အခန်း (၇၆၄)
Vol. 51 Ch. 764
“နာမည်”
“ကုန်းဖုကွေ့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကြည့်ကာဖြင့် တုနန်အားကြည့်လိုက်သည်။ “အနာဂတ်မှာ ဖုကွေ့လို့ ခေါ်ရမလား၊ ဓမ္မနာမည်ကိုပဲ ခေါ်ရမလား”
“ဓမ္မနာမည်ကို ခေါ်ပါ”
“ကောင်းပြီ ဖုကွေ့”
“........”
ဒုတ်
ကျွင်းချောင်ရှောင်းသည် စည်းတံဆိပ်တို ထုနှက်ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ ဂိုဏ်းသား အရေအတွက်သည် တစ်ယောက်ပိုလာခဲ့တော့သည်။ ဤအရာမှာ အလွန်ပင် အဓိပ္ပာယ်ပြည့်ဝသော အလုပ်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်အား ဂိုဏ်းထဲသို့ ခေါ်ဆောင်ခဲ့နိုင်ပြီဖြစ်သောကြောင့်ပင်။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းတွင် ဓားတာအိုကျင့်ကြံသူ၊ ဓားမော့တာအိုကျင်ကြံသူ၊ မိစ္ဆာတာအို၊ နတ်ဆိုးတာအိုနှင့် ဗုဒ္ဓတာအိုကျင့်ကြံသူများနှင့် စုံလျက်ရှိ၏။
“ဂိုဏ်းချုပ်”
တုနန်က ပြောလိုက်သည်။ “ဒီစိန်ကျမ်းစာ က”
“အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနာဂတ်မှာ ဂိုဏ်းအတွက် လုံလောက်တဲ့ ကြိုးစားမှုတွေကို ပြုလုပ်တဲ့အချိန်ကျရင် ပေးမယ်”
“ဘယ်လိုအရာမျိုးကို ကောင်းမွန်တဲ့ လုပ်ဆောင်မှုမျိုးလို့ သတ်မှတ်ပေးမှာလဲ” တုနန်က မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင်ရှိသော တံမြက်စည်းကို ကမ်းပေးလိုက်၏။ ပြီးနောက် တုနန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက ကောင်းကောင်း အလုပ်မလုပ်ကြဘူးလေ၊ ဒီတော့ အတွင်းခြံဝန်း သန့်ရှင်းရေးနဲ့ပတ်သက်ပြီး မင်းကို လွှဲထားလိုက်ပြီ”
“ငြင်းလို့ရလား”
“အင်း.... ငြင်းလို့ရတယ်၊ ဒါပေမဲ့ အိမ်သာဆေးဖို့လူက လိုနေသေးတယ်”
“ကောင်းပြီ”
တုနန်သည် တံမြက်စည်းကိုလှမ်းယူကာ လေးလေးနက်နက် ပြောလိုက်၏။ “ဒီတပည့်က ကြိုးကြိုးစားစား လုပ်ပါ့မယ်”
ဤသို့သောလူမျိုးသည် အရူးလုပ်ရန် အလွယ်တရာ လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တုနန်သည် ပါးနပ်လွန်းလှသောသူဖြစ်၏။ သူ့ကိုယ်သူ နိမ့်ကျလှသောဘုန်းကြီးဟုပင် ဆက်၍ မခေါ်ဆိုတော့ဘဲ တပည့်ဟုခေါ်ဝေါ်သုံးနှုန်းလျက်ရှိနေသည်။
တစ်နေကုန် အနီရောင်အတွင်းခံကို ဝတ်ဆင်ထားသော ခရမ်းရောင် ဘုရင်သည် သူ့ကိုယ်သူ ကျုပ် ကျုပ်နှင့် ပြောဆိုလျက်ရှိနေ၏။ ထို့အပြင် ကျွင်းချောင်ရှောင်း အား ဂိုဏ်းချုပ်ဟုပင် ခေါ်ဝေါ် သုံးနှုန်းခြင်း မရှိသေးပေ။ သို့ပေမဲ့ ထိုသတ္တဝါသည် လက်ရှိအခြေအနေမှာ တော်တော် ပြောင်းလဲနေပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းနှင့် တသားတည်း ဖြစ်တည်လာမည့် အရိပ်အယောင်မျိုးလည်း တည်ရှိနေ၏။
ဤအရာသည် ဂိုဏ်းသားများ၏ ပေါင်းသင်းဆက်ဆံရေးကြောင့် မဟုတ်ပေ။ အစားအစာအတွက်သာဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ သေးငယ်လှသော အဆင့်ငါးဂိုဏ်းလေးတစ်ခုသည် အဆင့်တစ်ဂိုဏ်းတစ်ခုအား ထိခိုက်နာကျင် အောင် ပြုလုပ်နိုင်ခဲ့သည်ကို တွေးမိသောအခါ သူသည် ကျိုးကြောင်းမဆီလျော်သည်ကို စဉ်းစားမိ၏။ လူသားနှင့် မွန်းစတားတို့ ပေါင်းစပ်မှုအကြောင်း ကျွင်းချောင်ရှောင်း ပြောဆိုလိုက်သည့်အရာကို စဉ်းစားမိသည် နောက်မှာတော့ သူသည် မနေနိုင်ဘဲ တွေးလိုက်မိ၏။ ဒီလို အလားအလာမျိုးရှိတဲ့ ဂိုဏ်းလေးတစ်ခုက ဒီဘုရင်နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုကို ရမှာသေချာတယ်။
........
ဟူး
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် အသာမှီထိုင်ပြီးသည့်နောက် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်အား ဖွင့်ကြည့်လိုက်၏။ စိန်ကျမ်းစာဆိုသည့်အရာကို ကြည့်ရှုပြီးသည့်နောက် သူသည် တီးတိုး ရေရွတ်လိုက်၏။ “ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်ကို လဲလှယ်ဖို့အတွက် ခြောက်ဆယ့်ခြောက်အုပ်ပဲ လဲရမှာ၊ ဒါပေမဲ့ ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ် ခြောက်ဆယ့်ခြောက်အုပ်ဆိုတာ ရှာဖွေရ မလွယ်ကူဘူးလေ”
သူသည်ကြွားဝါပြီး ပေါက်ကရတွေ ပြောဆိုနေခြင်း မဟုတ်ပေ။ ဤအရာသည် အမှန်ပင် ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ်ထဲတွင် အလွန်တရာကောင်းမွန်လှသည့် နည်းစနစ်ဖြစ်မှန်း သိသာလွန်းလှ၏။ ကံဆိုးစွာဖြင့် သူ့အနေနှင့် ကြည့်ရုံသာ တက်နိုင်သည်။ မဝယ်ယူနိုင်သေးချေ။
“တပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာနဲ့အမျှ အဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်တွေ ဝယ်ယူရမယ့် အချိန်ရောက်လာပြီ” ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။
လက်ရှိအခြေအနေမှာတော့ ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်၊ ကောင်းကင်နီဓားကွက်၊ သက်တန့်ရောင်စဉ်ကျမ်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော နည်းစနစ်များဖြစ်သည်။ သို့ပေမဲ့ ပထမအဆင့် ဂိုဏ်းများနှင့် အခြေခံအားဖြင့် နှိုင်းယှဉ်၍ မရနိုင်သေးချေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် တိုက်ခိုက်ရေးနည်းစနစ် အရေအတွက် မှာ နည်းပါးနေသေးသည်ဟု ခံစားမိနေသည်။
တပည့်များ များပြားလာသောကြောင့် သူသည် များပြားလှသော သိုင်းနည်းစနစ်များကို ဖန်တီးပေးထားမှ ဖြစ်ပေလိမ့်မည်။ တပည့်နှစ်သောင်းကျော်တို့အား အဆင့်မြင့် ကျင့်ကြံခြင်း နည်းစနစ် တစ်ခု၊ နှစ်ခုလောက် ပေးထားသည်နှင့် လုံလောက်မည်ဟု သူမထင်ချေ။ ဤသိုင်းနည်းစနစ်ကြီးကိုသာ ထပ်ခါတလဲလဲ အသုံးပြုနေမည် ဆိုလျှင် အားလုံးသောသူများသည် ငြီးငွေ့သွားကြလိမ့်မည် မဟုတ်ပါလား။
စနစ်က ပြောလိုက်သည်။ “ဒါဆိုရင် ဝယ်ပေါ့”
“တော်စမ်း”
.............
ကျွင်းချောင်ရှောင်းသည် ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများဆီမှ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ လေးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဆိုသော သတင်းသည် မပျံ့နှံ့ခဲ့ပေ။ ထို့ကြောင့် အပြင်ဘက်ရှိ လူများသည် ကျွင်းချောင်ရှောင်း စိတ်ဝိညာဉ်မိုင်းတွင်းတစ်ခုလုံးကို အပိုင်သိမ်းလိုက်သည်ကိုသာ သိရှိသေး၏။
ဤကိစ္စများအားလုံး ဖြစ်တည်ပြီး အသားကျသွားသည့်နောက်မှာတော့ သိုင်းကျင့်ကြံခြင်းလောကကြီးတစ်ခုလုံး သည် ထပ်မံ၍ ငြိမ်းချမ်းသွားခဲ့တော့သည်။
ကျွင်းချောင်ရှောင်းမှာတော့ ဂိုဏ်း၏ ကျင့်ကြံခြင်းခန်းမဆောင်ထဲတွင် ကျင့်ကြံခြင်းနည်းစနစ်များ ပိုမိုတိုးပွားရန် စဉ်းစားနေမိသည်။ တခြားတစ်ဖက်တွင်တော့ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ ခက်ခဲမှုပုံစံတွင် တပည့်များ နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထားမိ၏။
တရက်မှာတော့ အတွင်းခြံဝန်းထဲဆီမှ အဆင့်ချိုးဖြတ်သည့် အသံ ထွက်ပေါ်လာခဲ့သည်။ တောင်၏ အနောက်ဘက် စမ်းသပ်မှုမျှော်စင်ထဲမှ လျှောက်ထွက်လာသော ကျွင်းချောင်ရှောင်းသည် ဝမ်းသာစွာ ပြောလိုက်၏။ “နင်ညီအစ်ကိုတွေက နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ”
ဟုတ်ပေသည်။ နင်တုရှင်းနှင့် နင်တုစွေတို့သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်၌ ပိတ်မိနေခဲ့သည်မှာ ကြာပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သိုင်းအုပ်စိုးသူအဆင့်ကို ထိတွေ့ခွင့် အခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပြီပဲ ဖြစ်တော့သည်။
ဤကဲ့သို့ပင် အဆင့်ချိုးဖြတ်သွားခြင်းဖြစ်သည်။ ဤအရာမှာ ရိုးရှင်းလှ၏။ မည်သည့် အားအင် စိုက်ထုတ်မှုမှ မပါချေ။
မည်သို့ပင်ဆိုဆို ဤနှစ်ယောက်သည် အဆင့်ချိုးဖြတ်ရန်အတွက် လုံလောက်သည့် အရည်အသွေး ပြည့်စုံသည်ဟု ဆိုရမည်။ ထို့ကြောင့် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်သွားသည်ဆိုခြင်းမှာ သာမန်ပင်ဖြစ်သည်။
လက်ရှိ အခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ F4 တွင် တစ်ဦးတည်း နောက်ကောက် ကျန်ရစ်ခဲ့သူမှာ ကျန့်ရာ တစ်ယောက်ပင်ဖြစ်သည်။ ၎င်းသည် နေ့စဉ်နေ့တိုင်း စိတ်လက်မချမ်းသာစွာဖြင့် ဂိုဏ်း၏ အုတ်နံရံကို နဖူးဖြင့် တိုက်လျက်ရှိနေတော့သည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင် F4 မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းတွင် နောက်ထပ် အကြီးအကဲနှစ်ယောက် ထပ်မံရရှိခဲ့သောကြောင့်ပင်ဖြစ်သည်။ တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်ဟိုင် တို့ပင် ဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲသည် ခြောက်ယောက်ဖြစ်သွားခဲ့ပြီဖြစ်၏။
“စိတ်မပူနဲ့၊ စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်း က နှစ်သိမ့်လိုက်၏။ “ဒါတွေက မကြာခင်မှာ ဖြစ်လာမှာပါပဲ”
ကျန့်ရာသည် မည်သို့မှ မခံစားနိုင်ဘဲ ငိုချင်လျက်ရှိ၏။ သူ့အနေနှင့် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ စိတ်ဆန္ဒ အလုံးစုံ မရှိဟုဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ ပထမဦးဆုံး အကြီးအကဲတစ်ယောက် ဖြစ်နေသေးသည်။ သို့ပေမဲ့ သူက အားလုံးထက်ပို၍ နောက်ကျကာ ကျန်နေခဲ့သည်ဆိုသော အချက်ကို စဉ်းစားကြည့်ပြီးသည့်နောက် အလုံးစုံ ရှက်ရွံနေမိ၏။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်များ ပို၍မြင့်မားလာမှသာလျှင် ပျောက်ဆုံးနေသော သူ၏ ညီမလေးကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်၏။
ကျန့်ရာသည် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည် သူ၏ မူလ ရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့ပျောက်ခဲ့ချေ။ ကျွင်းချောင်ရှောင်း မေ့လျော့သည်ဖြစ်စေ၊ မမေ့လျော့သည် ဖြစ်စေ သူသည် သတင်းရှာဖွေရေး မိုးဆွေဟောခန်းသွားဿ အစဉ်အမြဲ မေးမြန်းလျက်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းသည် သတင်းအချက်အလက် ရယူမှု အပိုင်း၌ နတ်ဆိုးမိစ္ဆာဂိုဏ်းထက်ပင် ပိုမို၍ အားကောင်းနေပြီဖြစ်သည်။
“ဟောခန်းသခင်လီ”
ထိုအချိန်မှာတော့ ကျန့်ရာသည် မိုးဆွေဟောခန်းထဲသို့ ရောက်ရှိလာကာ ပြောလိုက်၏။ “သတင်း တစ်ခုခု ရသေးလား”
လီလိုရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သဲလွန်စအနည်းငယ်ပဲ ပေးထားတာလေ၊ ကျယ်ပြောလှတဲ့ လူတွေအများကြီးထဲမှာ သူမကိုရှာတွေ့ဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲတယ်”
“အင်း” ကျန့်ရာသည် စိတ်ဓာတ်တကျဖြင့် ပြန်လည်ထွက်ခွာသွား၏။
သတင်းအချက်အလက်ဟောခန်းကို တည်ထောင်ပြီးသည့်နောက်မှာ သူသည် နေ့စဉ်နေ့တိုင်း လာရောက်ကာ ဤမေးခွန်းကို မေးမြန်းတတ်၏။ မျှော်လင့်ချက်မရှိဘူးဆိုသော်လည်း သူ့တွင် ကောက်ရိုးတစ်မျှင်ကဲ့သို့သော မျှော်လင့်ချက်လေး အနည်းငယ်ကို ဆုပ်ကိုင်ထားသေးသည်။
“ဂိုဏ်းချုပ်”
လီလိုရှုသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို ပြောကိုပြောရမယ့် ကိစ္စတစ်ခုတော့ ရှိတယ်”
“ပြောလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
လီလိုရှုက ပြောလိုက်၏။ “အကြီးအကဲကျန့်ရဲ့ ညီမလေးနဲ့ပတ်သက်တဲ့ တချို့သောသဲလွန်စတွေ ရှာဖွေတွေ့ရှိ လာတယ်၊ ဒါပေမဲ့ သူမက သေဆုံးသွားခဲ့တာ ဖြစ်နိုင်တယ်”
“သူ့ကိုပြောပြီးပြီလား”
“မပြောရသေးပါဘူး”
ကျန့်ရာသည် သူ၏ပျောက်ဆုံးသွားသော ညီမလေးနှင့်ပတ်သက်၍ အလွန်ချစ်မြတ်နိုးသောသူဖြစ်ကြောင်း လီလိုရှု ကောင်းကောင်းသိ၏။ ထို့ကြောင့် သေဆုံးသွားသည်ဆိုသော သတင်းအချက်အလက်ကို ရရှိခဲ့လျှင်ဆိုလျှင်တောင်မှ သူမသည် ထုတ်ဖော်မပြောပြရဲချေ။ တစ်ဖက်လူသည် ကြီးကြီးမားမား ထိခိုက်သွားမည်ကို သူမ စိုးရွံ့နေမိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သေသေချာချာ အတည်ပြုလိုက်ပါအုံး၊ သတင်းအချက်အလက်က သေချာပြီဆိုရင်တော့ သူ့ကို ပြောရမှာပေါ့၊ ပြီးတော့ လူသားတွေက ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေနဲ့ ဒွန်တွဲနေထိုင် နေရတာလေ”
“အင်း” လီလိုရှု ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ အဓိကဟောခန်းထဲမှ လျှောက်ထွက်သွားခဲ့သည့်အချိန်မှာပင် လှေကားထစ်ထိပ်တွင် တွေတွေကြီး ရပ်လျက်ရှိသည့် ကျန့်ရာအား မြင်တွေ့လိုက်ရ၏။
ဝှစ် ဝှစ်
ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်ထက်တွင် တိမ်မဲများ ဖြစ်တည်လာ၏။ အချိန်အခါမဟုတ် မိုးတွေရွာမည့်ပုံပင်။ ကျန့်ရာသည် ခေါင်းငိုက်စိုက်ကျကာဖြင့် အပြင်ဘက်ခြံဝန်းဆီသို့ လျှောက်ထွက်သွားခဲ့၏။ မိုးများသည် သူ၏ တစ်ကိုယ်လုံးပေါ်သို့ ရွာချလျက်ရှိသည်။
လက်ရှိအခြေအနေမှာတော့ သူ၏မျက်နှာပေါ်တွင်ရှိသော ရေစက်များ သည် မိုးရေစက်လား၊ မျက်ရည်လားပင် သေချာ မသဲကွဲတော့ချေ။ ဘာမှန်းမသိဘဲ သူသည် တောင်၏ အနောက်ဘက်ဆီသို့ လှမ်းလျှောက်သွား၏။ ပြီးနောက် တစ်ကိုယ်လုံး စိုရွဲကာဖြင့် ကျောက်တုံးတစ်ခုအပေါ် ထိုင်လျက်ရှိသည်။ သူ၏ လက်နှစ်ဖက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးသည့်နောက် လက်သည်း များသည်ပင်လျှင် လက်ဝါးထဲသို့ စိုက်လျက်ရှိနေတော့၏။ သွေးများသည် တစ်တောက်တောက်နှင့် ကျဆင်းနေ၏။
“အကြီးအကဲကျန့်က ဘာဖြစ်တာလဲ”
စမ်းသပ်မှုမျှော်စင်ဆီကို သွားလျက်ရှိသော လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် ဆွံအသွားကြ၏။ ဤနှစ်ပိုင်း အတွင်း ကျန့်ရာသည် လွတ်လပ်ပေါ့ပါးသည့် ခံစားချက်အား ၎င်းတို့ကို ပေးစွမ်းခဲ့၏။ စိတ်ဓာတ်ကျခြင်းကို တွေ့လေ့တွေ့ထ မရှိခဲ့ချေ။
“မိုးဆွေဟောခန်းက ရတဲ့ သတင်းအချက်အလက်တွေအရ ခင်ဗျားရဲ့ ညီမလေးက သေဆုံးသွားခဲ့တာ နှစ်ပေါင်းများစွာကြာပြီပဲ၊ ဒီတော့ ခင်ဗျားအနေနဲ့ သိုင်းပညာကို သေသေချာချာ အာရုံစိုက်ပြီးပဲ လေ့ကျင့်သင့်တယ်”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီးနောက် ပြောလိုက်သည်။ “လောကကြီးက သတ်မှတ်ခဲ့တဲ့အရာတွေကို ကျုပ်တို့က ပြောင်းလဲပစ်လို့ မရနိုင်ဘူး”
“ကျုပ်နားလည်ပါတယ်” ကျန့်ရာဆီမှ ရှိုက်သံသဲ့သဲ့ပါသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူသည် အမှန်ပင် နားလည်မိ၏။ သို့ပေမဲ့ ထိုကဲ့သို့သော ကိစ္စကြီးနှင့် ရင်မဆိုင်ချင်ပေ။ သူသည် အချိန်တိုင်း အချိန်တိုင်း သူ၏ ညီမလေး အသက်ရှင်သန်နေသေးသည်ဆိုသောစိတ်ဖြင့် နှစ်သိမ့်နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏ စိတ်ကူးယဉ်အိမ်မက်ထဲမှာတော့ သူသည် သူ၏အိမ်ဟောင်းလေး၌ ညီမလေး ၊ မိဘများနှင့် အတူတကွ ယှဉ်တွဲနေထိုင်နေချင်မိသည်။ ဤအရာသည် အလွန်လှပလွန်းသော ဆုတောင်းဖြစ်၏။ သို့ပေမဲ့ ပြည့်စုံနိုင်ဖို့ ဆိုသည်မှာတော့ ဘယ်တော့မှ မဖြစ်နိုင်ချေ။
ကျွင်းချောင်ရှောင်းသည် သူ၏အော်ရာများကို အသုံးပြု၍ မိုးပေါ်မှ ကျဆင်းလာသော မိုးရေများကို တားထား လိုက်၏။ ပြီးနောက် ဝိုင်ပုလင်းတစ်ခုကို ထုတ်ကာ ပြောလိုက်၏။ “သေရည်သောက်ခြင်းက ဝမ်းနည်းမှုတွေကို ပိုပြီးတိုးလာစေတယ်ဆိုပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ စိတ်လို လက်ရသောက်ပြီး စိတ်လိုလက်ရ ခံစားလိုက်တာ ပိုကောင်းတယ်တဲ့”
ဘောင်း
ကျန့်ရာသည် ဝိုင်ပုလင်းအား ပိတ်ထားသည့် ရွံစည်း အား အသာဖယ်ကာဖြင့် တစ်ခါတည်း ကောက်မော့လိုက်တော့သည်။ မိုးရေစက်များနှင့် မျက်ရည်များသည် သူ၏ပါးပြင်ပေါ်မှ ကျဆင်းပြီး ဝိုင်ပုလင်းထဲသို့ ကျဆင်းလျက်ရှိသည်။ အရသာသည် ချဉ်စုတ်စုတ်၊ ချိုတိုတို၊ ခါးတားတား၊ ငန်တန်တန်နှင့်ပင် ဖြစ်နေသည်။ သို့ပေမဲ့ ဤသေရည်ထဲတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများ ထပ်ပေါင်း ပါဝင်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ဝိုင်ပုလင်းအား ထုတ်ယူ၍ ရွံ့စေးအား အသာဖယ်ချကာ တစ်ခါတည်း ကောက်မော့ လိုက်၏။ သူလုပ်နိုင်သော တစ်ခုတည်းသောအရာသည် အကြီးအကဲကျန့်နှင့်အတူတကွ စိတ်လိုလက်ရ အရက်သောက်ခြင်းပင် ဖြစ်တော့၏။
ဝမ်းဗိုက်ထဲသို့ ဝိုင်တစ်ပုလင်း ရောက်ရှိသွားပြီးနောက် ကျန့်ရာသည် မူးယစ် နေပြီဖြစ်၏။ လက်ထဲတွင်ရှိသော ဝိုင်ပုလင်းအား လွှင့်ပစ်လိုက်ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ ဆဲဆိုလိုက်တော့သည်။ “သောက်တလွဲကောင်းကင်ကြီး.... ဘာလို့ဒီလောက် ရက်စက်ရတာလဲ”
ကျွင်းချောင်ရှောင်းသည်လည်း စိတ်ထဲတွင် ခံစားချက်များ ဖြစ်တည်လာ၏။ သူသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသည့်အချက်ကို ပြန်လည်တွေးတောပြီးနောက် မျက်နှာကြီးတစ်ခုလုံး နီမြန်းသွားသည်။ သူ့အား အဘယ့်ကြောင့် ကောင်းကင်ကြီးသည် ချိန်ကိုက်ဗုံး တစ်လုံးနှင့် အတူ ဝိညာဉ်ကူးပြောင်းစေခဲ့သနည်း။
အထပ်ထပ် ပြန်လည် တွေးကြည့်လိုက်တော့ သူ၏ စိတ်ခံစားချက်များသည် မည်သို့မှ မထိန်းသိမ်းနိုင်တော့ချေ။ ထို့ကြောင့် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးကာ ဆဲဆိုလိုက်၏။ “သောက်တလွဲကောင်းကင် … ယီးကောင်းကင် …... ဘာလို့ ဒီလောက်နှလုံးသား ကင်းမဲ့ရတာလဲ”
ဘုန်း …. ဘုန်း
ကောင်းကင်ယံဆီမှ မိုးကြိုးနှစ်ခုသည် အောက်သို့ ကျဆင်းလာခဲ့တော့သည်။ အရက်မူးနေသော နှစ်ယောက်စလုံးသည် ချက်ချင်းဆိုသလိုပဲ တစ်ကိုယ်လုံး တုန်ယင်သွား၏။
“နောက်တာပါ၊ နောက်တာပါ၊ အတည်မယူပါနဲ့”