ဂိုဏ်းတစ်ခုလုံး လန့်ဖျပ်ကုန်ပြီ
Vol. 1 Ch. 2
ကောင်းကင်ယံတွင် ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်နေပြီး စွမ်းအားကြီးမှော်စွမ်းအင်များက ဖြတ်သန်းကူးလူးနေရာ ရောင်စုံအလင်းတန်းများလည်း နေရာအနှံ့တွင်ဖြန့်ကျက်နေတော့၏။
နတ်ဆိုးငှက်များ၏ အလောင်းများမှာ တစ်ခုပြီးတစ်ခု မြေပြင်ထက်သို့ ပြုတ်ကျနေလျက် ၎င်းတို့၏ စူးရှသော အော်သံများသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်လို့နေသည်။
"သတ်ကြ!"
များစွာသော ဂိုဏ်းတပည့်သားများနှင့် အကြီးအကဲတို့မှာ အချို့က မှော်ဂါထာများရွတ်ဆိုလျက် အချို့ကဓားပျံများကိုဝှေ့ယမ်းကာ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြတော့သည်။ ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်ကို စွဲကိုင်လျက် ဂိုဏ်းနှင့်အတူ သေသေရှင်ရှင် နောက်မဆုတ်တမ်းတိုက်ခိုက်ကြမည့် သစ္စာခံများပါပေ။
ဂိုဏ်းခေါင်းဆောင်ရှယိုနျန်နှင့် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့် တောင်ထိပ်သခင်ခေါင်းဆောင် ခုနစ်ဦးတို့သည် လေထဲတွင်ပျံသန်းလျက် မိုးပြာဂဠုန်နတ်ဆိုးဘုရင်ကို တိုက်ခိုက်ချေမှုန်းရန် အစွမ်းကုန် ကြိုးပမ်းနေကြသည်။
အုန်း!
၎င်းတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော အတက်အကျမတည်ငြိမ်လှသည့် စွမ်းအင်လှိုင်းများသည် လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေကာ မြေပြင်မှ သစ်ပင်တန်းများကို အမြစ်မှ လှန်ထုတ်၍ ဝှေ့ယမ်းလှည့်ပတ်ပြီး အပိုင်းပိုင်းအစစပျံ့ကျဲပေါက်ကွဲစေတော့၏။
တိုက်ပွဲမြင်ကွင်းတစ်ခုလုံးမှာ သဘာဝကပ်ဘေးတစ်ခုဖြစ်ပေါ်နေသကဲ့သို့ ဝုန်းဒိုင်းကြဲလျက်သာရှိတော့သည်။
နတ်ဆိုးဘုရင်က လှောင်ရယ်လျက်ဆိုလိုက်သည်။ "အားနည်းလှချည်လား ဒါမင်းတို့အစွမ်းအကုန်ပဲဆိုရင် ဒီဘုရင်အတွက်တော့ အယားတောင်မပြေလောက်ဘူးပဲ"
"မိစ္ဆာကောင် မင်းမာနကိုရိုက်ချိုးပေးမယ်"
ရှယိုနျန်က အော်ဟစ်ကြုံးဝါးလိုက်ပြီး လက်သင်္ကေတတစ်ခုကိုပုံဖော်လိုက်ရာ အပြာရောင်လျှပ်စီးကြောင်းများက လေဟာနယ်ကိုဆုတ်ဖြဲထွက်ပေါ်လာပြီး ဒေါသူပုန်ထနေသော နဂါးများကဲ့သို့ တဟုန်ထိုးထွက်ပေါ်လာကြတော့သည်။
"သတ်ကြ!"
အခြားတောင်ထိပ်သခင်များကလည်း ဟိန်းဟောက်ကြုံးဝါးလျက် သူတို့တွင်ရှိသမျှ စွမ်းအားအကြီးဆုံးမှော်အစွမ်းများကို ထုတ်သုံးလာကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ပြို၍ မြေပြင်ကွဲအက်တော့မတတ် ကြောက်မက်ဖွယ်စစ်မြေပြင်တစ်ခုကို မြင်တွေ့နိုင်ပေသည်။
"စိတ်ဝင်စားစရာပဲ ဒီလိုဆိုတော့လည်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက ဘယ်လောက်တောင်စွမ်းအားကြီးသလဲဆိုတာ မင်းတို့မျက်မြင်တွေ့ရအောင် ပြပေးရသေးတာပေါ့"
ဂဠုန်နတ်ဆိုးဘုရင်သည် ကောင်းကင်နှင့်နေမင်းကိုပင် အုပ်မိုးထားနိုင်လောက်သည်အထိ ကြီးမားသောတောင်ပံကြီးများကိုတဖျတ်ဖျတ်ခတ်လိုက်ပြီး မျက်လုံးများက ရက်စက်စွာတောက်ပလာတော့သည်။ ၎င်း၏အရှိန်အဝါမှာ အံ့အားသင့်ဖွယ်အဟုန်ဖြင့် လျင်မြန်စွာထိုးတက်လာပြီး ပါးစပ်များကိုဖွင့်ကာ ဖျက်ဆီးချေမှုန်းခြင်းအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။
ဒုန်း! ! !
ပါးစပ်တွင်းမှထွက်လာသော အလင်းလုံးကြီးသည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး မြေပြင်မှ နေတစ်စင်းထွက်လာသကဲ့သို့ပင်။
ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် နောက်ဆက်တွဲရိုက်ခတ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ကျယ်လောင်သောကျိုးပဲ့သံတစ်ခုဖြင့် ဖရိုဖရဲ ပုံရိပ်များစွာပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရပြီး ထိုနေရာတဝိုက်တွင် ဖုန်များသဲများလည်း တလုံးလုံးထလျက်ရှိတော့သည်။
"အဟွတ် အဟွတ်"
ဂိုဏ်းချုပ်ရှယိုနျန်နှင့် တောင်ထိပ်သခင်တို့မှာ ချောင်းဆိုးသံနှင့်အတူ သွေးများအန်ထွက်လာကြပြီး မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်ကုန်ကြတော့သည်။ သူတို့မျက်လုံးများထဲတွင် ဒေါသနှင့်မခံချင်စိတ်များ ပြည့်လျှမ်းလျက်။
ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ဝိညာဉ်အဆင့်ကြားက ကွာဟချက်သည် လျစ်လျူရှုလို့မရနိုင်လောက်အောင်ပင် အလွန်ကြီးမားလှ၏။
"ဟားဟားဟား အခုရော ဘယ်သူတွေဆက်ခုခံချင်သေးလဲ ငြိမ်ငြိမ်လေးအသေခံလိုက်ကြစမ်းပါ"
နတ်ဆိုးဘုရင်က အောင်နိုင်သူတစ်ဦးပမာ မော်ကြွားစွာရယ်မောနေသည်။
"သွားပြီ..."
ရွှယ်ထျန်းဂိုဏ်း၏ အင်အားအကြီးဆုံးသောအုပ်စုပင် ဂဠုန်နတ်ဆိုးဘုရင်၏လက်အောက်တွင် မရှုမလှရှုံးနိမ့်သွားရလေရာ မရေမတွက်နိုင်သော တပည့်သားများနှင့် အကြီးအကဲတို့မှာ မျှော်လင့်ချက်ကင်းမဲ့လို့သွားရလေပြီ။
လေထုသည် ဖိအားများဖြင့်လေးလံနေပြီး ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးမှာ သေဒဏ်ချမှတ်ခံရပြီးသကဲ့သို့ ဆိတ်ဆိတ်ငြိမ်ကျသွားရတော့၏။
ထိုစဥ် အိုမင်းရင့်ရော်နေသော အသံတစ်သံသည် အချိန်အခါမသင့်စွာ ရုတ်ချည်းထွက်ပေါ်လာပြီး လူအိုသံနှင့်မလိုက်စွာ ငယ်ရွယ်နုပျိုသော မာန်မာနအပြည့်ဖြင့် အထက်စီးဆန်ဆန် မော်ကြွားလျက်ရှိလေသည်။
"ဟေ့ စောက်သုံးမကျတဲ့ ငှက်လအကြီးရေ ဒီကိုကြည့်စမ်း ဟိုကြည့်ဒီကြည့်လုပ်မနေနဲ့ ငါဒီမှာ မင်းကိုစကားပြောနေတယ်"
"ဟမ်"
မိုးပြာဂဠုန်နတ်ဆိုးဘုရင်လည်း ရုတ်တရတ် ဆွံ့အသွားရပြီး အသံရင်းမြစ်ကို လိုက်ရှာဖွေရာ အဝေးမှ တိမ်များဖုံးလွှမ်းနေသော တောင်ထိပ်တွင် တုတ်တစ်ချောင်းကို မှီကာ အော်လံတစ်ခုကို ကိုင်ဆောင်၍ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုနေသော အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
"မင်းလိုလူသားအယုတ်တမာကောင်ကများ ငါ့ကိုစော်ကားရဲတယ်"
နတ်ဆိုးဘုရင်မှာ သူ့မျက်လုံးသူမယုံနိုင်စွာ နဝေတိမ်တောင်ဖြစ်သွားရ၏။
တစ်ဖက်လူမှာ ကျင့်ကြံရေးအရင်းအမြစ်လည်းမရှိဘဲ မကြာခင်သက်တမ်းကုန်တော့မည်ခန္ဓာတစ်ခုသာပိုင်ဆိုင်ထားသော အဘိုးကြီးအိုတစ်ဦးဖြစ်နေသည်လေ။
"ယဲ့...ဆရာတူညီလေးယဲ့လား?"
ရှယိုနျန်နှင့် ခေါင်းဆောင်ခုနစ်ဦးတို့သည်လည်း အံ့သြမင်သက်မိသွားရတော့သည်။ တစ်နှစ်ပတ်လုံး တစ်ကိုယ်တည်းသီးသန့်နေထိုင်ပြီး လောကရေးရာများကို စိတ်မဝင်စားတော့ပါသော မြူခိုးတောင်ထိပ်သခင်သည် ဤသို့အရေးကြီးသောအချိန်တွင်မှ ရုတ်ချည်းပေါ်လာလိမ့်မည်ဟု သူတို့တစ်ခါမှ မမျှော်လင့်ခဲ့မိကြပါ။
သူတို့အံ့အားသင့်နေချိန်တွင် ယဲ့ကျွင်းလင်မှာတော့ အော်လံကိုတင်းတင်းဆုပ်ကိုင်တာ တုတ်ကောက်ကိုဝှေ့ယမ်းလျက် ရူးသွပ်စွာ အထက်စီးဆန်ဆန်အော်ဟစ်နေဆဲပင်။ "ဟေ့ ငှက်ငတုံးကောင် မင်းစိတ်မပျော်ရင် ငါ့ကိုလာရိုက်ပါ့လား အဘိုးကြီးကဒီမှာစောင့်နေတယ်လေ"
ယဲ့ကျွင်းလင်မှာ တောင်အောက်ဆင်းဖို့လည်းအချိန်မရ၊ စစ်မြေပြင်မှ မည်သူမှလည်း သူ့ကိုအာရုံမစိုက်ကြသဖြင့် အကျပ်ရိုက်နေရင်းမှ အကြံတစ်ခုရကာ သူယခင်နေထိုင်ခဲ့သောဂူအတွင်းသို့ ပြန်လည်သွားရောက်ရှာဖွေသော် ဤစပါယ်ရှယ်အော်လံကြီးကို ကံကောင်းစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။
ဤအော်လံကို အသက်သွင်းဖို့ မည်သည့်ကျင့်ကြံစွမ်းအားမှမလိုအပ်ပေ။ ဝိဉာဥ်ကျောက်တုံးများရှိရုံဖြင့် အသံကို အဆတစ်သောင်းအထိချဲ့ပေးနိုင်သော ပစ္စည်းဖြစ်၏။
သူ့ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါပေသည်။ အရိုက်ခံရဖို့ပင်။
ရှုပ်ထွေးပွေလီနေသော စစ်မြေပြင်တွင် အရေးကြီးသည့်အချိန်တွင်မှ တစ်စုံတစ်ဦးက အသံကျယ်ကျယ်ဖြင့် ဂဠုန်နတ်ဆိုးဘုရင်ကို ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာလာသောကြောင့် နှစ်ဖက်ရန်သူတို့မှာလည်း ကြောင်တောင်တောင်ဖြစ်သွားရတော့သည်။
မရေမတွက်နိုင်သော အကြည့်များစွာသည် အံ့အားသင့်စွာ ကြောင်အနေကြပြီး တောင်ထိပ်ပေါ်မှာ ပါးစပ်အပြည့်အဆဲစကားလုံးများပစ်လွှတ်နေသော ခေါင်းဖြူအဘိုးအိုထံသို့သာ ဆိုက်ရောက်နေကြတော့၏။
"ဘုရားရေ အဲ့ဒါမြူခိုးတောင်တိပ်သခင်ဟောင်းမလား"
"ငါသူ့ကိုသိတယ် ရွှယ်ထျန်းဂိုဏ်းသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူပဲ နောက်တော့ တိုက်ပွဲကြီးတစ်ခုမှာ သူ့ကျင့်ကြံဆင့်တွေဖျက်ဆီးခံခဲ့ရပြီး အဲ့ကတည်းက ပျောက်သွားတော့တာပဲ"
"သူ့အကြောင်းတွေကြားခဲ့ဖူးပေမယ့် အပြင်မှာတွေ့လိုက်ရတော့ သိပ်...ပုံမှန်မဟုတ်သလိုပဲနော်"
နေရာတိုင်းတွင် အံ့အားတသင့်ဆွေးနွေးပြောဆိုသံများ ပျံ့လွင့်လာသည်။
မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ ဒေါသထွက်လွန်းလှသဖြင့် ဒွာရခုနှစ်ပေါက်မှ အငွေ့ချောင်းချောင်းထွက်နေရလေပြီ။ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏ ဖိအားကို အစွမ်းကုန်ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်ဖိနှိပ်ထားပြီး မျက်လုံးများမှာလည်း မီးဝင်းဝင်းတောက်လို့နေတော့၏။
"ငါနေလာခဲ့တဲ့ သက်တမ်းအရှည်ကြီးတစ်လျှောက်လုံးမှာ ဒီလောက်မောက်မာရိုင်းစိုင်းတဲ့သူ တစ်ခါမှမတွေ့ဖူးဘူး"
"အာ ဟုတ်လား မင်းအခုတစ်ယောက်တွေ့ဖူးသွားပြီပေါ့"
မေးကိုမော့ကာ ပြောဆိုနေသောအမူအရာမှာ အမှန်ကိုပြေးရိုက်ချင်စရာရုပ်ပင်။
သို့သော် ပဲစေ့အရွယ် ချွေးသီးချွေးပေါက်များသည် သူ့နဖူးမှစီးကျလာပြီး အိုမင်းနေသော ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း အားနည်းလာကာ မျက်လုံးထဲတွင် ပုံရိပ်နှစ်ထပ်များ ရေးတေးတေးပေါ်လာလေပြီ။
[တင်! ပိုင်ရှင်ဟာ နေရာမှာတင်လဲသေသွားဖို့ အချိန်၁၀စက္ကန့်သာကျန်ပါတော့ကြောင့် စနစ်မှ နွေးထွေးစွာသတိပေးလိုက်ရပါတယ်]
[စတင်ရေတွက်ပါပြီ]
[တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနှစ်၊ .....]
"ချီးပဲ အဲ့ငှက်ငတုံးက ဘာကိစ္စ ငါ့ကိုလာမရိုက်သေးတာလဲ ကယ်ကြပါဦး"
ယဲ့ကျွင်းလည် တမလွန်မှ သူ့အဘိုးအဘွားများနှင့် မကြာခင်မျက်နှာချင်းဆိုင်ရတော့မည့်အကြောင်း ကြိုတွေးရင်း စိတ်ထဲမှာတိတ်တိတ်လေးကြိတ်ငိုနေရလေပြီ။
"အရိုင်းအစိုင်းကောင် ဒီဘုရင်က မင်းကိုအခုပဲချေမှုန်းပစ်မယ်ကွ"
ဒေါသငယ်ထိပ်ရောက်သွားသော နတ်ဆိုးဘုရင်မှာ ထိုသာမညောင်ညလူသားတစ်ယောက်ကိုချေမှုန်းရန် အားကုန်သုံး၍ ပြေးဝင်သွားလေတော့သည်။
ဘုန်း!!
နတ်ဆိုးဘုရင်သည် ပါးစပ်ကိုဟလျက် တစ်ဖက်လူကိုစိစိညက်ညက်ကျေစေမည့် စွမ်းအင်အလင်းတန်းတစ်ခု ထွေးထုတ်လိုက်ရာ အရှိန်အဝါမှာ ကောင်းကင်ကိုပင်ဖြတ်တောက်တော့မတတ် ပြင်းထန်လှပေ၏။
ထိုတိုက်ကွက်မှာ ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးတစ်ကောင်၏ အင်အားကုန်ကိုထုတ်သုံးလိုက်ခြင်းဖြစ်ရာ လက်ရှိစစ်မြေပြင်မှ မည်သည့်ကျင့်ကြံသူမဆို တားဆီးနိုင်စွမ်းမရှိပါပေ။
"ဆရာတူညီလေးယဲ့!"
ရှယိုနျန်နှင့် အခြားသူများမှာ ဝမ်းနည်းထိတ်လန့်စွာ အော်ဟစ်မိကြလျက်။
ရွှယ်ထျန်းဂိုဏ်းအတွက် အသက်ပေးရန် အရဲဝံ့ဆုံးသောဂိုဏ်းသားမှာ တစ်ချိန်က ရွေအမြုတေမှတ်တမ်းကို ချိုးဖျက်ခဲ့ပါသည့် ပါရမီရှင်လေးဖြစ်နေလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ ထင်မထားခဲ့ကြပါ။
"တော်သေးတာပေါ့ နောက်ဆုံးတော့အရိုက်ခံရပြီ"
ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးဘုရင်၏ ကြောက်မက်ဖွယ်တိုက်ကွက်ကို လည်စင်းရင်ဆိုင်နေရပါသော ယဲ့ကျွင်းလင်မှာမူ ကြောက်ရွံ့စိတ်စိုးစဥ်းမျှမရှိရုံမက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးဖြဲဖြဲလုပ်နေလိုက်သေး၏။
[တင်! ပိုင်ရှင်သည် ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရကြောင်း ခြေရာခံမိသည့်အတွက် 'အင်အားကြီးသူနှင့်ရင်ဆိုင်ကာ ပို၍အင်အားကြီးလာခြင်း' စွမ်းရည်၏ သက်ရောက်မှုအရ ပိုင်ရှင်ကို ဝိဉာဥ်သန္ဓေအလယ်အလတ်အဆင့်ကျင့်ကြံသူအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်ပါပြီ]
စက္ကန့်ပိုင်းမျှအကြာတွင်...
စွမ်းအားကြီးကျင့်ကြံဆင့်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာပြီး မူလကအားအင်ကုန်ခမ်းကာ အိုမင်းရွတ်တွနေသောခန္ဓာကိုယ်မှာ ကျန်းမာသန်စွမ်းမှုအပေါင်းဖြင့် ပွင့်လန်းလာတော့လေသည်။ အစက်အပြောက်များထနေသောအသားအရေမှာ ရုတ်ချည်းတောက်ပြောင်ချောမွေ့သွားကာ အရည်တွန့်နေသောမျက်နှာမှာလည် နုနုထွတ်ထွတ် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားလေတော့သည်။
မျက်ခုံးများမှာ ဓားတစ်စင်းကဲ့သို့ စူးရှပြတ်သားပြီး နားထင်ဘက်သို့ ခပ်ကွေးကွေးတက်နေသောသဏ္ဍာန်ရှိ၏။ မျက်လုံးအစုံမှာလည်း ကြယ်ပွင့်များကဲ့သို့ နက်ရှိုင်းစွာတောက်ပနေသည်။ ခန့်ညား၍ ရဲရင့်ကာ ယုံကြည်မှုအပြည့်ဖြင့် ဆွဲဆောင်မှုရှိသော မျက်နှာလေးပါပေ။
ထူးဆန်းစွာပင် ခါးလယ်ထိအရှည်ရှိသော ဆံပင်ဖြူများမှာ အနက်ရောင်ပြောင်းမသွားဘဲ ငွေဖြူရောင်ဖြင့်တောက်ပလာပြီး ကြယ်စုကြယ်ဝေးတန်းတစ်ခုလုံးကို ချိတ်ဆွဲထားသည်နှင့်ပင် တူသေးတော့သည်။
"ဒါက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ပေါ့လေ"
ယဲ့ကျွင်းလင်သည် သူ့ခန္ဓာကိုယ်တွင်းမှာ ကြောက်စရာကောင်းလှသော စွမ်းအင်ပမာဏကို ခံစားကြည့်နေရင်း မျက်နှာမှာလည်း အံ့သြပျော်ရွှင်ရိပ်များထင်ဟပ်နေတော့သည်။
[တင်! ဒါပေါ့ ဒီစနစ်က အထူးကျွမ်းကျင်စနစ်ပဲလေ]
နူးညံ့ချွဲပစ်သော ဂျပန်ကောင်မလေးတစ်ဦး၏အသံက သူ့နားထဲသို့စီးဝင်လာသည်။ မရေမတွက်နိုင်သော အိုတာကူအပေါင်းတို့ကို အသည်းယားစေနိုင်မည့်စွမ်းအားက အပြည့်ပင်။ (အိုတာကူ - ဂျပန်ကာတွန်း ခေါ် အာနိမဲရူးများ)
အုန်း!!
သူ့ကိုဖျက်ဆီးရန်ဦးတည်လာနေသော စွမ်းအင်အလင်းတန်းသည် ပိုမိုစွမ်းအားကြီးသောတစ်စုံတစ်ခုနှင့် ထိပ်တိုက်တွေ့လိုက်ရသကဲ့သို့ အခုံးလိုက်ကွေးတက်သွားကာ ကောင်းကင်သို့ရိုက်ခတ်ပေါက်ကွဲသွားတော့၏။
ကြောက်မက်ဖွယ်ဖိအားတစ်ခုမှာ ဒီရေကဲ့သို့မြင့်တက်ပျံ့နှံ့သွားပြီး ကျင့်ကြံသူအပေါင်းတို့ကို နှလုံးတုန်ရင်ခုန်စေကာ ခေါင်းကြောများထောင်သည်အထိ ကြက်သီးမွေးညင်းထစေတော့သည်။
နတ်ဆိုးဘုရင်၏ဒေါသမီးတောင်သည်လည်း ရေခဲရေဖြင့်လောင်းချခံလိုက်ရသကဲ့သို့ ငြိမ်ကျသွားရကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံ့သြတကြီးကြောင်ကြည့်နေမိလျက်သာပင်။
"မင်းလည်း ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပေါ့လေ"
ဤစစ်မြေပြင်တွင် နောက်ထပ်ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူမျှ လုံးဝထင်မှတ်မထားခဲ့ပါပေ။
ထို့အပြင် ထိုသူ၏ကျင့်ကြံဆင့်မှာ သူ့ထက်ကိုပိုမြင့်နေဟန်ရှိလေသည်။
မရေမတွက်နိုင်သော အံ့သြတကြီးအကြည့်များ၏အလယ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ကို ကျောနောက်သို့ဟန်ပါပါပစ်ကာ ရပ်လိုက်သည်။ ငွေဖြူရောင်ဆံနွယ်များက အရိုင်းဆန်စွာ လွင့်ခါနေလျက်ရှိပြီး မျက်လုံးများမှာ နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှ လွှင့်ထုတ်နေသောဖိအားမှာ အရာအားလုံးကို ဒူးတုပ်ဝပ်ဆင်းစေနိုင်သည်အထိ ပြင်းထန်လှ၏။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆရာတူညီလေးယဲ့က ဝိဉာဥ်သန္ဓေကျင့်ကြံသူတဲ့လား"
ရှယိုနျန်နှင့် အခြားဂိုဏ်းသားအပေါင်းတို့မှာ လျှပ်စီးမိပြီးတောင့်ခဲသွားကြသကဲ့သို့ အံ့သြဘနန်းအကြည့်များဖြင့် ပုံမှန်အခြေအနေ ပြန်မရောက်နိုင်ကြသေးပေ။
ဒါ ဘာဟာသကြီးလဲ?
အပြင်ပန်းတွင်တော့ ကျင့်ကြံဆင့်အားလုံးဖျက်ဆီးခံလိုက်ရပြီး သေမျိုးတစ်ဦးအဖြစ်သာ ဘဝကိုရှေ့ဆက်နေသောအရှုံးသမားသည် လျှို့ဝှက်စွာဖြင့် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်ထားနိုင်သည်တဲ့လား?
ဒါဆို ဒီနှစ်တွေအတွင်း တစ်ကိုယ်တည်းသီးသန့်ခွဲပြီး နေထိုင်ခဲ့တာက အားလုံးကိုလှည့်စားဖို့ပေါ့လေ?
ဆရာတူညီလေးယဲ့က လှည့်စားတတ်တဲ့ မြေခွေးအိုကြီးပါလား။
"ငါထင်ယောင်ထင်မှားတွေများ မြင်နေမိတာလားဟင် မြူခိုးတောင်ထိပ်သခင်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတဲ့လား"
"မှန်တယ် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ပဲ ကန္တာရပြည်နယ်တစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရလောက်တဲ့ပမာဏပဲရှိတာ အခုတော့ ရွှယ်ထျန်းဂိုဏ်းမှာ တစ်ယောက်ပေါ်လာပြီတဲ့လား"
"ငါတို့ရွှယ်ထျန်းဂိုဏ်းအတွက် ဂုဏ်ယူစရာပဲကွ မင်းတို့နတ်ဆိုးတွေတော့ အကုန်သေပြီမှတ်"
...........
ယဲ့ကျွင်းလင်တစ်ယောက် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ထုတ်ပြလိုက်သည်နှင့် ဂိုဏ်းတစ်ခုလုံးမှာ ပျော်ရွှင်တက်ကြွစွာ အားပေးကြကုန်လေတော့သည်။
ကျင့်ကြံသူများတွင် ခွဲခြားသတ်မှတ်ထားသော ကျင့်ကြံဆင့်များရှိသည်။ အမည်အားဖြင့် ချီသန့်စင်ခြင်း၊ အခြေတည်ထောင်ခြင်း၊ ရွှေအမြုတေဖွဲ့စည်းခြင်း၊ ဝိဉာဥ်သန္ဓေ၊ ဝိဉာဥ်အဆင့်တက်ခြင်း၊ ခန္ဓာပေါင်းစည်းခြင်း၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်း၊ ဘေးဒုက္ခကျော်လွှားခြင်း၊ စစ်မှန်သောမသေမျိုး စသည်ဖြင့်...
အရှေ့ပိုင်းစီရင်စုရှိ ပြည်နယ်၁၄ခုနှစ် ကန္တာရပြည်နယ်မှာ အနိမ့်ဆုံးအဆင့်တွင်ရှိပြီး ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင် ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးဖို့လုံလောက်နေလေပြီ။
တင် ပထမဆုံးအကြိမ် ကျင့်ကြံဆင့်ရရှိသွားတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ဂုဏ်ပြုလက်ဆောင်အနေနဲ့ စနစ်က ဆုလာဘ်တစ်ခုကို ကျပန်းချီးမြှင့်ပေးပါမယ် - ကောင်းကင်ရိုင်းအကျဥ်းချ လက်ချောင်း
ယဲ့ကျွင်းလင် အံ့အားသင့်သွားရသည်။ ဒီစနစ်ကတော့ အတော်လေးတော့ရက်ရောသားပဲ။
အုန်း
ရုတ်ချည်းပင် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပြိုကွဲသွားစေနိုင်သည်အထိ များပြားလှသောအချက်အလက်များသည် သူ့ခေါင်းထဲတွင် အုန်းခနဲပေါက်ကွဲထွက်လာကြပြီး ယဲ့ကျွင်းလင်မှာ သူ့ကိုယ်သူတောင်မသိလိုက်ပါပဲ ထိုကျင့်စဥ်အား အလုံးစုံတတ်မြောက်ကျွမ်းကျင်သွားလေတော့၏။
"တာအိုရောင်းရင်းရေ အခုလေးတင်ဖြစ်သွားတဲ့အရာတွေအကုန်လုံးက နားလည်မှုလွဲသွားတာပါကွာ မင်းတို့ဂိုဏ်းနဲ့ပက်သက်တဲ့ရန်ငြှိုးတွေအားလုံးကိုလည်း ငါကျေအေးပေးလိုက်ပါပြီ အချိန်ရမှလာလည်ဦးမယ် သိလား"
"ကိုယ့်လူတို့ တပ်ဆုတ်"
စေ့စေ့စပ်စပ် တွေးခေါ်ဆင်ခြင်ပြီးသည့်နောက်တွင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ အရှုံးပေးလက်နက်ချကာ ဦးဆောင်ဆုတ်ခွာဖို့ပြင်နေလေပြီ။
"ဟေး ဒီထိရောက်နေပြီဆိုမှတော့ ထွက်သွားဖို့စိတ်မကူးနဲ့တော့လေ"
ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။
ထိုစကားကိုကြားသော် ဂဠုန်နတ်ဆိုးဘုရင်၏မျက်လုံးထဲတွင် ကြမ်းတမ်းရက်စက်သောအလင်းတန်းတစ်ခု ဖျတ်ခနဲပေါ်လာပြီး ပြောလိုက်သည်။ "မင်းကျင့်ကြံဆင့်က ငါ့ထက်နည်းနည်းပိုအဆင့်မြင့်တယ်ဆိုပေမယ့် အဲ့လောက်ကြီးကွာနေတာတော့မဟုတ်ဘူးနော် မင်းတကယ် အသက်လဲချင်နေတာလား"
သူက ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်တွင်သာရှိပြီး ယဲ့ကျွင်းလင်က ဝိဉာဥ်သန္ဓေအလယ်အလတ်ဆင့်တွင်ရှိနေသော်ငြား ထိုမျှသောကွာခြားချက်လောက်ကိုတော့ အခြားစွမ်းရည်များ ကျင့်စဥ်များဖြင့် ထေလို့ဖြည့်လို့ရနိုင်လောက်မည်ဟု နတ်ဆိုးဘုရင်ကတွက်လေသည်။
သူတို့တကယ်တမ်းတိုက်ခိုက်လျှင် မည်သူကအနိုင်ရမည်မှန်း မသေချာပါလေ။
သူ့ဘက်မှ အရှုံးကိုစတင်ဝန်ခံပြီးပြီဖြစ်သောကြောင့် ဒီ့ထက်ပိုပြီးမျက်နှာအောက်ချစရာအကြောင်း မရှိတော့ပေ။
"ဖြောင့်မတ်သူကြီးပါပေါ့လေ ငှက်ငတုံးကောင်ကတော့ ထင်ထားတဲ့အတိုင်းပဲ လေကျယ်နေလိုက်တာ"
ယဲ့ကျွင်းလင်က ခေါင်းကိုဖြည်းဖြည်းခါယမ်းရင်း လှောင်ရယ်လေသည်။
"လူသားကောင်ရေ မင်းတွန်းအားပေးလို့ဖြစ်ရတဲ့တိုက်ပွဲပဲနော်"
အကြိမ်ကြိမ်အခါခါ အရှက်ခွဲခံရပြီးနောက်တွင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်၏ဒေါသမှာ အလုံးစုံလောင်ကျွမ်းသွားတော့၏။ သူအတောင်များကို ဖြန့်ကာခတ်လိုက်ပြီး စွမ်းအားအပြည့်အသုံးပြု၍ ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်လာလေသည်။ ခန္ဓာတွင်းရှိ နတ်ဆိုးအမြုတေကို လောင်ကျွမ်းစေကာ သေသည်အထိမဆုတ်မနစ်တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။
"မကောင်းတော့ဘူးဟေ့"
ရှယိုနျန်နှင့် အခြားဂိုဏ်းသားများမှာ သတိအနေအထားဖြင့် တောင့်တင်းသွားရတော့သည်။
ယဲ့ကျွင်းလင်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် ရွှယ်ထျန်းဂိုဏ်းအတွက်တော့ အကြီးမားဆုံးဆုံးရှုံးမှုကြီးသာ ဖြစ်ပေတော့မည်။
အသည်းအသန်ဖြစ်သောအခြေအနေတွင် ယဲ့ကျွင်းလင်သည်ကား တဖျပ်ဖျပ်လွင့်ခါနေသောဆံနွယ်များနှင့် မတုန်မလှုပ်ရပ်နေလျက်သာပင်။ ထို့နောက် သူ့လက်ကို ဦးခေါင်းအထက်သို့ ဖြည်းဖြည်းချင်းမြှောက်လိုက်တော့၏။
အုန်း
ထိုတစ်ခဏအတွင်းတွင် ကောင်းကင်နှင့်မြေကြီး၏အရောင်များ ပြောင်းလဲသွားပြီး လေထုနှင့်တိမ်တိုက်များလည်း ဝှေ့ယမ်းလည်ပတ်ကုန်ကြတော့၏။
ကောင်းကင်၏ နက်ရှိုင်းသောတစ်နေရာမှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဧရာမလက်ချောင်းကြီးတစ်ခုက ကောင်းကင်ကိုထောက်ကန်လို့ထားသည်။ ဆိုးရွားစွာဖောက်ပြန်နေသော ရာသီဥတုအခြေအနေများအလယ်တွင်း ထိုလက်ချောင်းကြီး၏ဖိနှိပ်နိုင်စွမ်းမှာ အံတုရန်မဖြစ်နိုင်သည်အထိ။
ထိုအချိန်တွင် ခမ်းနား၍အေးစက်သော အသံတစ်သံက လူတိုင်း၏နှလုံးသားအောက်ခြေမှတစ်ဆင့် ပဲ့တင်ထပ်လွင့်ပျံလာတော့၏။
"ကောင်းကင်ရိုင်းအကျဥ်းချ လက်ချောင်း"