← Chapters

လမ်းကကောက်လာတဲ့ တပည့်လေး

Vol. 1 Ch. 9

လမ်းကကောက်လာတဲ့ တပည့်လေး

Vol. 1 Ch. 9

"အိုး ဒါဆိုမင်းသိထားပြီးသားပဲ" ယဲကျွင်းလင်ပြောလိုက်သည်။

ဟုန်ချန်ယဲ့၏နှလုံးသားမှာမူ မုန်တိုင်းထန်နေသောပင်လယ်ပြင်ကဲ့သို့ပါပင်။ သူ၏ အရင်ကအဆင့်အတန်းအရ ဗဟုသုတများစွာကို နှံ့နှံ့စပ်စပ်သိထားရသဖြင့် မီးအရင်းအမြစ်ဆေးလုံးနှင့် စိမ်းသက်မနေပါ။

မီးဓာတ်စွမ်းအင်ကို အခြေခံသော ကျင့်ကြံသူများအတွက် ဤဆေးလုံးမှာ ကောင်းကင်ဘုံ၏ဆုလာဘ်လို့ပင် သတ်မှတ်ရမည့်အနေအထားဖြစ်သည်။ ကျင့်ကြံသူ၏စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ဖြည့်ဆည်းပေးနိုင်စွမ်း ရှိ၏။

မသေမျိုးအဆင့်ကျင့်ကြံသူများပင် ထိုဆေးလုံးအတွက် တိုက်ခိုက်လုယူကြရလောက်သည်အထိ တန်ဖိုးကြီးမားပေသည်။

ထို့အပြင် ဟုန်ချန်ယဲ့မှာ လျှို့ဝှက်ကျင့်စဥ်များကိုအသုံးပြုပြီး အသက်ဘေးမှလွတ်မြောက်လာခဲ့ရသူဖြစ်သောကြောင့် သူ့ကျင့်ကြံဆင့်အခြေမှာ အတော်လေးထိခိုက်ထားရာ အနာဂတ်ကျင့်ကြံရေးတွင်လည်း အခက်ကြုံရနိုင်ချေရှိနေခဲ့သည်။ ထိုသို့သောအခြေအနေတွင် ဤဆေးလုံးမှာ နှင်းတောကြားက ထင်းမီးဖိုလေးကဲ့သို့ပါပင်။

"ဒါတွေအားလုံး ကျွန်တော့်ကိုပေးတာပေါ့...." ဟုန်ချန်ယဲ့ ခပ်တိုးတိုးလေးရေရွတ်မိလိုက်သည်။ သူကလေးဘဝကတည်းက ဤသို့သောကြင်နာမှုမျိုးကို တစ်ပါးသူထံမှ လက်ခံမရရှိဖူးပါ။

ရည်ရွယ်ချက်တစ်ခုခုရှိတဲ့ အပေါ်ယံချိုမြိုန်မှုတွေ၊ လှည့်စားယုတ်မာမှုတွေ၊ သစ္စာဖောက်ခြင်းတွေကိုသာ သူကြုံတွေ့ခဲ့ရလေတယ်။

ယခုတော့ ယဲ့ကျွင်းလင်က သူ့ကို ကျင့်စဥ်များနှင့်ဆေးလုံးများ လက်ဆောင်ပေးနေပြီး ထိုအရာအားလုံးမှာ စိတ်ကူးကြည့်လို့ပင်မရနိုင်လောက်အောင် စွမ်းအားမြင့်မားကာ သူ့ကိုကောင်းကောင်းအထောက်အကူပြုနိုင်ပေသည်။

(နေစမ်းပါဦး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်က ဒီပစ္စည်းနှစ်ခုကို ဘယ်ကနေရလာတာလဲ)

(ငါအုပ်စိုးခဲ့တဲ့အချိန်တွေတုန်းကတောင် ငါ့လိုအင်မော်တယ်တောင် ဒါတွေကို ရအောင်မယူနိုင်ခဲ့တာ)

ဟုန်ချန်ယဲ့မှာ တွေးလေတွေးလေ အဓိပ္ပာယ်မရှိလေဟုသာ ခံစားရသည်။

ဘာတွေဖြစ်နေကြတာလဲ လောကကြီးရယ်...

ထိုကျင့်စဥ်နှင့် ဆေးလုံးမှာ ထိပ်တန်းအရည်အသွေးမြင့် ရှားပါးပစ္စည်းများဖြင့်ပြီး အလယ်ပိုင်းစီရင်စုသို့သွားချပေးလိုက်လျှင်တောင် အရူးအမူးလိုက်လုခံရမည့်ရတနာများဖြစ်သော်ငြား ဤဟွမ်ကျိုးပြည်နယ်လို ခြောက်တိခြောက်ခမ်းနယ်မြေမှ ကျင့်ကြံသူတစ်ဦးက တပည့်ခံယူခြင်းအထိမ်းအမှတ်လက်ဆောင်အဖြစ် ပေါ့ပေါ့တန်တန်ပင် ထုတ်ပေးလို့နေသည်။

(မဟုတ်မှ သူရဲ့မသေမျိုးကျင့်ကြံဆင့်ပါရမီက ငါ့ထက်တောင်ပိုထူးကဲနေတာများလား)

ဟုန်ချန်ယဲ့ ရင်တဒုန်းဒုန်းခုန်လာရပြီး တောင်စဥ်ရေမရ လျှောက်‌တွေးနေမိလေသည်။

မည်သို့ပင်တွေးတွေး ယန်သုံးထောင်ဂါထာနှင့် မီးအရင်းအမြစ်ဆေးလုံးက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်လက်ထဲရောက်နေစရာအကြောင်းမရှိပေ။

သူတွေးလို့ရသမျှထဲက တစ်ခုတည်းသောရှင်းလင်းချက်ကတော့ တစ်ဖက်လူက ရှေးဟောင်းအမွေအနှစ်တစ်ခုခုကနေ ဒါတွေကိုရလာတာဖြစ်လိမ့်မည်။ သို့သော် သူ့လက်ရှိကျင့်ကြံဆင့်၏ အမြင်နှင့်ဆိုလျှင် ပစ္စည်းများ၏အရည်အသွေးကို ထွင်းဖောက်မမြင်နိုင်သေးပေ။

ထိုရှင်းလင်းချက်ကို ဖြစ်နိုင်သည်ဟုသာယူဆကာ ဟုန်ချန်ယဲ့စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူမြန်လာရသည်။ ဒါကလုံးဝ ပွပေါက်ကြီးပဲလေ!

"ရှောင်ဟုန် မင်း ဆရာပေးတာတွေကို သဘောမကျလို့လား"

ဟုန်ချန်ယဲ့မျက်နှာအပြောင်းအလဲများကို အကဲခတ်ရင်း ယဲ့ကျွင်းလင်ရယ်ချင်စိတ်ကိုမျိုးသိပ်ထားရ၏။ နတ်ဆိုးဂိုဏ်းချုပ်လေးက ဘာတွေကိုထပ်စိတ်ကူးယဥ်နေပြန်ပြီလဲမသိ။

ဟုန်ချန်ယဲ့အသိပြန်ဝင်လာပြီးနောက် သူ့စိတ်နေသဘောထားက ပြောင်းပြန်လှန်လိုက်သကဲ့သို့ပြောင်းလဲသွားကာ လက်သီးနှစ်ဖက်ဆုပ်အရိုအသေပြုလျက် လေးနက်စွာဆိုလိုက်သည်။ "သ‌ဘောမကျဘဲရှိပါ့မလား ဆရာသခင် ဆရာနဲ့တွေ့ဆုံပြီး တပည့်အဖြစ်ခံယူရတာ ကျွန်‌တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ"

အခုအခြေအနေမှာတော့ တပည့်အဖြစ်ခံယူလိုက်တာပဲပိုကောင်းမည်။ သူကျင့်ကြံဆင့်မြင့်လာသည်နှင့်အမျှ တစ်ဖက်လူ၏လျှို့ဝှက်ချက်များကို ထပ်မံစုံစမ်းရှာဖွေကြည့်နိုင်သည်လေ။

"ကောင်းပြီး ဆေးလုံးကိုသောက်လိုက်တော့ ဆရာမင်းကိုကာကွယ်ပေးထားမယ်"

"ကျေးဇူးပါ ဆရာသခင်"

ဟုန်ချန်ယဲ့ ဆေးလုံးကိုမျိုချလိုက်ကာ တင်ပျဥ်ချိတ်ထိုင်လျက် ဆေးလုံး၏အစွမ်းသတ္တိများကို လည်ပတ်သန့်စင်စေလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ့ခေါင်းထက်မှ အစိမ်းရောင်မီးခိုးများထွက်လာပြီး နှင်းဖြူရောင်အသားအရည်မှာလည်း သံပြားကိုမီးအပူပေးထားသကဲ့သို့ နီရဲလာတော့၏။ မျက်နှာလှလှလေးမှာ သွေးများစီးကျတော့မည့်အလား ရဲတွတ်လို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပေါင်းအိုးထဲထည့်ပေါင်းထားသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်အတွင်းတွင်တော့ ကမ္ဘာပြိုမတတ်အပြောင်းအလဲများ ဖြစ်ပေါ်နေလေပြီ။

အုန်း!

ဟုန်ချန်ယဲ့၏အရှိန်အဝါမှာ တမုဟုတ်ချင်း ထိုးတက်လာတော့၏။

အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်အဆင့်၊ ထို့နောက် ချိုးဖျက်ခြင်း။

ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ခြင်း.....

ခဏအကြာတွင် ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်တိုးမြင့်ချင်း တဖြည်းဖြည်းရပ်တန့်သွားသည်။ ထိုအချိန်တွင် ဝိဉာဥ်သန္ဓေအစောပိုင်းကျင့်ကြံဆင့်သို့ ရောက်ရှိနေလေပြီ။

သူ့ခန္ဓာကိုယ်ထဲက မသေမျိုးအဆင့် မီးဓာတ်ဝိညာဉ်အမြစ်ဟာ မူလအခြေအနေကို ပြန်လည်ရောက်ရှိသွားပြီး ကျင့်ကြံဆင့်အခြေခံဟာလည်း လွန်စွာခိုင်မာတောင့်တင်းလာခဲ့သည်။ သူ့အနာဂတ် ကျင့်ကြံဆင့်တိုးတက်ရေးမှာတော့ စိတ်ပူစရာမလိုလောက်‌အောင် အလွန်မြန်ဆန်ချောမွေ့နေပေလိမ့်မည်။

နာရီဝက်မျှသော အချိန်တိုအတွင်းမှာပင် သူသည် အခြေတည်ထောင်ခြင်းအဆင့်မှ ဝိဉာဥ်သန္ဓေအဆင့်ထိတိုင်အောင် မြင့်တက်သွားခဲ့လေသည်။ အလယ်ပိုင်းစီရင်စုမှာတောင် မကြားဖူးမကြုံဖူးသော ကျင့်ကြံဆင့် အလွန်အကြူးတိုးတက်ခြင်းပါပေ။

သို့သော် ယဲ့ကျွင်းလင်ကတော့ ထိုသူ၏နောက်ခံကိုသေချာသိရှိထားသဖြင့် စစ်မှန်သောမသေမျိုးကျင့်ကြံသူတစ်ဦးက သူ၏မူလအဆင့်အတန်းကို ပြန်လည်ရယူနေခြင်းဟုသာ ထင်မြင်မိသည်။ သင့်တော်သော ကျင့်စဥ်များ ဆေးလုံးများဖြင့် ကူညီပံ့ပိုးပေးလိုက်ပါက ဤတိုးတက်ခြင်းမှာ သာမန်အရှိန်ဟုသာဆိုရပေမည်။

ဟုန်ချန်ယဲ့သည် သူ့ခန္ဓာကိုယ်တွင်းမှအပြောင်းအလဲများကို သတိပြုလိုက်မိပြီး စိတ်လှုပ်ရှားကာ မြူးထူးသွားရတော့သည်။ နှလုံးသားထဲမှလှိုက်တက်လာသော ပျော်ရွှင်မှုကို ဖော်ကြူးသည့်အနေဖြင့် သူစိတ်ကျေနပ်စွာ တစ်ချက်ဟစ်ကြွေးလိုက်သည်။

ထိုဟစ်ကြွေးအော်မြည်သံတွင် လေးနက်သောစိတ်ခံစားချက်များ မြင့်မားသောရည်ရွယ်ချက်များ အလုံးအရင်းပါဝင်နေပြီး ဝါးတောကြီးတစ်ခုလုံးကို လှုပ်ခါလိုက်သကဲ့သို့ပင်ရှိရာ ငှက်များလည်း အရပ်လေးမျက်နှာအနှံ့သို့ လွင့်စင်ထွက်ပြေးကုန်ကြ၏။

စောင့်နေလိုက်ကြပါ!

သိပ်မကြာခင် အလယ်ပိုင်းစီရင်စုကိုပြန်လာပြီး ဒီနတ်ဘုရားခံစားခဲ့ရတဲ့အရှက်တရားတွေအားလုံးကို အပြီးတိုင်ရှင်းထုတ်ပစ်မယ်!

သူ့ကိုငုံ့ကြည့်နေသော ငွေဖြူရောင်ဆံနွယ်ပိုင်ရှင်အမျိုးသားငယ်၏ ထူးထူးဆန်းဆန်းမျက်နှာအမူအရာကို သတိပြုလိုက်မိပြီးမှ သူကိုယ်တိုင်လည်း စိတ်တည်ငြိမ်မှုကို မချုပ်ထိန်းနိုင်လိုက်ကြောင်း သိလိုက်ရသည်။ ရှက်ကိုးရှက်ကန်းဖြင့် ချောင်းအနည်းငယ်ဟန့်ကာ တစ်ဖက်လူကို လက်သီးဆုပ်အရိုအသေပြုလိုက်၏။ "ဆရာသခင် ဒီတပည့်ရိုင်းမိပါတယ်"

"ရပါတယ်ကွာ အခုငါနဲ့ဂိုဏ်းကိုပြန်လိုက်ခဲ့ပြီး မင်းဆရာတူအစ်ကိုတွေ ဆရာတူဦးလေးတွေနဲ့ လိုက်တွေ့လိုက်ဦး"

ယဲ့ကျွင်းလင်က လက်တစ်ဖက်ကိုအသာယမ်းလျက်ဆိုသည်။

"ဟုတ်ကဲ့!

************

ရွှယ်ထျန်းဂိုဏ်းတွင်...

လေထုမှာ လွန်စွာနွေးထွေးငြိမ်သက်လို့နေသည်။

လူတိုင်း၏မျက်နှာထက်တွင်လည်း အပြုံးများကိုချိတ်ဆွဲထားလျက်။

လောလောလတ်လတ် အောင်နိုင်မှုကိုဆွတ်ခူးခဲ့ပြီးချိန်တွင် သူတို့ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုများသာ ပြည့်နှက်နေလေသည်။

"တောင်ထိပ်သခင်ယဲ့ရဲ့ ကျေးဇူးကြောင့်ပါပဲ မဟုတ်ရင် ငါတို့ရွှယ်ထျန်းဂိုဏ်းတော့ ဖျက်ဆီးခံလိုက်ရလောက်ပြီ"

"မှန်ပါ့ကွာ တောင်ထိပ်သခင်ယဲ့က ငါတို့အားလုံးရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ"

"ချီးပဲ အရင်ကငါကန်းနေခဲ့တာလား အခွင့်အရေးရှိတုန်း နည်းနည်းလောက်အလင်းပွင့်ပြီး မြူခိုးတောင်ထိပ်သခင်ရဲ့တပည့်အဖြစ် ခံယူခဲ့လိုက်ရမှာ"

"မြူခိုးတောင်ထိပ်သခင်ရဲ့တပည့်အဖြစ် ခေါ်ယူခံရတဲ့သူတွေကတော့ တောင်ထိပ်သခင်ယဲ့ရဲ့မျက်နှာချောချောလေးကို နေ့တိုင်းမြင်တွေ့ခွင့်ရမှာပဲနော်"

"တောင်ထိပ်သခင်ယဲ့က အခု ရွှယ်ထျန်းဂိုဏ်းမှာ အင်အားအကြီးဆုံးဆိုတော့ သူ့ရဲ့တပည့်လက်ခံတဲ့စံနှုန်းတွေက အရမ်းမြင့်မားမှာပဲ ဘယ်သူတွေကံကောင်းပြီး သူ့ဆီကမျက်စိကျခံရမလဲမသိဘူး"

...........

ဂိုဏ်းအတွင်းဝယ် ဆွေးနွေးစကားဝိုင်းများစွာရှိနေခဲ့ကြပြီး မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာ မြူခိုးတောင်ထိပ်ထံသို့ တောင့်တရည်မှန်းစွာဖြင့် လှမ်းမျှော်ကြည့်လျက်ရှိကြသည်။

ယဲ့ကျွင်းလင်တစ်ယောက် ကျင့်ကြံဆင့်အားလုံး ဆုံးရှုံးသွားခဲ့ပြီဟုသာ သူတို့ထင်မှတ်ခဲ့ကြသဖြင့် သဘာဝကျစွာပင် မြူခိုးတောင်ထိပ်နှင့်မပက်သက်မိအောင် ရှောင်ကျဥ်ခဲ့ကြလေသည်။ သူတို့အနာဂတ်များကို နှောင့်နှေးခွင့်မပြုနိုင်ပါပေ။

သို့သော် ယဲ့ကျွင်းလင်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးကို လက်ချောင်းလေးတစ်ချောင်းဖြင့်သတ်ပစ်လိုက်ပြီး ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့လေသည်။

ထိုအခါကျမှ မည်မျှကောင်းမွန်သည့်အခွင့်အရေးကြီးကို သူတို့တစ်ချိန်လုံးရှောင်ဖယ်ခဲ့မိကြကြောင်း အားလုံးသဘောပေါက်နားလည်သွားခဲ့ရ၏။

"အားလုံးပဲ ကြည့်ကြစမ်း တောင်ထိပ်သခင်ယဲ့ပြန်လာပြီ!"

တပည့်တစ်ဦးက အော်လိုက်သည်။

ရုတ်ချည်းပင် မရေမတွက်နိုင်သော မျက်လုံးများစွာသည် တစ်နေရာထဲသို့ စုပြုံရောက်ရှိသွားလျက်။

ငွေဖြူရောင်ဆံနွယ်များလွင့်ခါလျက်ရှိသော ယဲ့ကျွင်းလင်သည် ကောင်းကင်ထက်မှဆင်းသက်လာ၏။ ဝတ်ရုံစက လေနှင့်အတူ တဖျပ်ဖျပ်လွင့်ပါနေပြီး မျက်နှာထားက ချောမောပြေပြစ်လှသည်။ ယဲ့ကျွင်းလင်၏အရှိန်အဝါ အငွေ့အသက်မှာ နတ်သက်ကြွေနတ်သားတစ်ပါးကဲ့သို့ သန့်စင်ပြီးထူးခြားလှ၏။

"ဟမ် အနောက်ကအမျိုးသမီးက ဘယ်သူပါလိမ့်"

တစ်စုံတစ်ယောက် တအံ့တသြရေရွတ်လာသည်။

ဟုန်ချန်ယဲ့သည် မီးလျှံကဲ့သို့နီရဲ‌သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးအထိရှည်လျားသည့် ရေတံခွန်လို အနက်ရောင်ဆံပင်များနှင့် နှာတံဖြောင့်စင်းစင်းရှိသောမျက်နှာမှာ အလွန်အသေးစိတ်ကျစွာ လှပလေသည်။ မျက်ခုံးကြားမှာ မီးလျှံအမှတ်အသားတစ်ခု ရှိပြီး ထူးကဲသောအရိပ်အငွေ့တစ်ခုကို လွှတ်ထုတ်နေသော်ငြား ကိုယ်ရောင်ကိုယ်ဝါမှာတော့ အလွန်အေးစက်ကာ လူများကို မိုင်ထောင်ချီအဝေးထိ တွန်းထုတ်နေသလိုခံစားရစေ၏။

"လှလိုက်တာကွာ...."

အမျိုးသားတပည့်များမှာ ရင်တဒိတ်ဒိတ်ခုန်လာလျက် တအံ့တသြ ရေရွတ်မိရတော့သည်။

ဟာ! သွားပြီ! ရွှယ်ထျန်းတစ်ဂိုဏ်းလုံး ရင်တွေအရမ်းခုန်နေကြပြီ!

"ချီးပဲ အဲ့မိစ္ဆာမကဘယ်ကပေါ်လာတာလဲ? ဘာကြောင့်သူက တောင်ထိပ်သခင်ယဲ့နဲ့ ဒီလောက်နီးနီးလေးကနေ ကပ်ပါလာရတာလဲ?" ထိုအသံမှာတော့ အမျိုးသမီးတပည့်များထံမှဖြစ်သည်။ သူတို့အားလုံးမှာ မြင်လိုက်ရသောမြင်ကွင်းကြောင့် မနာလိုဝန်တိုစိတ်ဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ရူးသွပ်ကြတော့မတတ်ပင်။

"ရှောင်ဟုန် ဒါမင်းဆရာရဲ့ဂိုဏ်းဖြစ်တဲ့ ရွှယ်ထျန်းဂိုဏ်းပဲ ဒီအချိန်ကစပြီး မင်းက မြူခိုးတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်ဖြစ်လာလိမ့်မယ်"

ယဲ့ကျွင်းလင်က ခံစားချက်အပြည့်ဖြင့်ဆိုသည်။

နောက်ဆုံးတော့ သူ့ရဲ့ငှက်ချီးတောင်ထိပ်က ပေါင်းမြက်တွေကိုရှင်းပေးဖို့ လူရောက်လာပြီလေ!

"ဆရာသခင်ရဲ့ဂိုဏ်းကိုဝင်ခွင့်ရတာ ဒီတပည့်အတွက် ဂုဏ်ယူစရာပါ"

ဟုန်ချန်ယဲ့က ရိုသေစွာပြောသည်။

သို့သော် ထိုထူးကဲသောဖီးနစ်မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်ဟန်တစ်ချက် ဖြတ်ပြေးသွားသည်။

ဆိုတော့ မသေမျိုးကျင့်ကြံရေးဂိုဏ်းတစ်ခုလို့ ငါထင်ခဲ့တဲ့ဟာက ငမွဲဂိုဏ်းဖြစ်နေတာပါလား? သူတို့အားလုံးရဲ့ကျင့်ကြံဆင့်တွေကလည်း နိမ့်ကျနေချက်ပဲ!

အလယ်ပိုင်းစီရင်စုနဲ့တော့ အကွာကြီးပဲ!

အတိတ်တစ်ချိန်က အင်အားကြီးမားလှပါသော သူ၏မီးလျှံနတ်ဆိုးဂိုဏ်းမှ သာမန်တစ်ပည့်တစ်ဦးသည်ပင် ဤရွှယ်ထျန်းဂိုဏ်းကို တစ်ဦးတည်းလာရောက်ချေမှုန်းနိုင်ပေမည်။

(ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် ငါလည်းအရေးတကြီးကျင့်ကြံဖို့လိုအပ်နေတာဆိုတော့ ဒီနေရာမှခဏတဖြုတ် သည်းခံနေလိုက်တာပေါ့)

သူတိတ်တိတ်လေး တွေးလိုက်သည်။

ယဲ့ကျွင်းလင်သာမရှိလျှင် သူတစ်ချက်ပင်လှည့်မကြည့်ဘဲ လှည့်ပြန်သွားလောက်ပေပြီ။

ဤလူထူးလူဆန်း၏လျှို့ဝှက်ချက်များကို တူးဖော်ဖို့အတွက် သူ့သရုပ်မှန်ကို အချိန်တစ်ခုထိဖုံးကွယ်ထားကာ ဒီမှာပဲနေထိုင်ရင်း သင်ယူကျင့်ကြံရ‌ပေဦးမည်။

"ဆရာတူညီလေးယဲ့ မင်းမဟုတ်မှလွဲရော...." ခန်းမတစ်လျှောက် လျှောက်လှမ်းလာသော ရှယိုနျန်သည် ယဲ့ကျွင်းလင်အနောက်မှဟုန်ချန်ယဲ့ကိုတစ်ချက်ကြည့်ရင်း စမ်းသပ်သည့်ဟန်ဖြင့် စကားစလာသည်။

"ကျွန်တော်လမ်းမှာ တပည့်တစ်ယောက်ကောက်ရလာတာလေ ရှောင်ဟုန် ဂိုဏ်းချုပ်ကိုထွက်နှုတ်ဆက်လိုက်ဦး"

ယဲ့ကျွင်းလင် လက်ဟန်ပြလျက် ဆိုလိုက်သည်။

အရှေ့မှ ကျင့်ကြံဆင့်သိပ်မမြင့်လှသော သတ်လတ်ပိုင်းလူကိုကြည့်ရင်း ဟုန်ချန်ယဲ့အနည်းငယ်စိတ်ဓာတ်ကျသွားသော်ငြား အခြေအနေအရ ဦးညွှတ်နှုတ်ဆက်လိုက်ရသည်။ "တပည့်ဟုန်ချန်ယဲ့က ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"

တပည့်လား?

ရှယိုနျန် အံ့သြသွားရတော့၏။

သူ့မှာတော့ တပည့်ခန့်အပ်ခြင်းအခမ်းအနားကို ကောင်းကောင်းမွန်မွန်ကျင်းပဖို့ပြင်ဆင်ပြီး ယဲ့ကျွင်းလင်အနေနှင့် မြူခိုးတောင်ထိပ်သို့ တပည့်ရွေးချယ်ခေါ်ယူနိုင်ရန် အခြားတောင်ထိပ်သခင်များနှင့် ဆွေးနွေးပြင်ဆင်ထားရသော်ငြား ယဲ့ကျွင်းလင်က လမ်းမှတစ်ပည့်တစ်ဦးကောက်လာသည်တဲ့လား?

ကောင်မလေးကြည့်ရတာတော့ အားနည်းဖြူဖျော့နေတာပဲ။

"အို လှလိုက်တဲ့မိန်းကလေးပါလား" ထျန်းရှန့်တောင်ထိပ်သခင်မက ခါးကိုနွဲ့လျက် သိမ်မွေ့စွာလျှောက်လှမ်းလာလေသည်။ ဤမျှလှပသောမိန်းကလေးကိုမြင်သော် သူမအနီးကပ်သွားမကြည့်ပဲ မနေနိုင်လိုက်ပါ။

ဟုန်ချန်ယဲ့မျက်လုံးများမှာ ဓားသွားများကဲ့သို့ လက်ခနဲစူးရှသွားပြီး အသံနိမ့်နိမ့်ဖြင့် သူအံကြိတ်ကာဆိုလိုက်သည်။ "ကျွန်‌တော် ယောကျ်ားလေးပါ"

ထိုစကားကိုပြောရင်း သူသည်အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

ထျန်းရှန့်တောင်ထိပ်သခင်မ၏ နူးညံ့နွဲ့နှောင်းသောခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရပြီး သူမမျက်နှာသည်လည်း ကြောက်စိတ်ဖြင့် ဖြူဖျော့သွားရသည်။ ထို့နောက် ကြောက်ရွံနေသော အသံတုန်တုန်ဖြင့် ဆိုလာသည်။ "ဝိဉာဥ်...ဝိဉာဥ်သန္ဓေ..."

"ဒီလူက ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူလား"

ရှယိုနျန်နှင့် ကျန်သူများလည်း အံ့သြထိတ်လန့်သွားရတော့၏။

"‌ခွေးကောင်လေး ဒါငါ့ဆရာတူအစ်မနော်" ယဲ့ကျွင်းလင်က မျက်မှောင်ကြုတ်ကာဆူပူလာသည်။ "အမြန်တောင်းပန်လိုက်"

ဟုန်ချန်ယဲ့မှာ အရှိန်အဝါကိုအမြန်ပြန်သိမ်းလိုက်ကာ နှလုံးအိမ်တွင်းမှ မနှစ်မြို့မှုကို ဇွတ်အတင်းမျိုသိပ်လျက် လက်သီးဆုပ်အရိုအသေပြုလိုက်သည်။ "ဒီတပည့်က ရိုင်းမိသွားပါတယ်"

"မဟုတ်တာ ရပါတယ်ကွယ်" ထျန်းရှန့်တောင်ထိပ်သခင်မလည်း ရှက်သွားဟန်ရှိပြီး အနားကပ်မလာတော့ပေ။

"ဆရာတူညီလေးယဲ့ ဒီတပည့်ကိုဘယ်ကနေရှာတွေ့လာတာလဲ သူကဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပဲ" ရှယိုနျန်မှာ အလောတကြီးဖြင့် လျှာတောင်ကိုက်မိမတတ်ဖြစ်သွားရသည်။

"ဟာ ဒီလိုပဲ ကံကောင်းလို့ကောက်ရခဲ့တာ" ယဲ့ကျွင်းလင်က ဘာမှမဟုတ်သလို ပြန်ဖြေလိုက်သည်။

အားလုံးမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားရတော့၏။

ဒီဘက်ခေတ်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူတွေက အဲ့လောက်တောင်တန်ဖိုးကျနေပြီလား?

သူပြောတာတော့ လမ်းမှာတွေ့တဲ့အမှိုက်ထုပ်ကို ကောက်လာတဲ့အတိုင်းပဲ။

All Chapters