← Chapters

တပည့်တစ်ယောက်လက်ခံပြီး ကောင်းကင်သင်္ချိုင်းဂူကို ပိုင်ဆိုင်ရခြင်း

Vol. 1 Ch. 8

တပည့်တစ်ယောက်လက်ခံပြီး ကောင်းကင်သင်္ချိုင်းဂူကို ပိုင်ဆိုင်ရခြင်း

Vol. 1 Ch. 8

သူတောင်းစားအဘိုးကြီးမာ ဘောင်းဘီထဲသေးထွက်ကျတော့မတတ် ကြောက်ရွံ့နေလေပြီ။

သူ့မျက်လုံးသူမယုံနိုင်ပေ။ ဒီလိုလူသူခေါင်းပါးတဲ့ ငမွဲပြည်နယ်လေးမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်‌ယောက် ရှိနေတယ်တဲ့လား?

သူ့ရှေ့ကလူနဲ့များ ဆက်စပ်နေတာလား?

ဟုန်ချန်ယဲ့၏သာမန်မဟုတ်သောနောက်ခံအကြောင်း တွေးမိလိုက်သော် နောက်ထပ်ပေါ်လာသောစွမ်းအားရှင်မှာ ထိုကောင်လေး၏အကြီးအကဲဖြစ်နိုင်သည်ဟု သူတွေးမိလိုက်သည်။

သူတောင်းစားအဘိုးကြီးမှာ အကြီးအကျယ်နောင်တရသွားတော့၏။

ဘယ်လိုပြစ်မှုကြီးကိုလုပ်မိလိုက်တာလဲ! ငါအတော်လေးကံဆိုးနေပါရောလား!

"မြင့်မြတ်သော အရှင်သခင်ကြီးခင်ဗျာ ကျွန်တော်မျိုးက ဒီဘက်ကမိတ်ဆွေလေးနဲ့ သခင်ကြီးတို့ကြားကဆက်ဆံရေးကို မသိနားမလည်ခဲ့လို့ပါ အခုဖြစ်သွားတာတွေအားလုံးက နားလည်မှုလွဲသွားခဲ့တာပါ အရှင်သခင်ကနားလည်ခွင့်လွတ်ပေးပြီး ဒီငယ်သားကို သနားညှာတာပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ"

သူ‌တောင်းစားအဘိုးအိုဟာ ချက်ချင်းဒူးထောက်ချလျက် အမိမဲ့သားရေနည်းငါးလေးကဲ့သို့ အသနားခံတောင်းပန်လာလေသည်။

ကျင့်ကြံသူတို့လောကတွင် ကျင့်ကြံဆင့်နယ်ပယ်များအလိုက် ဂုဏ်ပုဒ်အသီးသီး ရှိတတ်ကြလေသည်။

ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက စစ်မှန်သော လူသားများဖြစ်လျှင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတို့က စစ်မှန်သော အရှင်သခင်များဖြစ်လေသည်။ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများကတော့ မြင့်မြတ်သော အရှင်သခင်များဖြစ်ပေ၏။

ထိုစဥ် ယဲ့ကျွင်းလင်သည် အသနားခံတောင်းပန်နေသောတစ်ဖက်လူကို တစ်ချက်မှအကြည့်မပေးဘဲ လက်လေးတစ်ဖက်အားယင်မောင်းသလို ဆတ်ခနဲခါလိုက်သည်။

ဘန်း!

သူတောင်းစားအဘိုးကြီးမှာတော့ ယဲ့ကျွင်းလင်၏ ယင်မောင်းသလိုလှုပ်ရှားမှုလေးမှထွက်လာသော မမြင်နိုင်သည့် အင်အားတစ်ခုနှင့် တိုက်ခိုက်ခံလိုက်ရပြီး သွေးများထိုးအန်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်လိုမျိုး အနောက်ကို လွင့်ထွက်သွားတော့သည်။ သူ့ဦးခေါင်းဟာလည်း မြေပြင်ထဲသို့ ပြင်းပြင်းထန်ထန် ထိုးစိုက်သွားပြီး ခန္ဓာကိုယ်တစ်ဝက်လောက်အထိ မြေကြီးထဲ နစ်မြုပ်သွားကာ သတိလစ်သွားရတော့၏။

ငွေဖြူရောင်ဆံပင်ပိုင်ရှင်လူငယ်လေးက တဖြည်းဖြည်းချဥ်းကပ်လာသော် ဟုန်ချန်ယဲ့၏မျက်နှာထက်တွင် လက်လျှော့အရှုံးပေးလိုက်သော အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။

နောက်ဆုံးတော့လည်း သူမလွတ်မြောက်နိုင်ခဲ့ပါပေ။

သူ့အဖြစ်သူတွေးရင်း ဝမ်းနည်းကာ ဒေါသထွက်နေချိန်တွင် ပေါ့ပေါ့ပါးပါးနှင့် ဘာကိုမှဂရုစိုက်ဟန်မတူသော အသံတစ်ခုက သူ့နားထဲသို့ဝင်ရောက်လာ၏။

"မင်းခန္ဓာကိုယ်ရဲ့အရိုးတည်ဆောက်ပုံက သာမန်ထက်ထူးခြားကြောင်း ငါလေ့လာသိရှိလိုက်ရတယ် ဒီတော့ ဒီသခင်ကမင်းကို ဒီနေ့ကစပြီး တပည့်အဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်တယ် မင်းဘာပြောစရာရှိသလဲ"

အသံက သိပ်မကျယ်သော်ငြား ဟုန်ချန်ယဲ့၏ဦးနှောက်တွင်းတွင်တော့ မိုးခြိမ်းသံတစ်ခုပမာ ကျယ်လောင်စွာမြည်ဟီးသွားတော့သည်။

"ဘာရယ်?"

ဟုန်ချန်ရယ်ဟာ ကြားလိုက်ရသည့်စကားကို မယုံနိုင်ဘဲ ခေါင်းကိုမော့ကာ လေးလေးနက်နက်မျက်နှာထားရှိနေသော ငွေရောင်ဆံပင်နှင့်လူငယ်လေးအား ကြည့်လိုက်မိသည်။ သူ့စိတ်ထဲမှာ အတွေးပေါင်းစုံပြေးလွှားလျက်။

(ဟမ့် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလောက်ကများ ငါ့ကိုတပည့်အဖြစ်လက်ခံပေးမယ်တဲ့လား?)

(ငါ့ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ကျင့်စဥ်တွေကို သဘောကျပြီး ဆက်စုံစမ်းကြည့်ချင်လို့များလား ဒါပေမဲ့ အဲဒီလိုဆိုရင် ဘာလို့ ဝိဉာဥ်ရှာဖွေနည်းကို တိုက်ရိုက်မသုံးလိုက်တာလဲ ဒါမှမဟုတ် သူကနည်းဗျူဟာပြောင်းပြီး ငါ့အပေါ်ကျေးဇူးရှိချင်လို့ တစ်ဖက်လှည့်နဲ့လာကယ်တာလား ငါအထွဋ်အထိပ်ကို ပြန်တက်သွားတဲ့အချိန်ကျ သူ့ကိုပြန်ကျေးဇူးဆပ်စေချင်တာလား)

ဟုန်ချန်ယဲ့ ဒီလိုတွေးတာလည်း လွန်တော့မလွန်ပါ။

နတ်ဆိုးမျိုးဆက်တစ်ဦးအနေဖြင့် သူ၏ကျင့်ကြံခြင်းပါရမီကိုသက်သေပြကာ စစ်မှန်သောမသေမျိုးကျင့်စဥ်အထိ တက်လာနိုင်ဖို့ သူဒုက္ခများစွာကို ဖြတ်သန်းခဲ့ရသည်။ အလယ်ပိုင်းစီရင်စုတွင် နာမည်တစ်ခုကိုစိုက်ထူကာ ဂုဏ်သိက္ခာရှိပြယုဂ်တစ်ခုကိုတည်ဆောက်ဖို့ သူအခက်အခဲများစွာကို ကျော်လွှားခဲ့ရသည်။

ဟန်ဆောင်ကောင်းသူတွေကို ဟုန်ချန်ယဲ့အများကြီးတွေ့ခဲ့ဖူးသည်။

နတ်ဆိုးကျင့်ကြံသူများ၏ ပြတ်ပြတ်သားသား ရန်ပြုသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေနှင့် နှိုင်းယှဉ်လိုက်ရင် ထိုသူတော်ကောင်းကျင့်ကြံသူတို့၏ ဟန်ဆောင်ကောင်းလှသည့် မျက်နှာနှစ်ဖက်များက သူ့ကိုပိုလို့ရွံရှာစက်ဆုပ်စေသည်။

လူတိုင်းကိုတော့ ပုံစံတစ်ခုတည်းနှင့် အကဲမဖြတ်သင့်ကြောင်း သူသိပါ၏။

သို့သော် ယဲ့ကျွင်းလင်၏သဘောကောင်းပြခြင်းက စိတ်ရင်းမဟုတ်ဘဲ တွက်ချက်အမြတ်ထုတ်ခြင်းနှင့် အခြေအနေကိုနားလည်သ‌ဘောပေါက်ခြင်းကြောင့်သာဖြစ်သည်ဟု ဟုန်ချန်ယဲ့ခံစားမိလေသည်။

"မင်း ငါ့တပည့်မလုပ်ချင်ဘူးလား"

ယဲ့ကျွင်းလင်က ခပ်ပေါ့ပေါ့ပြုံးလျက်မေးလာသည်။

တစ်ဖက်လူ၏လေသံအနေအထားပြောင်းသွားသည်ကို သတိပြုမိသဖြင့် ဟုန်ချန်ယဲ့ နှလုံးအခုန်တစ်ချက်ရပ်သွားရ၏။

ထားလိုက်ပါတော့လေ၊ သစ်တောတွေရှိနေသရွေ့ ထင်းကိုပူနေစရာလိုမတဲ့လား?

ကျင့်ကြံဆင့်ကိုသာ ပြန်လည်အဆင့်မြှင့်နိုင်ခဲ့လျှင် ကစားပွဲက သူ့လက်ထဲမှာပင်။

လောလောဆယ်တော့ သဘောကောင်းထားတာ အကောင်းဆုံးနည်းလမ်းပဲ။

ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ရုံလေးပဲကို၊ ဘာများခက်ခဲနေလို့လဲ?

"တပည့်ဟုန်ချန်ယဲ့က ဆရာသခင့်ကို ဦးညွှတ်ပါတယ်။ ဆရာသခင့်ရဲ့ဂိုဏ်းထဲကို ဝင်ရောက်ခွင့်ရတာဟာ ဒီတပည့်ရဲ့ဘဝမှာ အကြီးမြတ်ဆုံး ဂုဏ်သရေပါပဲ"

ဟုန်ချန်ယဲ့သည် မြေပြင်ပေါ် ဒူးထောက်ချကာ တပည့်နေရာခံယူခြင်းအခမ်းအနားကို အချိန်မီပင် သင့်‌တော်စွာဆောင်ရွက်လိုက်ပြီး လေသံမှာလည်း တစ်ဖက်လူကို ကျေးဇူးတင်စိတ်အပြည့်ရှိနေသလိုပင်။

"အိုး လိမ္မာလိုက်တဲ့တပည့်လေးပဲ ထပါ ထပါ"

"ဟုန်ချန်ယဲ့တဲ့လား ကောင်းလိုက်တဲ့နာမည်လေး ဒီနေ့ကစပြီး ဒီဆရာကမင်းကို ရှောင်ဟုန်လို့ခေါ်မယ် ဟုတ်ပြီလား" (ရှောင်ဟုန်= ဟုန်လေး)

ယဲ့ကျွင်းလင် ရယ်ချင်စိတ်ကိုမျိုသိပ်လျက် ခပ်တည်တည်ပင် စကားနည်းနည်းပြောပေးလိုက်သည်။ ထိုနတ်ဆိုးဂိုဏ်းချုပ်က စိတ်ရင်းဖြင့်တပည့်ခံခြင်းမဟုတ်မှန်း သူသိပါ၏။ သူ့အတွက်လည်း အရေးကြီးသည့်ကိစ္စမဟုတ်ပါ။ မြူခိုးတောင်ထိပ်သခင်၏အဖွဲ့ထဲတွင် တပည့်သစ်လေးတွေထည့်စေချင်နေသည့် စနစ်၏တာဝန်ကို ဖြည့်ဆည်းပေးရုံသက်သက်သာပင်။

တစ်ဖက်လူက ပြန်လည်အင်အားကြီးလာချိန်မှာ သူ့ကိုတန်ပြန်တိုက်ခိုက်လိုလာသည်ဆိုလျှင်လည်း စိတ်ပူစရာမရှိပါ။

ဘာပဲဖြစ်ဖြစ် သူကရန်သူထက် အမြဲအင်အားပိုကြီးနေမှာပဲလေ။

"ရှောင်-ရှောင်ဟုန်တဲ့လား?"

မျက်နှာထားကို ဇွတ်အတင်းထိန်းချုပ်ထားရသောကြောင့် ဟုန်ချန်ယဲ့မျက်လုံး‌ထောင့်မှအကြောများဖြင့် ဆတ်ခနဲ ဆတ်ခနဲ လှုပ်ခါသွားရ၏။ သူလွန်စွာမှ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။ နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးအတွက် ပေါက်ကရဆန်လွန်းလှသည့် နာမည်မဟုတ်ပေလော။

[တင်! ပိုင်ရှင်ရဲ့ တပည့်လက်ခံခြင်းတာဝန်ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဆုလာဘ်အနေနဲ့ သဘာဝလွန်စွမ်းအားများနှင့် ကျင့်စဥ်များကို အလိုအလျောက်ကျင့်ကြံတတ်ကျွမ်းနိုင်တဲ့ အစွမ်းတစ်ခု ချီးမြှင့်ပါမယ်]

[တင်! ကောင်းကင်သင်္ချိုင်းဂူရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့် တစ်ဆင့်ချင်း တိုးတက်လာတာနဲ့အမျှ တဖြည်းဖြည်း ဖွင့်လှစ်ပေးလာမယ့် အကန့်အသတ် ၁၀၈ ခု ပါဝင်ပါတယ် လက်ရှိမှာတော့ အဆင့်သုံး ဝိဉာဉ်လက်နက် ဖြစ်ပါတယ်]

[ကောင်းကင်သင်္ချိုင်းဂူ : ကောင်းကင်ကို မြှုပ်နှံနိုင်တယ်၊ ကမ္ဘာလောကကြီးကို မြှုပ်နှံနိုင်တယ်၊ အရာအားလုံးကို မြှုပ်နှံနိုင်ပါတယ်! သက်ရှိသတ္တဝါတိုင်းကို ပြန်သန့်စင်မွေးဖွားပေးဖို့ အသုံးပြုနိုင်ပြီး နောက်ပိုင်းအဆင့်တွေကိုရောက်ရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာ‌လောကကိုတောင် မြှုပ်နှံနိုင်ပါတယ်]

[တင်! တပည့်အသစ်ရဲ့ အရည်အချင်းကို တွေ့ရှိရတဲ့အတွက် ဒီစနစ်က အခမဲ့အဆင့်မြှင့်တင်ခြင်း ဝန်ဆောင်မှုပက်ကေ့ချ်ကို ချီးမြှင့်ပါတယ်]

[တင်! မီးအမျိုးအစားကျင့်စဥ် ယန်ယန်သုံးထောင်ဂါထာကို ချီးမြှင့်ပါတယ်]

[တင်! မီးအရင်းအမြစ်ဆေးလုံးကို ဆုချီးမြှင့်ပါတယ် (ဒီဆေးလုံးကို မီးအမျိုးအစား ဝိဉာဥ်အမြစ်တွေကိုပြုပြင်ဖို့နဲ့ အဆင့်မြင့်အခြေခံအုတ်မြစ်ကိုဖန်တီးရာမှာ အသုံးပြုပါတယ်)]

စနစ်၏ မိန်းမပျို‌အသံချိုနွဲ့နွဲ့လေးမှာ သူ့ခေါင်းထဲတွင် တတင်တင်နှင့် မပြတ်အော်မြည်လာတော့သည်။

ယဲ့ကျွင်းလင် စိတ်လှုပ်ရှားတက်ကြွနေသော်ငြား အပြင်ပန်းမှာတော့ တည်တည်ငြိမ်ငြိမ်ဟန်ဆောင်ထားရလေသည်။

[တင်! အိုခေ? ဒါပဲလေ]

(ထူးချွန်ထက်မြက်တဲ့ တရုတ်နိုင်ငံသားစနစ်ပိုင်ရှင်တစ်ဦးကို အစောတည်းကဒီလိုလေးဆက်ဆံ‌ပေးသင့်တာပေါ့)

ဒီတစ်ခေါက်ဆုလာဘ်များနှင့် သူအရင်ကကျွမ်းကျင်တတ်မြောက်ခဲ့သော နတ်ဘုရားအဆင့်စွမ်းအားများနှင့် ကျင့်စဥ်များကိုပေါင်းထည့်လျှင် အနာဂတ်မှာတော့ ပိုသောအချိန်မှန်သမျှတွင် အတော်လေးသက်တောင့်သက်သာဖြင့် လှဲလျောင်းအပျင်းထူနေလို့ရလေပြီ။

သိထားရမှာတစ်ခုက ထိုနတ်ဘုရားအဆင့်စွမ်းအားများနှင့် ကျင့်စဥ်များတွင် ကျင့်ကြံရေးလမ်းစဥ်များ အမြဲပါရှိပြီး ခက်ခဲနိုင်ချေကတော့ ကျင့်ကြံသူပိုင်ဆိုင်သောစွမ်းအားပမာဏနှင့်လည်း သက်ဆိုင်သေး၏။

၎င်းတို့၏ ကျင့်ကြံရေးလမ်းစဥ်များတွင် စဦးပိုင်း၊ အောင်မြင်မှု၊ ကြီးမြတ်သောအောင်မြင်မှု၊ ပြည့်စုံခြင်းနှင့် အဆင့်တက်ခြင်းတို့ ပါဝင်ပေသည်။

တစ်ဆင့်ပြီး တစ်ဆင့် တက်သွားနိုင်လျှင် ကျင့်စဥ် သို့မဟုတ် စွမ်းအား၏ သက်ရောက်မှုက ဆယ်ဆမှ အဆတစ်ရာထိ တိုးတက်သွားမည်ဖြစ်သည်။

ကျင့်ကြံရေးကိုအားကိုးပြီးတက်ရတာဖြစ်တဲ့အတွက် ကျင့်ကြံရေးကတော့ အဓိကသော့ချက်ပဲပေါ့။

ကျင့်ကြံသူ၏အင်အားက ခိုင်မာတောင့်တင်းနေပါလျှင် တစ်ဖက်ရန်သူမှာ မိမိထက်ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်နေလျှင်တောင်မှ မျှော်လင့်မထားစွာ အနိုင်ပိုင်းနိုင်လိုက်သည့်အခြေအနေများ ရှိတတ်သည်ပင်။

ထို့အပြင် စနစ်မှချီးမြှင့်ထားသော ထိုကောင်းကင်သင်္ချိုင်းဂူသည်ကား နာမည်ကြားရုံမျှဖြင့် ကြက်သီးထဖို့ကောင်းလှသည်မဟုတ်လော။ အမှန်ပင် တစ်ဖက်တာအိုရောင်းရင်းက ကောင်းကင်အဆင့်ပင်ဖြစ်နေပါစေ၊ တစ်ချက်ကလေး စိတ်အလိုမကျဖြစ်မိသည်နှင့် ချက်ချင်း‌ မြေတန်းမြှုပ်ပစ်နိုင်သော လက်နက်တစ်မျိုးပါပေ။

ဝိဉာဥ်အဆင့်ထိ ရှိပြီးဖြစ်သော ထိုမှော်လက်နက်တစ်ခုတည်းဖြင့်ပင် အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို အထက်စီးမှမိုးကြည့်နိုင်သောအနေအထားတစ်ခုကို ရောက်နေပြီဖြစ်၏။

မှော်လက်နက်များကိုလည်း မှော်အဆင့်၊ ရတနာအဆင့်၊ ဝိဉာဥ်အဆင့်၊ ဉာဏ်အလင်းအဆင့်၊ မသေမျိုးအဆင့်၊ သူတော်စင်အဆင့် စသည်ဖြင့် အဆင့်ဆင့် ပိုင်းခြားထားသည်။

ထိုတစ်ဆင့်ချင်းစီတွင်လည်း အဆင့်ငယ်ကိုးဆင့်အထိတောင် ပါဝင်ပြန်သေးသည်။

ခွင်းလွင်နယ်မြေအတွင်းရှိ ကျင့်ကြံသူတို့အဖို့ ရတနာအဆင့်မှော်လက်နက်တစ်ခု၏ လက်ကိုင်ရိုးလေးကို တစ်ချက်မျှထိကိုင်ဖို့အတွက်လေးပင် အလွန်တရာမှခက်ခဲနေသော အခြေအနေဖြစ်ချေ၏။

ဝိဉာဥ်အဆင့် မှော်လက်နက်များကိုတော့ စကားထဲပင်ထည့်ပြောဖို့မလိုတော့ပါချေ။ ထိုသို့သောအဆင့်မြင့်လက်နက်များမှာ ဆရာ့ဆရာကြီးများအတွက် သီးသန့်ထူးရှယ်ဟု ဆိုနိုင်ပါ၏။

ထို ကောင်းကင်သင်္ချိုင်းဂူသည် ဝိဉာဥ်အဆင့်မှော်လက်နက်ဖြစ်နေရုံသာမက ယဲ့ကျွင်းလင်၏ကျင့်ကြံဆင့်နှင့်အညီ အဆင့်လိုက်တိုးလာမှာဖြစ်ပြီး ကန့်သတ်ချက်များကို တစ်ခုပြီးတစ်ခုဖွင့်လှစ်ကာ အဆင့်သစ်တစ်ခုကို တဖြည်းဖြည်းရောက်ရှိလာဦးမည်ဖြစ်သည်။

အဆုံးသတ်တွင်တော့ ဤထူးရှယ်မှော်လက်နက် မည်မျှအထိ စွမ်းအားကုန်ထုတ်ပြနိုင်မည်လဲဆိုတာကို ယဲ့ကျွင်းလင်စောင့်မျှော်ကြည့်ဖို့သာ ရှိပါတော့သည်။

"ဆရာသခင် ဆရာသခင်"

ဟုန်ချန်ယဲ့က သူ့အတွေးစဥ်ကို ဖြတ်တောက်လိုက်လေသည်။

ထူးဆန်းသောမျက်နှာပေးဖြင့်ပင် လက်ရာမြောက်စွာလှရက်နိုင်သေးသော ထိုမျက်နှာလေးအားကြည့်ရင် ယဲ့ကျွင်းလင် အာရုံပျက်သွားရတော့၏။

"အဟမ်း ရှောင်ဟုန် ဒီဆရာသခင်က တပည့်အဖြစ်လက်ခံခြင်းအထိမ်းအမှတ်အနေနဲ့ မင်းကို အနာဂတ်အတွက်အထောက်အကူဖြစ်နိုင်မယ့်ကျင့်စဥ်တစ်ခု လက်ဆောင်ပေးမယ်"

"ကျေးဇူးကြီးမားလှပါတယ် ဆရာသခင်"

ဟုန်ချန်ယဲ့ ဟန်ပါပါဖြင့် လက်သီးဆုပ်ဦးညွှတ်ကာ အရိုအသေပြုလိုက်သော်ငြား ခေါင်းငုံ့သွားသည်နှင့် မျက်လုံးထဲတွင်လှောင်ပြောင်ရိပ်လေး ထွက်ပေါ်လာသည်။

ဟဟ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလေးက ငါ့ကိုများ ကျင့်ကြံရေးသင်ပြပေးဦးမယ်တဲ့လား?

ကိုယ့်ဟာကိုယ် အတော်လေးအထင်ကြီးနေတဲ့ပုံပဲ! ဆရာကြီးအထာလုပ်ရတာကို အရမ်းစွဲလမ်းနေတယ်ပေါ့လေ?

ဘယ်လို အမှိုက်ကျင့်စဥ်တွေချပေးလာမလဲ ကြည့်ကြသေးတာပေါ့!

ဝှစ်

ယဲ့ကျွင်းလင် သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး ဟုန်ချန်ယဲ့ခေါင်းလေးကို ညင်ညင်သာသာ တစ်ချက်ပုတ်လိုက်သောအခါ အမျိုးမျိုးသော အချက်အလက်များစွာ ပါဝင်သည့် အလင်းတန်းတစ်ခုသည် ဟုန်ချန်ယဲ့ဦးနှောက်ထဲသို့ စီးဝင်ရောက်ရှိသွားတော့၏။

"ယန်...ယန်သုံးထောင် ဂါထာလား?"

ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်သွားကာ မသိမသာဖြင့် ဂရုတစိုက်အာရုံခံကြည့်လိုက်သည်။

မထီမဲ့မြင်သ‌ဘောထားဖြင့် အာရုံခံကြည့်လိုက်သော်ငြား ယခုတော့ သူ့အသိစိတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည့်နှယ် ခံစားလိုက်ရသည်။ ဟုန်ချန်ယဲ့၏အသက်ရှူသံများ တရှူးရှူးနှင့်အရှိန်မြန်လာကာ နှင်းဖြူရောင်ပါးလေးနှစ်ဖက်မှာလည်း ရဲစွေးတက်လာတော့၏။ ခန္ဓာကိုယ်မှာ သိသိသာသာပင် တုန်ခါလို့နေလေပြီ။

"အာ....အာ..."

ဟုန်ချန်ယဲ့မှာ အတော်လေးတုန်လှုပ်သွားဟန်ရှိလေသည်။ တအာအာအသံလေးသာထွက်နိုင်တော့ပြီး စိတ်နှင့်ခန္ဓာတစ်ခုလုံးက ထို ယန်ယန်သုံးထောင်ဂါထာထဲမှာပဲ အလုံးစုံနစ်မြုပ်ဝင်ကာ ပြန်ထွက်မလာနိုင်တော့သလိုပင်။

သူတစ်ချိန်ကကျင့်ကြံခဲ့ပြီး အင်မတန်ကျွမ်းကျင်ခဲ့ပါသော ရှုပ်ထွေးဒေါသ မီးတောက်ကျင့်စဥ်ဆိုသည်မှာ ထိပ်သီးအဆင့်များထဲမှ ထိပ်ဆုံးကကျင့်စဥ်တစ်ခု ဖြစ်လေသည်။

အလယ်ပိုင်းစီရင်စုတွင် မိုးကောင်းကင်တမျှမြင့်မားသည်ဟုသတ်မှတ်ထားကြသော ကျင့်စဥ်တစ်ခုဖြစ်ပြီး သူ၏ကျင့်ကြံရေးလမ်းစဥ်တွင်လည်း လွန်စွာအရေးပါခဲ့သည်ဟု ဆိုရပေမည်။

သို့သော် ယခုလေးတင် တစ်ဖက်လူမှပေးအပ်လာသော ယန်ယန်သုံးထောင်ဂါထာဆိုသည်မှာ ဟုန်ချန်ယဲ့၏ အတွေးအမြင်ခံယူချက်အားလုံးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ရှိပြီး သူ့စိတ်နေသဘောထားမှာလည်း ကြီးမားသောအပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာရ၏။

အဘယ့်ကြောင့်ဆိုသော သူ့အတွက်အရေးပါခဲ့လှပါသည်ဆိုသော ထိုရှုပ်ထွေးဒေါသ မီးတောက်ကျင့်စဥ်သည်ပင် ဤယန်ယန်သုံးထောင်ဂါထာနှင့်ယှဥ်လိုက်လျှင် ဖွဲနှင့်ဆန်ကွဲဟု ဆိုရလောက်သည်အထိ။

ယှဥ်ရက်စရာကို မရှိပါဘူးလေ၊ လုံးဝ ကောင်းကင်နဲ့မြေကြီးလိုကွာခြားချက်ပဲ!

(ဘုရားရေ ဒါကသေချာပေါက်ကို နတ်ဘုရားအဆင့်ဖြစ်ရမယ် ဒါမှမစုတ် ဒဏ္ဍာရီလာ သူတော်စင်အဆင့်ကြီးများလား?)

ဟုန်ချန်ယဲ့မှာ ပျော်ရွှင်မှုပျားရည်အိုးကြီးထဲနစ်မြုပ်သွားသော ပျားကလေးကဲ့သို့ ချိုမြိန်မူးဝေသွားရပြီး စိတ်ကူးလို့မရနိုင်လောက်အောင်ပင် အံ့သြဘနန်းဖြစ်ရပါသည်။

ဒီကျင့်စဥ်ဟာ သူအရင်ကတစ်ခါမှမကျင့်ဖူးတဲ့ မီးအမျိုးအစားကျင့်ကြံရေးအတွက် ဦးဆောင်လမ်းသစ်ဖောက်ပေးလိုက်သလိုပဲ၊ နောက်ပြီး မီးနတ်ဘုရားစွမ်းအားတွေလည်း အမျိုးအစားသုံး‌ထောင်တောင်ပါသေးတယ်! သုံးထောင်ကြီးတောင်! အဆင့်ပိုမြင့်လေလေ စွမ်းအားကပိုကြီးလေလေပဲ!

ဤကျင့်စဥ်၏အကူအညီဖြင့်သာဆိုလျှင် သူ့ကျင့်ကြံဆင့်လည်း လျင်လျင်မြန်မြန်တိုးတက်နိုင်သလို သူ့အင်အားပမာဏမှာလည်း စိတ်ကူးထားသည်ထက် ‌ကျော်လွန်တိုးမြင့်သွားနိုင်ပေမည်။

စစ်မှန်သောမသေမျိုး အဆင့်သို့ ပြန်လမ်းပေလား?

မဟုတ်ဘူး!

အဲ့ဒီထက်ပိုမြင့်တဲ့အဆင့်ကိုတက်ဖို့ လှေကားပဲ!

ဟုန်ချန်ယဲ့တစ်ယောက် စိတ်ကူးယဥ်ကမ္ဘာလေးထဲ နစ်မြုပ်နေစဥ်မှာပင် ယဲ့ကျွင်းလင်က ကြက်သွေးရောင်ဆေးတစ်လုံးကို ပစ်ပေးလာသည်။ "ရော့ ဒါလည်းမင်းအတွက်"

"ဒါက..."

လက်ထဲသို့ရောက်လာသော ကြက်သွေးရောင်ဆေးလုံးကိုကြည့်ရင်း ဟုန်ချန်ယဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်ခဲသက်သွားပြီးမှ အားရပါးရထအော်လေသည်။

"မီးအရင်းအမြစ်ဆေးလုံးကြီးဗျ!!"

All Chapters