← Chapters

ကျင့်ကြံဆင့် နောက်တစ်ဆင့်ထပ်တက်သွားပြန်ပြီဟေ့

Vol. 1 Ch. 4

ကျင့်ကြံဆင့် နောက်တစ်ဆင့်ထပ်တက်သွားပြန်ပြီဟေ့

Vol. 1 Ch. 4

[တင်! စတင်ခြင်းအောင်မြင်ပါတယ် ပိုင်ရှင်ဟာ လောကဘုရင်အမှတ်တံဆိပ်နဲ့ လေဟာနယ်စွမ်းရည်ကို လက်ခံရရှိပါတယ်]

ယဲ့ကျွင်းလင်မျက်လုံးများ တောက်ပသွားပြီး လွန်စွာပျော်ရွှင်သွားရတော့၏။

ကျင့်ကြံသူတို့ကြားက တိုက်ပွဲများတွင် အင်အားကသာ အဆုံးအဖြတ်ပေးနိုင်ပေသည်။ ကျင့်ကြံဆင့်မည်မျှပင်ကွာခြားနေစေကာမူ ထိုကန့်သတ်ချက်များကို ကျော်လွန်တိုက်ခိုက်နိုင်သော ပါရမီရှင်များမှာ ရှားသည်ပင်ဆိုဆို ရှိတော့ရှိတတ်သည်သာ။

ကောင်းကင်တာအိုတစ်ဦး ဖြစ်မလာခင်အထိ သူရှုံးနိမ့်မသွားစေရန် ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးရမည်ဖြစ်သည်။

သို့သော်လည်း ဤဆုလာဘ်များမှာ အချိန်ကိုက်ရောက်ရှိလာတတ်သောကြောင့် အလွန်အဆင်ပြေသည်ဆိုရပေမည်။ ထို့အပြင် ထိပ်တန်းနတ်ဘုရားကျင့်စဥ်များဖြစ်သောကြောင့် သူ့အတွက်တော့ ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။

"ဟောဒီကညီနောင် ဘာကိစ္စကြောင့် ဖုန့်လဲ့ဂိုဏ်းအထိရောက်လာရသလဲ မေးလို့ရမလားခင်ဗျာ"

အပြင်ဘက်ခြံဝန်းမှ အရှိန်အဝါကိုအာရုံခံမိသောကြောင့် ဂိုဏ်းချုပ်ချန်ယွင်ဟိုင်နှင့် အကြီးအကဲများလည်း ခန်းမတွင်းမှထွက်လာကြတော့သည်။

ထို့နောက် ယဲ့ကျွင်းလင်ကိုမြင်သော် သူတို့အံ့သြဆွံ့အသွားရ၏။

ဤကျင့်ကြံသူက အဘယ့်ကြောင့် ဆယ်စုနှစ်များစွာအလွန်က ရွှယ်ထျန်းဂိုဏ်း၏နာမည်ကြီးမကောင်းဆိုးဝါးလေးနှင့် တူနေရပါသနည်း?

ထိုမကောင်းဆိုးဝါးလေးဆိုသည်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့သော ယဲ့ကျွင်းလင်ဖြစ်ပြီး အနာဂတ်တွင် ရွှယ်ထျန်းဂိုဏ်းကသာ ကြီးစိုးသွားတော့မည်ပေလားဟု သူတို့စိုးရိမ်ခဲ့ရသော အကြောင်းရင်းလည်းဖြစ်ပေသည်။

ကံကောင်းစွာပင် ထိုပါရမီရှင်မှာ ချုံခိုတိုက်ခိုက်ခံလိုက်ရပြီးနောက် ကျင့်ကြံဆင့်အားလုံးပျက်စီးသွားခဲ့ရပြီး လောကီရေးရာများနှင့်အဆက်အသွယ်ဖြတ်ကာ တောင်ပေါ်တွင်သီးသန့်နေထိုင်သွားသည်ဟု ကြားမိခဲ့သည်။ နှစ်ပေါင်းများစွာကုန်လွန်ပြီးချိန်တွင် ထိုသူကွယ်လွန်သွားလောက်လေပြီဟု သူတို့ထင်မှတ်ထားကြသည်မဟုတ်လော။

ထိုယဲ့ကျွင်းလင်ကို ယခုအရှင်လတ်လတ်မြင်တွေ့လိုက်ရသောကြောင့် ချန်ယွင်ဟိုင်အံ့သြတုန်လှုပ်သွားရ၏။

ယဲ့ကျွင်းလင်က ပေါ့ပြက်ပြက်ဟန်ဖြင့်ပြုံးလိုက်သည်။ "အူကြောင်ကြောင်လုပ်မနေနဲ့တော့ မင်းတို့တွေက ငါတို့ရွှယ်ထျန်းဂိုဏ်းနယ်မြေကို အကြမ်းဖက်ကျူးကျော်ရဲတဲ့အတွက် အပြစ်ဒဏ်အနေနဲ့ ဒီနေ့မှာပဲ အပြီးတိုင်သုတ်သင်ချေမှုန်းခံရလိမ့်မယ်"

စကားအဆုံးတွင် ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံး ပျာယာခတ်ကုန်ကြတော့သည်။

"ကြည့်ရတာ မိုးပြာဂဠုန်နတ်ဆိုးဘုရင်တော့ အသတ်ခံလိုက်ရပြီထင်ပါ့ မင်းတို့ရွှယ်ထျန်းဂိုဏ်းက အ‌တော်လေးလျှို့ဝှက်နိုင်သားပဲ"

ချန်ယွင်ဟိုင်က မျက်စိမျက်နှာပျက်စွာဖြင့်ဆိုလာသည်။

ရွှယ်ထျန်းဂိုဏ်း၏ တစ်ချိန်တုန်းကဂုဏ်ဆောင်ပါရမီရှင်သည် သာမန်လူအဖြစ်သို့ကျဆင်းမသွားဘဲ တိတ်တဆိတ်ပင် ဝိဉာဥ်သန္ဓေအဆင့်ကို ချိုးဖျက်ထားနိုင်လိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့မိပါချေ။

ယခင်တုန်းကအတိုင်းဆိုလျှင်တော့ ဂိုဏ်းချုပ်ချန်တစ်ယောက် အားမတန်မာန်လျှော့ကာ မြေပြင်ထက်ဒူးထောက်ဝပ်တွားလျက် ချမ်းသာပေးဖို့အသနားခံတောင်းပန်သင့် တောင်းပန်ရလိမ့်မည်။ သို့သော် ယနေ့တွင်တော့ သူ့အတွက်မှီခိုစရာတစ်ခုရှိနေပါသည်။ ထိုသူမှာ ယွီဟွားဂိုဏ်း၏ သန်မာအားကောင်းလှသော အကြီးအကဲပင်။

တည်ငြိမ်လျက် ပေါ့ပေါ့ပါးပါးဟန်ဖြင့်ရပ်နေသော လူအိုကြီးထံသို့ အကြည့်ရောက်သွားသော် ဂိုဏ်းချုပ်ချန်၏နှလုံးသားမှာ တည်ငြိမ်သွားရ‌တော့၏။ "အကြီးအကဲမူ လက်ရှိအခြေအနေကို ဘယ်လိုထင်မိပါသလဲ"

အကြီးအကဲမူသည် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက် အံတုလို့ရမည့်အဆင့်အတန်းမဟုတ်ပေ။

အကြီးအကဲမူက ခေါင်းကိုဖြည်းဖြည်းခါယမ်းလိုက်သည်။

ဤသို့ ခြောက်သွေ့ခေါင်ခိုက်သော နယ်မြေတစ်ခုမှ ဂိုဏ်းငယ်လေးတစ်ခုက ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးဘုရင်ကိုပင် သတ်ဖြတ်ချေမှုန်းနိုင်သည့် ကျင့်ကြံသူတစ်ဦး မွေးထုတ်ထားနိုင်သည်ကို သူပင်အနည်းငယ်အံ့အားသင့်သွားရပါသည်။

သို့သော် သူ့အမြင်တွင် ထိုအားကြီးလှပါသော ဂဠုန်နတ်ဆိုးဘုရင်ဆိုသည်မှာ စိတ်ရှိသလိုသတ်လိုက်လို့ရသော အမွှေးပါးငှက်ရုပ်ဆိုးတစ်ကောင်ထက်မပိုပေ။

"ကောင်လေး ဒီအဘိုးကြီးစိတ်မပြောင်းခင် မြန်မြန်ထွက်သွားတာကောင်းမယ်နော်"

အကြီးအကဲမူမှာ အလွန်မောက်မာသူတစ်ဦးပင်။ ဤအိမ်တော်ဝန်းကျဥ်းကျဥ်းလေးရှိ ကျင့်ကြံသူများအားလုံးတွင် သူ၏အထက်စီးဆန်ဆန်အရှိန်အဝါမှာ ထင်ရှားစွာပေါ်ထွက်လို့နေသည်။

ဤဂိုဏ်းငယ်လေးများကြားက ပြဿနာများကို ဝင်ရောက်စွက်ဖက်ရန် သူပျင်းရိလှပါသော်ငြား ထိုဖုန့်လဲ့ဂိုဏ်းမှသခင်ငယ်လေးမျက်နှာကြောင့် ယင်ကောင်များကို စိတ်မရှည်စွာဝင်ရောက်မောင်းထုတ်ပေးဖို့သာ ရှိတော့၏။

"အကြီးအကဲမူ"

ဂိုဏ်းချုပ်ချန်ကတော့ အားမလိုအားမရဟန်ဖြင့် ထပ်သတိပေးလာသည်။ ဤသို့စွမ်းအားကြီးကျင့်ကြံသူတစ်ဦးအနေဖြင့် စကားအပိုပြောမနေဘဲ ချက်ချင်းလှုပ်ရှားချေမှုန်းလိုက်သင့်သည်ဟု သူထင်မိ၏။

တစ်ဖက်လူ၏မောက်မာလှပုံကြောင့် ယဲ့ကျွင်းလင်လှောင်ရယ်လိုက်မိသည်။ "ခင်ဗျားကဘယ်သူမလို့ ကျုပ်မျက်နှာသာပေးတာခံချင်နေတာတုန်း"

ဖုန့်လဲ့ဂိုဏ်းတစ်ဂိုဏ်းလုံး အံ့သြတကြီးဖြင့် တိတ်ဆိတ်သွားရသည်။

"ခွေးမသားရေ ဒီပုဂ္ဂိုလ်က ယွီဟွားဂိုဏ်းရဲ့အကြီးအကဲပဲကွ မင်းလိုရွှယ်ထျန်းဂိုဏ်းစုတ်လေးကကောင် မရိုမသေပြန်ပြောလို့ရတဲ့အဆင့်အတန်းထင်နေလား"

ချန်ယွင်ဟိုင်က ဒေါသတကြီးဟန်ဖြင့် အော်ဟစ်နေသော်ငြား အမှန်တော့သူပျော်မြူးနေသည်ပင်။ ယဲ့ကျွင်းလင်တစ်ယောက် မကြာခင်အလောင်းကောင်အဖြစ်ရောက်ရှိရတော့မည်ဟု သူတွေးမိလိုက်သည်။

"အရိုင်းအစိုင်းကောင်"

အကြီးအကဲမူလည်း ဒေါသကိုအဆွခံလိုက်ရပြီး မျက်လုံးများကစူးရဲလာကာ အရှိန်အဝါသည် လေပြင်းမုန်တိုင်းတစ်ခုလို ကြမ်းကြမ်းတမ်းတမ်း လွင့်ဖြာလာတော့၏။

ချက်ချင်းဆိုသလိုပင် ကြောက်စရာဖိအားကြီးတစ်ခုက ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်ပဲ!!!"

လူတိုင်း၏မျက်နှာမှာ ကြောက်စိတ်ဖြင့် ဖြူဖျော့သွားရတော့သည်။

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် ရွှယ်ထျန်းဂိုဏ်း၏ကျင့်ကြံသူမှာတော့ မလွှဲသာစွာ သေဆုံးရတော့မည်ပင်။

လူအများမှာ ကြောက်လန့်နေကြရင်း ယွီဟွာဂိုဏ်း၏အင်အားကိုလည်း သြချရပေသည်။

"ဝိဉာဥ်အဆင့်တက်ခြင်းလား ကောင်းတယ် ကောင်းတယ် ခင်ဗျားထွက်မပြေးရဘူးနော် ထွက်ပြေးတဲ့သူက မြေးလေးပဲ" ယဲ့ကျွင်းလင်က တောက်ပလာသောမျက်လုံးအစုံဖြင့်ပြောသည်။

ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုရရှိပြီး မကြာမီပင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်ရတော့မည်တဲ့လေ။ အကျိုးအမြတ်တွေကတော့ အိမ်တံခါးဝထိ အထုပ်အထည်လိုက်ရောက်လာတာပါပဲလား။

အကြီးအကဲမူ၏မျက်နှာမှာ ဒေါသဖြင့်မည်းမှောင်သွားတော့၏။

သူသည် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။ အဘယ့်ကြောင့် တစ်ဖက်လူကမကြောက်ရွံ့ရပါသနည်း?

ဘာကြောင့် ဤမျှမြူးထူးပျော်ရွှင်နေရမှန်း သူနားမလည်နိုင်တော့ပါ။

"တော်တော်သေချင်နေတယ်ပေါ့‌လေ"

အကြီးအကဲမူကအော်လိုက်ရင်း လက်တစ်ဖက်ကိုရှေ့ထုတ်လာတော့သည်။

ရွှစ်

မြစိမ်းရောင်ဧရာမလက်ဝါးကြီးမှ သစ်သားအမျိုးအစား စွမ်းအင်အရင်းအမြစ်ကို ခံစားသိရှိနိုင်ပေသည်။ နတ်ဘုရားတစ်ပါး၏လက်ဝါးလိုမျိုး ကြီးမားကျယ်ပြန့်၍ စွမ်းအားအပြည့်ပါဝင်သော လက်ဝါးကြီးသည် ယဲ့ကျွင်းလင်ထံဦးတည်ရိုက်ချလာတော့၏။

ထိုတိုက်ကွက်သည် ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက အကြိမ်ရာချီသေစေနိုင်လောက်ပေသည်။

"အားရချက်ပဲ ခွေးသားလေးတော့ ဒီနေ့အပြီးသေရတော့မယ်"

ချန်ယွင်ဟိုင်က ဝမ်းမြောက်စွာရေရွတ်လိုက်သည်။

ယဲ့ကျွင်းလင်သာမရှိလျှင် ရွှယ်ထျန်းဂိုဏ်းဆိုသည်မှာ အာရုံထဲထည့်စရာပင်မရှိချေ။

ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အားတိုးဆေးကိုသောက်သုံးပြီး သူအဆင့်ချိုးဖျက်ပြီးသွားသည်နှင့် သူ့ဂိုဏ်းသားများနှင့်အတူ ထိုရွှယ်ထျန်းဂိုဏ်းအား ဝင်ရောက်တိုက်ခိုက်ကာ ဤကမ္ဘာမြေမှ အပြီးတိုင်ရှင်းထုတ်လိုက်ရုံပင်။

တင် ပိုင်ရှင်သည် ဝိဉာဥ်အဆင့်တက်ခြင်း နှောင်းပိုင့်အဆင့်ကျင့်ကြံသူတစ်ဦးထံမှ တိုက်ခိုက်ခံနေရကြောင်း ခြေရာခံသိရှိရသဖြင့် အင်အားကြီးသူနှင့်ရင်ဆိုင်ကာ ပို၍အင်အားကြီးလာရသောစွမ်းရည်အရ ပိုင်ရှင်ကို ဝိဉာဥ်အဆင့်တက်ခြင်း အထွဋ်အထိပ်ကျင့်ကြံဆင့်သို့ တိုးမြှင့်ပေးလိုက်ပါသည်

ချက်ချင်းဆိုသလိုပင် ကျင့်ကြံဆင့်အသစ်တစ်ခု၏စွမ်းအားများ ယဲ့ကျွင်းလင်ကိုယ်တွင်းတွင် ဝုန်းခနဲပေါက်ကွဲပျံ့နှံ့သွားပြီး ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါကြီးကြောင့် နေရာတွင်ရှိနေသောလူတိုင်းမှာ ချက်ချင်းသက်ရောက်ခံလိုက်ရသည်။

ဘုန်း

‌‌တောင်တစ်လုံးကဲ့သို့ကြီးမားလှသော လက်ဝါးကြီးသည် ယဲ့ကျွင်းလင် လက်လေးတစ်ဖက်မြှောက်ရုံမျှဖြင့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားရပြီး ကြယ်ရောင်စုံများဖြာသွန်းကျလာသကဲ့သို့မြင်ကွင်းဖြင့် လွင့်စင်ထွက်သွားရ၏။

"မင်း မင်းလည်းဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပဲလား?!!!"

အကြီးအကဲမူသည် မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်သွားရသည်။

ငွေရောင်ဆံနွယ်ရှည်များဖြင့် ဤဝိဉာဥ်သန္ဓေကျင့်ကြံသူလူငယ်လေးသည် သူ့မျက်စိရှေ့တွင်ပင် သူ့ထက်ပိုမြင့်သော ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ဝုန်းခနဲပေါက်ကွဲထွက်လာစေလေသည်။

ဒါ ဘာဟာသကြီးလဲ?

ဒီဟွမ်ကျိုးပြည်နယ် ဒေသခံကျင့်ကြံသူတစ်ဦးက ဘယ်လိုလုပ်ပြီး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ရှိနေနိုင်မှာလဲ?

အကြီးအကဲမူမှာ ကြောက်လန့်စိတ်ကြောင့် နှလုံးခုန်ရပ်တော့မတတ်ပင်။

ရွှယ်ထျန်းဂိုဏ်းလို အနုတ်စုတ်ဂုတ်စုတ်ဂိုဏ်းငယ်လေးမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက် အခန့်သားရှိနေသတဲ့လား?

ထိုအချိန်တွင် ဖုန့်လဲ့ဂိုဏ်းသားများမှာမူ အသက်ပင်မရှူရဲလောက်အောင် ကြောက်စိတ်မွှန်လျက်ရှိကြပြီး ယဲ့ကျွင်းလင်ကိုသာ မျက်နှာငယ်ဖြင့် ဝိုင်းကြည့်နေကြတော့၏။

ဟွမ်ကျိုးပြည်နယ်လေးတွင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုသည်မှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့သော သို့မဟုတ် အစဥ်အဆက်လက်ဆင့်ကမ်းခဲ့သော ကျင့်ကြံသူကြီးများသာဖြစ်ကြပြီး ထိုသူတို့တည်ထောင်သောဂိုဏ်းများသည်လည်း နှစ်ထောင်ပေါင်းများစွာတည်တံ့နိုင်သည်အထိ။

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူဆိုသည်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏အထက်တွင်ရှိပြီး နှစ်သောင်းချီသည်အထိ ရှင်သန်နေထိုင်နိုင်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကို ဖျက်ဆီးနိုင်သောအစွမ်းရှိသူဟု တင်စားခေါ်ဝေါ်ကြတတ်ကြသည့် စွမ်းအားရှင်များပင်။

ယဲ့ကျွင်းလင်မှာ သူ့ကျင့်ကြံဆင့်ကိုဖော်ထုတ်လိုက်သောအခါ အိမ်တော်ဝန်းထဲရှိလူတိုင်းမှာ စိုးရိမ်တကြီးဖြစ်လာကြတော့သည်။

"အကြီးအကဲမူ အခုကျွန်တော်တို့ဘာလုပ်သင့်လဲ"

ချန်ယွင်ဟိုင်က သနားကမားဖြင့်မေးလာသည်။

ရွှယ်ထျန်းဂိုဏ်းတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူရှိသည်ဟု သူသိထားပါက သူ့ကိုသေအောင်ရိုက်လျှင်တောင် ထိုသူအားစော်ကားလှောင်ပြောင်ရဲမည်မဟုတ်ပေ။

အကြီးအကဲမူသည် တစ်ခုခုကိုစေ့စေ့စပ်စပ်တွေးတောနေဟန်ရှိပြီး တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာကာ မထီမဲ့မြင်ပြုံးလိက်သည်။

"ဘာကိုစိုးရိမ်နေတာလဲ ဒီအဘိုးကြီးက ယွီဟွားဂိုဏ်းကလာတယ်ဆိုတာမမေ့လိုက်နဲ့ ငါကျွမ်းကျင်တဲ့ နတ်ဘုရားကျင့်စဥ်တွေကို ဒီကောင်လေးစိတ်ကူးတောင်ကြည့်ဖူးမှာမဟုတ်ဘူး သူနိုင်စရာအကြောင်းကိုမရှိဘူးကွ"

ချန်ယွင်ဟိုင်၏မျက်လုံးများလည်း တောက်ပသွားသည်။

ယွီဟွားဂိုဏ်းဆိုသည်မှာ အဆင့်မြင့်ကျင့်စဥ်နည်းလမ်းများစွာကို ပိုင်ဆိုင်ထားသော ရတနာသိုက်တစ်ခုဟုဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် အ‌ရှေ့ပိုင်းစီရင်စုရှိ ကျင့်ကြံသူအများအပြားမှာ ယွီဟွားဂိုဏ်းသို့ အလုအယက်တိုးဝင်နေကြရခြင်းဖြစ်၏။

ယှဥ်ကြည့်လိုက်လျှင် ရွှယ်ထျန်းလိုဂိုဏ်းငယ်လေးတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူရှိသည်ဆိုပေဦးတော့၊ အရင်းအမြစ်ရှားပါးပြီး အဖိုးတန်ကျင့်စဥ်များမရှိနိုင်သောကြောင့် ကျင့်ကြံဆင့်တူနေလျှင်ပင် အင်အားကတော့ သေချာပေါက်အကြီးကြီးကွာခြားမည်သာ။

ထိုအကြောင်းကိုတွေးမိပြီး ချန်ယွင်ဟိုင်စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ ယဲ့ကျွင်းလင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

ကံကောင်းထောက်မ၍ အကြီးအကဲမူရှိနေသောကြောင့်သာပင်၊ မဟုတ်လျှင် သူတို့ဖုန့်လဲ့ဂိုဏ်း ယနေ့အတွင်းကို အပြီးသတ်ရှင်းထုတ်ခံလိုက်ရနိုင်ပေသည်။

တော်သေးလို့ပေါ့ကွာ....

"အဘိုးကြီး သိပ်ပြီးယုံကြည်မှုတွေရှိနေတယ်ပေါ့" ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်လျက်ဆိုသည်။

အကြီးအကဲမူက ‌မောက်မာစွာတုံ့ပြန်သည်။ "မင်းရဲ့ကျင့်ကြံဆင့်စွမ်းရည်က ထူးကဲတာကို ဒီအဘိုးကြီးလက်ခံတယ် ဒါပေမယ့် တကယ်တမ်းတိုက်ခိုက်ရင်တော့ မင်းဒီလူအိုကြီးကိုမယှဥ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ ငါက ယွီဟွားဂိုဏ်းကမလို့လေ"

ယွီဟွားဂိုဏ်း၊ ထိုစကားလုံးသုံးလုံးသာပါလျှင် ထပ်ပြီးရှင်းပြစရာမလိုတော့ပါပေ။

ယွီဟွားဂိုဏ်းသားများမှာ သာမန်လူများကြားမှ နဂါးများကဲ့သို့ ထင်းထွက်နေလေ့ရှိပြီး သတ်ဖြတ်တိုက်ခိုက်ခြင်းအား ထမင်းစားရေသောက်သလိုကျွမ်းကျင်ကြသူများပင်။ သာမန်ကျင့်ကြံသူများ စိတ်ပင်မကူးနိုင်သော စွမ်းဆောင်ရည်ရှိသူများအဖြစ် ကျော်ကြားလေသည်။

"သေစမ်း"

အကြီးအကဲမူက ကြုံးဝါးလျက် လက်နှစ်ဖက်ဖြင့် လက်သင်္ကေတစ်ခုကိုပြုလုပ်လိုက်သည်။ ဝတ်ရုံအနားစများမှာ လေဖြင့်လွင့်ပျံသွားလျက်။

တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော ထူထဲသော အစိမ်းရောင် နွယ်ပင်များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ ကြီးမားသော လက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ကျွင်းလင်ကိုဆွဲယူရန် ရောက်ရှိလာကြသည်။

မြေကမ္ဘာထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဥ်ဖြစ်သော မိုးပြာသစ်သားလက်ဝါးကျင့်စဥ် ဖြစ်၏။

ကျင့်ကြံရေးလောကတွင် ကျင့်စဥ်များတွင်လည်း အဆင့်အမျိုးမျိုးရှိကြပေသည်။ အမည်အားဖြင့် သေမျိုးအဆင့်၊ ဝိဉာဉ်အဆင့်၊ ဉာဏ်အလင်းအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ ထိပ်သီးအဆင့်၊ မသေမျိုးအဆင့်နှင့် သူတော်စင်အဆင့်တို့ ဖြစ်သည်။

သာမန်ကျင့်ကြံသူများအတွက်မူ ဝိဉာဥ်အဆင့်ကျင့်စဥ်ဆိုသည်မှာပင် ရှားပါးအဖိုးတန်လှပြီဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးကို စောင့်ရှောက်ကာကွယ်ဖို့လုံလောက်သည့်ကျင့်စဥ်အဆင့်ဟု ဆိုနိုင်ပေသည်။

ယခု အကြီးအကဲမူထုတ်သုံးလိုက်သောကျင့်စဥ်မှာ မြေကမ္ဘာထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဥ်တစ်ခုဖြစ်ပြီး ယွီဟွားဂိုဏ်း၏တောင့်တင်းသောနောက်ခံကိုပေါ်လွင်စေရန် ထုတ်ပြလိုက်ခြင်းပင်။

"ကောင်လေးရေ အဆင့်နိမ့်ဂိုဏ်းလေးကကျင့်ကြံသူတစ်‌ယောက်အနေနဲ့ ငါ့လိုအဘိုးကြီးလက်ထဲမှာသေသွားရတာ ဂုဏ်ယူစရာလို့မှတ်လိုက်ပေါ့ကွာ"

အကြီးအကဲမူက အားမာန်အပြည့်ဖြင့် အော်ပြောလိုက်၏။

ဤကျင့်စဥ်မှာ အပြင်လောကအကြီးအကဲများကြားတွင်ပင် ဂုဏ်သတင်းမွှေးပျံ့ခဲ့ပါသော သူ၏အဆင့်မြင့်ဆုံး နတ်ဘုရားကျင့်စဥ်ဖြစ်သည်။

"ဟမ့် သနားစရာလှည့်ကွက်လေးတွေ"

ယဲ့ကျွင်းလင်လည်း လက်ကိုဆန့်ထုတ်၍ သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။

ထိုအခါ သူ့အနောက်တွင် ပုံရိပ်ကြီးတစ်ခုဝုန်းခနဲပေါ်ပေါက်လာပြီး ထိုပုံရိပ်ကြီးမှာ သန်းပေါင်းများစွာသောသက်ရှိတို့ကို နှိမ်နင်းဝပ်ဆင်းစေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ တင့်တယ်မော်ကြွားလှပေ၏။

အကြီးအကဲမူ၏နဖူးမှ ပဲစေ့အရွယ်ချွေးစက်များ စီးကျလာပြီး သူ၏ မျက်လုံးအိမ်များသည် ရုတ်တရက် အပ်ချောင်းလေးများကဲ့သို့ ကျဉ်းမြောင်းသွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာပြီး အလွန်ကြောက်လန့်တုန်လှုပ်သွားတော့သည်။

တုယှဥ်လို့မရနိုင်သည်အထိ ဤမျှအင်အားကြီးမားသော နတ်ဘုရားစွမ်းရည်မျိုးကို သူတစ်ခါမှမမြင်ဖူးမကြုံဖူးခဲ့ပါ။ အကြည့်တစ်ချက်ဖြင့်ပင် သူလုံးလုံးလျားလျား အရှုံးပေးလိုက်မိပါသည်။

"လောကဘုရင်အမှတ်တံဆိပ်"

ကျင့်စဥ်၏ ဂုဏ်အသရေကို ဖော်ညွှန်းသော ကြည်လင်ပြတ်သားသည့် အသံတစ်ခုသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ရေတွက်မရနိုင်သော တုန်လှုပ်ချောက်ချားနေသည့် အကြည့်များစွာအောက်တွင် ယဲ့ကျွင်းလင်သည် လက်ကို မြှောက်ကာ ‌လောကဘုရင်အမှတ်တံဆိပ် လက်သင်္ကေတကို ရိုက်ထုတ်လိုက်သည်။

၎င်း၏ အရှိန်အဟုန်သည် နေနှင့် လကို လွင့်စင်ပျောက်ကွယ်စေ၍ ကောင်းကင်ကို ပြောင်းပြန်လှန်ရန် အသင့်ဖြစ်လို့နေပေတော့၏။

All Chapters