အခန်း (၇၆၀)
Vol. 51 Ch. 760
လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းသည် အသစ်ပေါ်လာခဲ့သော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို မောင်ပိုင်စီးခဲ့သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများမှ ကျွမ်းကျင်သူများကို တိုက်ခိုက်ကာ မောင်းထုတ် ခဲ့သည်ဆိုသော သတင်းသည် ပျံ့နှံလျက်ရှိပြီးဖြစ်သည်။ တော်တော်များများသည် ထိုအချင်းအရာကို ကြားပြီး သည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်မိနေကြသည်။ နဂါးကျားပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့သည့် အသင်းသည် အားအင်ကောင်းလှသည်မှာတော့ သေချာ၏။ သို့ပေမဲ့ တကယ့်ကို ရှေးကျလှသော ဂိုဏ်းများနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည် ဆိုသည်မှာတော့ သူတို့ မထင်မှတ်ထားသည့် ကိစ္စပင်ဖြစ်နေတော့သည်။
မူချန်းဟုန်၊ ရီထျန်းချန်နှင့် တခြားသူများသည် ထိုသတင်းကို ကြားပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပိုမို၍ ရဲတင်းလာသည်ဟု တွေးထင်မိကြတော့သည်။ သို့ပေမဲ့ များပြားလှသော ဂိုဏ်းများ ကြားထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးအား မောင်ပိုင်စီးနိုင်ခဲ့ခြင်းသည် အလွန်ကောင်းမွန်သည့် အရာဟု ပြောရပေလိမ့်မည်။
ဟုတ်ပေသည်။ သူတို့သည် ကြီးကြီးမားမား ဆုံးရှုံးသွားကြသော တောက်ပအလင်းနတ်ဂိုဏ်းနှင့် လောကပုန်ကန် နတ်ဂိုဏ်းတို့သည် ရှုံးနိမ့်မှုကို လက်မခံဘဲ နောက်တစ်လှမ်း ထပ်မံတိုးလာမည်ကို စိတ်လက် ပူပန်မိနေသေး၏။
သို့သော်ငြား ထိုစိတ်လက်ပူပန်မှုသည် အမှန်ပင် ဖြစ်ပေါ်လာခဲ့တော့သည်။ တစ်ဖက်လူများသည် ရတနာနှင့် ပစ္စည်း ပစ္စယများ ကို ရရှိရန်အတွက် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် စေလွှတ်ခဲ့ပြီ ဖြစ်တော့သည်။ ဤအရာမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအတွက်တင် မဟုတ်ဘဲ ၎င်းတို့ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်ဟုပင် ဆိုရမည်။
လက်ရှိအခြေအနေမှာတော့ ဆံပင်ဖြူများနှင့် ငယ်ရွယ်သည့် မျက်နှာပိုင်ရှင် အဘိုးအိုတစ်ယောက်သည် လေထုထဲတွင် ရပ်လျက်ရှိနေပြီး ၎င်းသည် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက် ဖြစ်တော့သည်။ ကျင့်ကြံခြင်း အဆင့်အရ ယှဉ်ရမည်ဆိုလျှင် သူသည် အင်ပါယာမြို့၏ မြို့တော်ဝန်ဟန်နှင့်ပင် နှိုင်းယှဉ်၍ ရနေသည်။ သူသည် အလွန်တရာ ကောင်းမွန်လှသော ဟိတ်ဟန်များကို ထုတ်ဖော်လျက်ရှိနေသည်။ လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာဖြင့် မျက်လုံးများမှာတော့ တည်ငြိမ်လျက်ရှိနေသည်။
သူသည် အစောကတည်းက မောက်မာမှုအပြည့်ဖြင့် မတ်တပ်ရပ်နေခြင်းဖြစ်ပြီး ကျွမ်းကျင်သူတစ်ယောက်တွင် ရှိသင့်သော အော်ရာများသည်ကလည်း စိမ့်တက်လျက် ရှိ၏။
တခြားသောသူမှာတော့ လောကပုန်ကန်နတ်ဂိုဏ်းမှ ကျွမ်းကျင်သူဖြစ်ပြီး သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကို ရောက်ဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့သောသူ ဖြစ်တော့သည်။ သူသည် ဤနေရာသို့ လာသည့်လမ်းတွင် တောက်ပအလင်းနတ်ဂိုဏ်းမှ ကျင့်ကြံသူနှင့် တွေ့ခဲ့ပြီး အတူတကွ ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။
သံမဏိအရိုးတောင်၏ အပြင်ဘက်မှာတော့ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်နှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်တို့ ရှိလို့နေ၏။ ၎င်းတို့၏ လူစာရင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ဟု ဆိုရမည်။
အတိတ်တုန်းကသာဆိုလျှင် ထိုကဲ့သို့သော ကျွမ်းကျင်သူများသည် အရှေ့တောင်ရန်ကျူးတွင် မပြောနှင့် တခြားသော အဆင့်နှစ်နှင့် အဆင့်သုံးဂိုဏ်းများမှာလျှင်တောင်မှ မြင်ရခဲလှသော ကျင့်ကြံသူများဖြစ်သည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တင်းရှင်းဝမ်သည် ဂိုဏ်း၏အကာအကွယ်အစီအရင်ထက်တွင် မတ်မတ်ရပ်လျက် ရှိသည်။ သူသည် ကျွမ်းကျင်သူလေးယောက်ကို မျက်နှာချင်းဆိုင် ရပ်လျက်ရှိသည်။ တစ်ချက်ကလေးမှ ကြောက်ရွံ့ သည့်ဟန်မရှိသလို ဦးခေါင်းကို စောင်းငဲ့ကာဖြင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကို စိန်ခေါ်လျက်ရှိသည်။ သူ၏ မျက်နှာပေါ်မှာတော့ အပြုံးများတည်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အပြင်ဘက်တွင် ထိုင်လျက်ရှိပြီး ရေနွေးကြမ်းကို သောက်သုံးလျက် ရှိနေတော့သည်။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အပြင်ဘက်သို့ မထွက်ပေ။ ပြုလုပ်ရမည့် အရာ အားလုံးအား တင်းရှင်းဝမ်သို့ လက်လွှဲပေးထားတော့သည်။ သေချာသည်။ သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီ အသုံးပြုခဲ့ရသည်မှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြသနေတော့သည်။
“ခုနတုန်းက ရင်နာတယ်ဆိုပြီး မေ့သွားတာ ဘယ်သူပါလိမ့်” စနစ်က ထပ်ပြောလိုက်၏။
တင်းရှင်းဝမ်၏ စိတ်တိုချင်စရာကောင်းသော ပုံပန်းသွင်ပြင်ကို မြင်ရချိန်မှာတော့ တောက်ပအလင်းနတ်ဂိုဏ်း၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “တခြားသူရဲ့ အကူအညီ မပါဘဲနဲ့ ကျုပ်ကို လှည့်စားပြီး အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”
ပထမတိုက်ပွဲတုန်းက ဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် အလွန်ပဲ ဒေါသထွက်လာသည်။ ဤမိစ္ဆာကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းအုပ်စိုးသူ ကျင့်ကြံခြင်းသာ ရှိ၏။ သို့ပေမဲ့ အအေးနန်းတော်မှ ဘိုးဘေးကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်တွင် ရံဖန်ရံခါဆိုသလို အနောက်ဘက်မှလာ၍ အလစ်ချောင်းတိုက်ခိုက်သောကြောင့်သာ သူသည် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မဟုတ်ပါက တစ်ဖက် လူအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်စွမ်းရှိသည်။
“လာလေ၊ လာလေ”
တင်းရှင်းဝမ်သည် ဂိုဏ်း၏အပြင်ဘက်ဆီသို့ ပျံသန်းထွက်ခွာလာ၏။ ပြီးနောက် မတ်မတ်ရပ်ကာ ပြောလိုက်တော့ သည်။ “ဒီနေ့မှာ ကျုပ်က ဘယ်အကူအညီကိုမှ မတောင်းဘူး၊ မင်း နဲ့ ကောင်းကောင်းတိုက်ခိုက်ကြတာပေါ့”
“တကယ်လား”
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် နှာခေါင်းရှုံလိုက်၏။ သူ၏ နှလုံးသားထဲမှာတော့ တီးတိုးရေရွတ်လျက် ရှိသည်။ “ဒီလူက ဘာညစ်ပတ်တဲ့အကွက်တွေကို ပြုလုပ်ချင်သေးတာလဲ မသိဘူး”
သူ့အနေနှင့် မှန်ကန်သော ဂိုဏ်းများမှ ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် သေသေချာချာ စဉ်းစားကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
“အကြီးအကဲချင်”
သိုင်းနယ်မြေကျင့်ကြံသူက ထူးမခြားနားသလို ပြောလိုက်၏။ “သူက ခင်ဗျားနဲ့ တိုက်ခိုက်ချင်တယ်ဆိုမှတော့ ဘာလို့ ငြင်းနေတာလဲ”
သွားမလား၊ မသွားရဘူးလား စဉ်းစားနေသော အကြီးအကဲချင်သည် ထိုစကားကို ကြားရချိန်မှာတော့ နှုတ်ခမ်း များ တုန်ယင်သွား၏။ အဆုံးသတ်မှာတော့ အံကိုကြိတ်ကာ တစ်ဖက်လူဆီ ပျံသန်းသွား၏။
ကောင်းပြီ၊ ကောင်းပြီ၊ သူက သိုင်းအုပ်စိုးသူ ကျင့်ကြံသူလေးတစ်ယောက်လေ၊ ဘယ်သူမှ ကူညီမဲ့သူ မရှိမှတော့ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ဘာကြောက်နေရမှာလဲ။
တွေးပြီးသည့်နောက်မှာတော့ အကြီးအကဲချင်သည် တစ်ဖက်လူနှင့် ဆယ်ပေအကွာအဝေးတွင် မတ်မတ်ရပ် လိုက်၏။ ပြီးနောက် အေးစက်စက် အကြည့်နှင့် ပြောလိုက်သည်။
“အဘိုးကြီး”
ဝှစ်
သူပြောရန်ပြင်နေတုန်းမှာပဲ အေးစက်သည့်လေလှိုင်းများသည် သူ၏ရှေ့တွင် တိုက်ခိုက်လာ၏။ ပြီးသည့်နောက် မှာတော့ တင်းရှင်းဝမ်သည် သူ၏ရှေ့တည်နေရာတွင် ပေါ်လာတော့၏။ အရိုးပေါ်အရေတင်ရှိနေသော လက်ချောင်းများသည် မိစ္ဆာစွမ်းအင်များ ရှိနေပြီး သူ့အား တိုက်ရိုက်ပင် ရိုက်နှက်လာတော့သည်။
ဘန်း
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးပေါ်ထွက်လာပြီးသည့်နောက် မိစ္ဆာစွမ်းအင်များသည် လှိုင်းထသွား၏။
ဘုန်း
သံမဏိအရိုးတောင်၏အရှေ့ဘက် နေရာလွတ်ကြီးမှာတော့ ရုတ်တရက် မြေကြီးများသည် ချိုင့်ဝင်သွားပြီး ကြီးမားသည့် လက်ငါးချောင်းအရာကြီးပင် ထင်ပေါ်လာခဲ့တော့သည်။ တောက်ပအလင်းနတ်ဂိုဏ်းမှ အကြီးအကဲ ချင်သည် ထိုလက်ဝါးရာကြီး၏ အလယ်တည့်တည့်တွင် တည်ရှိလို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ချိုင့်ဝှမ်း ထဲသို့ နစ်ဝင်လျက်ရှိ၏။ သူ၏အဝတ်အစားများသည် စုတ်ပြတ်လျက်ရှိပြီး ရင်ဘတ်ပေါ်မှာတော့ အမဲရောင် လက်ဝါးရာကြီးတစ်ခု ထင်ပေါ်နေသည်။ သူသည် အလွန်ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်ဖြင့် သတိလစ်မေ့မျော နေတော့သည်။ ရင်ဘတ်ပေါ်တွင် ထင်ပေါ်လျက်ရှိသော အမဲရောင်လက်ဝါးဆီမှ မိစ္ဆာစွမ်းအင်များသည် ထုတ်လွှင့်လျက်ရှိ၏။ ကြည့်ရသည်မှာ ထိုစွမ်းအင်များသည် မရီဒန်ထဲသို့ တိုးဝင်ပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တိုက်စားနေသည့်ပုံ ပေါ်သည်။
“ကောင်လေး”
တင်းရှင်းဝမ်သည် လေထုထဲတွင် မတ်မတ်ရပ်ရင်း ပြောလိုက်၏။ “ဒီအဘိုးကြီး သိုင်းကျင့်ကြံခြင်းလောကထဲကို လှည့်လည်ရောက်သွားနေတုန်းက မင်းက အနှီးလေးနဲ့ ကလေးလေး ပဲ ဖြစ်လိမ့်မယ်”
သူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို လက်ဝါးချက် တစ်ချက်တည်း နှင့် သတိလစ် မေ့မျော အောင် ရိုက်နှက်ခဲ့၏။ ရှေးတုန်းကတည်းက တည်ရှိခဲ့သော ကျင့်ကြံသူတစ်ယောက်မှန်း ပီသလှပေသည်။
“အံ့အားသင့်စရာပဲ” လီဖေးသည် မျက်လုံးပြူးသွားမိ၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ မျက်လုံးထဲတွင်လည်း ချီးကျူးမှု အရိပ် အယောင်များနှင့် ပြည့်နှက်သွားသည်။ ၎င်းတို့သည် စီနီယာဝူကျူးတစ်ယောက် ဤမျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်မှတ်ထားချေ။
ဟမ့်
ရီရှင်းချန်သည် အေးစက်စက်နှင့် နှာခေါင်းရှုံ့မိသည်။ မိစ္ဆာကျင့်ကြံသူ ဝူကျူးသည် အလွန်တရာ အားကောင်းလှ သည်ဆိုသော်လည်း သူ၏ရှေ့တွင် အမှိုက်တစ်ခုသာ ဖြစ်သည်။ သို့ပေမဲ့ အရင်တုန်းက သူဖြစ်သည်။
တင်းရှင်းဝမ် သည် အကြီးအကဲချင်အား လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့် အနိုင်ယူခဲ့ပြီးသည့်နောက်မှာတော့ တောက်ပအလင်းနတ်ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူနှစ်ယောက်နှင့် သိုင်းနယ်မြေ ကျင့်ကြံသူတို့သည် ဆွံ့အလျက် ရှိနေ ကြတော့၏။
ဤမှုန်ကုတ်ကုတ်နှင့် ပိန်တိပိန်တွဲ အဘိုးအိုတစ်ယောက်၏ အားအင်သည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းသာလျှင်ရှိ၏။ အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ကောင်းလှသည့် အားအင်များကို ထုတ်ဖော် နေရသနည်း။ အစကတည်းက သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း ဖြစ်နေသည်လား။
ဟုတ်ပေသည်။ မိစ္ဆာကျင့်ကြံသူ အစစ်အမှန်တစ်ယောက်ဖြစ်သည်မို့ ၎င်း၏အော်ရာများကို တခြားသူများ သိရှိအောင် ထုတ်ဖော်မပြသကြချေ။ သူသည် ဖြစ်နိုင်သမျှ ဖုံးကွယ်ထားမည်ဖြစ်ပြီး အရေးအကြောင်း တိုက်ခိုက် သည့်အချိန်မှ အစွမ်းကုန်တိုက်ခိုက်တတ်သည်သာဖြစ်၏။
ခပ်တည်တည်နှင့် ထူးမခြားနားသလို ကြည့်လျက်ရှိ သော သိုင်းနယ်မြေ ကျင့်ကြံသူက လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ဒါက ရတနာငါးပါး လက်ဝါးပဲ၊ မိစ္ဆာသူတော်စင် ဝူကျူးနဲ့ ဘာတော်လဲ၊ ဘယ်လို ပတ်သက်နေတာလဲ”
“မိစ္ဆာသူတော်စင် ဝူကျူး ဟုတ်လား”
သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူနှစ်ယောက်တို့၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်တုန်းက မိစ္ဆာဂိုဏ်း၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးသည်။ ထိုသူသည် အလွန်တရာ ကြမ်းတမ်းရက်စက်ပြီးတော့ သွေးဆာလွန်းသောသူဖြစ်သည်။
ထိုသူ၏ လက်ထဲတွင် လမ်းမှန်ဂိုဏ်းကျင့်ကြံသူ ရှစ်ထောင်လောက် သေဆုံးခဲ့ရသည်။ နောက်ဆုံးမှာတော့ မျက်နှာတစ်ရာ ဆေးသူတော်စင်သည် ၎င်းအား ခေါ်ဆောင်ကာ အညံ့ခံခိုင်းခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ ပျောက်ခြင်း မလှ ပျောက်ကွယ်သွားခဲ့၏။
မိစ္ဆာသူတော်စင်ဝူကျူး၏ ကျော်ကြားလှသော သိုင်းနည်းစနစ်သည် ရတနာငါးပါး လက်ဝါးရိုက်ချက်ဖြစ်သည်။ အလွန်တရာအားကောင်းပြီး ကြမ်းတမ်းလွန်းလှသည်။ ထိုရိုက်ချက်ကို ရိုက်ခံရပြီဆိုပါက မိစ္ဆာစွမ်းအင်များသည် ဆိုးရွားစွာ တိုက်စားသွားမည်ဖြစ်ပြီး သေဆုံးသည်ထက်ပင် နာကျင်မှုကို ခံစားရပေလိမ့်မည်။
ဟား ဟား ဟား ဟား ….။
တင်းရှင်းဝမ်သည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ဒီအဘိုးကြီးက ကျင့်ကြံခြင်းလောကထဲကနေပြီးတော့ နှစ်ပေါင်း သုံးထောင်ကျော်လောက် အနားယူခဲ့တာလေ၊ မထင်မှတ်ထားပဲ ငါ့ကို သိတဲ့လူ ရှိနေတာကိုး၊ မဆိုးဘူး၊ မဆိုးဘူး”
သိုင်းနယ်မြေကျင့်ကြံသူသည် ထိတ်လန့် တုန်လှုပ်သွား၏။ “ခင်ဗျားက မိစ္ဆာသူတော်စင် ဝူကျူးလား”
သူသည် စောနတုန်းက လေးလေးနက်နက်နှင့် ဂုဏ်ရှိန်ထည်ဝါစွာဖြင့် မေးမြန်းနေခဲ့သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အနည်းငယ် ကြောက်လန့်သွားခဲ့၏။ ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်တုန်းက သူသည် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ခါစသာဖြစ်သည်။ ထို့ကြောင့် စီနီယာအရ ပြောရမည်ဆိုလျှင် မိစ္ဆာ သူတော်စင်ဝူကျူးနှင့် မည်သို့မှ နှိုင်းယှဉ်၍ မရနိုင်ချေ။
“ကောင်လေး”
တင်းရှင်းဝမ်သည် မိစ္ဆာဆန်ဆန် ပြုံးကာ ပြောလိုက်၏။ “ဒီအဘိုးကြီးရဲ့ ရတနာငါးပါး လက်ဝါးရိုက်ချက်က လျှို့ဝှက်ချက်ပဲလေ၊ ဘယ်လိုထင်လဲ”
“...” သိုင်းနယ်မြေကျင့်ကြံသူ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့သည်။
တခြားသော သိုင်းနယ်မြေတစ်ပိုင် ကျင့်ကြံသူများသည် ချွေးစေးများပင် ပြန်လာမိ၏။ ၎င်းတို့သည် ဤမှုန်ကုတ်ကုတ် အဘိုးအိုမှာ လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်တုန်းက မိစ္ဆာသူတော်စင်ဝူကျူးဖြစ်မှန်း သိရှိသွားပြီးသည့်နောက်မှာတော့ အလွန်တရာ ကြောက်လန့်သွားကြသည်။ ထိုသူသည် မျက်နှာတစ်ရာ ဆေးသူတော်စင်ကြောင့် သေဆုံးသွားခဲ့ပြီ မဟုတ်လား။ အဘယ်ကြောင့် အခုထိ အသက်ရှင်နေရသနည်း။ ထို့အပြင် အဘယ်ကြောင့် ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိနေရသနည်း။
“အကြီးအကဲတင်း”
အဓိကဟောခန်း၏ အပြင်ဘက်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူတို့က အဝေးကလာတာဆိုတော့ ကျုပ်တို့အနေနဲ့ ကောင်းကောင်းမွန်မွန် ဧည့်ခံရမယ်လေ၊ ရိုင်းလို့မဖြစ်ဘူး မဟုတ်လား”
“ကောင်းပါပြီ ဂိုဏ်းချုပ်” တင်းရှင်းဝမ်က ပြောလိုက်သည်။ သိုင်းနယ်မြေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက်တို့သည် ထိုသူမှာ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲဖြစ်နေမှန်း နားလည်သွားမိ၏။ များပြားလှသော ဂိုဏ်းများကို လျစ်လျှူရှု၍ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုလုံးကို မောင်ပိုင်စီးထားနိုင်သည်ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ် တော့ချေ။ ပြိုင်စံရှားဂိုဏ်းထဲတွင် သိုင်းနယ်မြေ မိစ္ဆာကျင့်ကြံသူတစ်ယောက် ပုန်းအောင်းလျက်ရှိနေသည်။
“မင်းတို့သုံးယောက်”
တင်းရှင်းဝမ် ရယ်လိုက်၏။ “တစ်ယောက်ချင်းစီ ချကြမလား၊ တပြိုင်နက်တည်း သုံးယောက်တစ်ယောက် ချကြမလား”
သုံးယောက်လုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။
ရွှီး
ထိုအချိန်မှာတော့ တည်နေရာကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ တင်းရှင်းဝမ်သည် ကျွင်းချောင်ရှောင်းအား လိုက်လံ တိုက်ခိုက်ခဲ့သော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၏ရှေ့သို့ ရောက်ရှိသွားသည်။ ပြီးနောက် ပြောလိုက်တော့သည်။ “မင်းတို့မလာရင်လည်း ကျုပ်လာပြီ”
ဘုန်း ဘုန်း
ထိုသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည်လည်း အကြီးအကဲချင်ကဲ့သို့ပင် တွင်းနက်ထဲသို့ ရောက်ရှိကာ သတိလစ် မေ့မျောနေတော့သည်။ ၎င်း၏ရင်ဘတ်တွင် အမဲရောင်လက်ဝါးရိုက်ချက်ကြီးတစ်ခု တည်ရှိလို့နေ၏။
လောက ပုန်ကန်နတ်ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် အသက်ထွက်လုမတတ် ကြောက်လန့်သွားသည်။ သူသည် ထွက်ပြေးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ခန္ဓာကိုယ်ပင် မလှည့်ရသေးခင်မှာပဲ အေးစက်သည့် လေလှိုင်း များ ရောက်ရှိလာပြီးသည့်နောက် သူ့အား ရိုက်နှက်သွားတော့သည်။
ဘုန်း ဟူသော အသံနှင့် အတူ မြေပြင်ပေါ်သို့ သူသည် ရောက်ရှိသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်တို့သည် တင်းရှင်ဝမ်၏ လက်ဝါးရိုက်ချက်ကြောင့် သတိလစ် မေ့မျောသွားခဲ့ကြ၏။ ၎င်း၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။