← Chapters

တိုက်ပွဲစတင်ခြင်းဆုလာဘ်

Vol. 1 Ch. 3

တိုက်ပွဲစတင်ခြင်းဆုလာဘ်

Vol. 1 Ch. 3

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ရက်စက်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ပြီး မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ ထောင်ချောက်တစ်ခုထဲပိတ်မိသွားသလို ခံစားလိုက်ရကာ မကြုံစဖူးကြောက်စိတ်ကြောင့် ဦးရေပြားက ပေါက်ကွဲတော့မတတ် တင်းမာလာရသည်။

"ဒါ...ဒါက"

နတ်ဆိုးဘုရင်၏ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ဆက်လက်ကြီးထွားနေဆဲလက်ချောင်းကြီးကို စိုးထိတ်ကြောက်လန့်စွာ ဆက်လက်စိုက်ကြည့်မိနေသည်။ ‌ဘေးပတ်လည်တွင် သူ့ကိုဖိညှစ်နေသော ပြင်းထန်သည့်စွမ်းအင်ပမာဏကြောင့် လှုပ်ရှားဖို့ပင်ခက်ခဲနေရတော့၏။

အုန်း ! !

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ယံမှာ ဖုန်မှုန့်တလုံးလုံးဖြင့် ဖုံးကွယ်ခံလိုက်ရ၏။

မြေပြင်ထိ ချို့င်ဝှမ်းထဲတွင်မူ သွေးများအပြည့်ဖုံးလွှမ်းလျက် ဝင်သက်ထွက်သက်ကင်းမဲ့နေပြီဖြစ်သော ဧရာမငှက်ကြီးတစ်ကောင် လှဲလျောင်းလျက်ရှိလေသည်။

"ဘုရင်ကြီးကျသွားပြီ အားလုံးပဲပြေးကြဟေ့"

သူတို့ခေါင်းဆောင်ကြီးကျဆုံးသွားသည်ကိုမြင်သောအခါ ဂဠုန်ငှက်အားလုံးသည်လည်း ကြောက်လန့်တကြားဖြင့် စစ်မြေပြင်မှထွက်ပြေးရန် အစွမ်းကုန်ကြိုးစားကြတော့၏။

"သတ်ကြ တစ်ယောက်မှမချန်နဲ့"

ရှယိုနျန်သည် ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ ဂိုဏ်းချုပ်!"

တပည့်များနှင့် အကြီးအကဲများ၏ စိတ်ဓာတ်ခွန်အားသည်လည်း ပြန်လည်မြင့်တက်လာပြီး အစွမ်းကုန် တန်ပြန်တိုက်ခိုက်ဖို့ စတင်ကြတော့၏။

မကြာမီပင် ရွှယ်ထျန်းဂိုဏ်းထဲသို့ ကျူးကျော်ဝင်ရောက်လာသော နတ်ဆိုးငှက်အားလုံးကို ကွပ်မျက်လိုက်ပြီးပြီဖြစ်သည်။

ဂိုဏ်းကိုကယ်တင်ခဲ့သူ ယဲ့ကျွင်းလင်သည်လည်း အလိုအလျောက်ပင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အာရုံစိုက်ရာဖြစ်သွားရတော့သည်။

တိုက်ပွဲတွင်းမှာ သူသုံးခဲ့သော ကျင့်စဥ်များ၏အစွမ်းသက်သက်ဖြင့်ပင် မရေမတွက်နိုင်သောလူအပေါင်းက သူ့အားလွန်စွာလေးစားကိုးကွယ်လျက်ရှိလေပြီ။

"ဆရာတူညီလေးယဲ့ရေ ဒီတစ်ခေါက်အတွက် အရမ်းကျေးဇူးတင်ရပါပြီကွာ"

ဂိုဏ်းချုပ်ရှယိုနျန်က အရိုအသေပြုဟန် လက်သီးနှစ်ဖက်ကိုဆုပ်လျက် ခံစားချက်အပြည့်ဖြင့်ဆိုလာသည်။

"အရင်က မင်းရဲ့ကျင့်ကြံဆင့်အခြေပျက်စီးသွားတာကြောင့် ပြန်ကောင်းလာနိုင်မှာမဟုတ်တော့ဘူးလို့ထင်ထားခဲ့တာ အခုတော့မင်းက တိတ်တိတ်လေးကျင့်ကြံပြီး ဝိဉာဥ်သန္ဓေအဆင့်ကိုတောင် ချိုးဖျက်ထားလိုက်သေးတယ် ဒါကတကယ်ကို......"

မုတ်ဆိတ်ထူဗရပွဖြင့် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးဖြစ်သော စန်းကျန့်တောင်ထိပ်သခင်က ရှုပ်ထွေးနေသောအမူအရာဖြင့် ခါးသက်သက်ပြုံးလာသည်။

"ဦးနှောက်မရှိတဲ့အကောင် မင်းဘာသိမှာလဲ ဆရာတူညီလေးယဲ့က နှိမ့်ချတတ်တဲ့သူမျိုးပဲ သူကလူသိရှင်ကြားမမော်ကြွားဘဲ ဂိုဏ်းကိုတိတ်တဆိတ်ကာကွယ်ပေးခဲ့တာ"

ထျန်းရှန့်တောင်ထိပ်သခင်က ပါးစပ်ကိုလက်ဖြင့်အသာအုပ်လျက် ခပ်သာသာရယ်မောလေသည်။ သူမ၏ နူးညံ့ပြည့်ဖြိုးသော ခန္ဓာကိုယ်ကောက်ကြောင်းတို့မှာ ရင့်ကျက်သောဆွဲဆောင်မှုတစ်မျိုးရှိ၏။ သူမက ငွေရောင်ဆံပင်နှင့် ခပ်ချောချောလူငယ်လေးကို ချီးမွမ်းနှစ်သက်ဟန်အကြည့်များ ပစ်လွှတ်လျက်ရှိသည်။

ဆရာတူမောင်လေးယဲ့က အရင်လိုပဲ ခန့်ညားတုန်းပါပဲလား...

"ကြည့်ရတာ ကျွန်မတို့အရမ်းအမြင်ကျဥ်းခဲ့သလိုပဲ"

ကျန်တောင်ထိပ်သခင်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

(ရောင်းရင်းတို့က ဇာတ်လမ်းဆင်တဲ့နေရာမှာတော့ အတော်ကျွမ်းကျင်သားပဲ)

ယဲ့ကျွင်းလင် စိတ်ထဲမှရေရွတ်လိုက်သည်။

လူတိုင်းက ထိုအတွေးကိုလက်ခံလိုက်ကြသည်ဆိုတော့လည်း ပြဿနာတစ်ခုရှင်းပြီးသွားတာပေါ့လေ။

"ဂိုဏ်းချုပ်ကိုတင်ပြပါတယ် မကောင်းတာတစ်ခုခုဖြစ်နေပါပြီ"

ထိုအချိန်တွင် အကြီးအကဲတစ်ယောက် အလောတကြီးအော်ဟစ်လျက် အပြေးရောက်လာလေသည်။

ရှယိုနျန်လည်း မျက်နှာထားပြောင်းသွားရသည်။ "ဘာဖြစ်တာလဲ ပြောစမ်း"

"အခုလေးတင်ပဲ ဖုန့်လဲ့ဂိုဏ်းကကျူးကျော်လာပြီး ကျွန်တော်တို့ဂိုဏ်းပိုင်ဝိဉာဥ်သတ္တုတွင်းတွေနဲ့ ဝိဉာဥ်သွေးကြောတွေကို ဇွတ်အတင်းဝင်ရောက်သိမ်းပိုက်နေပါတယ် သတ္တုတွင်းစောင့်ဂိုဏ်းသားတွေလည်း အသေအလဲခုခံနေရပြီး အခုဆိုအကုန်ရှင်းပစ်ခံရလုနီးဖြစ်နေပါပြီခင်ဗျာ"

စကားအဆုံးတွင် ဂိုဏ်းတစ်ခုလုံး ဒေါသူပုန်ထလျက်ရှိလေပြီ။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လျက်စဥ်းစားလိုက်သည်။ သူ့မှတ်ဉာဏ်များအရ ဖုန့်လဲ့ဂိုဏ်းဆိုသည်မှာ ဟွမ်ကျိုးပြည်နယ်(ကန္တာရပြည်နယ်)တွင်းရှိ ဂိုဏ်းခြောက်ခုအတွင်းမှ တစ်ခုအပါအဝင်ဖြင်ပြီး ရွှယ်ထျန်းဂိုဏ်းနှင့် အနီးဆုံးတစ်ခုဖြစ်၏။

အရင်က ဂိုဏ်းနှစ်ဂိုဏ်းကြား ပဋိပက္ခအချို့ရှိခဲ့သော်ငြား လွန်လွန်ကြူးကြူးမဟုတ်ခဲ့ပေ။

ယခုတော့ ဖုန့်လဲ့ဂိုဏ်းက အသေအချာထိုးစစ်ဆင်လာပြီး ဒီအချိန်ကိုမှကွက်တိရွေးထားပုံအရ နတ်ဆိုးဘုရင်၏တိုက်ခိုက်မှုကိုအမှီပြုလျက် အခွင့်ကောင်းဝင်ယူ၍ဖြစ်ရမည်။

ဒီလိုစိတ်ဓာတ်ယုတ်ညံ့တဲ့ကောင်တွေကို ကောင်းကောင်းအပြစ်ပေးသင့်တယ်!

[တင်! ပိုင်ရှင်အတွက် ကြိုဆိုခြင်းဆုလာဘ်တွေလာပါပြီ ဖုန့်လဲ့ဂိုဏ်းနဲ့ တိုက်ခိုက်မယ်ဆိုရင် စိတ်ကူးလို့ကိုမရလောက်တဲ့ ဆုလာဘ်များစွာ လက်ခံရရှိပါလိမ့်မယ်]

မိန်းကလေးသံ ချိုချိုနွဲ့နွဲ့လေးက တင်ခနဲပေါ်လာလေသည်။

"ဟမ်?"

ယဲ့ကျွင်းလင်လည်း စိတ်ဝင်စားသွားရသည်ပင်။

ထိုတိုက်ပွဲကို သူကိုယ်တိုင်ဝင်တိုက်ချင်နေသည့်အချိန်တွင် ဝင်ပါဖို့ရာလည်း အကျိုးအကြောင်းသင့်လျက်ရှိလေပြီ။

"ချီးပဲ"

"ဖုန့်လဲ့ဂိုဏ်းက တော်တော်ယုတ်မာတဲ့ကောင်တွေ အားလုံးပဲ သတ္တုကြောနယ်မြေကိုပြန်လည်သိမ်းပိုက်ဖို့ ငါ့နောက်ကလိုက်ခဲ့ကြ"

ရှယိုနျန်က စိတ်ဆိုးမာန်ဆိုးဖြင့် လောဆော်သည်။

ထို့နောက် သူကယဲ့ကျွင်းလင်ကို မသေမချာဖြင့်ကြည့်ကာ ဆိုလာသည်။ "ဆရာတူညီလေးကရော ဘယ်လိုအတွေးရှိလဲမသိ.."

ကျင့်ကြံသူတို့၏ကမ္ဘာတွင် အင်အားကြီးသူသည်သာ အရာရာဖြစ်၏။

သူက ရွှယ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလင့်ကစား တစ်ဖက်လူမှာ ဂိုဏ်း၏ ကျင့်ကြံဆင့်အမြင့်ဆုံး တောင်ထပ်သခင်ဖြစ်နေသဖြင့် သူအမိန့်ပေးလို့ရသည့်အနေအထားမဟုတ်ပေ။ ယဲ့ကျွင်းလင်၏သဘောထားကို မေးမြန်းရန်လိုပေသည်။

"ဂိုဏ်းချုပ်လုပ်စရာရှိတာလုပ်ပါ ကျွန်‌တော်တော့ ဖုန့်လဲ့ဂိုဏ်းဆီအရင်သွားပြီး အမြစ်ဖြတ်ပေးလိုက်ဦးမယ်"

ယဲ့ကျွင်းလင်က ဘာမှမဟုတ်သလိုပင် လက်ကိုယမ်းခါလျက်ဆိုသည်။

အင်အားကြီးသူကိုရင်ဆိုင်ပြီး ပိုမိုအင်အားကြီးလာသောအခြေအနေတွင် ထိပ်တန်းကျင့်စဥ်များကိုပါ ပိုင်ဆိုင်ရရှိထားသဖြင့် ယဲ့ကျွင်းလင်ကတော့ လေကျယ်လို့ရသည့်အနေအထားတွင် ရှိနေလေပြီ။

ဖုန့်လဲ့ဂိုဏ်းသည်လည်း သေနတ်ပြောင်းဝထိပ်တည့်တည့်တွင် လာရပ်နေပြီးသားဖြစ်သောကြောင့် သူ့ဘက်မှ အသုံးချရဖို့လည်း ရှိသေးသည်ပင်။

"ဟုတ်ပါပြီ ဆရာတူညီလေးယဲ့ကတော့ အပြောကအစ အာဏာအပြည့်ပါပဲ"

ရှယိုနျန်မှာ ခေတ္တမျှကြောင်အသွားရပြီးမှ စိတ်လှုပ်ရှားစွာ လက်မထောင်လျက် ဆိုလာသည်။

သူတင်မက ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံး လွန်စွာမှစိတ်လှုပ်ရှားနေကြသည်ပင်။ ရွှယ်ထျန်းဂိုဏ်း ဤသို့သန်မာအားကောင်းခဲ့သည့်အချိန်များမှာ နှစ်ပေါင်းများစွာကြာလွန်ခဲ့လေပြီ။

ဤတစ်ကြိမ်တွင်တော့ သူတို့ဂိုဏ်းနာမည်ကို ပြန်လည်အဖတ်ဆယ်နိုင်ပေတော့မည်။

ထို့နောက်တွင် ကောင်းကင်ယံတစ်ခုလုံးသည် စီတန်းထားသော စစ်သင်္ဘောပျံများဖြင့် ပြည့်နှက်သွားပြီး တိုက်ပွဲဝင်ရမည့်အရပ်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

စစ်တပ်အင်အားက တုယှဥ်နိုင်စွမ်းမရှိလောက်အောင် ကြီးမားကာ ဂိုဏ်းသားတို့၏စိတ်ဓာတ်ခွန်အားမှာလည်း ခိုင်မာအားကောင်းလျက်ရှိလေသည်။

လမ်းဘေးခွေးများပင် ပါးဖြတ်ရိုက်ခံရမည်စိုးသဖြင့် ဖြတ်သွားဖြတ်လာမလုပ်ရဲဟု ဆို၏။

ထိုအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခံထားရသော အဓိကသတ္တုကြောနယ်မြေများတွင် ကျန်ရှိသောရွှယ်ထျန်းဂိုဏ်းသားတို့မှာ သွေးများအပြည့်ဖုံးလွှမ်းကာ စုတ်ပြတ်သတ်နေသောအဝတ်များဖြင့် သူတောင်းစားများကဲ့သို့ အကျဥ်းချချုပ်နှောင်ခံထားရလေသည်။

သူတို့မျက်နှာများမှာ ဖုန်မှုန့်များဖြင့် ပေကျံညစ်ပတ်နေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းလို့ရဲရဲတောက်နေကာ မခံချင်စိတ်ပြင်းပြနာကျည်းနေဟန်ရှိသည်။

သူတို့၏ဘေးပတ်လည်တွင် စိမ်းပြာရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူများသည် တစ်ခါတစ်ခါ ဖြတ်သွားတတ်ကြပြီး မထီမဲ့မြင်ပြုကာ လှောင်ပြောင်သော အကြည့်များဖြင့် စောင်းမြောင်းကြည့်ရှုသွားကြလေသည်။

"ဆရာတူအစ်ကိုကြီးရေ ဒီဝိဉာဥ်သတ္တုကြောကို အခုအချိန်ကစပြီး ကျွန်တော်တို့ဖုန့်လဲ့ဂိုဏ်းကပိုင်ဆိုင်ရ‌တော့မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူးဗျာ"

သူတို့အထဲမှ နှုတ်ခမ်းထော်ထော် ပါးဖောင်းဖောင်းဖြင့် လူငယ်တစ်ဦးက မော်ကြွားစွာပြုံးလျက်ပြောနေသည်။

"ဟမ့် ဝိဉာဥ်သတ္တုကြောတစ်ခုတင်မဟုတ်ဘူး ရွှယ်ထျန်းဂိုဏ်းအပိုင် ဒီအရင်းအမြစ်နယ်မြေတစ်ခုလုံးက အနာဂတ်မှာ ငါတို့အပိုင်ပဲဖြစ်သွားတော့မှာ"

အရပ်ရှည်ရှည်လူငယ်ကလည်း ဝင့်ကြွားစွာထပ်ဖြည့်ပြောလာ၏။

"ဖွီ မင်းတို့အားလုံး နေ့ခင်းကြောင်တောင်အိပ်မက်မက်နေကြတာလား ခဏလောက်နေရင် ရွှယ်ထျန်းဂိုဏ်းက ဒီနယ်မြေတွေကိုပြန်သိမ်းဖို့ တပ်တစ်တပ်လွှတ်လိုက်လိမ့်မယ် စောင့်ကြည့်ထား"

အကျဥ်းထောင်တွင်းမှ ဒဏ်ရာရကျင့်ကြံသူတစ်ဦးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည်ချေပသည်။

"ဟားဟားဟားဟား"

အရပ်ရှည်ရှည်လူက ခေါင်းကိုမော့လျက်အားရပါးရရယ်မောကာ ကဲ့ရဲ့လှောင်ပြောင်လာသည်။

"ဟေ့ မင်းဘာရယ်တာလဲ"

"မင်းတို့ငတုံးကောင်တွေ ဦးနှောက်မရှိလွန်းလို့ ရယ်မိတာပေါ့ကွာ ဟားဟား"

လိုသူက သူတို့ကိုပြန်လည်ချေပသော ရွှယ်ထျန်းဂိုဏ်းသား၏ရှေ့တွင်ရပ်လိုက်ပြီး ခပ်လှောင်လှောင်ပြုံး၍ဆိုလာသည်။

"မင်းတို့အခုထိမသိသေးဘူးလား မင်းတို့ဂိုဏ်းက ဒုက္ခအကြီးအကျယ်ရောက်နေပြီလေ"

"ခုလေးတင်ပဲ မိုးပြာဂဠုန်နတ်ဆိုးဘုရင်က သူ့စစ်တပ်ကိုဦးဆောင်ပြီး ရွှယ်ထျန်းဂိုဏ်းကို သွားတိုက်နေပြီ ပြီးတော့ အဲ့နတ်ဆိုးဘုရင်က ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်ထားနိုင်ပြီးသား"

"ဘာရယ်?"

ရွှယ်ထျန်းဂိုဏ်းသားများမှာ အံ့သြထိတ်လန့်သွားကာ စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားတော့လေ၏။

ဖုန့်လဲ့ဂိုဏ်းက ထိုအခွင့်ကောင်းကိုအရနင်းကာ သူတို့အပိုင်နယ်မြေကို တဇွတ်ထိုးကျူးကျော်သိမ်းပိုက်ခဲ့ကြခြင်းပင်။

"ဟမ့် မင်းပြောတဲ့အတိုင်း အဲ့နတ်ဆိုးဘုရင်က ငါတို့ဂိုဏ်းကိုဖျက်ဆီးလိုက်ပြီးထားပါတော့ မင်းတို့ဂိုဏ်းကိုလည်း လွှတ်ပေးလိမ့်မယ်ထင်နေလား ဖုန့်လဲ့ဂိုဏ်းက ရွှယ်ထျန်းဂိုဏ်းနဲ့အနီးဆုံးဆိုတာ မမေ့နဲ့ဦး"

ရွှယ်ထျန်းဂိုဏ်းသားတစ်ဦးက မုန်းတီးစွာဆိုသည်။ "မင်းတစ်ယောက်တည်း ဆက်စိတ်ကူးယဥ်နေလိုက်ပါဦး"

ထူးဆန်းစွာပင် ထိုအရပ်ရှည်ရှည်လူက ရွှယ်ထျန်းဂိုဏ်းသား၏ခြိမ်း‌ခြောက်စကားတွင် စိတ်အနှောင့်အယှက်ဖြစ်မသွားဘဲ အပြုံးမပျက်ပင်ပြောလာသည်။

"ဘုရားကျေးဇူးတော်ပေါ့ကွာ ဖုန့်လဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အငယ်‌လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာတုန်းက ချင်းကျိုးပြည်နယ်ရဲ့ ယွီဟွားဂိုဏ်းကိုဝင်ခဲ့တယ်လေ သာမန်ထက်ထူးကဲသာလွန်တဲ့ပါရမီနဲ့ ကျင့်ကြံဆင့်တိုးတက်မှုကြောင့် ယွီဟွားဂိုဏ်းရဲ့အာရုံစိုက်မှုကို အ‌‌တော်လေးရရှိခဲ့တာပေါ့"

"ဒီနေ့တင်ပဲ ယွီဟွားဂိုဏ်းကအကြီးအကဲတစ်ယောက် ငါတို့ဖုန့်လဲ့ဂိုဏ်းကိုအလည်အပတ်ရောက်လာတယ်လေ သူ့အင်အားနဲ့ဆိုရင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်လောက်ကို အပြတ်ရှင်းဖို့ကတော့ အသာလေးပဲ"

ချင်းကျိုးပြည်နယ်က ယွီဟွားဂိုဏ်းတဲ့လား?

အရှေ့ပိုင်းစီရင်စုတွင် ပြည်နယ်၁၄ခုရှိပြီး ပြည်နယ်တစ်ခုချင်းစီတိုင်းက လွန်စွာမှကျယ်ပြောလှလေရာ တိုင်းပြည်ကြီးများ၊ တိုင်းပြည်ငယ်များနှင့် အဆင့်အတန်းမြင့်မိသားစုများ ရောယှက်နေထိုင်ကြ၏။

ဟွမ်ကျိုးပြည်နယ်က ခြောက်သွေ့ခေါက်ခိုက်သောနေရာတစ်ခုဟု ဆိုရလျှင် ချင်းကျိုးပြည်နယ်ဆိုသည်မှာ အရှေ့ပိုင်းစီရင်စု၏ ရတနာသိုက်ဟုဆိုနိုင်သော အထွဋ်အမြတ်နေရာတစ်ခုပင်။

ယွီဟွားဂိုဏ်းဆိုသည်မှာ ထိုချင်းကျိုးပြည်၏ နာမည်အကြီးဆုံးဂိုဏ်းဖြစ်သည်။ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးသည် ဟွမ်ကျိုးတွင် ကိုယ်ပိုင်ဂိုဏ်းတစ်ခုထောင်လို့ရနိုင်သော်ငြား ယွီဟွားဂိုဏ်းတွင်မူ တပည့်ဂိုဏ်းသားအဆင့်သာရှိလောက်ပေမည်။

ဖုန့်လဲ့ဂိုဏ်းက ‌ကျောထောက်နောက်ခံကြီးကြီးရထားသည်ဟု ဆိုရပေမည်။

မိုးပြာဂဠုန်နတ်ဆိုးဘုရင်လောက်ကတော့ ထည့်တွက်စရာမဟုတ်‌တော့ဘူးပေါ့။

"သွားပြီ အားလုံးပြီးသွားပြီပဲ"

ရရှိလိုက်သော သတင်းအချက်အလက်များကြောင့် ရွှယ်ထျန်းဂိုဏ်းသားတို့၏ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးများမှာလည်း ‌ရေစုန်မျောသွားရပြီး စိတ်ပျက်လက်ပျက်ရေရွတ်ရုံသာ တတ်နိုင်တော့သည်။

"ဟဲဟဲ အခုမင်းတို့ကစွန့်ပစ်ခံလမ်း‌ဘေးခွေးဘဝရောက်သွားကြပြီ ဆက်ပြီးခေါင်းမာနေလို့မရတော့ဘူး ဒီမိုင်းတွင်းမှာပဲ ငါတို့အတွက် တစ်သက်လုံးကျွန်ခံပေးကြပေတော့"

အရပ်ရှည်ရှည်လူက လှောင်ပြောင်သည်။

"အစ်ကိုကြီး ဆရာတူအစ်ကိုကြီး ဟိုမှာကြည့်ပါဦး!"

ဂိုဏ်းသားတစ်ဦးက လက်ညှိုးထိုးလျက် ကြောက်လန့်တကြား အော်ဟစ်လာသည်။

အဝေးတစ်နေရာတွင် စစ်သင်္ဘောပျံအမြောက်အများသည် တဖြည်းဖြည်းနီးကပ်တိုးဝင်လာကြပြီး မနီးမဝေးမှ သတ်ပုတ်တိုက်ခိုက်သံများမှာလည်း အားမာန်အပြည့်ဖြင့် လွင့်ပျံလာကြတော့၏။

"ရွှယ်ထျန်းဂိုဏ်းသားများ အမိန့်ကိုနာခံပြီး ကျူးကျော်သူအားလုံးကို အမြတ်ဖြတ်ရှင်းလင်းကြစမ်း"

အင်အားကြီးမားသောပုဂ္ဂိုလ်များ အသီးသီးထွက်ပေါ်လာကြသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အရပ်မျက်နှာ အားလုံးကို လွှမ်းခြုံသွားသည်။

"မဖြစ်နိုင်လိုက်တာ ဦးဆောင်လာတဲ့သူတွေက အင်အားကြီးကျင့်ကြံသူတွေပဲဟ"

"ရွှယ်ထျန်းဂိုဏ်းက အရှင်းခံလိုက်ရပြီမဟုတ်လား?"

ချက်ချင်းဆိုသလိုပင် သိမ်းပိုက်ခံထားရသော အရင်းအမြစ်နယ်မြေတွင် ငိုကြွေးသံများနှင့် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။

*********

ဖုန့်လဲ့ဂိုဏ်း၏ ရှေးဟောင်းအိမ်တော်အတွင်း၌....

ဂိုဏ်းချုပ် ချန်ယွင်ဟိုင်နှင့် ဂိုဏ်းအကြီးအကဲတစ်ဖွဲ့သည် အရေးကြီးဧည့်သည်တော်တစ်ဦးကို ဧည့်ခံကြိုဆိုလျက်ရှိကြ၏။

"အကြီးအကဲမူ ကျွန်တော့်သားချန်ရှောင်းက ယွီဟွားဂိုဏ်းမှာ အတော်လေးစွမ်းဆောင်ရည်ကောင်းမွန်နေပြီး ထိပ်သီးကျင့်ကြံသူကြီးတစ်ဦးရဲ့တပည့်ရင်းအဖြစ် နေရာလက်ခံပြီးသွားပြီလို့ကြားမိတယ် မှန်ပါသလား"

ချန်ယွင်ဟိုင်က သတိတကြီးဖြင့် မေးလာသည်။

အကြီးအကဲမူက မုတ်ဆိတ်ကိုအသာသပ်လျက် နွေးထွေးသောအပြုံးဖြင့်ပြန်ဖြေသည်။ "မှန်ပါပေတယ် ဂိုဏ်းချုပ်ချန်ရဲ့သားကို ထိပ်သီးကျင့်ကြံသူကြီးကျွီယန်က သဘောကျနှစ်ခြိုက်တဲ့အတွက် တပည့်ရင်းအဖြစ်လက်ခံပြီး အထူးတာအိုကျင့်စဥ်တွေ သင်ကြားပြသပေးနေပါတယ် တစ်ရက်ရက်မှာ ဂိုဏ်းချုပ်ကိုတွေ့ဖို့ သူဖုန့်လဲ့ဂိုဏ်းကိုပြန်လာပါလိမ့်မယ်"

နားဆင်သူအပေါင်းလည်း အံ့သြတကြီးအာမေဋိတ်ပြုလိုက်ကြသည်။

ချန်ယွင်ဟိုင်သည်လည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် မျက်နှာတစ်ခုလုံးဝင်းပသွားတော့၏။

ထိပ်သီးကျင့်ကြံသူကြီးဆိုသည်မှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်ရှိသောသူများကိုသာ ခေါ်ဆိုသောဂုဏ်ပုဒ်တစ်မျိုးပင်။

သူ့သာချန်ရှောင်းက အထွဋ်အထိပ်သို့တက်‌ရောက်ခြင်းကျင့်ကြံသူတစ်ဦးထံမှ တပည့်ရင်းအဖြစ်လက်ခံနေရာပေးခြင်း ခံလိုက်ရပြီတဲ့လေ။

"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ခင်ဗျာ"

ဂိုဏ်းအကြီးအကဲများက ဂုဏ်ပြုစကားဆိုလာကြလေသည်။

ချန်ယွင်ဟိုင်က မုတ်ဆိပ်ကိုအသာသပ်လိုက်ပြီး အောင်နိုင်သူတစ်ဦး၏အသံဖြင့်ဆိုလာသည်။ "ငါ့သားချန်ရှောင်းက အနာဂတ်မှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အလားအလာရှိတယ်"

စိတ်လှုပ်ရှားနေသော ဂိုဏ်းသားများကိုကြည့်ရင်း အကြီးအကဲမူက နွေဦးလေပြည်ကဲ့သို့ နွေးထွေးစွာပြုံးနေဟန်ရှိသော်လည်း သူ့အကြည့်ထဲတွင် ရွံရှာစက်ဆုပ်ဟန်ခပ်ပါးပါး ဖြတ်ပြေးသွားသည်။

ချန်ရှောင်းတစ်ယောက် ဂိုဏ်းတွင် အရေးပေးခံနေပြီး ထိပ်သီးကျင့်ကြံသူကျွီယန်း၏မျက်နှာကြောင့်သာ ဤသို့ဝိဉာဥ်စွမ်းအင် ခြောက်သွေ့ခေါင်းပါးနေသောနေရာမျိုးကို သူအရောက်လာခဲ့ရခြင်းပင်။

သူ့အတွေးများကိုပြန်လည်စုစည်းကာ လက်သီးဆုပ်အရိုအသေပြုလျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ချန်ရဲ့ မကြာခင်ဖြစ်လာမယ့် ကျင့်ကြံဆင့်ချိုးဖျက်ခြင်းအတွက် ကြိုတင်ဂုဏ်ပြုလိုက်ပါတယ် ဒါဆို ဒီလောက်နဲ့ပဲ ပြန်ပါဦးမယ်ခင်ဗျာ"

"နေပါဦး.."

ဂိုဏ်းချုပ်ချန်က မျက်နှာပြောင်ပြောင်ပင် လှမ်းတားလျက်ဆိုလာသည်။ "ဟိုနတ်ဆိုးကောင်ကိစ္စက.."

"ကျွန်တော်ကြည့်ရှင်းလိုက်ပါ့မယ်"

အကြီးအကဲမူက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

မိုးပြာဂဠုန်နတ်ဆိုးဘုရင်၏ ကျင့်ကြံဆင့်ကို ဖုန့်လဲ့ဂိုဏ်းထံ သတင်းပေးခဲ့သူက အကြီးအကဲမူဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးဘုရင်၏အောင်နိုင်မှုကိုတွက်ဆကာ ဂိုဏ်းချုပ်ချန်က ရွှယ်ထျန်းဂိုဏ်း၏သတ္တုကြောကို စေလွှတ်သိမ်းပိုက်ခဲ့စေခြင်းပင်။

"ကောင်းပါလေ့ဗျာ"

ချန်ယွင်ဟိုင်၏မျက်နှာတွင် အပြုံးပန်းများဝေဆာလျက်။

အုန်း!

ရုတ်ချည်းပင် အနက်ရောင်ဝတ်ပုံရိပ်တစ်ခုက အိမ်တော်ကိုကာရံထားသော ခိုင်မာသည့်အစီအရင်စည်းများအား ဝုန်းခနဲချိုးဖျက်ကာ တစ်ကိုယ်‌‌တော်ဆင်းသက်ဝင်ရောက်လာလေသည်။ အရှိန်အဟုန်ကြောင့် အိမ်တော်တစ်ခုလုံးပင် သိမ့်သိမ့်တုန်သွားရတော့၏။

လွင့်ခါနေသော ‌ငွေဖြူရောင်ဆံပင်များနှင့် ယဲ့ကျွင်းလင်သည် ဘေးနားရှိ‌ ကြောက်ရွံ့ထိတ်လန့်နေကြသော ဂိုဏ်းသားများနှင့် အကြီးအကဲများကို လျစ်လျူရှုကာ ခပ်နောက်နောက်ပြုံးလာသည်။

"ဒါက ဖုန့်လဲ့ဂိုဏ်းတဲ့လား"

ထိုအချိန်တွင် အသံချိုချိုလေးကလည်း သူ့နားထဲသို့ဝဲပျံလာသည်။

[တင်! သတ်မှတ်ထားသောနေရာသို့ရောက်ရှိပါပြီ ဖုန့်လဲ့ဂိုဏ်းနဲ့ တိုက်ပွဲစတင်လိုပါသလား?]

"စမယ်"

ယဲ့ကျွင်းလင် ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဘာဆုလာဘ်တွေများရလာနိုင်မလဲ? သူသိချင်လှ၏။

[တင်! စတင်လိုက်ပါပြီ ပစ္စည်းကောင်းတွေရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုလိုက်ပါတယ်]

All Chapters