← Chapters

ငါ့သားချန်ရှောင်းက မသေမျိုးဖြစ်လာမှာကွ!

Vol. 1 Ch. 5

ငါ့သားချန်ရှောင်းက မသေမျိုးဖြစ်လာမှာကွ!

Vol. 1 Ch. 5

ဘုန်း!

တိုက်ကွက်နှစ်ခု ဘုန်းခနဲ ထိပ်တိုက်ဆုံတွေ့သွားကြသည်။

မိုးပြာသစ်သားလက်ဝါးကြီးကတော့ စိစိညက်ညက်ကျေသွားခဲ့ပါ၏။

လောကဘုရင်အမှတ်တံဆိပ်ကြီးက အကြီးအကဲမူ၏ဦးခေါင်းထက်တွင် ဝဲပျံအုပ်မိုးကာ သူ့ကိုဖိနှိပ်လို့ထားလေသည်။

"မကောင်းတော့ဘူး!"

လူအိုကြီးမူမှာ သူ့ကိုအသေသတ်ဖို့နီးကပ်လာပြီဖြစ်သော ထိုကျင့်စဥ်ကြီးကိုတောင့်ခံနိုင်ရန် မှော်လက်နက်များတစ်ခုပြီးတစ်ခုထုတ်ရင်း မှော်စာရွက်များကိုလည်း ကြိုးစားပစ်လွှတ်နေသော်ငြား ထိုအရာအားလုံးမှာ လောကဘုရင်အမှတ်တံဆိပ်အောက်တွင် တစ်ခုပြီးတစ်ခု ပြိုကွဲစုတ်ပြဲကုန်ကြလေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးတော့မည်အလား ခံစားလာရသောအခါ သူကြောက်ရွံ့အားငယ်စွာဖြင့် အော်ဟစ်အသနားခံလိုက်ရသည်။ "ယွီဟွားဂိုဏ်းရဲ့မျက်နှာကိုထောက်ထားပြီး ကျွန်‌တော့်ကိုအသက်ချမ်းသာပေးပါ အစ်ကိုကြီး!"

ယဲ့ကျွင်းလင်က ပြက်ရယ်ပြုလိုက်သည်။ "ယွီဟွားဂိုဏ်းဆိုတာဘာကြီးမလို့လဲ ငါ့ကိုများရန်လာစရဲကြသေးတယ် အကုန်ဖျက်ဆီးပစ်ရမယ်"

"မင်း!!" လူအိုကြီးမူမှာ အသနားခံဖို့ပြင်ဆင်နေရင်းမှ ဒေါသူပုန်ထသွားရတော့၏။ တစ်ဖက်လူက ဤမျှမာန်တက်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ဝိဉာဥ်အဆင့်တက်ခြင်းနယ်ပယ်မှကျင့်ကြံသူတစ်ဦးသည် ဟွမ်ကျိုးပြည်နယ်တွင် စိုးမိုးခြယ်လှယ်နိုင်မည်ဖြစ်သော်ငြား ချင်းကျိုးပြည်နယ် ယွီဟွားဂိုဏ်းတွင်တော့ သာမန်ကာလျှံကာမျှသာသတ်မှတ်ရမည့်အဆင့်ဖြစ်သည်။

အရှေ့ပိုင်းစီရင်စု၏ ကျင့်ကြံရေးလောကကို ဦးဆောင်ဦးရွက်ပြုနေသော ဂိုဏ်းဂဏကြီးအား ငမျောက်ငခြောက်ဂိုဏ်းစုတ်လေးမှ ကျင့်ကြံသူတစ်ဦးက အဘယ့်ကြောင့်စော်ကားမော်ကားပြုရဲရသနည်း?

"ဒီနေရာမှာငါသေသွားရင် မင်းတို့ဂိုဏ်းတော့ ကပ်ဆိုးဆိုက်ပြီသာမှတ် အဓိကအစပြုသူကမင်းဆိုတော့ ပိုပြီးဆိုးတဲ့ကံကြမ္မာရောက်လာမှာကို စောင့်နေလိုက်ဦးပေါ့ကွာ"

ပြိုလဲတော့မည့်ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းထားရင်း လူအိုကြီးမူက အသံကုန်ခြစ်အော်ကာ ခြိမ်းခြောက်နေခြင်းဖြစ်သည်။

"အဟက်အဟက် မင်းအခုအခြေအနေနဲ့ ငါ့ကိုပြန်ခြိမ်းခြောက်ရဲနေသေးတယ်ပေါ့လေ"

ထို့နောက် ယဲ့ကျွင်းလင်လက်ကိုတစ်ဖန်မြှောက်လက် ပြန်လည်ဖိချလိုက်ကာ အေးစက်စက်ဆိုလိုက်သည်။ "သေလိုက်တော့"

"အားးး....."

နာကျင်စူးရှသောအော်သံကြားတွင် လောကဘုရင်အမှတ်တံဆိပ်သည် နတ်ဘုရားအလင်းရောင်များဖြင့် တောက်ပလင်းလက်လာပြီး လူအိုကြီးမူမှာ နေရာတွင်ပင်ပြာကျကာ ပွဲချင်းပြီးသေဆုံးသွားတော့၏။

ထိုအခိုက်အတန့်တွင် ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံးမှာ တုတ်တုတ်မှမလှုပ်ရဲအောင် တိတ်ဆိတ်ငြိမ်ကျသွားကြတော့သည်။

ချန်ယွင်ဟိုင်သည် မြေပြင်ထက်တွင်ဒူးထောက်ထိုင်လျက်ရှိပြီး သူ့တစ်ကိုယ်လုံးမှာ အေးစက်စေးကပ်သောဇောချွေးများဖြင့် ရွဲနစ်လျက်ရှိတော့သည်။ ကြောက်စိတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရနိုင်အောက် ဆက်တိုက်တုန်ယင်နေပြီး မသေမျိုးတစ်ပါးကဲ့သို့မတ်တပ်ရပ်လျက်ရှိသော ငွေဖြူရောင်ဆံပင်များဖြင့်လူငယ်အား အသံတုန်တုန်ဖြင့်ပင်ပြောလိုက်သည်။

"နတ်ဘုရားအရှင်ယဲ့ ဒါတွေအားလုံးက အထင်အမြင်လွဲမှားမှုတွေပါ ကျွန်တော်တို့ဖုန့်လဲ့ဂိုဏ်းက အရှင့်လက်အောက်မှာ သစ္စာခံအမှုထမ်းဖို့ ဆန္ဒရှိပါတယ်ခင်ဗျာ"

လက်ရှိအခြေအနေတွင် သူ့အသက်ကို ကယ်တင်ဖို့က ပထမဦးစားပေးဖြစ်သည်။

ဂိုဏ်းချုပ်ကိုယ်တိုင် ဒူးထောက်လျက်ရှိသောကြောင့် ဖုန့်လဲ့ဂိုဏ်းမှဂိုဏ်းသားများသည်လည်း လိုက်ပါဒူးထောက်ခစားလာကြ‌တော့၏။ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦး၏ရှေ့တွင် မည်သည့်ခုခံမှုမဆို အချည်းနှီးဖြစ်မည်သာပင်။

"မင်းတို့က ငါ့နောက်လိုက်ခွေးလုပ်ဖို့တောင်မထိုက်တန်ဘူး" ယဲ့ကျွင်းလင်က မထီမဲ့မြင် မှတ်ချက်ပြုသည်။

ချန်ယွင်ဟိုင်၏ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခနဲဖြစ်သွားသည်။ ထို့နောက် သူ့ခေါင်းကိုမော့ကာ သွေးကြောများပေါက်ထွက်မတတ်နီရဲနေသောမျက်လုံးအစုံဖြင့် အံကြိတ်ကာပြောလာသည်။

"နတ်ဘုရားအရှင်ယဲ့ ကျွန်‌တော့်သားချန်‌ရှောင်းက မသေမျိုးတစ်ပါးဖြစ်လာဖို့ အလားအလာရှိပါတယ် သူကအခု ယွီဟွားဂိုဏ်းက ထိပ်သီးကျင့်ကြံသူကြီးတစ်ဦးရဲ့ အတွင်းတပည့်အဖြစ် သင်ယူလေ့လာနေတာပါ အရှင်က သူ့ကိုစော်ကားပြုမူရဲပါသလား အမှားမလုပ်မိစေဖို့ သတိပေးလိုက်ပါမယ်"

ယဲ့ကျွင်းလင်ကြောက်စိတ်ဝင်ပြီး အနည်းဆုံးသူ့အသက်ကိုတော့ ချမ်းသာပေးရန် မျှော်လင့်ထားပုံပင်။

"အိုး"

ယဲ့ကျွင်းလင်က စိတ်ဝင်တစားဖြင့် ဆိုလာသည်။

"အနာဂတ်မှာ မသေမျိုးတစ်ပါးဖြစ်လာနိုင်တယ်တဲ့လား မင်းကတော်တော်လေးချဲ့ကားပြောဆိုတတ်သားပဲ ဖြစ်လာခဲ့ရင်တောင် အဲ့အနာဂတ်မှာ ငါသူ့ကိုသတ်နိုင်ပါသေးတယ် မင်းရှေ့မှာသတ်ပေးရမလား"

အင်အားကြီးသူနှင့်ရင်ဆိုင်ပြီး ပိုမိုအင်အားကြီးလာသောစွမ်းရည်အရ ဒဏ္ဍာရီလာမသေမျိုးဧကရာဇ်တစ်ပါးက လာရောက်တိုက်ခိုက်လျှင်တောင် သူ့ကျင့်ကြံဆင့်ကပဲ အမြဲပိုမြင့်မားနေမှာ ဧကန်ပင်။

သူကြောက်ပေးစရာအကြောင်း လုံးဝမရှိပေ။

"မင်း!" ချန်ယွင်ဟိုင်၏မျက်လုံးများမှာ ပေါက်ထွက်တော့မတတ်နီရဲလာပြီး ဒေါသထွက်လွန်းသောကြောင့် သွေးအန်မိတော့မတတ်ပင်။

ဒီလူကတော့စောက်ရူးပဲ၊ ဆေးမမီအောင်ရူးခါသွားပြီ။

ထိုအချိန်တွင် ကောင်းကင်ယံ၌ စစ်သင်္ဘောပျံအမြောက်အမြား ပေါ်လာကြပြီး ဖုန့်လဲ့ဂိုဏ်းဆီသို့ အင်အားကြီးမားစွာဖြင့် ဦးတည်ချီတက်လာကြလေသည်။

"ဆရာတူညီလေးယဲ့ရေ ငါတို့ရောက်ပြီ"

မိုးပြာရောင်အလင်းတန်းတစ်စင်းသည် ကြယ်တံခွန်တစ်စင်းဖြတ်တိုက်သွားသကဲ့သို့ ကောင်းကင်ယံတွင်လှစ်ခနဲထွက်ပေါ်လာသည်။ ဂိုဏ်းချုပ်ရှယိုနျန်ရောက်ရှိလာခြင်းပင်။

တောင်ထိပ်သခင်ခုနှစ်ဦးသည်လည်း တိုက်ပွဲအားမာန်အပြည့်ဖြင့် ဂိုဏ်းချုပ်၏အနောက်တွင် တပ်ကြပ်မကွာ လိုက်ပါလာကြသည်။

"အဲ့ဒါ ရွှယ်ထျန်းဂိုဏ်းကလူတွေပဲ"

"သွားပြီ ငါတို့ဘဝတော့ဆုံးပြီ"

"ပြေးကြဟေ့!"

ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံး ဗရုတ်သုတ်ခဖြစ်သွားရပြီး အကြီးအကဲများနှင့် ဂိုဏ်းသားများမှာ နေရာအနှံ့ထွက်ပြေးကုန်ကြ၏။

"ဟမ့် ပြေးမယ်ဆိုစောစောကပြေးမှ‌ပေါ့ အကုန်သတ်ကြစမ်း!" ဂိုဏ်းချုပ်ရှယိုနျန်က နက်ရှိုင်းသောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

အုန်း အုန်း အုန်း

စစ်သင်္ဘောပျံများသည် တောက်ပသော လျှပ်စီးတန်းများကို ပစ်ခတ်ကာ ဖုန့်လဲ့ဂိုဏ်းဧရိယာတစ်ခုလုံးကို ဗုံးကြဲချလိုက်သော် မီးလျှံများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီးခိုးများတလူလူ လွင့်တက်လို့နေသည်။

မရေမတွက်နိုင်လောက်အောင်များပြားသော ရွှယ်ထျန်းဂိုဏ်းသားတို့သည် မှော်လက်နက်များကိုကိုင်ဆောင်ကာ သံပြိုင်ဟစ်ကြွေးလိုက်ကြပြီး တိုက်ပွဲကိုစတင်လိုက်သည်။ ကြုံးဝါးမာန်သွင်းသံများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေလျက်။

အလောင်းများနှင့် သွေးများ ပြည့်နေသော မြင်ကွင်းကို ကြည့်ရင်း ချန်ယွန်ဟိုင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများဖုံးလွှမ်းလာပြီး သူ့လုပ်ရပ်များကို နှလုံးသားထဲမှ နောင်တရမိနေသည်။

ထို့နောက် ပြင်းထန်သော နာကျည်းချက်များဖြင့် ယဲ့ကျွင်းလင်ကို စူးစိုက်ကြည့်လိုက်သည်။

ဒီလူသာ သူ့ကျင့်ကြံဆင့်ကို တမင်တကာလျှို့ဝှက်မထားခဲ့ဘူးဆိုလျှင် သူ့ဘက်ကလည်း ရွှယ်ထျန်းဂိုဏ်းကို ရန်သွားစရဲစရာ အကြောင်းမရှိပေ။

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်ပြီးသွားတာတောင် ချီးလို ဆက်ပြီးလျှို့ဝှက်ဖုံးကွယ်ထားရသလား?

ယုတ်မာကောက်ကျစ်လိုက်တဲ့ကောင်!

"မင်း‌စောင့်နေလိုက်စမ်းပါ ငါ့သားက အနာဂတ်မှာ မသေမျိုးတစ်ပါးဖြစ်လာမှာ ဒီနေ့ငါရခဲ့တဲ့အရှက်တရားတွေနဲ့ သွေးမိုးရွာခဲ့ရတဲ့ဖုန့်လဲ့ဂိုဏ်းအတွက် ငါ့သားကမင်းကို အဆတစ်ထောင်ပြန်ပေးဆပ်ခိုင်းလိမ့်မယ်"

ချန်ယွင်ဟိုင်စိတ်လွတ်သွားဟန်ဖြင့် ရူးသွပ်စွာအော်ဟစ်သောင်းကျန်းလာသည်။

"စောက်ရူး"

ယဲ့ကျွင်းလင်နှာခေါင်းရှုံ့လျက် တစ်ခွန်းတည်းတုံ့ပြန်လိုက်သည်။

ဘန်း!

ချန်ယွင်ဟိုင်၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာပေါက်ကွဲထွက်သွားပြီး သူ၏ဦးခေါင်းမဲ့အလောင်းကိုယ်မှာ ဖုန့်လဲ့ဂိုဏ်း၏သွေးပင်လယ်ကြီးထဲသို့ လဲပြိုကျသွားတော့၏။

ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေကြသော အခြား‌ရွှေအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများမှာလည်း ယဲ့ကျွင်းလင်ဆီမှပါးရိုက်ခံရပြီး အတုံးအရုန်းလဲသေကုန်ကြလေသည်။

အုံလိုက်ကျင်းလိုက်တိုက်စစ်ဆင်မှုအောက်တွင် ဖုန့်လဲ့ဂိုဏ်းမှာ ခဏချင်းအတွင်းအပြတ်ရှင်းခံလိုက်ရပြီး ရွှယ်ထျန်းဂိုဏ်းသားတို့မှာ ဖုန့်လဲ့ဂိုဏ်းပိုင် ဆေးဝါးများနှင့် မှော်လက်နက်တို့ကို တစ်သုတ်ပြီးတစ်သုတ်သယ်ဆောင်ကာ စစ်သင်္ဘောပျံများထက် တင်ဆောင်ကြလေတော့သည်။

"ရေးး ငါတို့နိုင်ပြီဟေ့"

ရွှယ်ထျန်းဂိုဏ်းသားတို့မှာ စိတ်လှုပ်ရှားစွာ အောင်ပွဲခံလျက်ရှိကြသည်။

ရှယိုနျန်၏မျက်နှာမှာ စိတ်လှုပ်ရှားသွားဟန်ရှိပြီး စိတ်ပါလက်ပါ တဟားဟားရယ်မောလျက် ဆိုလာသည်။ "ဆရာတူညီလေးယဲ့ ငါဘာရှာတွေ့ထားလဲ့ကြည့်ပါဦး"

သူက အလွန်လှပသည့်ပိုးထည်သေတ္တာလေးတစ်လုံးကို ကိုင်‌ဆောင်ထားပြီး အထဲတွင် နတ်ဆေးလုံးတစ်ခုကို တွေ့ရလေသည်။

ထိုဆေးလုံးမှာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ဆေးလုံးပင်။

"ဒီဆေးလုံးကို ဟိုခွေးအိုကြီးချန်ရဲ့ကိုယ်ပေါ်ကနေ ရှာတွေ့လာတာ ဒီအဘိုးကြီးဆီမှာ ဒီလိုပစ္စည်းကောင်းလေးဖွက်ထားတာမျိုးရှိလိမ့်မယ်လို့ထင်မထားဘူး ပွတာပဲ ဒီဆေးလုံးနဲ့ဆိုရင် နောက်ရက်နည်းနည်းကြာတဲ့အခါ ငါဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်လို့ရလောက်ပြီ"

ရှယိုနျန်မှာ ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့ရသောကြောင့် ယခုတော့ ပျော်လို့မဆုံးတပြုံးပြုံးပင်။

"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ် ကျွန်တော်တို့ဂိုဏ်းမှာ နောက်ထပ်ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦး ထပ်တိုးလာပြီပေါ့" တောင်ထိပ်သခင်တစ်ဦးက ဝမ်းမြောက်စွာဂုဏ်ပြုလာသည်။

ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုသည်မှာ ဟွမ်ကျိုးပြည်နယ်၏ အရှင်သခင်ပေမဟုတ်လော။

ဝိဉာဥ်သန္ဓေကျင့်ကြံသူနှစ်ဦးကို ပိုင်ဆိုင်ထားသော ရွှယ်ထျန်းဂိုဏ်းသည် မလွဲမသွေ ထိပ်တန်းဂိုဏ်းများထဲမှတစ်ခု ဖြစ်လာပေမည်။

"တကယ်တော့ ကျွန်‌တော်က..." ယဲ့ကျွင်းလည် ခေတ္တမျှစဥ်းစားပြီးနောက် ပြောပြရန်ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် တစ်ယောက်ယောက် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

"အားလုံးပဲ ကြည့်ကြစမ်း ငါဒါကိုမြေကြီးပေါ်ကကောက်ရလာတာ"

ဓားဝှက်တောင်ထိပ်သခင်က ရှေးကျကျအမှတ်တံဆိပ်တစ်ခုကိုကိုင်လျက် အမြန်လျှောက်လာသည်။ ထိုတံဆိပ်ပေါ်မှာ 'ယွီဟွား' ဟူသောစာလုံးမှာ ထင်းလင်းတောက်ပလျက်ရှိ၏။

ရှယိုနျန်မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာဆိုလိုက်သည်။ "ဒါက ယွီဟွားဂိုဏ်းအမှတ်တံဆိပ်ကြီးပဲ"

"ဟမ်?" ဓားဝှက်တောင်ထိပ်သခင်သည်လည်း လက်ထဲတွင်ကိုင်ထားမိသောအမှတ်တံဆိပ်ကို အလန့်တကြားပြန်ကြည့်လိုက်သည်။ ဤပစ္စည်းတွင် ထိုမျှကြီးမားသောနောက်ခံရှိနေမည်ဟု သူထင်မထားခဲ့ပါ။

"အဲ့ဂိုဏ်းက ချင်းကျိုးပြည်နယ်ရဲ့ ကျင့်ကြံဆင့်အထွဋ်အမြတ်နေရာပဲ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးရဲ့ ကျင့်ကြံရေးအင်အားစုကြီးဆိုလည်း ဟုတ်တယ်"

"နောက်ပြီး အမှတ်တံဆိပ်ပုံစံကိုကြည့်ရသလောက်ဆိုရင် သိပ်အဆင့်နိမ့်တဲ့ထဲမပါလောက်ဘူး အကြီးအကဲတစ်ယောက်ယောက်ဖြစ်နိုင်တယ်"

ရှယိုနျန်က တံဆိပ်ကိုဂရုတစိုက်ကိုင်တာ ကြည့်ရှုစစ်ဆေးရင်းပြောလိုက်သည်။

ကြားလိုက်ရသည့်သူအပေါင်းမှာတော့ တောင့်ခဲသွားရလျက်။

ယွီဟွားဂိုဏ်းမှအကြီးအကဲတစ်ဦးသည် အနည်းဆုံးတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်တွင် ရှိလိမ့်မည်ပင်။

"ဒါပေမယ့် ဒီတံဆိပ်က ဘယ်လိုလုပ် ဖုန့်လဲ့ဂိုဏ်းမှာပေါ်လာရတာလဲ" နတ်ပန်းရနံ့တောင်ထိပ်သခင်က အံ့သြတကြီးဖြင့် ဆိုလာသည်။

ထိုမေးခွန်းတွင် အားလုံးလန့်ဖျပ်ကာ အတွေးများကုန်ကြတော့၏။

"မတော်တဆပြုတ်ကျခဲ့တာများလား"

ရှယိုနျန် မျက်မှောင်ကြုတ်လျက်စဥ်းစားလိုက်သည်။

ယွီဟွားဂိုဏ်းနှင့် ဖုန့်လဲ့ဂိုဏ်းကို သူဘယ်လိုမှဆက်စပ်တွေးတောကြည့်လို့ မရနိုင်ပေ။ ယွီဟွားဂိုဏ်းက ဝေဟင်ထက်ဝဲပျံနေသည့်နဂါးတစ်ကောင်ဆိုလျှင် ဖုန့်လဲ့ဂိုဏ်းမှာ မြေပြင်ထက်က နှမ်းစေ့အရွယ်ပုရွက်ဆိတ်‌လေးတစ်ကောင်သာ ဖြစ်ပေမည်။

ဒီနှစ်ဖွဲ့က ဘယ်လိုလုပ် အဆက်အစပ်ရှိနေမှာတဲ့လဲ?

"အဟမ်း အဟမ်း"

ရှယိုနျန် လည်ချောင်းရှင်းကာ ကောင်းကင်ယံထက်သို့မော့ကြည့်လျက် နက်ရှိုင်းကျယ်လောင်စွာ အော်ပြောလိုက်သည်။ "အစ်ကိုကြီးခင်ဗျာ ဒီညီနောင်ကစော်ကားဖို့ရည်ရွယ်ချက်မရှိတဲ့အတွက် ပုန်းကွယ်မနေဘဲ တံဆိပ်ကိုပြန်လာယူလှည့်ပါခင်ဗျာ"

လူတိုင်းလည်း မျှော်လင့်တကြီးဖြင့် ကောင်းကင်ယံသို့ အတူမော့ကြည့်လိုက်ကြ၏။

ထိုအကြီးအကဲသာပေါ်လာလျှင် သူတို့နှစ်ဂိုဏ်းလည်း ဆက်ဆံရေးကောင်းကောင်းတစ်ခု တည်ဆောက်လို့ရလောက်မည်။ ယွီဟွားဂိုဏ်းနှင့်သက် အဆက်အသွယ်ရှိထားလျှင် သူတို့ရွှယ်ထျန်းဂိုဏ်း၏အနာဂတ်အတွက် လွန်စွာမှအထောက်အကူပြုပေလိမ့်မည်။

"အာ့ အာ့ အာ့ အာ့"

မှန်၏။ ကောင်းကင်ထက်မှ ကျီးကန်းအော်သံများသာ။

ရှယိုနျန်ကတော့ အလျှော့မပေးချင်သေးဘဲ နောက်တစ်ကြိမ်အော်ဖို့ပြင်လိုက်သည့်အချိန်တွင် ပုခုံးကိုအပုတ်ခံလိုက်ရသည်။ သူအ‌နောက်ကိုလှည့်ကြည့်လိုက်သော် ငွေရောင်ဆံပင်များဖြင့်လူငယ်လေးက သူ့ကိုထူးဆန်းသည့်အမူအရာဖြင့် စိုက်ကြည့်လျက်ရှိ၏။

"ဆရာတူညီလေးယဲ့ မင်း..."

ယဲ့ကျွင်းလင်မှာ အကူအညီမဲ့စွာဖြင့် ဝန်ခံလိုက်ရသည်။ "လျှောက်အော်မနေနဲ့တော့ ကျွန်တော်အကုန်သတ်ပစ်လိုက်ပြီ"

All Chapters