← Chapters

အခန်း (၇၆၂)

Vol. 51 Ch. 762

အခန်း (၇၆၂)

Vol. 51 Ch. 762

သံမဏိအရိုးမြို့ အိမ်တော်တွင် လီချင်းယန်နှင့် တစ်ခြားသူများသည် အပြင်ဘက်တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။

အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် စားပွဲဝိုင်း၏ အရှေ့ အဓိက ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေသည်။ ၎င်း၏ လက်များသည် စားပွဲပေါ်တွင် ယှက်လျက်ရှိနေကြပြီး သူ၏ မျက်နှာပေါ်တွင်တော့ အပြစ်ကင်းစင်လှသော အပြုံးလေးတစ်ခု တည်ရှိလို့ နေသည်။

သူ၏ တစ်ခြားတစ်ဘက်မှာတော့ တင်းရှင်းဝမ်သည် လက်ပိုက်လျက် ရှိကာ ၎င်း၏ ခန္ဓာကိုယ်မှ မိစ္ဆာအော်ရာများသည် ထွက်ပေါ်လျက်ရှိနေ၏။ သူသည် အချိန်မရွေးထ၍ တိုက်ခိုက်နိုင်သည်ဟု အသွင်သဏ္ဍန် အရ ဆိုခြင်းပင်။

တောက်ပအလင်းနတ်ဂိုဏ်းမှ ဒုတိယဂိုဏ်းချုပ်နှင့် ဟယ်ချင်းရွှမ်တို့သည် မျက်နှာချင်းဆိုင်တွင် ထိုင်လျက်ရှိနေကြသည်။ ၎င်းတို့၏ အမူအရာများသည် လေးနက်လျက်ရှိသည်။

သို့ပေမဲ့ သူတို့၏ နှလုံးသားထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နက်နေသည်။ ယနေ့တွင် အဆင့်ငါးဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်နှင့် ဤကဲ့သို့ ထိုင်၍ စကားပြောရမည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ထို့အပြင် အလွန်တရာ ရှက်ရွံ့စရာ ကောင်းလွန်းလှ၏။

"ခင်ဗျားတို့ နှစ်ယောက်"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ဒီမှာထိုင်ပြီးတော့ ပြသနာကို ဖြေရှင်းမယ်ဆိုရင် ကျုပ်က အကြမ်းဖက်တဲ့ နည်းလမ်းကို လုံးဝသုံးမှာ မဟုတ်ဘူး။"

ထိုအရာကို မည်သူက ယုံကြည်နေမည်နည်း။

“ဒါဆိုလည်း စကားကောင်း ပြောကြတာပေါ့။” ဒုဂိုဏ်းချုပ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်တို့ စပြီးတော့ စကားပြောမယ်ဆိုမှတော့ အရင်ဆုံး ညှိနှိုင်းဆွေးနွေးမှုတွေ ရှိသင့်တယ် မဟုတ်လား။ဘယ်လိုထင်လဲ...."

၎င်းတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

ကျွင်းချောင်ရှောင်းသည် စားပွဲကို ခေါက်ကာ ပြောလိုက်၏။ "ဆိုရိုးစကားတစ်ခု ရှိတယ်။ ကောင်းကင်နဲ့ မြေကြီးမှာ ရှိတဲ့ ရတနာတွေက ပိုင်ရှင်မဲ့တယ်လေ။ ပြီးတော့ဒီအရာကို ရေစက်ပါတဲ့ လူတွေကသာ ရရှိကြတယ်ဆိုတာကို ခင်ဗျားတို့ သဘောတူလား"

"သဘောတူတာပေါ့" ဒုဂိုဏ်းချုပ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "တောင်ကြားထဲမှာ ပေါ်လာတဲ့ စိတ်ဝိညာဉ် မိုင်းတွင်းက ပိုင်ရှင်မဲ့တယ်လေ။ ပြိုင်စံရှားဂိုဏ်းအနေနဲ့ လက်ဝါးကြီးအုပ်တယ် အပိုင်းသိမ်းလိုက်တယ်ဆိုတာ အမှန်ပါပဲ။ ဟုတ်တယ်မလား"

"ဒါက အမှန်ပါပဲ" ဒုဂိုဏ်းချုပ်ကပြောလိုက်သည်။

"ဟုတ်ပြီ"

ဂိုဏ်းချုပ်ကျွင်းသည် ထိုင်ခုံကို အသာမှီထိုင်ကာ ပြောလိုက်သည်။ "ကျုပ်က မိုင်းတွင်းကိုယူလိုက်တယ်လေ။ခင်ဗျားတို့က ကျုပ်ကို တိုက်ခိုက်တယ်လေ။ဒါက ခင်ဗျားတို့ရဲ့ အခွင့် အရေးပဲလေ ဟုတ်တယ်မို့လား"

ဒုဂိုဏ်းချုပ်နှင့် ဟယ်ချင်းရွှမ် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။

"ဒါပေမဲ့"

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စားပွဲကို ရိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ အနေနဲ့ စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းကို မရခဲ့တော့ဘူး။ဒါကိုတောင်မှ ပြိုင်စံရှား ဂိုဏ်းဆီ လာပြီးတော့ ပြသနာရှာရဲတယ်။ ဒါက တစ်ဖက်သားကို အထင်သေးလွန်း လုပ်ချင်တာကို လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ တူမနေဘူးလား"

သူ၏ လေသံသည် အလွန်တရာ ခက်ထန်လွန်းလှ၏။ တံတွေးများသည်လည်း နေရာ အနှံ့သို့ ပျံ့ကျဲလျက်ရှိသည်။

ကံကောင်းစွာဖြင့် ဟယ်ချင်းရွှမ် နှင့် ဒုဂိုဏ်းချုပ်တို့သည် ဝေးဝေးမှာ ရှိနေ၏။ မဟုတ်ပါက ၎င်းတို့ မျက်နှာများသည် တံတွေးများနှင့် ပလဲနေပေလိမ့်မည်။

"ဂိုဏ်းချုပ်"

အဘိုးကြီးတင်း က ပြောလိုက်သည်။ "စိတ်ကို အေးအေးထားပါ"

"ဘာကို စိတ်ကို အေးအေးထားရမှာလဲ"

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ပြီးသည့်နောက် တစ်ဖက် ဒုဂိုဏ်းချုပ်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ "ခင်ဗျားကို ကျုပ်က မေးစရာ တစ်ခု ရှိတယ်။ခင်ဗျားတို့ တောက်ပအလင်းဂိုဏ်းကသာ ဒီစိတ်ဝိညာဉ် မိုင်းတွင်းကိုပိုင်ဆိုင်ခဲ့ပြီး တစ်ခြား ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ ပထမအဆင့် ဂိုဏ်းတွေက အားလုံးပြီးစီးတဲ့ နောက်မှာမှ ဂိုဏ်းကို လာပြီး ပြသနာရှာမယ်ဆိုရင် လက်သင့်ခံနိုင်လား။"

"ဒါက"

"လက်သင့် မခံနိုင်ဘူးမို့လား"

ကျွင်းချောင်ရှောင်း၏ တံတွေးများသည် နေရာအနှံ့ဆီသို့ ပျံ့ကျဲသွားပြန်သည်။ ပြီးနောက် သူက ပြောလိုက်၏။ "ဒါက အဓိပ္ပာယ်မရှိဘူး။ကိုယ့်ရဲ့ အရည်အချင်း မရှိလို့ မရနိုင်တဲ့ ကိစ္စကို ပြီးခဲ့တဲ့ နေရာမှာ ထားခဲ့သင့်တယ် မဟုတ်လား။ဒါပေမဲ့ ခင်ဗျားတို့က ပိုပြီးအားကောင်းတဲ့ သိုင်းကျင့်ကြံသူတွေစေလွှတ်ခဲ့တယ်။

သူ၏ လေသံသည် အလွန်တရာ ခက်ထန်လွန်းလှသည်ဆိုသော်လည်း ပြောဆိုနေသည့် စကားလုံးမှာတော့ ကျိုးကြောင်းဆီလျှော်လွန်းလှ၏။

များပြားလှသော စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းများသည် ပေါ်ပေါက်လာခဲ့ကြပြီး များပြားလှသော ဂိုဏ်းများသည်လည်း ထိုအရာအတွက် တိုက်ခိုက်ခဲ့ကြသည်။ သွေးအလိမ်းလိမ်းနှင့် တိုက်ခိုက်ခဲ့ကြသည် ဆိုသော်လည်း ရှုံးနိမ့်သွားပါက အရှုံးပေးလိုက်ရပြီသာ ဖြစ်သည်။ တစ်ခြားသူ၏ ဂိုဏ်းဆီသို့ သွား၍ ပြသနာရှာခြင်းကို မပြုလုပ်ကြပေ။

ဤအရာမှာ ကျိန်းသေပေါက် နားလည်ထားရမည့် အရာတစ်ခု ဖြစ်ပြီး ချမှတ်ထားခြင်း မရှိသော စည်းကမ်းတစ်ခုလည်း ဖြစ်တော့သည်။

မဟုတ်ပါက စိတ်ဝိညာဉ် ကျောက်တုံးများ အတွက် ထိုကဲ့သို့ တစ်ဖက်က တိုက်ခိုက်လိုက်၊ နောက်တစ်ဖက်က ပြန်တိုက်ခိုက်လိုက်နှင့် မဆုံးနိုင်သော သံသရာ ဖြစ်နေမည် မဟုတ်လား။

"ဂိုဏ်းချုပ်ကျွင်း"

ဟယ်ချင်းရွှမ် သည် လေးလေးနက်နက် ပြောလိုက်၏။ "ခင်ဗျားက ကျုပ်တို့ ဂိုဏ်းကို အရင်နာကျင်အောင် လုပ်ခဲ့တဲ့သူပါ။"

ဤစကားလုံးတွေနှင့် တောက်ပအလင်းနတ်ဂိုဏ်းသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအတွက် ပြသနာရှာခြင်း မဟုတ်ဘဲ ၎င်းတို့၏ အကြီးအကဲကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့သည့်အတွက် ပုဂ္ဂိလက ဆိုင်ရာ ရန်ငြိုးကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

"ကျေးဇူးပြုပြီး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါတွေ အကုန်လုံးက မိုင်းတွင်းကြောင့် ဖြစ်ခဲ့တာပဲလေ။ကျူပ်တို့က တိုက်ခိုက်ခဲ့လို့ ထိခိုက်နာကျင်မှုဆိုတာ ဖြစ်ပေါ်ခဲ့ရတာလေ။မတိုက်ခိုက်ဘဲနဲ့ ကျောက်တုံး၊ စက္ကူ၊ စာရွက်ဆိုပြီး ကစားတာမှ မဟုတ်တာ။ရှုံးနိမ့်တာ၊ ထိခိုက်တာ၊ ဒဏ်ရာ ရတာတွေက သဘာဝပဲ။ရှင်းရှင်း လင်းလင်း ပြောရမယ်ဆိုရင်"

သူသည် ထပ်ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းကို လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရတယ်လို့ ခင်ဗျားတို့က ထင်နေလို့ ဒီကို လာတာ။ပြီးတော့မှ လုပ်ချင်ရာကို လုပ်ပြီးတော့မှ ဘာမှ မဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ ဖုံးကွယ်ထားဖို့ မကြိုးစားပါနဲ့။"

သူ၏ စကားလုံးများသည် အဓိက အကြောင်းရာဆီသို့ တည့်တည့်ပင် ထိမှန် သွားတော့သည်။

တစ်ခြားသော ပထမအဆင့် ဂိုဏ်းတစ်ခုခုသည်သာ ဤစိတ်ဝိညာဉ် မိုင်းတွင်းကို ပိုင်ဆိုင်သည် ဆိုပါက တောက်ပ အလင်းနတ် ဂိုဏ်း အနေနှင့် မည်သို့မှ ဆက်လက်ကာ ရှေ့ဆက်တော့မည် မဟုတ်ပေ။ ၎င်းတို့ အနေနှင့် သဘောမတွေ့ဘူးဆိုလျှင်တောင်မှ သိုင်းကျင့်ကြံသူများ၏ စည်းမျဉ်းစည်းကမ်းများ အတိုင်း ဘာတစ်ခုမှ ဆက်မလုပ်ဘဲ ငြိမ်ငြိမ်သက်သက် နေပေလိမ့်မည်။

"ကျုပ်က အကြောင်းအရာကို အစောကြီးကတည်းက ရှင်းပြပြီးသား။ခင်ဗျားတို့ အနေနဲ့ မကျေနပ်ဘူးဆိုရင် ထပြီး ငြင်းလို့ ရသေးတယ်။"

သူ၏ ဆိုလိုခြင်းမှာ ပြိုင်စံရှားဂိုဏ်း အနေဖြင့် စိတ်ဝိညာဉ် မိုင်းတွင်းကို မောင်ပိုင်စည်းရန်အတွက် အရည်အချင်းရှိသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ရှုံးနိမ့်သွားပြီဆိုပါက သူ့အနေနှင့် တစ်ခြားသူများကို လိုက်လံ၍ ပြသနာရှာနေလိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ်ကျွင်း ပြောတာ မှန်ပါတယ်"

ဒုဂိုဏ်းချုပ်သည် ပြောဆိုလိုက်၏။ "ကျုပ်တို့ တောက်ပ အလင်းနတ်ဂိုဏ်းက နည်းနည်းလေး အဆင်ခြင်မဲ့ခဲ့တယ်။"

ယနေ့တွင် သူသည် ပြိုင်စံရှားဂိုဏ်းဆီသို အကြောင်းအရာ တစ်ခုနှင့် လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ ဖမ်းဆီးခံထားရသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်ကို ပြန်လည်ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။

"ခင်ဗျားတို့က အမှားကို လုပ်ခဲ့ပြီးပြီ ဆိုပေမယ့် အမှန်ကို သိတယ်ဆိုတော့ ကောင်းတာပေါ့"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "ကျုပ်ကလည်း ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ထားတတ်တဲ့ လူမျိုး မဟုတ်ပါဘူး"

"ဒီတော့"

ဒုဂိုဏ်းချုပ်သည် ပြုံးလိုက်၏။ "ခင်ဗျားတို့ ဂိုဏ်းထဲမှာ ဖမ်းထားတဲ့ ကျုပ်တို့ ဂိုဏ်းရဲ့ အကြီးအကဲကို လွှတ်ပေးနိုင်မလား သိချင်ပါတယ်"

"လွတ်ပေးနိုင်ပါတယ်"

ကျွင်းချောင်ရှောင်းသည် လက်သုံးချောင်းကို ထောင်ပြီး ပြောလိုက်သည်။ "လူတစ်‌ယောက်ကို စိတ်ဝိညာဉ် ကျောက်တုံး ၃ သန်းလေ။ပြီးတော့ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတွေ ဖြစ်စရာ မလိုဘူးလေ။ဒီအတိုင်းဆိုလည်း ရတယ်"

ဒုဂိုဏ်းချုပ်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ တောက်ပ အလင်းနတ်ဂိုဏ်းက ဒီလောက်များတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေကို မတတ်နိုင်ပါဘူး"

သူ့အနေနှင့် ဤအရာများကို ထုတ်ပေးနိုင်၏။ သို့ပေမဲ့ ထိုသို့ ထုတ်ပေးလိုက်မည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံးသည် စိတ်ဝိညာဉ် ကျောက်တုံးများ ပြတ်တောက်သွားမည် ဖြစ်သည်။

နှစ်ယောက်ဆိုလျှင် စိတ်ဝိညာဉ် ကျောက်တုံးမှာ ၆သန်းပင် ကျ၏။ ထိုပမာဏသည် ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်သည်ဆိုလျှင်တောင်မှ များပြားလှသည့် အရေအတွက်ပင် ဖြစ်တော့၏။

"လျှော့ပေးရမှာလား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီလို လုပ်ရအောင် ကျုပ်က နည်းနည်းတော့ ထပ်လျှော့ပေးလိုက်မယ်"

"၅.၉၉ သန်းဆိုရင်ရော...."

အဘိုးကြီးတင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ စိတ်ဝိညာဉ် ကျောက်တုံး ၁ သောင်းလျှော့ပေးခြင်းအား အရေးအရာလုပ်ကာ ပြောဆိုလျက်ရှိ၏။

"ကျွင်းဂိုဏ်းချုပ်"

ဟယ်ချင်းရွှမ် သည် စူပုတ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့က ဒီကို လေးလေးနက်နက် လာပြီး ညှိနှိုင်းတာပါ။ဟာသတွေ မလုပ်ပါနဲ့"

အနောက်ဘက်တွင် မိစ္ဆာသူတော်စင် ဝူကျူးသာ ရပ်တန့်နေသည်သာ မဟုတ်ပါက သူတို့သည် ရှေ့သို့ သွား၍ တစ်ဖက်လူ၏ မျက်နှာအား ကျောက်ပြားနှင့်ပင် ပွတ်မိနေပေလိမ့်မည်။

"ကျုပ်က တကယ့်ကို လေးလေးနက်နက် ပြောနေတာပါ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက် အတွက်ဆို ၅.၉၈ သန်းပေါ့။"

"ဂိုဏ်းချုပ် နောက်ထပ် တစ်သောင်းလောက် လျော့ပေးလိုက်ပါအုံး" အဘိုးကြီးတင်းက သတိပေးလိုက်သည်။

"ကောင်းပါပြီ ခင်မင် ရင်းနှီးမှု ဈေးနှုန်းပေါ့"

ဒုဂိုဏ်းချုပ်နှင့် ဟယ်ချင်းရွယ်တို့၏ မျက်နှာများသည် ပျက်ရွင်းသွားကြသည်။

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာ ပြောလိုက်၏။ “ကျုပ်တို့ ဂိုဏ်းရဲ့ အကြီးအကဲက ရတနာငါးပါး လက်ဝါးရိုက်ချက်ကို ကျင့်ကြံတယ်ဆိုတာ ခင်ဗျားတို့ နှစ်ယောက် သိပြီးသားပဲ မဟုတ်လား။”

ဝှစ်။

အဘိုးကြီးတင်းသည် သူ၏ လက်ကို မြှောက်ကာဖြင့် မိစ္ဆာစွမ်းအင်များကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပဲ အခန်းထဲမှာ ရှိသော အခြေအနေတစ်ခုလုံးသည် တင်းမာသွားခဲ့၏။

ဒုဂိုဏ်းချုပ်သည် မျက်မှောင် ကုတ်သွားခဲ့၏။ သူ့အနေနှင့် ဤကြမ်းတမ်းလှသော လက်ဝါးနည်းစနစ် အကြောင်းကို ကောင်းကောင်းသိသည်။ သို့ပေမဲ့ သူတို့ ဂိုဏ်း၏ အကြီးအကဲများကို ပြန်လည်ခေါ်ယူချင်စိတ်ဖြင့် ပြိုင်စံရှား ဂိုဏ်းကို လာရောက် ညှိနှိုင်းခြင်းပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "၅.၉၇ သန်း။ သိုင်းနယ်မြေနှစ်ယောက်ရဲ့ အသက်တွေနဲ့ လဲလှယ်တာ တန်ပါတယ်။ခင်ဗျားတို့ ဂိုဏ်းအနေနဲ့ သဘောတူသင့်တယ်လို့ ထင်တယ်"

"နောက်ထပ် တစ်သောင်းလောက် ထပ်လျော့ပေးရင်ရော"

အဘိုးကြီးတင်းက တီးတိုးပြောလိုက်သည်။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခင်ဗျားတို့ မပေးဖူးဆို ကျုပ်တို့က သူတို့ကို သတ်မှာ မဟုတ်ဘူး။ဒါပေမဲ့ သုံးရက် ပြည့်တိုင်း ပြည့်တိုင်း လက်ဝါးရိုက်ချက် တစ်ချက်ကို သွားရိုက်နေမယ်။"

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ လက်ခံသူပြောနေသည့် သဘောမှာ အဆိပ်ပြင်းမြွေတစ်ကောင် အကိုက်ခံရ၍ သုံးနာရီကြာလျှင် သေမည် ဆိုပါက သုံးနာရီ ပြည့်ခါနီး နောက်တစ်ခါထပ်ပြီး အကိုက်ခံ၍ သုံးနာရီ ထပ်၍ အသက်ရှင်အောင် ပြုလုပ်ရန် အကြံပေးနေသည်နှင့် ဆင်တူနေ၏။

ဒုဂိုဏ်းချုပ်နှင့် ဟယ်ချင်းရွမ် တို့သည် လက်များ တုန်ယင်သည်အထိ ဒေါသထွက်နေသည်။

ဂိုဏ်းချုပ်ကျွင်းသည် လုပ်ချင်ရာကို လုပ်တတ်သည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူတို့ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်အား ထိုကဲ့သို့ ပြုမူသည်ဆိုသည်ကို သူတို့ ကောင်းကောင်း နားလည်၏။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ရှိ ဂိုဏ်းက ကျင့်ကြံခြင်း လောကထဲမှာ သတင်းစာတစ်ခု ဖြန့်ဝေဖို့ ပြင်ဆင်နေတယ်လေ။ ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲတွေက ပြိုင်စံရှား ဂိုဏ်းထဲမှာ ချုပ်နှောင်ခံထားရတာကို သတင်းထူးကြီး တစ်ခုလို လုပ်ပြီးတော့ အားလုံးကို ဖြန့်ဝေလိုက်မယ် ဆိုရင်ရော …. ဒါဆိုရင် ခင်ဗျားတို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာက လုံးဝ ကျဆင်းသွားပြီပဲ။"

ဒုဂိုဏ်းချုပ်သည် သတင်းစာဆိုသည်ကို ဘာမှန်း ကောင်းကောင်း နားမလည်ပေ။ သို့ပေမဲ့ သူတို့ဂိုဏ်း၏ အကြီးအကဲများသည် ပြိုင်စံရှားဂိုဏ်းတွင် ဖမ်းချုပ်ခြင်း ခံထားရသည့် သတင်း ပျံ့နှံသွားပြီဆိုပါက သူတို့၏ သိက္ခာမှာ အလုံးစုံ ကျဆင်းသွားမှာ ဖြစ်ကြောင်း နားလည်လိုက်မိ၏။

"ဂိုဏ်းချုပ်ကျွင်း"

သူသည် စိတ်ဓာတ်ကျလျက်ရှိသည်ဆိုသော်လည်း အံ့ကို ကြိတ်ကာ ပြောလိုက်သည်။

"ကျုပ်တို့ တောက်ပ အလင်းနတ်ဂိုဏ်းက တပည့်နှစ်ယောက်အတွက်ကို စိတ်ဝိညာဉ် ကျောက်တုံးလေးသန်းပေးမယ်။ခင်ဗျားက နည်းနည်း ဈေးလျော့ပြီး ….."

"သဘောတူပြီ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဟမ်။

ဒုဂိုဏ်းချုပ်သည် ဆွံ့အသွားမိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အခု စိတ်ဝိညာဉ် ကျောက်တုံးကို ပေးလိုက်တော့။ချက်ချင်း လွှတ်ပေးလိုက်မယ်"

ဒုဂိုဏ်းချုပ်၏ နှုတ်ခမ်းများသည် တုန်ယင် သွားခဲ့၏။ ငါ ပြောတာများ များသွားလား။နည်းနည်းလေး လျှော့ပြီး ပြောလိုက်တာမှ ဟုတ်အုံးမယ်။

အကျဉ်းထောင်၏ အပြင်ဘက်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်တို့သည် အကောင်းဆုံး ကြိုးစား၍ ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြသည်။ အလင်းသည် စူးရှလွန်းသောကြောင့် ၎င်းတို့သည် မျက်လုံးများကိုပင် မှိတ်ထားရ၏။

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီးနောက် ၎င်းတို့၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "အနာဂတ်မှာ အခွင့်အရေးရှိရင် ထပ်ပြီး လာလည်ကြပါအုံး။ကျူပ်တို့ ပြိုင်စံရှားဂိုဏ်းက အမြဲတမ်း တံခါး ဖွင့်ထားတယ်လေ..."

ဤသို့နှင့်ပင် တောက်ပ အလင်းနတ်ဂိုဏ်းမှ သိုင်းနယ်မြေ ကျင့်ကြံသူ နှစ်ယောက်တို့သည် စိတ်ဝိညာဉ် ကျောက်တုံး လေးသန်းနှင့် လာရောက် လဲလှယ်ခြင်းကို ခံခဲ့ရတော့သည်။

သူတို့ ထွက်ခွာသွားပြီး မကြာခင်မှာပဲ လောကပုန်ကန် နတ်ဂိုဏ်းမှ တာဝန်ရှိသူများ အားလုံးတို့သည် သံမဏိအရိုးမြို့၏ ကြီးမားလှသော အိမ်တော်သို့ ရောက်လာကြပြီး အသီးသီး ညှိနှိုင်းလျက် ရှိနေကြတော့၏။

All Chapters