ယှဉ်ပြိုင်ရန် အတွက် ခက်ခဲလိမ့်မည် မဟုတ်ချေ။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို မဆိုထားနှင့် သူရရှိခဲ့သော သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး အားလုံးကို အသုံးပြုရမည် ဆိုလျှင်ပင် ကျွင်းချောင်ရှောင်းသည် တချက်ကလေးမှ မျက်တောင်ခတ်မိလိမ့်မည် မဟုတ်ချေ။

စနစ်က ပြောလိုက်သည်။ “ယောက်ျားဆိုတာ သတ္တိရှိရတယ်၊ လုပ်လိုက်စမ်း”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းပြီးသည့်နောက်မှာတော့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ စက်ထဲသို့ ထိုးထည့်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ၆၆၅ နှစ်ဆိုသည့် အချိန်အတိုင်းအတာမှသည် စက္ကန့်အနည်းငယ်ဆီသို့ ပြောင်းလဲသွားတော့သည်။ သူသည် အသာထိုင်ပြီးသည့်နောက် ရင်ဘတ်ကို ကိုင်ကာ နာကျင်နေသည့် နှလုံးသားကို ဖိနှိပ်လိုက်၏။ “ထိုက်တန်တယ်၊ ထိုက်တန်တယ်”

“ဒင်... ရင့်မှည့်မှု အောင်မြင်ခဲ့သည်”

ဝှစ် ဝှစ်

မျိုးစေ့ကန်ထဲဆီမှ များပြားလှသည့် ဓာတ်သဘာဝများ ဖြစ်တည်လာပြီး ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ် သွားတော့သည်။ ပွင့်ဖတ်ခုနှစ်ခုတည်းသာရှိသော သူတော်စင်နှလုံးသား ကြာပန်းသည် အလုံးစုံ ရင့်မှည့် သွားခဲ့ပြီ ဖြစ်သည်။

“ရေး... ငါ့ကိုဒီထက်ပိုပြီး အားကောင်းအောင်လုပ်တော့” ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ စွန်းပုကုံးသည် စာကြည့်ခန်းထဲသို့ ပြေးဝင်လာ၏။ ပြီးနောက် ပြောလိုက်သည်။ “အကြီးအကဲဝေရဲ့ ရောဂါကို ကုဖို့အတွက် မျက်နှာတစ်ရာ ဆေးသူတော်စင်ရဲ့ စာအုပ်ထဲကနေ နည်းလမ်း ရှာတွေ့ခဲ့တယ်”

“ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။

သူတော်စင်နှလုံးသားကြာပန်း ရင့်မှည့်သွားပြီဖြစ်သောကြောင့် မိစ္ဆာ သူတော်စင် ဝူကျူးသည် အလုံးစုံ ပြန်လည်ကောင်းမွန်ပြီး သူ၏ မူလ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် ရရှိတော့မှာဖြစ်သည်။

အကြီးအကဲဝေ၏ ရောဂါကို ကုသနိုင်မည်ဆိုလျှင် သူ့အနေနှင့် နောက်ထပ် သိုင်းအုပ်စိုးသူ တစ်ယောက်ကို ရရှိပေလိမ့်မည်။

သို့ပေမဲ့ ဆေးအညွှန်းကို ကြည့်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ အသေးစိတ်အချက်များ ပါဝင်သည်ဆိုသော်လည်း အဓိကအချက်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် ပျောက်ဆုံးနေသည့်ကို ကုသရမည့်မှာ သူတော်စင်နှလုံးသားကြာပန်း၏ ပွင့်ချပ်ခြောက်ခုပင် ဖြစ်သည်။

“ဟား ဟား ဟား ဟား” စနစ်သည် အားရပါးရ ရယ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် သေသေချာချာ ဖတ်ရှုပြီးသည့်နောက်မှာ လေးလေး နက်နက် ပြောလိုက်၏။ “အကြီးအကဲဝေရဲ့ ထူးဆန်းတဲ့ရောဂါကို ကုသနိုင်တယ်ဆိုတာ သေချာရဲ့လား”

စွန်းပုကုံးက ပြောလိုက်၏။ “တပည့်က သေသေချာချာ စစ်ဆေးထားပါတယ်၊ ဒီမှာ မှတ်တမ်းတင် ရေးထားတာကလည်း ဒီအတိုင်းပဲလေ၊ ဆေးပင်တွေ ရှိတယ်ဆိုရင် ပြန်ပြီး ကုသနိုင်ဖို့အတွက် ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်”

ဤအတောအတွင်း သူသည် မျက်နှာတစ်ရာ ဆေးသူတော်စင်၏ ဆေးမှတ်တမ်းများကို သေသေချာချာ လေ့လာ နေခြင်းပင်ဖြစ်၏။ ဆေးပညာနှင့်ပတ်သက်၍ သူ၏နားလည်မှုသည် တမဟုတ်ချင်း တိုးတက်သွားခဲ့တော့၏။

ပြိုင်စံရှားဂိုဏ်းထဲတွင် အကောင်းဆုံးသော ဆေးသမားတော်ကို လက်ညှိုးထိုးပြပါဆိုလျှင် သူသာ ဖြစ်ပေလိမ့်မည်။ သူသည် ဂိုဏ်းထဲဝင်ခဲ့စဉ်က များပြားလှသော အင်ပါယာများ၏ ကျောက်စိမ်းပြားအတုများကို ထုတ်ဖော်ကာ ဂိုဏ်းချုပ်အား ပြသခဲ့ဖူး၏။ လက်ရှိအချိန်မှာတော့ သူသည် ဆေးသမားတော်တစ်ယောက်၏ ဆက်ခံသူ တစ်ယောက် ဖြစ်လာမည်ဆိုသော အလားအလာကို ထပ်မံပြသလျက် ရှိနေတော့၏။

သို့ပေမဲ့ သူ ပြောပြော ပြီးချင်းမှာပဲ ဂိုဏ်းချုပ်သည် စားပွဲနှင့် ဦးခေါင်း တိုက်လျက်ရှိသည်။ ထို့ကြောင့် သူသည် ဇဝေဇဝါနှင့် မေးလိုက်မိသည်။ “ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ၊ ရင်နာတာပေါ့”

သူ့အနေနှင့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို အသုံးပြု၍ မိစ္ဆာသူတော်စင်ဝူကျူး၏ ကျင့်ကြံခြင်း အဆင့် ပြန်လည်ကောင်းမွန်ရန်အတွက် ဆေးပင်ကို ရင့်မှည့်အောင် ပြုလုပ်ခဲ့ရ၏။ သို့ပေမဲ့ အကြီးအကဲဝေ၏ ရောဂါသည်လည်း ထိုဆေးပင်နှင့်ပင် ကုသရမည့် အခြေအနေ ဖြစ်နေ၏။

စနစ်သည် သူ့အား နှစ်သိမ့်လိုက်သည်။ “စိတ်မပူနဲ့၊ ဒါက ဘာပဲပြောပြော ပွင့်ဖတ်ခြောက်ခုထဲလေ”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် သူ၏လက်ထဲတွင်ရှိနေသော ဆေးညွှန်းအား အသာ ရိုက်ချကာ ပြောလိုက်၏။ “ရှစ်ဆယ်ရာခိုင်နှုန်း မပြောနဲ့၊ ဆယ်ရာခိုင်နှုန်းပဲရှိတယ် ဆိုရင်တောင်မှ ငါစမ်းကြည့်ရမှာပဲ”

အကြီးအကဲဝေသည် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ပြီးကတည်းက ဆေးပင်များ စိုက်ပျိုးရသည့် တာဝန်ကို ယူခဲ့၏။ တပည့်များ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းမှာ ၎င်း၏ ကြိုးစားမှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရောဂါကုသမည့်ဆေးညွှန်းကို ရရှိနေပြီဆိုမှတော့ တစ်ချက်ကလေးမှ တွန့်ဆုတ်နေ၍ မဖြစ်ချေ။

မိစ္ဆာသူတော်စင် ဝူကျူးအတွက်ကတော့ နောင်တစ်ချိန်မှ ပြန်လည်စောင့်မျှော်ရပေလိမ့်မည်။

“အင်း”

စွန်းပုကုံးသည် ဂိုဏ်းချုပ်၏ ထောက်ပံ့မှုနှင့်အတူ သူတော်စင်နှလုံးသားကြာပန်း ပွင့်ဖတ်ခြောက်ခုတို့အား ယူဆောင်ကာ သေသေချာချာ ဆေးဖော်တော့သည်။ သူ၏ နားထဲတွင်တော့ ဂိုဏ်းချုပ်၏ အသံသည် တတွတ်တွတ်နှင့် ဝင်လာလျက် ရှိသည်။

“ပုကုံး... ဒီဆေးပင်က အရမ်းကို တန်ဖိုးကြီးတယ်နော်၊ မင်းအောင်မြင်မှ ဖြစ်မယ်”

“ဂိုဏ်းချုပ်... တပည့်က လုံးဝ စိတ်မပျက်စေရပါဘူး”

...........

စာကြည့်ခန်းထဲမှာတော့ မျိုးစေ့ကန်ထဲတွင်ရှိနေသော သူတော်စင်နှလုံးသားကြာပန်း၏ လက်ကျန်ပွင့်ဖတ်များကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ နှာခေါင်းများသည် ပွတက်လျက်ရှိသည်။ တစ်ဒဿမငါးဆသော အရှိန်၏အောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်း ကုန်ဆုံးမည်ဖြစ်ကြောင်း ပြသလျက်ရှိသည်။ သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလျက်ရှိ၏။

ပထမတုန်းက သူ၏စိတ်ဝိညာဉ်ကျောက်တုံးများ အားလုံး ကိုအသုံးပြု၍ မိစ္ဆာသူတော်စင် ဝူကျူး ပြန်လည်ကောင်းမွန်ရန် အသုံးပြုမည်ဟု ပျော်ပျော်ရွှင်ရွှင် တွေးတောခဲ့ သည်။ သို့ပေမဲ့ ဤအခြေအနေသို့ ရောက်ရှိချိန်မှာတော့ အနည်းငယ် တွန့်ဆုတ်လျက်ရှိသည်။

စနစ်၏ မိန်းကလေး ကဲ့သို့ အသံသည် ထွက်ပေါ်လာခဲ့တော့သည်။ “စမ်းကြည့်လိုက်စမ်းပါ၊ ဘာပဲပြောပြော ဒါက စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ မဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ စိတ်ဆုံးဖြတ်ပြီးသလို ပြောလိုက်၏။

“ဘာလို့ နှမျောနေရမှာလဲ”

ဒင် ဒင် ဒင် ဒင်

သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများသည် မျိုးစေ့ကန်ထဲသို့ တစ်ခုပြီးတစ်ခု ရောက်ရှိသွား၏။ နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်ကျောက်တုံး တစ်ဒဿမရှစ်သန်းကို ထည့်သွင်းပြီးသည့်နောက်မှာတော့ ငါးရက်ဆိုသည့် အတိုင်းအတာ သို့ ရောက်ရှိလာခဲ့သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ စွန်းပုကုံးသည် တံခါးကိုဖွင့်၍ ဝင်လာတော့သည်။ ၎င်း၏ မျက်နှာသွင်ပြင်သည် ဘာအဓိပ္ပာယ်မှန်း ဖော်ညွှန်းရန်ပင် ခက်ခဲနေသည်။

သူ့တပည့်၏ မျက်နှာပေါ်ရှိ သွင်ပြင်အမူအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာလှဲလိုက်ပြီးသည့်နောက် ရင်ဘတ်ကို ဖိထားမိ၏။ သူ၏ အသက်ရှူနှုန်းမှာလည်း မြန်ဆန်လျက်ရှိနေ၏။

“မင်းမအောင်မြင်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”

“ဟုတ်တယ်”

ဂစ် … ဂစ်…။

ကျွင်းချောင်ရှောင်းသည် ခြေထောက်များ တောင့်တင်းသွားပြီးနောက် သတိလစ် မေ့မျောသွားတော့သည်။

စွန်းပုကုံးသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်၏။ “မဖြစ်တော့ဘူး ဂိုဏ်းချုပ်က သတိလစ်သွားပြီ၊ လာကြပါအုံး .. သမားတော်ဆီ ပို့ရအောင်။ ဟမ် … နေပါအုံး… ငါက သမားတော်မဟုတ်လား။ ခြေမကိုချိုး၊ ခြေမကိုချိုး”

ဟူး

ကျွင်းချောင်ရှောင်းသည် သတိပြန်ဝင်လာခဲ့၏။ သို့ပေမဲ့ စွန်းပုကုံး ဆေးဖော်စပ်မှု ကျရှုံးသည်ကို သိရှိလိုက်သည့် အချိန်မှတော့ သူသည် ထပ်မံသတိလစ်မေ့မျောရန် အဆင်သင့်ဖြစ်နေတော့၏။

“ဂိုဏ်းချုပ်… အစောနတုန်းက စိတ်လှုပ်ရှားနေလို့ ပြောမိပြောရာ ပြောမိတာပါ၊ အကြီးအကဲဝေကို တိုက်ကျွေးရမယ့်ဆေးက အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တယ်လေ”

ဘန်း …။

စာကြည့်ခန်း၏ ပြတင်းပေါက်သည် ကွဲထွက်သွားခဲ့သည်။ အတွင်းခြံဝန်းထဲတွင် လေ့ကျင့်လျက်ရှိနေကြသော တပည့်များသည် လှမ်း၍ ကြည့်လိုက်သည့်နောက်မှာတော့ စွန်းပုကုံးသည် ဘောလုံးတစ်လုံးကဲ့သို့ ပြတင်းပေါက် ထဲမှ လွင့်စင်ထွက်လာသည်ကို မြင်လိုက်ကြရသည်။

သူသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် အပတ်အနည်းငယ်လောက် လှိမ့်ပြီးနောက် ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ နံရံသို့ သွား၍ တိုက်မိတော့သည်။ ပြီးသည်နောက် မှာတော့ နံရံတွင် ဇောက်ထိုးထောင်လျက်ရှိ၏။

……….

ဆေးဟောခန်းမဆောင်ထဲမှာ‌တော့ ကျွင်းချောင်ရှောင်းသည် စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိ၏။ သူ၏ လက်ချောင်းများသည် စားပွဲကို တတောက်တောက်နှင့်ခေါက်ပြီး သူ၏ခြေထောက်များမှာလည်း လှုပ်ယမ်းလျက် ရှိသည်။ သူသည် ကပျော်ကရော်နှင့် နေချင်သလိုနေခြင်း မဟုတ်ပေ။

အကြီးအကဲဝေသည် စောနလေးတုန်းက ဆေးသောက်ခဲ့၏။ ထို့ကြောင့် သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းပင်ဖြစ်၏။

“ကျေးဇူးပြုပြီး အောင်မြင်ပါစေ”

ဟူး

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ စားပွဲ၏ ထိပ်ပိုင်းတွင်ထိုင်နေသော အကြီးအကဲဝေသည် မျက်လုံးများ ပွင့်လာ၏။ သူ၏ မျက်လုံးထဲမှာ‌တော့ ဇဝေဇဝါ အမူအရာများ ဖြစ်တည်လျက်ရှိသည်။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းသည် ပါးစပ်ကိုဟ၍ တစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာပဲ အကြီးအကဲဝေသည် မတ်တပ်ထရပ် လာ၏။ သူ၏ မှုန်မှိုင်းနေသော မျက်လုံးများသည်လည်း စူးရှထက်မြက်လာသည်။ သိုင်းအုပ်စိုးသူအဆင့် အော်ရာများသည် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာတော့၏။ လက်ရှိအခြေအနေမှာတော့ သူသည် စိတ်ဓာတ် ကျနေပြီး အိုမင်းရင့်ရော်နေသည့် အဘိုးအိုတစ်ယောက်၏ ပုံစံမျိုး မဟုတ်တော့ပေ။ ငယ်ရွယ်၍ ထက်မြက် လှသော အော်ရာများ ထွက်ပေါ်လျက်ရှိ၏။

ဆွစ်

အကြီးအကဲဝေသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ် နိုင်တော့သည်။ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြောလိုက်၏။ “ရောင်းရင်းကြီး… ကျုပ်ရဲ့ကျင့်ကြံခြင်းတွေ ပြန်ရပြီ ခင်ဗျား မြင်ရဲ့လား၊ ခင်ဗျား မြင်ရဲ့လား”

သူသည် ဤစကားနှစ်ခုကို ပြောဆိုပြီးသည့်နောက်မှာတော့ ဝမ်းနည်းနာကျင်မှုများ ဖြစ်တည်လာခဲ့သည်။ သူ၏ ထက်မြက်စူးရှလှသော မျက်လုံးထဲတွင်တော့ မျက်ရည်များ ဖြစ်တည်လာခဲ့ပြီး မျက်ရည်များသည် ပါးပြင်ထက်ဆီသို့ ကျဆင်းလာခဲ့တော့သည်။

ဟား ဟား ဟား ဟား

ဟား ဟား ဟား ဟား

ရယ်သံကြီးသည် ထွက်ပေါ်လာခဲ့တော့သည်။ ထိုအသံကို ကြားလိုက်ရသည့် တပည့်များမှာတော့ ရယ်သံလား၊ ငိုသံလားကို မသဲကွဲနိုင်တော့ချေ။

ဆေးဟောခန်းမထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဒွန်တွဲခံစားနေသော အကြီးအကဲဝေကို လှမ်းကြည့်လိုက်၏။ သူသည် မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်သည်။ “ငါမသိတဲ့ သမိုင်းကြောင်းတစ်ခုခုပဲ”

အကြီးအကဲဝေ၏ ထူးဆန်းသော ရောဂါသည် ဆေး၏ အကူအညီဖြင့် လုံးဝပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။ ရလဒ်အားဖြင့် ပြိုင်စံရှားဂိုဏ်းသည် နောက်ထပ်သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရရှိခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အကြီးအကဲဝေသည် ပြန်လည်ကောင်းမွန်ပြီးသည့်နောက်မှာတော့ ဆေးပင်များကို စိုက်ပျိုးခြင်း မပြုလုပ်တော့ဘဲ ဆေးဟောခန်းမဆောင်ထဲတွင် တစ်နေကုန်၊ တစ်နေခမ်း ထိုင်လျက်ရှိ၏။

“ဝေ… ဒီနေရာကနေ ထွက်သွားပြီးတော့ ကောင်းကောင်းနေထိုင်၊ ကျုပ်တို့အတွက် ပြန်ပြီး ကလဲ့စားချေဖို့ မစဉ်းစားနဲ့”

ထိုလူ၏ အသံသည် သူ၏ နားထဲတွင် ထွက်ပေါ်နေသည်။ သူသည် လက်ဖက်ရည်ခွက်ကို တင်းတင်းဆုပ်ကိုင် ထားမိ၏။ သူ၏ အကြည့်များတွင်လည်း ရှုပ်ထွေးနက်နဲသော စိတ်ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိသည်။

“ဘာတွေစဉ်းစားနေတာလဲ”

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချလိုက်ပြီးသည်နောက် လက်ဖက်ရည်ခွက်ထဲကို ရေနွေးများ လောင်းထည့် လိုက်၏။

အကြီးအကဲဝေသည် သူ၏ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်… ကျုပ်ရဲ့ကျင့်ကြံခြင်းတွေ ပြန်ကောင်းသွားတယ်ဆိုတာ အရမ်းကို ကောင်းတယ်၊ ဒါပေမဲ့ ဆိုးတဲ့ အရာလည်း ဖြစ်တယ်”

ကျွင်းချောင်ရှောင်းသည် ရေနွေးကို အသာသောက်ပြီးနောက် ပြောလိုက်သည်။ “ဘာကို ဆိုလိုတာလဲ”

အကြီးအကဲဝေက ပြောလိုက်၏။ “ကျုပ်မှာ ကျင့်ကြံခြင်းအဆင့် မရှိတုန်းက လမ်းဘေးခွေးလိုပဲ ဘာတစ်ခုမှ မျှော်လင့်ချက် မရှိဘဲနဲ့ နေချင်သလို နေခဲ့တယ်၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိပြီးတဲ့နောက် သူတို့အတွက် လက်စားချေချင်စိတ်တွေ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်မိတယ်”

“သူတို့… လက်စားချေမှာ မဟုတ်လား” ကျွင်းချောင်ရှောင်းသည် ပြန်လည် မေးမြန်းလိုက်သည်။

အကြီးအကဲဝေသည် ရေနွေးတစ်ခွက်ကို ငှဲ့ပြီးသည့်နောက် တစ်ခါတည်း မော့သောက်လိုက်တော့သည်။ ပြီးနောက် ရေနွေးခွက်ကိုကိုင်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ “ဂိုဏ်းချုပ်… လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ပေါ်ပေါက်လာခဲ့တဲ့ ကောင်းကင်ပုန်ကန်ခြင်းဂိုဏ်းဆိုတာ ကြားဖူးလား”

ဖူး

ကျွင်းချောင်ရှောင်းသည် ပါးစပ်ထဲမှ ရေနွေးများ ပြန်လည်ထွက်ပေါ်လာ၏။ “ကောင်းကင်ပုန်ကန်ဂိုဏ်း ဟုတ်လား၊ ဒီနာမည်က တော်တော်ကြီးကောင်းတဲ့နာမည်ပဲ”

အကြီးအကဲဝေက ပြောလိုက်သည်။ “ဒီဂိုဏ်းက ပြိုင်စံရှားဂိုဏ်းလိုပဲ၊ အိမ်မက်နဲ့ပြည့်နှက်နေတဲ့ လူငယ်တွေ စုဖွဲ့ထားတဲ့ ဂိုဏ်းတစ်ခုပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ….”

“ကောင်းကင်ကို မပုန်ကန်နိုင်ပဲနဲ့ တစ်စုံတစ်ယောက်ရဲ့ ပုန်ကန်ခြင်းကို ခံခဲ့ရတာလား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ခလွပ်

အကြီးအကဲဝေသည် လက်ထဲတွင်ကိုင်ထားသော လဖက်ရည်ခွက်အား အသာညှစ်ကာ ခွဲလိုက်၏။ “ဂိုဏ်းချုပ်… ကျုပ်က ကောင်းကင်ပုန်ကန်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ကျုပ်က ဒီလောကကြီးထဲမှ အခုထိ အသက်ရှင် နေထိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်တွေ ပြန်လည်ကောင်းမွန်လာတဲ့နောက် အသက်ရှင်နေထိုင်မလား၊ ရန်သူတွေကို သွားပြီး လက်စားချေမလားဆိုတာကို ဒွိဟဖြစ်မိနေတယ်”

သူသည် ကျွင်းချောင်ရှောင်း၏ အထင်အမြင်ကို တောင်းဆိုနေခြင်း ဖြစ်သည်ဆိုသော်လည်း သူ၏လေသံအရ အစောကြီးကတည်းက ဆုံးဖြတ်ချက် ချပြီးဖြစ်ကြောင်း ရှင်းလင်းလှ၏။ သူ့အနေနှင့် သူ၏ညီနောင်များအတွက် သွား၍ လက်စားချေပေလိမ့်မည်။

“ရန်သူတွေက အရမ်းအားကောင်းလား”

“အရမ်းအားကောင်းတာပေါ့”

“တော်တော်”

“တော်တော့်ကို အားကောင်းတယ်”

ကျွင်းချောင်ရှောင်းသည်ရေနွေးကို အသာထပ်ငှဲ့ပြီးနောက် တစ်ခါတည်း မော့သောက်လိုက်ပြန်၏။ သူ၏ မျက်လုံးများသည် အေးစက်သွား၏။ “အလျင်စလို မလုပ်နဲ့၊ အသက်ဆက်ပြီးရှင်ပါအုံး။ ခင်ဗျားဆီမှာ လုံလောက်တဲ့ အားအင်တွေ ရှိမယ်ဆိုရင် လောကကြီးတစ်ခုလုံးကို မှောက်လိုမှောက်၊ သွန်လိုသွန် လုပ်လို့ရတယ်။ စကြဝဠာကြီး ပြောင်းပြန်ုဖြစ်သွားတဲ့ အထိ ကျုပ်တို့ တိုက်ခိုက်ကြတာပေါ့”

All Chapters