← Chapters

သနားစရာ နတ်ဆိုးဂိုဏ်းချုပ်ငယ်လေး

Vol. 1 Ch. 7

သနားစရာ နတ်ဆိုးဂိုဏ်းချုပ်ငယ်လေး

Vol. 1 Ch. 7

"ဘာရယ်?"

ဟုန်ချန်ယဲ့အံ့သြတုန်လှုပ်ကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့်ခံစားချက်ကြီး ပေါ်လာရသည်။

"ဟဲဟဲ ဒီပုံစံလေးသာဆိုရင် ယောက်ျားဖြစ်နေလည်းရတာပဲ လိမ်လိမ်မာမာနဲ့ မြန်မြန်လေးလှဲပေးလိုက်စမ်းပါ ဒီတာအိုဆရာကြီးက မင်းကို မြည်းစမ်းကြည့်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး"

အဘိုးကြီးက တပ်မက်မှုအပြည့်နှင့် သူ့ကိုကြည့်နေရင်း မျက်လုံးတွေက တောက်ပနေပြီး သွားရည်တွေတောင်ကျလို့နေသည်။

"ထွက်သွားစမ်း မင်းလိုကောင်ကိုလှဲပေးရမယ့်အစား ငါအသေပဲခံလိုက်မယ်"

ဟုန်ချန်ယဲ့က ကြုံးဝါးလိုက်ကာ သူ့မှော်စွမ်းအင်အားလုံးကို ‌တောက်လောင်စေလိုက်သည်။ လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သော် လိမ္မော်နီရောင်မီးတောက်တစ်ခုက သူ့ဦးခေါင်းထက်ပုံပေါ်လာသည်မှာ ဒဏ္ဍာရီလာကြာပန်းတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်ပမာဏကို ခံစားမိစေသည်။

ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်ချည်းမြင့်တက်လာပြီး မြေပြင်ကိုဖုံးအုပ်သည်အထိကြွေကျထားသော သစ်ရွက်ခြောက်များမှာလည်း မီးစွဲလောင်ကုန်ကြ၏။

"ဟင်?"

တာအိုအဘိုးကြီး၏မျက်နှာထားလည်း ပြောင်းလဲသွားရပြီး ပူပြင်းခြောက်သွေ့မှုကို ခံစားလိုက်ရတော့သည်။

အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက ဤမျှခမ်းနားသောတိုက်ကွက်တစ်ခုကို ပုံဖော်နိုင်လိမ့်မည်ဟု သူတစ်ခါမှမတွေးစဖူး၊ ကြုံလည်း မကြုံစဖူးပေ။

ဒီမှော်ဂါထာက ဘယ်အဆင့်ပါလိမ့်?

ဉာဏ်အလင်းအဆင့်လား? ဒါမှမဟုတ် မြေကမ္ဘာအဆင့်များလား?

"ခွေးမသား မင်းငါ့ဒေါသကိုဆွလိုက်တာပဲ"

"ငရဲကိုဆင်းလိုက်တော့!!”

အရိုင်းဆန်ဆန်လွင့်ခါနေသော ဆံပင်ရှည်များဖြင့် ဟုန်ချန်ယဲ့မှာ မျက်လုံးများကအစ အေးစက်ကာ တစ်ဖက်လူကိုခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိ၏။ လေသံမှာလည်း စွမ်းအားကြီးနတ်ဆိုးတစ်ကောင်ဝင်ပူးနေသကဲ့သို့ ပြန်လှန်မေးခွန်းမထုတ်ရဲစေသည့် အရှိန်အဝါမျိုးပါပေ။

ဝှစ်!

အစွမ်းကုန်ပွင့်အာနေသော မီးကြာပန်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် တာအိုဆရာကြီးထံသို့ ပြေးဝင်သွားလေသည်။

"မင်း!!”

ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလိုက်သောအခါ တာအိုအဘိုးကြီး၏မျက်နှာအသွေးအရောင်မှာ ဖြူဖျော့သွားပြီး အန္တရာယ်ကိုကာကွယ်ရန် လက်တစ်ဖက်ကိုမြှောက်၍ သူ့မှော်လက်နက်ကိုဆင့်ခေါ်လိုက်သည်။

သို့သော် မျှော်လင့်မထားစွာဘဲ သူ့အဆင့်မြင့်မှော်လက်နက်များဖြစ်သော လက်သည်းရှည်များမှာ လျင်မြန်စွာအရည်ပျော်ကျကုန်လေ၏။

သူအံ့သြသွားပြီး နောက်တစ်စက္ကန့်အကြာမှာတော့ မီးတောက်ကြာပန်းက သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။

"အား....အား အား"

ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ကပ်တွယ်ထားသောမီးတောက်များကြားတွင် တာအိုအဘိုးကြီးမှာ ကူကယ်ရာမဲ့စွာ‌အော်ဟစ်နေရလေပြီ။

ခဏအကြာတွင် ထိုရုပ်ခန္ဓာတစ်ခုလုံးမှာ ပြာမှုန့်များအဖြစ်သို့ပြောင်းလဲသွားပြီး လေနှင့်အတူလွင့်ပါကုန်ရာ အကြွင်းအကျန်မျှပင် မရှိတော့ချေ။

"တဏှာရူးကောင် အဲ့လိုဖြစ်ဖို့ မင်းကိုယ်တိုင်တောင်းဆိုခဲ့တာပဲ"

ဟုန်ချန်ယဲ့က လှောင်ပြုံးတစ်ခုဖြင့် ထေ့ငေါ့လိုက်ပြီးနောက် သူလည်း မြေပြင်ပေါ်သို့လဲကျသွားတော့၏။

သူ့ဒန်ထျန်မှာ ပြိုကွဲလုနီးနီးဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အားအင်ကုန်ဆုံးယုတ်လျော့လို့နေလေပြီ။

သူအခုလေးတင်သုံးလိုက်သော မှော်ကျင့်စဥ်က ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုဖြစ်သောကြောင့် လွန်စွာစွမ်းအားကြီးသည်မှန်သော်လည်း ရလဒ်နှင့်အညီ ပြန်လည်ပေးဆပ်ရသည့်တန်ဖိုးက နည်းနည်းနောနောဟုတ်မနေခဲ့ပါ။

အကယ်၍သာ တစ်ဖက်လူက ဤတိုက်ကွက်ဖြင့်အပြီးသတ်သေမသွားခဲ့လျှင် ဟုန်ချန်ယဲ့လည်း ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေ။

သူ့အားထုတ်မှုသာမအောင်မြင်ခဲ့ပါက သူ့အတွက်ပြန်လမ်းမရှိတော့သည့်အခြေအနေပင်။ မည်မျှပင်စွမ်းအားကြီးသော ကျင့်စဥ်အမျိုးမျိုးကို သူတတ်မြောက်ထားလျှင်တောင်မှ ဆိုးရွားစွာကျဆင်းသွားခဲ့သော ကျင့်ကြံဆင့်ကြောင့် သူ့တွင် ထုတ်သုံးဖို့စွမ်းအင်လုံလုံလောက်လောက် ရှိမနေပါချေ။

အတိတ်တစ်ချိန်တုန်းကတော့ ရွှေအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူဆိုသည်မှာ သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်မျှပင်အရေးမပါသော တည်ရှိမှုတစ်ခုဖြစ်ပြီး အကြည့်တစ်ချက်ဖြင့်ပင် အသေသတ်နိုင်စွမ်းရှိခဲ့လေသည်။

ယခုတော့ မှော်စွမ်းအင်များလည်း လောင်ကျွမ်းပျက်သုဥ်းသွားခဲ့ပြီဖြစ်သလို ခန္ဓာကိုယ်အခြေအနေလည်း ပျက်စီးယိုယွင်းနေချိန်တွင် နတ်ဆိုးဂိုဏ်းချုပ်ဟုန်ချန်ယဲ့သည်ကား ယဇ်စင်ထက် လည်စင်းစောင့်ဆိုင်းနေရသော သိုးငယ်တစ်ကောင်နှင့် ဘာမှမခြားပေ။

"ဒီလိုကောင်မျိုးနဲ့မှ ထိပ်တိုက်ကြုံရတယ်လို့ ကံဆိုးချက်ကတော့ကွာ"

"အခု ဒီနေရာကနေ ချက်ချင်းထွက်သွားပြီး ခန္ဓာကိုယ်ပြန်လည်ကုသဖို့ လုံခြုံတဲ့နေရာတစ်ခုလောက်ရှာပြီးမှ အစီအစဥ်တွေပြန်ဆွဲရတော့မယ်"

ဟုန်ချန်ယဲ့ အနိုင်နိုင်ပင် ထရပ်လိုက်ရသည်။

"ဟီးဟီး နှာဘူးတစ္ဆေကောင် ဒီလိုသေသွားရတာမဆန်းပါဘူး မင်းကနောက်ခံတောင့်တဲ့ပုံပါလား"

ရုတ်တရတ်ကြီး ထွက်ပေါ်လာသောအသံတစ်သံကြောင့် အခုလေးတင်မှ စိတ်လက်ပေါ့ပါးသွားသော ဟုန်ချန်ယဲ့မှာ နှလုံးသားကလည်ချောင်းထက်သို့ ဆို့တက်လာတော့မတတ် လန့်ဖျပ်သွားရတော့၏။

ဖရိုဖရဲနှင့် နှာခေါင်းနီနီ သူတောင်းစားအဘိုးအိုတစ်ဦးသည် သေရည်ထည့်ထားသောဘူးသီးခြောက်ကိုကိုင်ထားရင်း ဝါးတောလေးထဲမှဖြတ်၍ သူ့ထံသို့ဖြည်းဖြည်းချင်းလျှောက်လှမ်းလာလေသည်။ မျက်လုံးများက ကောက်ကျစ်လှည့်စားတတ်သည့်အရိပ်အယောင်များ ပေါ်လွင်လျက်။

"ခင်ဗျားက ဘယ်သူလဲ"

ဟုန်ချန်ယဲ့တစ်ယောက် မျက်နှာပျက်ပျက်ဖြင့်မေးလိုက်ရသည်။ ဇာတ်လမ်းက အဆုံးမသတ်သေးဟန်ပင်။

'ကောင်လေးရာ အရမ်းကြီး စိတ်မပူပါနဲ့ ဒီအဘိုးကြီးက ဒီနားကနေ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားရင်း စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားမိတာပါ တာအိုဆရာနဲ့ သိတော့သိပေမယ့် ရင်းနှီးတဲ့ ဆက်ဆံရေး မရှိပါဘူး သူ့ရဲ့သေဆုံးမှုကိုလည်း လိုက်စုံစမ်းဖို့စိတ်ကူးမရှိပါဘူး"

ထိုသူတောင်းစားအဘိုးအိုက ကြင်နာစွာပြုံးပြလျက် ဆက်ပြောလာသည်။ "နောက်ပြီး ငါကသူ့လိုတဏှာရူးမဟုတ်လို့ မင်းစိတ်ပူစရာမလိုပါဘူး"

ဟုန်ချန်ယဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လက်သီးဆုပ်အရိုအသေပြုလျက် နှုတ်ဆက်လိုက်သည်။ "အဲဒီလိုဆိုရင် တာအိုရောင်းရင်းရေ ကံပါရင်ပြန်ဆုံကြတာပေါ့ နှုတ်ဆက်ပါတယ်!"

သူ့အာရုံခံစားမှုအရတော့ ဒီအဘိုးအိုသည်လည်း အန္တရာယ်များသည့်ပုံပင်။

ဟုန်ချန်ယဲ့နှုတ်ဆက်အပြီး လှည့်ထွက်သွားကာနီးတွင် လေပြင်းတစ်ချက် ဝှီးခနဲတိုက်ခတ်သွားပြီး သူတောင်းစားအဘိုးအိုက သူ့အရှေ့တွင်ဝုန်းခနဲပေါ်လာသည်။ အဘိုးအိုက အဝါရောင်သွားများဖြင့်ပြည့်နေသောပါးစပ်ကြီးကိုဖြဲကာ ထူးဆန်းစွာပြုံးရယ်လာပြီး ဆိုသည်။ "ငါကတော့ မင်းခန္ဓာကိုယ်ကိုမဟုတ်ဘဲ မင်းရဲ့လျှို့ဝှက်ချက်ကို ပိုစိတ်ဝင်စားတာပေါ့ကွာ"

အုန်း!

ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါက အုန်းခနဲပေါ်ပေါက်လာကာ ဟုန်ချန်ယဲ့ကိုဖိနှိပ်လျက် ဒူးထောက်ကျစေသည်။ ဟုန်ချန်ယဲ့၏အရိုးအဆစ်များမှာ တကျွတ်ကျွတ်မြည်လျက် မျက်လုံးများသွေးရောင်ရဲစွေးလာသည်မှာ ကြောက်မက်ဖွယ်ပင်။

"မင်း!"

ဟုန်ချန်ယဲ့၏မျက်လုံးများမှ သွေးကြောများမှာ ပေါက်ထွက်တော့မတတ်ထင်ရှားလာပြီး ဒီဘေးကိုတော့ တွန်းလှန်လို့မရနိုင်တော့ကြောင်း သူသိလိုက်ရ၏။

သူသည် နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးလျက် ကိုယ့်လမ်းကိုယ်ရှင်းကာ စစ်မှန်သောမသေမျိုးကျင့်ကြံဆင့်အထိ တစ်ဆင့်ချင်းတက်ရောက်လာခဲ့သူဖြစ်သည်။ ကျင့်ကြံသူများကြားက လှည့်စားကောက်ကျစ်မှုများ၊ သစ္စာဖောက်ခြင်းများ အန္တရာယ်အငွေ့အသက်များအကြောင်း သူ့ထက်ပိုသိသူမရှိပေ။

ဤအဘိုးကြီးသည် သူ၏ စစ်မှန်သောမသေမျိုး ကျင့်ကြံဆင့်ပါရမီကို လုယူရန်ကြိုးစားနေခြင်းပင်။

"ဟားဟား မင်းခေါင်းထဲမှာဘာတွေရှိနေလဲ ကြည့်လိုက်ရအောင် မင်းကဘာကြောင့် ဒီစွမ်းအားကြီးမှော်ကျင့်စဥ်တွေကို ကျွမ်းကျင်နေရတာလဲ ဒီအဘိုးကြီးသိအောင်ပြလိုက်စမ်းပါကွာ"

သူတောင်းစားအဘိုးအို၏မျက်လုံးများတွင် အေးစက်စက်အရိပ်အငွေ့များဖြတ်သန်းသွားပြီး ခြောက်သွေ့အက်ကွဲနေသည့်လက်ကြီးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လာသည်။

"မင်းမေရိုးပဲ မင်းဘိုးအေပဲ မင်းတို့တစ်မျိုးလုံးကို ငါကျိန်စာတိုက်တယ်"

ဟုန်ချန်ယဲ့ အံကြိတ်ကာကျိန်ဆဲနေရင်း စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လို့နေသည်။

ယခုသူ့အခြေအနေက စဥ့်တီတုံးထက်မှငါးတစ်ကောင်နှင့်မခြားတော့ပေ။ လည်စင်းပေးဖို့သာ တတ်နိုင်တော့၏။

ပြန်လည်ကျင့်ကြံအားထုတ်ပြီး လက်စားချေဖို့လမ်းသည်လည်း ဒီနေရာတွင်သာ အဆုံးသတ်သွားတော့မည်ပေလား?

ထိုအချိန်တွင် ယုတ်မာသောအပြုံးကြီးဖြင့် သူတောင်းစားအဘိုးအို၏လက်သည် သူ့ခေါင်းထက်ရောက်ရှိလို့နေပြီဖြစ်ပြီး ဘာအကျိုးဆက်ကိုမှထည့်မတွက်တော့ဘဲ ဝိဉာဥ်ရှာဖွေခြင်းနည်းလမ်းကိုအသုံးပြုကာ သူ့ကျင့်စဥ်များကို ရယူဖို့ပြင်ဆင်နေလေသည်။

(ငါလုံးဝမကျေနပ်ဘူး ငါဒီနေ့ကိုလုံးဝမမေ့ဘူး)

ရှက်ဒေါသနှင့် မခံချင်စိတ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလို့နေပြီး ဟုန်ချန်ယဲ့တစ်ယောက် စိတ်ထဲမှအော်ဟစ်ရုံသာ တတ်နိုင်တော့လေသည်။

အုန်း!

ထိုအချိန်တွင် ကမ္ဘာမြေကြီးပြိုကွဲမတတ် ပြင်းထန်သောဖိအားကြီးတစ်ခုက ကြောက်မက်ဖွယ် ဆင်းသက်ရောက်ရှိလာလေသည်။

"ဘယ်သူလဲဟ?"

သူတောင်းစားအဘိုးအို၏မျက်နှာထားမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။ နှလုံးသားအောက်ခြေမှ စိမ့်တက်လာသောအကြောက်တရားကိုခံစားမိလိုက်ပြီး ကြောက်စိတ်ကြောင့် အနောက်သို့ပင်ခေါင်းလှည့်မကြည့်နိုင်သည်အထိ ကြက်သေသေသွားရလေ၏။

တစ်ဖက်မှာတော့ လေဟာနယ်ထဲတွင် လှိုင်းတွန့်များထလာပြီး နတ်ဘုံမှဆင်းသက်လာသကဲ့သို့ ခမ်းနားသောအရှိန်အဝါဖြင့် အနက်ရောင်ဝတ်ရုံနဲ့ လူငယ်တစ်ယောက်သည် လက်နောက်ပစ်လျက် လေဟာနက်အက်ကွဲကြောင်းအတွင်းမှ လမ်းလျှောက်ထွက်လာသည်။

ငွေဖြူရောင်ဆံနွယ်ရှည်များဖြင့် ထိုယောကျ်ားသည် သာမန်လူမှဟုတ်ရဲ့လားဟု ထင်မှတ်မှားရလောက်အောင် ချောမောခန့်ညားပြီး အလင်းတန်းနှစ်ခုနှင့်တူသောမျက်လုံးတစ်စုံ၏ အကြည့်က အ‌ရှေ့တည့်တည့်ကို ထွင်းဖောက်ဆိုက်ရောက်လာသည်။

သူတောင်းစားအဘိုးအိုမှာ ကြောက်စိတ်ကြောင့်လှုပ်ပင်မလှုပ်နိုင်တော့ဘဲ ပုတီးစေ့ခန့်ကြီးမားသောချွေးသီးချွေးပေါက်များ အစီအရီထွက်ကျလာပြီး အသံတုန်တုန်ဖြင့်ခေါ်လိုက်သည်။ "ဆ-ဆရာကြီးခင်ဗျာ"

ယဲ့ကျွင်းလင်မျက်မှောင်ကြုတ်သွားပြီး သူတောင်းစားအဘိုးအိုကိုကြည့်နေရာမှ မြေပြင်တွင်ဒူးထောက်ကျနေသော ဟုန်ချန်ယဲ့လေးထံ အကြည့်ရောက်သွားရ၏။

"ဟမ်"

ရုတ်တရတ် ယဲ့ကျွင်းလင် နားမလည်နိုင်ဖြစ်သွားရသည်။

(စနစ်ရေ လာဦးဟ လာဦး ဒါမင်းပြောတဲ့ စစ်မှန်တဲ့မသေမျိုးအဆင့်ကျင့်ကြံသူ နတ်ဆိုးဂိုဏ်းချုပ်ကြီးဆိုတာလား မင်းကြည့်ဦး သူကအခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူပေါက်စလေးမဟုတ်ဘူးလား ငါ့ကိုလာနောက်နေတာလား)

[တင်! စနစ်ကဘာလို့နောက်ရမှာလဲရှင် သူကစစ်မှန်သောမသေမျိုးအဆင့် နတ်ဆိုးဂိုဏ်းချုပ်ကြီးဆိုတာ မှန်ပါတယ် သူကျင့်ကြံဆင့်ကျဆင်းသွားလို့ပါ]

[တင်! ပိုင်ရှင်အတွက် နတ်ဘုရားမျက်လုံးအသက်သွင်းစေ]

စက္ကန့်ပိုင်းမျှအကြာတွင် ဟုန်ချန်ယဲ့အကြောင်း အသေးစိတ်အချက်အလက်များသည် ယဲ့ကျွင်းလင်၏မျက်စိရှေ့တွင် ဘုတ်ပြားတစ်ချပ်ဖြင့်ပေါ်လာတော့သည်။

[အမည် - ဟုန်ချန်ယဲ့]

[လိင် - အမျိုးသား]

[ကျင့်ကြံဆင့် - အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်]

[ပါရမီဆင့် - မသေမျိုးအဆင့် မီးတောက်ဝိဉာဥ်အမြစ် (ထိခိုက်ထား)]

[သရုပ်မှန် - မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ဟောင်း၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ကျော်လွန်ကာ မသေမျိုးအဆင့်သို့ တက်ရောက်သွားခဲ့သော စစ်မှန်သောမသေမျိုးအဆင့်ကျင့်ကြံသူ]

.....

(သေစမ်း တကယ်ကြီးဟ)

ယဲ့ကျွင်းလင် လွန်စွာအံ့အားသင့်သွားရသည်။ ကိုယ်ရေးအချက်အလက်တွင် တစ်ချိန်က ဖီးနစ်ငှက်တစ်ကောင်လို ကောင်းကင်ယံတွင်သာဝဲပျံနေခဲ့ပြီး အာဏာကြီးလှပါသော ထိုစွမ်းအားရှင်သည် ယခုတော့ ကြက်ပေါက်လေးတစ်ကောင်မျှတောင်အင်အားမရှိတော့သည်အခြေအနေသို့ ကျရောက်သွားသည်တဲ့လား? သူလုံးဝထင်မှတ်မထားခဲ့ပေ။

(နေပါဦး)

(သူကတကယ် ယောကျ်ားလေးဟုတ်လို့လား?)

ယဲ့ကျွင်းလင်သည် ကိုယ်‌ရေးအချက်အလက်ဘုတ်ပြားမှ လိင်ဖော်ပြချက်ကိုသေချာစစ်ဆေးလိုက်ပြီး တစ်ဖက်ကဒူးထောက်နေသောဟုန်ချန်ယဲ့ကိုတစ်လှည့်ကြည့်ကာ အံ့အားသင့်လို့မဆုံးနိုင်ဖြစ်နေရ၏။

ချောမွေ့နူးညံ့လှတဲ့ နှင်းဖြူရောင်အသားအရည်၊ သေသပ်လှပပြီး အနုစိတ်ကျတဲ့ မျက်နှာသွင်ပြင်နဲ့ ပန်းချီစုတ်ချက်လို သပ်ရပ်နက်မှောင်တဲ့ မျက်ခုံးတွေ၊ ပုရိသအပေါင်း၏နှလုံးသားကို ဆွဲငင်ဖမ်းစားနိုင်တဲ့အထိ လှရက်နိုင်လွန်းတဲ့ အဲ့ဒီဖီးနစ်မျက်လုံးတွေ၊ မျက်ခုံးကြားက အနီရောင် မီးလျှံအမှတ်အသားကတစ်ဖန် ထူးခြားတဲ့ဆွဲဆောင်မှုတစ်မျိုးကို ပေါင်းထည့်ပေးနေပြန်တယ်။

အင်း... ဒီမျက်နှာလေးမြင်လိုက်ရရုံနဲ့ သူတို့ကိုယ်သူတို့ သိမ်ငယ်သွားလောက်မယ့်မိန်းကလေးတွေ မနည်းလောက်ဘူးပဲ။

အဟွတ်...အဟွတ် ပြီးတော့ ဒီမျက်နှာလေးက ယောကျ်ားတစ်ယောက်တဲ့လား?

ယဲ့ကျွင်းလင် သူ့ကိုမြင်မြင်ချင်းတုန်းကတော့ ဤရောင်းရင်းက မိန်းကလေးလိုဝတ်စားရတာကိုနှစ်သက်တာများလားဟု တွေးမိလိုက်သော်ငြား တစ်ဖက်လူ၏ဝတ်စားဆင်ယင်ပုံအရ တမင်တကာခြယ်သထားခြင်းမရှိလှချေ။ ထိုသူသည် သဘာဝအတိုင်း လှနေခြင်းသာပင်။ ဆံနွယ်ရှည်ကြီးများကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်တော့ ငါယောကျ်ားပါဟု တည့်တိုးဆိုလျှင်တောင်မှ ယုံမှတ်ဖွယ်ရာမရှိ။

(လောလောဆယ်တော့ အခြေတည်ထောင်ခြင်းအဆင့်သာရှိနေသေးပေမယ့် ဒီပါရမီဆင့်နဲ့ဆိုရင် အရင်ကျင့်ကြံဆင့်ထိပြန်တက်လို့ရနိုင်လောက်မယ်)

(ဒီလိုလူကို တပည့်တော်ရင်တော့ ဆုံးရှုံးစရာမရှိနိုင်ပါဘူး)

နောက်ပြီး တစ်ချိန်က အဆင့်မြင့်မသေမျိုးတစ်ပါးဖြစ်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို ဆရာနေရာကနေ အမိန့်ပေးနိုင်မယ်တာက တွေးကြည့်ရုံနဲ့ အရမ်းမိုက်တာပဲ!

(သွားပြီ အဲ့လူက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပဲ ငါတော့ဒီနေ့ အန္တရာယ်တွေပတ်လည်ဝိုင်းနေတာပဲ)

ဟုန်ချန်ယဲ့မှာတော့ ယဲ့ကျွင်းလင်‌ရောက်ရှိလာခြင်းကို သိပ်ပျော်ပိုက်ပုံမပေါ်ပေ။ ပိုလို့ပင်စိတ်ဓာတ်ကျသွားဟန်ရှိလေသည်။

သူပိုင်ဆိုင်ထားသော လျှို့ဝှက်ချက်ကြီးမှာ ကျင့်ကြံရေးလောကတစ်ခုလုံးကို ရုတ်ရုတ်သဲသဲအုံကြွစေဖို့ လုံလောက်လေသည်။ မသေမျိုးကျင့်ကြံဆင့်သို့ တက်ရောက်နိုင်သောပါရမီဆင့်အားအရယူရန် လူတိုင်းကအားကြိုးမာန်တက်ယှဥ်ပြိုင်လာကြပေမည်။

ဒီ‌‌ဆံဖြူကောင်လည်း ပါရမီဆင့်လုဖို့ရောက်လာတာပဲဖြစ်ရမယ်!

သူတောင်းစားအဘိုးအိုကို သူပြန်လည်တွန်းလှန်နိုင်ပြီး ရအောင်သတ်နိုင်လိုက်မယ်ဆိုရင်တောင်မှ အခြားတစ်‌ယောက်နှင့် ထပ်ပြီးရင်ဆိုင်ရဦးမှာဖြစ်သည်။ သူသေရမည့်အဆုံးသတ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ပေ။

All Chapters