← Chapters

အခန်း (၇၅၉)

Vol. 51 Ch. 759

အခန်း (၇၅၉)

Vol. 51 Ch. 759

ကောင်းကင်ပုန်ကန်ဂိုဏ်း

ဤဂိုဏ်းသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့်က ပေါ်ပေါက်ခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ဂိုဏ်း၏ နာမည်သည် အလွန်တရာ ဟိတ်ဟန်များလှပြီး ရည်မှန်းချက်အလွန်ကြီးမားသော လူငယ်များနှင့် ပေါင်းစပ်၍ ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုဖြစ်သည်။ ဂိုဏ်း၏ဦးဆောင်သူနာမည်မှာ ကတုံးကြီး ဟူ၍ ဖြစ်သည်။

ဖွီး

ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲမှ ရေနွေးများ ပြန်လည်ထွက်ပေါ်လာပြန်သည်။ သူ၏ မျက်နှာအမူအရာသည် ကြောင်အအနှင့် ဖြစ်နေ၏။

“သူက တော်တော်အားကောင်းတယ် မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး ကတုံးဖြစ်သွားရတာလဲ”

အကြီးအကဲဝေက ပြောလိုက်သည်။

“သူ့ရဲ့ မျိုးရိုးနာမည်က ရှဲ့တဲ့၊ ဒါပေမဲ့ သူ့ရဲ့ နာမည်ပြောင်က ကတုံးကြီးလေ၊ ကတုံးကြီးနာမည်ကို ပေးပြီး မကြာခင်မှာပဲ သူက …”

“သူက ဘယ်လိုဖြစ်သွားလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

အကြီးအကဲဝေသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “သက်လတ်ပိုင်းကို ရောက်ချိန်မှာတော့ သူက တကယ့်ကို ကတုံးဖြစ်သွားတယ်”

“ဪ”

ကျွင်းချောင်ရှောင်းသည် ရေနွေးခွက်ကို အသာချကာဖြင့် ဘေးတစ်ဖက်ဆီသို့ လှည့်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။ “နာမည်ရွေးတဲ့အချိန်မှာ သေသေချာချာ ဂရုစိုက်ရမှာပဲ၊ ဂိုဏ်းချုပ်ရှဲ့က အရမ်းကို အားကောင်းလှတယ် မဟုတ်လား”

“မဆိုးပါဘူး၊ သူက သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်လေ”

မဆိုးပါဘူး ဆိုသည့်စကားတွင် ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းထောင့်များ တုန်ယင်သွား၏။ လောကပုန်ကန် ဂိုဏ်းဟူသော နာမည်နှင့် ဂိုဏ်းတစ်ခုကို ထူထောင်ရဲသောသူ၏ အားအင်အဆင့်သည် သာမန်ထက်ပိုရမည်မှာ‌ သေချာ၏။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်သည်။ “ဒီလောကကြီးမှ သက်တမ်းတွေက ရှည်လျားကြတယ်လေ၊ ဒီတော့ လူကြီးလူကောင်းတွေအတွက် လက်စားချေဖို့ ဆိုတာ ဘယ်တော့မှ နောက်မကျဘူး၊ ဒီတော့ အလျင်မလိုနဲ့”

ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့သည် သိုင်းအုပ်စိုးသူများဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ပုန်ကန်ဂိုဏ်း၏ ရန်သူသည် ကျိန်းသေပေါက် အားကောင်းပေရမည်။ လက်ရှိအချိန်တွင် သူသည် အကြီးအကဲဝေ လက်စားချေမည့် ကိစ္စကို သဘောမတူချင်သေးပေ။ သိုသိုသိပ်သိပ်နှင့် ပိုမိုအားကောင်းလာစေရန် ကြိုးစားစေ ချင်မိ၏။

“ကျုပ် မစောင့်နိုင်ဘူး”

အကြီးအကဲဝေက ပြောလိုက်သည်။ သူသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရ၏။ ကျင့်ကြံခြင်းတွေ မရှိခင်တုန်းက သူသည် တုံဏှီဘာဝ နေထိုင်ခဲ့သည်ဆိုသော်လည်း ကျင့်ကြံခြင်းအဆင့်တွေ ပြန်လည်ရရှိပြီးသည့် နောက်မှာ‌တော့ သူ၏ရောင်းရင်းများ၏ သေဆုံးခြင်းအတွက် ပြန်လည်ကာ သွေးကြွေးဆပ်ရပေလိမ့်မည်။

ကျွင်းချောင်ချောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းကို အချိန်နည်းနည်းလောက် ပေးပါအုံး။ ခင်ဗျား ပိုပြီး အားကောင်းလာပြီဆိုရင် အတူတူသွားပြီး လက်စားချေကြတာပေါ့”

“မဟုတ်ဘူး”

အကြီးအကဲဝေသည် စိတ်ဆုံးဖြတ်ပြီးသလို ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ ရန်ငြိုးပဲလေ၊ ဘာလို့ ဂိုဏ်းနဲ့ ပါဝင်ပတ်သက်ရမှာလဲ”

သူ၏ ညီနောင်များအတွက် သူသည် စိတ်တိုင်းကျ တိုက်ခိုက်ချင်၏။ ဆိုလိုသည်မှာ တိုက်ခိုက်ပွဲမှာ သေဆုံး သွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်သည် ငရဲပြည်သို့ ရောက်ရှိသွားပါစေ တစ်ချက်ကလေးမှ စောဒကတက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းကိုတော့ ပါဝင်ခြင်း မပြုစေချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပုဂ္ပလိကရန်ငြိုး တစ်ခုအတွက် ဂိုဏ်းကို သူနှင့်အတူ ဆွဲ၍ မခေါ်သွားချင်ပေ။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။ “ဒါက ခင်ဗျားရဲ့ ရန်ငြှိုးဆိုတာ ဟုတ်တယ်၊ ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင် ကျုပ်က ခင်ဗျားကို မကူညီနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင်တစ်ယောက် ဖြစ်နေပြီး ဂိုဏ်းအတွက် လုပ်ဆောင် စရာရှိတာတွေ အများကြီးကို အကျိုးပြုခဲ့ပေးတယ်လေ၊ ဒီတော့ ကျုပ်က ဘယ်လိုလုပ် ဒီနေရာမှာ ထိုင်ပြီး နေနေရမှာလဲ”

“ဂိုဏ်းချုပ်”

“ထပ်ပြီး မပြောနဲ့တော့”

ကျွင်းချောင်ရှောင်းသည် စိတ်ဆုံးဖြတ်ချပြီးသလို ပြောလိုက်၏။ “ကျုပ်က ခင်ဗျားကို ဒီကိစ္စနဲ့ပတ်သက်ပြီး မလုပ်နဲ့လို့ ပြောနေတာ မဟုတ်ဘူး၊ တစ်နေနေ့၊ တစ်ချိန်ချိန်မှာ ကျုပ်တို့ ဒီအကြွေးကို မဖြစ်မနေ တောင်းရမယ်”

အကြီးအကဲဝေသည် မည်သည့်ရွေးချယ်ခွင့်မှ မရှိတော့သောကြောင့် ပါးစပ်ကို တင်းတင်းစေ့ကာ လက်သီးကို ဆုပ်ထားမိ၏။ ပြီးနောက် ပြောလိုက်မိသည်။ “နားလည်ပါပြီ ဂိုဏ်းချုပ်၊ ကျုပ်က သေသေချာချာ လေ့ကျင့်ပြီး ပိုပြီးအားကောင်းအောင် လုပ်ပါ့မယ်၊ ဒါမှ ရောင်းရင်းတွေအတွက် လက်စားချေနိုင်မှာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် စမ်းသပ်မှု မျှော်စင်ကိုသွား၊ ပြီးတော့ လျှို့ဝှက်နယ်မြေတွေထဲကို သွားပြီးလေ့ကျင့်”

“ကောင်းပါပြီ”

အကြီးအကဲဝေသည် ခေါင်းညိတ်လိုက်၏။

……….

“စီနီယာအစ်ကို… စီနီယာ ဝူကျူး ဘာဖြစ်နေတာလဲ”

လီဖေးသည် တီးတိုး မေးမြန်းပြီးသည့်နောက်မှာတော့ မိစ္ဆာသူတော်စင် ဝူကျူးအား လှမ်းကြည့်လိုက်၏။ မိစ္ဆာ သူတော်စင် ဝူကျူးသည် အနောက်ဘက်ခြမ်းရှိ တောင်၏ထိပ်တွင် မတ်တပ်ရပ်လျက်ရှိသည်။

လီချင်းယန်က ပြောလိုက်၏။ “ငါလည်း သေချာမသိဘူး”

ဂိုဏ်းချုပ် သူ့အား လာရောက်ရှာဖွေပြီးသည့်နောက်မှာတော့ မိစ္ဆာသူတော်စင် ဝူကျူးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တောင်၏ထိပ်တွင် မတ်တပ်ရပ်လျက်ရှိ၏။ သူ၏မျက်နှာပေါ်တွင်တော့ မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။

“သူနေမကောင်းလို့လား” လီဖေးက မေးလိုက်သည်။

“စိတ်မပူပါနဲ့”

လီချင်းယန်က ပြောလိုက်၏။ “ငါတို့ဘာသာ ငါတို့ သွားလေ့ကျင့်ကြတာပေါ့”

လီဖေးက ပြောလိုက်သည်။ “ကောင်းပါပြီ”

အားလုံးသည် ထုံးစံအတိုင်း ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်သွားကြတော့သည်။ ရံဖန်ရံခါဆိုသလို သူတို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကို ဖြတ်သွားချိန်မှာတော့ အနောက်ဘက်တောင်ထိပ် တည်နေရာဆီသို့ အမှတ်မထင် လှမ်းကြည့်လိုက်ကြသည်။ ဤနေရာတွင် အဘိုးအိုတစ်ယောက် မတ်မတ်ရပ်လျက်ရှိနေသည်ကို သူတို့ တွေ့မြင် နေရ၏။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် မိစ္ဆာသူတော်စင် ဝူကျူးကို နားမလည်နိုင်ကြချေ။ သို့ပေမဲ့ နှစ်ပေါင်း ထောင်ချီ သင်္ချိုင်းကြီးတစ်ခုထဲတွင် ပိတ်လှောင်ခံထားရသည့် ခံစားမှုမျိုးကို သူတို့ မခံစားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ နှစ်ပေါင်းထောင်ချီ ပိတ်လှောင်ထားခြင်း ခံထားရသည့်အတွက် ကျင့်ကြံခြင်း အဆင့်သည်လည်း လျော့ကျသွားခဲ့ရသည်။

ရှောင်ကျီသည် အရင်တုန်းက ထိုကဲ့သို့သောကိစ္စမျိုးကို ခံစားခဲ့ရဖူးသည်။ သို့ပေမဲ့ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် အခြေအနေက မိုးနှင့် မြေလို ကွာခြားလွန်းနေ၏။

မိစ္ဆာ သူတော်စင် ဝူကျူးသည် တောင်၏ထိပ်တည်နေရာတွင် သုံးရက်နှင့် သုံးညတိတိ မတ်မတ်ရပ်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်း၏ စာကြည့်တိုက်ဆီသို့ သွားကာ လက်သီးဆုပ်၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်”

သူ၏ဘဝတွင် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ဆီသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက် မရှိတော့ဟု တွေးထင်ထားမိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အနေဖြင့် သူ့အား သူတော်စင်နှလုံးသားကြာပန်း၏ ပွင့်ဖတ် ကိုးခုလုံး ပေးကာ စားသုံးစေခဲ့၏။

လက်ရှိအခြေအနေမှာတော့ မိစ္ဆာသူတော်စင်ဝူကျူးသည် ပွင့်ဖတ်နှစ်ခု မည်သည့်အချိန်က ထပ်၍ရရှိခဲ့မှန်း မမေးမြန်းခဲ့ပေ။ သူ့၏ စိတ်ထဲတွင် ရှိနေသည်မှာတော့ သူ၏ ကျင့်ကြံခြင်း အဆင့်များ အလုံးစုံ ပြန်လည်ကောင်းမွန်သွားသည့် အကြောင်းပင်ဖြစ်သည်။ သူ၏ စိတ်တစ်ခုလုံးသည် ငြိမ်သက် တည်ငြိမ်ခြင်း မရှိခဲ့ပေ။ စိတ်လှုပ်ရှားလွန်း သောကြောင့် မျက်ရည်များပင် ဝိုင်းလျက်ရှိသည်။ ထို့အပြင် အချိန်အတော်ကြာ ဆုံးရှုံးပြီးနောက် ပြန်လည် ရရှိခဲ့သည့်အရာသည် လွယ်ကူစွာရရှိခဲ့ခြင်း မဟုတ်ပေ။

ကျွင်းချောင်ရှောင်းမှာတော့ သူ၏လက် များကို အသာယှက်ကာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ စိတ်ရှိရဲ့လား”

မိစ္ဆာသူတော်စင် ဝူကျူး၏ ဝိညာဉ်အရင်းအမြစ်သည် ထိန်းချုပ်ခြင်းခံထားရသည်ဖြစ်သောကြောင့် အစေခံ တစ်ယောက်နှင့် တူနေသည်။ ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက် မဟုတ်ပေ။ လက်ရှိအခြေအနေတွင် ကျင့်ကြံခြင်း အဆင့်များ ပြန်လည်ကောင်းမွန်သွားပြီဖြစ်သောကြောင့် သူ့အနေနှင့် ဂိုဏ်းထဲခေါ်ဆောင်ရန် ရည်မှန်းချက် ထားထားသည်။

“သခင်က ကျုပ်လို မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို ဘာသဘောမှ မရှိဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းကို အလုပ်အကျွေး ပြုပါ့မယ်” မိစ္ဆာသူတော်စင် ဝူကျူးသည် လေးလေးနက်နက် ပြောလိုက်၏။ သူသည် ပြိုင်စံရှားဂိုဏ်းထဲသို့ စတင်ရောက်ရှိ လာစဉ်က ဂိုဏ်းထဲသို့ ဝင်ရန် တစ်ချက်ကလေးမှ မစဉ်းစားခဲ့ချေ။ သူ၏ ဝိညာဉ်အရင်းအမြစ် ထိန်းချုပ်ခံထားရ ခြင်းကြောင့် လိုက်ပါလာခြင်းသာဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင် သူ၏ဝိညာဉ်အရင်းအမြစ်ကို ပြန်လည် မရရှိဘူးဆိုလျှင်တောင်မှ သူသည် ဂိုဏ်းထဲသို့ လိုလိုချင်ချင်နှင့် ဝင်ရောက်မိမှာ သေချာသည်။ ဤအရာသည် လျှိုဝမ်ရှစ် ချက်ပြုတ်ထားသော အစားအစာများကြောင့် မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းအတွင်း နေထိုင်ခဲ့သည့် အချိန်တွင် သူသည် အိမ်တစ်ခု၏ အရသာကို ခံစားမိခဲ့၏။ မိစ္ဆာကျင့်ကြံခြင်းကို လှမ်းလျှောက်ခဲ့သော သူ၏ ဘဝ တစ်ခုလုံးတွင် မည်သို့သောအခါကမှ ခံစားရခြင်းမရှိသည့် အရာမျိုးပင်ဖြစ်၏။

“နာမည်”

“တင်းရှင်းဝမ်”

“ဒီနာမည်က ဘာအဓိပ္ပာယ်လဲ”

“ပြည့်စုံချမ်းသာတဲ့ မိသားစုဘဝတစ်ခုမှာ နေထိုင်ရစေမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျုပ်ရဲ့မိဘတွေက ပေးထားတာ လေ”

“...”

ဘုတ်

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်စည်းတံဆိပ်ကို ထုနှက်ကာ ပြောလိုက်၏။ “ဒီနေ့ကစပြီး ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်ပဲ၊ ကောင်းကောင်းမွန်မွန် စွမ်းရည်ကို ပြသ၊ ဒါဆိုရင် ဝိညာဉ်အရင်းအမြစ်ကို ပြန်ရမယ်”

“ကောင်းပါပြီ သခင်”

“ဂိုဏ်းချုပ်လို့ခေါ်”

“ကောင်းပါပြီ ဂိုဏ်းချုပ်”

အကြီးအကဲဝေ၏ ထူးဆန်းသော ရောဂါသည် ပျောက်ကင်းသွားခဲ့ပြီ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရရှိခဲ့၏။

တင်းရှင်ဝမ်၏ ဒဏ်ရာများသည် ပြန်လည်ကုသပြီး ဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတွင်လည်း သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထပ်မံရရှိခဲ့ ပြန်သည်။ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းများကို ပြန်လည်ရရှိခဲ့ကြပြီဆိုသောကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအင် အဆင့်သည် တမဟုတ်ချင်း တိုးတက်သွားခဲ့သည်။

ဤအရာသည်ပင် မလုံလောက်သေးချေ။ ကျွင်းချောင်ရှောင်း သည် အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးကို ခေါ်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ခန်းမသခင်ကို ကြည့်ရတာ ခင်ဗျားကို မေ့သွားပုံပဲ၊ ဘာလို့ ကျုပ်ဂိုဏ်းကို မဝင်တာလဲ”

အမှန်မှာတော့ မေ့လျော့သွားခြင်း မဟုတ်ပေ။ ၎င်းအနေဖြင့် ဤနေရာသို့ လာရောက်ကာ မေးမြန်းခြင်း မပြုရဲခြင်းသာဖြစ်သည်။ အထူးသဖြင့် လုချင်းချင်းသည် ရေခဲအင်ပါယာ၏ အမွေအနှစ်ကို အမွေဆက်ခံထားခဲ့၏။ လက်ရှိအခြေအနေမှာတော့ အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် ၎င်းအား တိကျသော သတင်း များကို မပေးခဲ့သော တခြားသောဂိုဏ်းများအား စိတ်ထဲမှ ကျိန်ဆဲမိလျက်ရှိနေတော့သည်။ ထိုသူများကြောင့် သူသည် ဘာမှန်းမသိဘဲ ရေခဲအမွေအနှစ်ကို ဆက်ခံထားရသောသူ၏ဂိုဏ်းဆီသို့ လာရောက်ကာ ပြဿနာ ရှာမိခဲ့သည်။

“ခင်ဗျားမှာ ငြင်းပိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “မဖြေခင်မှာ သေသေချာချာ စဉ်းစားတာ အကောင်းဆုံးပဲ”

အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် အသာလှည့်ကြည့်လိုက်သည့်နောက်မှာတော့ အဓိကဟောခန်း၏တံခါးကိုမှီကာ မတ်မတ်ရပ်လျက်ရှိသော လုချင်းချင်းကို မြင်ရသည်။ သူမ၏ မျက်နှာများသည် အရင်တစ်ခါ ကဲ့သို့ အေးစက်လျက်ရှိသည်။

သူသည် ပခုံးကို ကျုံ့လိုက်မိ၏။ ပြီးနောက် အလျင်အမြန်ပဲ ပြောလိုက်မိ၏။ “သဘောတူပါတယ်”

ဤအတောအတွင်း သူသည် ပြိုင်စံရှားဂိုဏ်းအတွင်း တံမြက်စည်းလှဲခဲ့ရသည်ဆိုသော်လည်း အကြိမ်ကြိမ် အထပ်ထပ် တွေးတောစဉ်းစားနေမိခဲ့၏။ ဤအမျိုးသမီးသည် ရေခဲအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ သည်ဖြစ်သောကြောင့် ရေခဲအင်ပါယာကဲ့သို့ပင် ထပ်တူညီစွာ ဆက်ဆံရပေလိမ့်မည်။ အနာဂတ်တွင် သူမသည် အလွန်တရာအားကောင်းလှသော စွမ်းအင်များကို ပိုင်ဆိုင်စွာဖြင့် အရှေ့မြောက်လုကျိုး နယ်မြေတစ်ခုလုံးကို ပိုင်စိုးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အအေးနန်းတော်သည်လည်း ၎င်း၏လက်အောက်သို့ ရောက်ရှိမှာ သေချာ နေသည်။ သူမသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သည်မို့ ဤဂိုဏ်းထဲသို့သာ ဝင်ရောက်ထားမည် ဆိုပါက အရာအားလုံးကို လွှမ်းခြုံထားနိုင်မှာ သေချာ၏။

“နာမည်”

“ကုန်းစွန်းဟောင်ဟိုင်”

ပြိုင်စံရှားဂိုဏ်းတွင် အချိန်အတော်ကြာ တံမြက်စည်းလှဲပြီးသည့်နောက်မှာတော့ အအေးနန်းတော်၏ ဘိုးဘေး ကြီးသည် စာရေးသူ၏ စိတ်ဆုံးဖြတ်ချက်အတိုင်း ဂိုဏ်းထဲသို့ ရောက်ရှိသွားခဲ့ရတော့သည်။ ထို့အပြင် ဘာမှန်း မသိသော နာမည်တစ်ခုကိုလည်း ထပ်မံရရှိခဲ့သည်။

ကုန်းစွန်းဟောင်ဟိုင် “...”

ကုန်စွန်းဟောင်ဟိုင်ကို ဂိုဏ်းတပည့်အဖြစ် လက်ခံပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်း၏အားအင်အဆင့်သည် ထပ်မံကာ တိုးတက်သွားခဲ့၏။ အဆင့်ငါးဂိုဏ်းတစ်ခုတွင် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၊ သိုင်းအုပ်စိုးသူတစ်ယောက်၊ အဆင့်ခုနှစ် ဓားနှင့်သိုင်းအုပ်စိုးသူ ဂိုဏ်းချုပ်တစ်ယောက် တို့ရှိနေသည်ဟု မည်သူမှ ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။

အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အဆင့်နှစ်နှင့် အဆင့်သုံးဂိုဏ်းများကို မည်သို့မှ ကြောက်စရာ မရှိပေ။ ၎င်းတို့၏ အဓိက အားအင်များသည် အလွန်တရာ အားကောင်းလွန်းနေ၏။ ထို့အပြင် သိုင်းဘုရင်အရေအတွက်ကလည်း သုံးရာကျော်တွင် ရှိနေသေးသည်။ အားနည်းချက်ဟူ၍ အခြေခံ မလုံလောက် ခြင်းသာ ရှိနေသေး၏။ အထူးသဖြင့် ဂိုဏ်းသားအရေအတွက်အရ နှိုင်းယှဉ်မည်ဆိုလျှင် သူတို့သည် အခြားသော ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သေးပေ။

ကျွီ

အကျဉ်းထောင်တံခါးပွင့်သွားပြီးနောက် ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်ထဲသို့ လျှောက်ဝင်လာသည်။

“ကျွင်းချောင်ရှောင်း”

လောကပုန်ကန်ခြင်းနတ်ဂိုဏ်း၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ကြိုးနှင့် တုပ်နှောင်ခြင်းကို ခံထားရ၏။ ထိုသူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်ကို ဘယ်လောက်ကြာတဲ့အထိ ချုပ်ထားမှာလဲ”

“စိတ်ဝိညာဉ်ကျောက်တုံးတွေ ရောက်လာရင် ခင်ဗျားကို ကျုပ်က လွှတ်ပေးမှာပေါ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သူသည် လောကပုန်ကန်နတ်ဂိုဏ်းဆီသို့ စာတစ်စောင်ပို့လွှတ်ပြီး ဖြစ်သည်။ ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို ပြန်လည်ကာ ရယူချင်သည်ဆိုပါက စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြင့် လာရောက်ရွေးယူရန် ဖြစ်သည်။ ဒါပေမဲ့ လဝက်သာ ကုန်လွန်သွားခဲ့သည်။ မည်သည့် သတင်းမှ မကြားရချေ။

ဟမ့်

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းတို့ဂိုဏ်းလို သေးငယ်တဲ့ အဆင့်ငါးဂိုဏ်းလေးတစ်ခုက ဒုတိယအဆင့်ဂိုဏ်းတစ်ခုရဲ့ဒေါသကို ခံနိုင်ရည် ရှိလို့လား၊ ဘာကကောင်းလဲဆိုတာသာ သိတယ်ဆိုရင် မြန်မြန်ဆန်ဆန် ကျုပ်ကိုလွှတ်ပေးလိုက်တော့”

ဘန်း …။

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ ရောက်ရှိလာပြီး တစ်ဖက်လူ၏ မျက်နှာအား မြေပြင်နှင့် ရိုက်ချလိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “အဘိုးကြီး... အဖမ်းခံထားရတာတောင်မှ ပေါက်တက်ကရတွေ လျှောက်ပြီး ပြောနေနိုင်သေးတယ် ဟုတ်လား”

“ကျွင်းချောင်ရှောင်း”

ထိုအချိန်မှာတော့ ဒေါသတကြီး အော်ဟစ်သံတစ်ခုသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာသည်။ “ထွက်ခဲ့စမ်း”

ဟမ်

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်လိုက်သည့်နောက်မှာတော့ သံမဏိအရိုး တောင်၏ အပြင်ဘက် ကောင်းကင်ယံထက်တွင် သိုင်းကျင့်ကြံသူလေးယောက် တည်ရှိလို့နေ၏။ နှစ်ယောက် သည် တောင်ကြား၏အဝင်ဝတွင် ရိုက်နှက်ခံခဲ့ရသော တောက်ပအလင်းနတ်ဂိုဏ်း၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက်တို့ဖြစ်သည်။

“ထပ်လာပြန်ပြီလား”

ကျွင်းချောင်ရှောင်းသည် အေးစက်စက် ရယ်မောလိုက်၏။

ဒွီ …။

ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်အထက်မှာတော့ ဂိုဏ်း၏ အကာအကွယ်အစီအရင်သည် ချက်ချင်းဆိုသလိုပဲ အသက်ဝင်သွားသည်။ ဤအရာသည် ကျွင်းချောင်ရှောင်း အသက်သွင်းခဲ့ခြင်း မဟုတ်ပေ။ လီလိုရှုက အသက်သွင်းခဲ့ခြင်းသာ ဖြစ်သည်။ အော်သံကို ကြားသိပြီးနောက် သူမသည် တခြားသောသူများ ဂိုဏ်းကို ပြဿနာ ရှာသည်ကို သိရှိသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဂိုဏ်း၏ အကာအကွယ် အစီအရင်ကို အသက်သွင်း ခဲ့ခြင်းဖြစ်သည်။

ဝှစ်

တင်းရှင်းဝမ်သည် ပထမဦးဆုံး ဂိုဏ်းထဲမှ စတင်ပျံသန်းထွက်ခွာလာသည်။ ပြီးနောက် ဂိုဏ်း၏ အကာအကွယ် အစီအရင် ထိပ်တွင် ရပ်လိုက်၏။ သူသည် သိုင်းကျင့်ကြံသူလေးယောက်အား လှမ်းကြည့်လိုက်၏။ အထူးသဖြင့် သူနှင့် အရင်တုန်းက တိုက်ခိုက်ခဲ့သော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကို ဖြစ်တော့သည်။ ပြီးနောက် သူသည် အေးစက်စက် ရယ်မောလိုက်၏။ “ဂျူနီယာလေး ထပ်လာသေးတယ် ဟုတ်လား”

ထိုသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ယုတ်မာပြီး သတ္တိမရှိတဲ့လူ၊ ခင်ဗျားသာ တကယ်တမ်း သတ္တိရှိတယ်ဆိုရင် ကျုပ်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်လေ၊ ပထမတိုက်ပွဲတုန်းကလိုမျိုး အလစ်ခိုးပြီး တိုက်ခိုက်တာမျိုးက အလုပ်မဖြစ်ဘူး”

ပထမတုန်းက တိုက်ပွဲတွင် သူသည် အအေးနန်းတော်မှ ဘိုးဘေးကြီးကို ရှုံးနိမ့်ခဲ့သည် ဆိုသော်လည်း ဤမိစ္ဆာ ကျင့်ကြံသူ အနောက်မှ အလစ်ချောင်းကာ ခဏခဏ ဝင်ရောက်တိုက်ခိုက်နေသောကြောင့် သူ့အနေနှင့် အာရုံ စူးစိုက်၍ မရခဲ့ချေ။ အဆုံးသတ်မှာတော့ ဆိုးဆိုးရွားရွား အခြေအနေနှင့် ထွက်ပြေးခဲ့ရတော့သည်။

“တစ်ယောက်ချင်းလား”

တင်းရှင်းဝမ်းသည် ဦးခေါင်းကို စောင်းငဲ့ကာဖြင့် မိစ္ဆာဆန်ဆန် ရယ်မောလိုက်သည်။ “မင်းသေချာလို့လား”

All Chapters